လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ 
ဆောင်းပါးအမှတ် (၄၃)
(မိုးမခ) မေ ၂၇၊ ၂ဝ၁၇

● ၁၉၆၃ စေ့စပ်ဆွေးနွေးပွဲကာလက ဖေဖေ
၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာတက်လာတဲ့ တော်လှန်ရေးကောင်စီအစိုးရဟာ လက်လွန်ပြီး သူတို့ရဲ့ရန်သူတော်ကြီးဖြစ် တဲ့ တက္ကသိုလ်ကျောင်းသားများကို ရာချီပြီးသတ်ဖြတ်ရုံမျှမက ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့အမြုတေ ဘူမိနက်သန် တက သအဆောက်အဦးကြီးကိုလည်း ဗုံးခွဲဖျက်ဆီးဖြိုချခဲ့ပါတယ်။ ဒီဇူလိုင် (၇) ရက်အရေးအခင်းကြီးကြောင့် ဆိုးဝါးသွားရတဲ့ မိမိတို့ရဲ့ပုံရိပ်ကိုပြင်ဆင်ဖို့အတွက် ၁၉၆၃ ဇွန်လ (၁၁) ရက်မှာ တောတွင်းလက်နက်ကိုင်အင်အားစုများသို့ “ငြိမ်းချမ်းရေး-ကမ်း လှမ်းချက်” ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပထမဆုံးရောက်လာတဲ့အဖွဲ့ဟာ အလံနီကွန်မြူနစ်ပါတီကဖြစ်ပြီး ဒီနောက်မှာတော့ လူမျိုးစုအဖွဲ့အသီးသီး ရှေ့ဆင့်နောက်ဆင့်ရောက်လာကြပါတယ်။ သြဂုတ်လ (၂၈) ရက်နေ့မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဌေးခေါင်းဆောင်တဲ့-ပဏာမကိုယ်စားလှယ်အဖွဲ့ရောက်လာပါတယ်။ သြဂုတ် (၃၁) ရက်မှာတို့ သူတို့တတွေ စမ်းချောင်းချမ်းသာလမ်းကဆရာကြီး မှိုင်းအိမ်ကို ရောက်လာကြပါတယ်။

အဲဒီနေ့ကဖေဖေနဲ့ ဗိုလ်ဇေယျတို့တွေ့တွေ့ချင်း နှစ်ယောက်သားဖက်ပြီးမျက်ရည်တွေကျနေတဲ့ပုံ နောက်နေ့သတင်းစာ တွေမှာပါလာတော့ မြင်ရသူလူအပေါင်း အတော်စိတ်ထိခိုက်ကြပါတယ်။ (မှတ်ချက်။ အဲဒီဓာတ်ပုံဟာ ဆွေးနွေးပွဲပျက်သွားပြီး နောက် ငြိမ်းချမ်းရေးကာလအတွင်း ရိုက်ကူးခဲ့တဲ့ဓာတ်ပုံများ ပြပွဲပြိုင်ပွဲလုပ်တော့ တတိယရပါတယ်။)

အဲဒီပါတီကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မှာရှိနေစဉ် ဖေဖေက ကျွန်မတို့ ဆီဆုံလမ်းအိမ်မှာ ထမင်းဖိတ်ကျွေးပါတယ်။ အဲဒီနေ့က (၁၉၆၃-စက်တင်ဘာ (၁၂) ရက်) ဖေဖေနဲ့ရဲဘော်ဌေးတို့အဖွဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကိုဖေါ်ပြထားတဲ့-မြန်မာ့ အလင်းသတင်းစာ ဖြတ်ပိုင်းဟောင်းလေး ကျွန်မရရှိထားပါတယ်။ အဲဒါလေးကို အပြည့်အစုံပြန်ဖေါ်ပြပါရစေ။

အခု ၂၁ ရာစုပင်လုံညီလာခံဆိုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေခေတ်စားလာချိန်မှာ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ရော၊ ပြဿနာတချို့ဟာ ဘယ်လောက်ဖြေရှင်းရခက်ပြီး ထပ်ချည်းတလဲလဲ ပြောဆိုနေရတယ်ဆိုတာကို အခုခေတ် လူငယ် များသိစေနိုင်ဘို့အတွက်ရော အဲဒီသတင်းဖေါ်ပြချက် အပြည့်အစုံလေးကို ပြန်လည်တင်ပြလိုက်ပါတယ်။ ပြည်တွင်းစစ်ကြီး ဒီလောက်ရှည်ကြာနေရတာ ဘာကြောင့်လဲ။ ဘယ်သူကြောင့်လဲ။ စဉ်းစားကြတဲ့အခါ ထည့်သွင်းစဉ်းစားကြည့်နိုင်ဘို့ပါ။

● ဗိုလ်ချုပ်ကျော်ဇောနှင့် ရဲဘော်ဌေးတို့ဆွေးနွေးပွဲ
(တပ်မတော်အပေါ် ဗိုလ်ကျော်ဇော၏အမြင်ကို ရဲဘော်ဌေးတို့က မေးကြခြင်း)
ရန်ကုန်၊ စက်တင်ဘာလ ၁၂။

ယနေ့နံနက် ရဲဘော်ဌေးတို့ ပဏာမကိုယ်စားလှယ်အဖွဲ့ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနေအိမ်သို့လာ၍ ဗိုလ်ကျော်ဇောနှင့် ဆွေးနွေးကြသည်။ ဗိုလ်ကျော်ဇောမှာ တပ်မတော်မှ အနားယူလိုက်သည့်အချိန်မှစ၍ တရုတ်ဖြူတိုက်ထုတ်ရေး၊ နယ်ချဲ့ဆန့် ကျင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဦးဆောင်၍လှုပ်ရှားနေသည့်ပုဂ္ဂိုလ်ဖြစ်သည်။

ထို့ကြောင့် ရဲဘော်ဌေးတို့က ဗိုလ်ကျော်ဇောတို့ဦးဆောင်လှုပ်ရှားသည့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီလုပ်ငန်းများ၊ သ ဘောထားများကိုလည်းကောင်း၊ တပ်မတော်နှင့်ပတ်သက်၍ ဗိုလ်ကျော်ဇော၏ ပုဂ္ဂိုလ်အရ အမြင်များကိုလည်းကောင်း၊ မေးမြန်းဆွေးနွေးကြသည်။

ရဲဘော်ဌေးမေး ။ ။ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီအနေနဲ့ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရေးပြဿနာမှာ ဝိရိယနဲ့၊ ချီတက်နေတာနဲ့ပတ်သက်ပြီး ဗိုလ်ကျော်ဇောသဘောထားကို သိပါရစေ။

ဗိုလ်ကျော်ဇောဖြေ ။ ။ပြည်တွင်းငြိမ်းချမ်းရေးကော်မတီအနေနဲ့ ယေဘုယျခံယူချက်တချက်ရှိပါတယ်။အဲဒါကအမျိုးသားတွေဟာ နယ်ချဲ့ပဒေသရာဇ် သွေးစုပ်မှုအောက်က လွတ်မြောက်ဖို့အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ချီတက်ခဲ့ရတာဖြစ်ပြီး လွတ်လပ်ရေးရလို့ရှိရင် တမျိုးသားလုံးဟာ ချမ်းသာဝပြောနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်။

လွတ်လပ်ရေးရတဲ့အခါ ပြည်သူတွေဟာ မျက်ရည်ကိုဒူးနဲ့ သုတ်နေရတဲ့လွတ်လပ်ရေးသာ ဖြစ်နေတယ်။ လွတ်လပ်ရေးကို လက်ခံတဲ့အာဏာပိုင်တွေဟာ နယ်ချဲ့ပဒေသရာဇ် သွေးစုပ်ချယ်လှယ်မှုကို ဆက်လက်တိုက်ရမဲ့အစား စေ့စပ်ပြီး ပြည်သူတွေ အပေါ်ဖိနှိပ်လို့ ခုလိုပြည်သူတွေဒုက္ခရောက်ရခြင်းဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုဟာ ဗမာပြည်ရဲ့မပြီးဆုံးသေးတဲ့ လွတ်လပ်ရေးတိုက်ပွဲအဆက်လို့ ခံယူပါတယ်။ ငြိမ်းချမ်းရေးရပြီးလို့ရှိရင် အဆုံးမသတ်သေးတဲ့ လွတ်လပ်ရေးရဲ့ အခွင့်အ လမ်းတွေ ပြန်လည်ရရှိပြီး ဆင်းရဲခြင်းဘဝက လွတ်မြောက်နိုင်ပြီလို့ ယုံကြည်ကြတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ရဲ့ ဟိုဘက်က ပြည်သူတွေဟာ (လွတ်လပ်ရေး ...လွတ်လပ်ရေး) လို့ ကြွေးကြော်ပြီး တိုက်ပွဲဝင်ခဲ့သလို (ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး) လို့ ကြွေးကြော်ပြီး တခဲနက်တိုက်ပွဲဝင်နေကြပါတယ်။ ပြည်သူတွေအနေနဲ့လည်း ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ မိမိကိုပုဂ္ဂိုလ်အရ အားပေးမှုကြီးမားတယ်ဆိုတာကို သတိပြုမိပါတယ်။


လက်ရှိငြိမ်းချမ်းရေးတိုက်ပွဲဟာ လွတ်လပ်ရေးတိုက်ပွဲပြီးတဲ့အခါ ပြည်သူတွေကမျှော်လင့်သလို ပြည်သူတွေရဲ့အကျိုးစီးပွား ဖြစ်တဲ့ ချမ်းသာဝပြောမှုလမ်းကြောင်းအပေါ်မရောက်ဘဲ မျက်ရည်ကို ဒူးနဲ့သုတ်ရတဲ့ လမ်းကြောင်းပေါ်ပြန်ရောက်နေမှာ အ ထူးပဲ စိုးရိမ်ကြောင့်ကြပြီး ကြီးစွာသောသတိနဲ့ ချီတက်နေပါတယ်ဟု ရှင်းပြသည်။

ဗိုလ်ချုပ်ကျော်ဇောကဆက်လက်၍ ပြည်သူတွေရဲ့အားကို တကယ်တမ်းစုစည်းပြီးတော့ ချီတက်နိုင်မယ်ဆိုရင် ကောင်းတဲ့ ဘက်ကို ဦးတည်နိုင်လိမ့်မယ်လို့လည်းယုံပါတယ်ဟုပြောပြသည်။

ရဲဘော်ဌေး
။ ။ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီအနေနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ပါဝင်နိုင်တဲ့အဖွဲ့အစည်းများနဲ့ဆောင်ရွက်ရာမှာ တွေ့ရတဲ့အခြေအနေကိုသိလိုပါတယ်။

ဗိုလ်ချုပ်ကျော်ဇော ။ ။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံနဲ့ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်ရာမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးကော်မတီက အထူးသတိထားပါတယ်။ တဖက်ကလည်း ညီညွတ်ရေးကိုအစွမ်းကုန်ကြိုးစားပါတယ်။ တဖက်ကလည်း ညီညွတ်ရေးခိုင်မြဲဖို့နဲ့ လမ်းမမှားဖို့ သတိထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကော်မတီကို ၁၉၆ဝ ခုနှစ်က ပြန်ဖွဲ့တဲ့အခါ အဖွဲ့အစည်းတွေပါဝင်နိုင်အောင် ၆ လနီးပါး ဆွေးနွေးခဲ့ပါ တယ်။ ဒီလိုလုပ်ရတာ အစကောင်းမှ အနှောင်းသေချာဆိုသလို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။ လက် ရှိအခြေအနေအရ လူမျိုးစုအဖွဲ့အစည်းများ အခြားအဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းပြီးနေပါပြီ။ နောင်မှာ ညီညီညွှတ်ညွှတ်နဲ့ လုပ်သွားနိုင်ဖို့ရှိပါတယ်။

ရဲဘော်ဌေး ။ ။ ဗိုလ်ချုပ်ကျော်ဇောကို ပုဂ္ဂိုလ်အရ တခုမေးပါရစေ။ တပ်မတော်ကငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုများ သဘော ထားရှိနိုင်မလဲဆိုတာကို ပြောနိုင်လျှင်ပြောပါ။

ဗိုလ်ချုပ်ကျော်ဇော ။ ။ ထင်မြင်ချက်များ မြင်တွေ့ချက်နဲ့ အစဉ်အလာများအရ ရှိတဲ့အချက်တွေအပေါ် အခြေခံပြီး ယေဘု ယျထင်မြင်ချက်များကို ပြောပါမယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အာဏာရဖောက်ပြန်ရေးသမားတွေဟာ တိုင်းပြည်ရဲ့ အသီး အပွင့်ရတနာများစွာကို ဖျက်ဆီးပစ်ကြရာမှာ တပ်မတော်လည်း အဖျက်ဆီးခံခဲ့ရပါတယ်။ တပ်မတော်ဟာ တမျိုးသားလုံး နှစ်ပေါင်းများစွာ နယ်ချဲ့စနစ်ပဒေသရာဇ်ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲကြီးက ပေါ်ထွက်သီးပွင့်လာတဲ့ တိုင်းပြည်ရဲ့ ရတနာတပါး ဖြစ်ပါတယ်။

တပ်မတော်ဟာ လွတ်လပ်ရေးရပြီးတဲ့နောက် တမျိုးသားလုံးရဲ့တပ်မတော် တမျိုးသားလုံးကို ကာကွယ်တဲ့ အမျိုးသားကာ ကွယ်ရေး တပ်မတော်ကြီးဖြစ်ရမဲ့အစား အဓိကအားဖြင့် အာဏာရဖောက်ပြန်ရေးသမားတွေကြောင့် လူတန်းစားဖိနှိပ်ရေး လက်နက်ကိရိယာကြီး ဖြစ်ခဲ့ရတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဆုံးရှုံးနစ်နာမှုကြီးတရပ်ပါဘဲ။ ဒါပေမယ့် များစွာသော တပ်မှူး တပ်ကြပ်များထဲမှာ အစဉ်အလာနဲ့ မျိုးချစ်ပုဂွိုလ်တွေ မီးခဲပြာဖုံးမျိုးချစ်တွေ အမြောက်အများရှိတယ်လို့ ယူဆပါတယ်။ ဧရာမ တပ်မတော်သား ရိုးရိုးရဲဘော်များထဲမှာလည်း အများစုကြီးဟာ ရိုးသားသောပြည်သူများဖြစ်ပါတယ်။ အခြေခံအားဖြင့် လက် ရှိငြိမ်းချမ်းရေးကို ပြည်သူ့အကျိုးစီးပွားပေါ်မှာ တရားမျှတသော ငြိမ်းချမ်းရေးကို လိုလားကြမယ်ဆိုတာ ယုံကြည်ပါတယ်။ သို့သော်လည်း ဖောက်ပြန်ရေးသမားတွေရဲ့၁၅ နှစ်လုံးလုံး ဇာတ်တူသားချင်း သတ်ဖြတ်ကြဖို့ လူတန်းစားဖိနှိပ်ရေး ကွန်မြူ နစ်ဆန့်ကျင်ရေးမှိုင်းအောက်မှာ ယာယီရောက်နေရတဲ့ပုဂ္ဂိုလ်တွေ တချို့ပြည်တွင်းစစ်အတွင်းမှာ အထူးအခွင့်အရေးများ ခံ စားရသူတချို့ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်၍ အခက်အခဲများရှိနေဦးမယ်လို့ ထင်ပါတယ်။

ဗိုလ်ချုပ်ကျော်ဇော ။ ။ ဆွေးနွေးပွဲအလားအလာများကို ပြည်သူတွေက သိချင်နေပါတယ်။ ပြောနိုင်တာများကို ပြောပါ။

ရဲဘော်ဌေး ။ ။ အလားအလာတွေကောင်းနေပါတယ်။ အခက်အခဲတွေလည်းရှိသင့်သလောက်ရှိနေပါတယ်။

ဗိုလ်ချုပ်ကျော်ဇော ။ ။ ပြည်တွင်းငြိမ်းချမ်းရေးတခုလုံးရဲ့ အလားအလာကို ပြောပါဦး။

ရဲဘော်ဌေး ။ ။ ကောင်းတာတွေ ရှိပါတယ်။
၁။ အလားအလာကောင်းတွေကို မှန်မှန်ကိုင်စွဲပြီး မှန်မှန်ချဉ်းကပ်နိုင်မယ်ဆိုရင် ....။
၂။ တဖက်ကလည်း မျှတပြီး ရိုသားစွာလိုလားတယ်ဆိုရင် ...။
၃။ ပြည်သူတွေရဲ့ပြည်တွင်းငြိမ်းချမ်းရေး လိုလားသောအားကို မှန်မှန်ကန်ကန် စုစည်းနိုင်ရင် ...။
၎။ ငြိမ်းချမ်းရေးအဖျက်အဆီးတွေကို ကျော်လွှားနိုင်မယ်ဆိုရင်...။

ပြည်တွင်းးငြိမ်းချမ်းရေးအလားအလာဟာ တကယ်ပဲအကောင်အထည်ပေါ်လာမယ် လို့ယူဆပါတယ်။ နို့ပေမဲ့ ငြိမ်းချမ်းရေး ရဲ့အတားအဆီးအခက်အခဲတွေကလည်း အများကြီးရှိနေပါတယ်။ ဒါကြောင့်မို့ ဘာမှတော့ အတိအကျ မပြောနိုင်သေးပါဘူး။

ဗိုလ်ချုပ်ကျော်ဇော ။ ။ ဗိုလ်ရန်အောင်ကြီးရဲ့ ကျန်းမာရေးကောင်းပါရဲ့လား။

ရဲဘော်ဌေး ။ ။ ကျန်းမာပါတယ်။ သူရဲ့ဝန်ထုပ်ဝန်ပိုးနဲ့ သွားလာနိုင်တဲ့အခြေအနေမှာ ရှိနေပါပြီဟု ဖြေသည်။

ဗိုလ်ကျော်ဇောက ဗိုလ်ရန်အောင်ကြီးအကြောင်းမေးခြင်းမှာ ၁၉၆၁ ခုနှစ် ဗိုလ်ကျော်ဇောတို့လူစု နယ်တွေသွား၍ တရားဟော နေကြစဉ် တချိန်တွင် ဗိုလ်ရန်အောင်က သူမသေခင် ဗိုလ်ကျော်ဇောကိုတွေ့ချင်ပါတယ်။ ဗိုလ်ကျော်ဇော ရွာတရွာကိုဖြတ် သွားပါ။ ချောင်းကြည့်လိုက်စမ်းပါရစေဟု လူတယောက်ကိုမှာသည်။ ထိုလူက စာရေးဆရာဗန်းမော်တင်အောင်ကိုပြော လာ သည်။ ဗန်းမော်တင်အောင်က ငြိမ်းချမ်းရေးကိုထိခိုက်မည်စိုး၍ ဤကိစ္စ ဘာမှပြောမပြဘဲထားသည်။ လွန်ခဲ့တဲ့ ၆ လက ရန် ကုန်တွင် ဗိုလ်ကျော်ဇောအားပြောပြသည်။ ထို့ကြောင့် သူ့ကိုအာရုံပြုရှာသည့် ဗိုလ်ရန်အောင်ကြီး၏ကျန်းမာရေးကို ကြုံ တုန်းကြုံခိုက် ဗိုလ်ကျော်ဇောက မေးခြင်းဖြစ်သည်။

ဗိုလ်ကျော်ဇောက ဗိုလ်ဇေယျကိုကြည့်ပြီး ဗိုလ်ဇေယျသည် အရင်ကနဲ့မတူတော့ အများကြီးပျော့ပျောင်းလာသည်။ သီလရှင် ကြီးနှင့်ပင်တူနေပါပြီဟု ရင်းနှီးစွာ ရယ်မောဝေဖန်သည်။ ကိုဌေးတို့ သတင်းစာရှင်းလင်းပွဲလုပ်သည့်နေ့က ပြည်တွင်းငြိမ်းချမ်း ရေးကော်မတီနဲ့ပတ်သက်၍ ပြောဆိုသွားသည့် စကားအချို့နှင့် အာဇာနည်ကုန်း အဓိဋ္ဌာန်စာတမ်းပါ အချက်အချို့မှ မရှင်းလင်း၍ ဗိုလ်ကျော်ဇောကကိုဌေးတို့အား ရှင်းပြရန်ပြောရာ ရှင်းပြသေးသည်ဟုလည်း သိရသည်။

မြန်မာ့အလင်းသတင်းစာ
၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်။
(ကမ္ဘာစစ်နှင့်ငြိမ်းချမ်းရေး။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ နေရီရီစာအုပ်တိုက်။ နှာ-၂ဝ၁-၂ဝ၅)


ဒါတွေကတော့ ၁၉၆၃ ခုနှစ် စေ့စပ်ဆွေးနွေးပွဲကာလက အဖြစ်အပျက်တရပ်ပါ။ ဒီနေရာမှာကြုံကြိုက်လို့-သမိုင်းကိစ္စတခုကို ရှင်းလင်းချင်ပါတယ်။

ဖေဖေနဲ့ ဗိုလ်ရန်အောင် ကိစ္စပါ။ ဗိုလ်ရန်အောင်ကြီးက ဖေဖေကိုတွေ့ချင်တာ၊ တွေ့ဖို့ကြိုးစားတာတွေ ရှိခဲ့ပါတယ်။ ဒါကို ဖေဖေကသူ့စာအုပ်ထဲမှာ ဗိုလ်ရန်အောင်ဆိုတဲ့ခေါင်းစဉ်ခွဲလေးနဲ့ တခြားအကြောင်းတွေအပါ (ဥပမာ-ဂျပန်မှာ စစ်ပညာ သင်ကာလအဖြစ်အပျက်များ) ပြည့်ပြည်စုံစုံနဲ့ လွမ်းဆွတ်စဖွယ်ရေးထားပါတယ်။ သတင်းစာပါ အဖြစ်အပျက်နဲ့အနည်းငယ် ကွဲလွဲ ပါတယ်။ ဖေဖေရေးထားတာကိုဘဲ အတည်ယူသင့်ပါတယ်။ ဖေဖေက “ဗိုလ်ရန်အောင်ကြီးနဲ့ ကျွန်တော်နောက်ဆုံးထိတွေ့လိုက်ရပုံမှာ ကျွန်တော်စစ်တပ်ကထွက်ရပြီးနောက် ရန်ကုန်စမ်းချောင်းရပ်ကွက်တွင် နေထိုင်နေရာမှ (၁၉၆ဝ) ခုနှစ် များအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်ပူးပေါင်းပြီး “ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့” ဖွဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးရ ဖို့ တိုင်းပြည်ကို စည်းရုံးလှုံ့ဆော်ပါတယ်။ ဗမာပြည်မြို့အတော်များများသို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နှင့်လှည့်ပြီး ဟောပြော စည်းရုံးနေပါသည်။”

“ကျွန်တော်နှင့် စာရေးဆရာကြီး ဗန်းမော်တင်အောင်တို့ ဗမာပြည်အလယ်ပိုင်း (ကျွန်တော်နာမည်မမှတ်မိသော) မြို့တမြို့ တွင် ပြည်တွင်းငြိမ်းချမ်းရေးတရားဟောပြောနေရာ ဗိုလ်ရန်အောင်မှာ မြေအောက်ကွန်မြူနစ်ပါတီအနေဖြင့် ထိုမြို့သို့ လျှို့ဝှက်ရောက်နေရာ ကျွန်တော်နဲ့ အလွန်တွေ့ချင်ပုံရသည်ထင်ပါသည်။ သူက လူတယောက်လွှတ်ပြီး ကျွန်တော်တို့အဖွဲ့ တာဝန်ခံ ဗန်းမော်တင်အောင်ထံသို့ သူကျွန်တော်နှင့်တွေ့လိုကြောင်း တွေ့ခွင့်ပြုရန် လာပြောပါသည်။ ဦးတင်အောင်က “ဟာ ... ဒီကိစ္စဟာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းကြီး ထိခိုက်နိုင်ပါသည်။ တွေ့ခွင့်မပြုနိုင်ပါ” ဟု တောင်းပန်ပြန်ကြားလိုက် ရပါသည်။”   “ထိုအဖြစ်အပျက်ကို ဦးတင်အောင်က ကျွန်တော်တို့ရန်ကုန်ပြန်ရောက်မှ ကျွန်တော်ကိုပြန်ပြောပြရာ ကျွန် တော်များစွာစိတ်မကောင်းဖြစ်ရပါသည်။ ဦးတင်အောင်လည်း အတော်စိတ်မကောင်းဖြစ်ပုံရပါသည်။ ဒီနောက်ပိုင်း ကျွန် တော် ဗိုလ်ရန်အောင်နှင့် ထိတွေ့မှုမရှိတော့ပါ။”

(ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ် - ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ ယဉ်မျိုးစာအုပ်တိုက်-နှာ ၄၉-၅ဝ)။

ဗမာပြည်သူလူထုကြီးတရပ်လုံး (မျိုးဆက်-အဆက်ဆက်) မျှော်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေးခရီးလမ်း ချောမွေ့ပါစေကြောင်း ဆန္ဒပြုလျှက် ....

လှကျော်ဇော
မေ ၂၄၊ ၂ဝ၁၇။
မှတ်ချက်။ အရေးတော်ပုံဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၉) မှ။
ပုံစာ - ဗကပ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ သွားရောက်တွေ့ဆုံနေစဉ်