အောင်မော်ဦး - “သုံးဘက်မြင်ပွဲ”

Aung Htet


အောင်မော်ဦး - “သုံးဘက်မြင်ပွဲ”
(မိုးမခ) မေ ၃၁၊ ၂၀၁၇


မြွေက တွေးတယ်
အလမ္ပာယ်ဆရာ အလိုကျသာလုပ်
အချိန်တန်ရင် အစာဝလို့
မပူမပင် မကြောင့်မကြဘဝနဲ့
ပခြုပ်ထဲ သက်သောင့်သက်သာ နေရမယ်။

အလမ္ပာယ်ဆရာက တွေးတယ်
ဒီမြွေဟာပခြုပ်ကို ကမ္ဘာထင်
ခွေခွေလေးနေရရင် ကျေနပ်သွားတဲ့ကောင်
ပါးပြင်းထောင်ရမှန်းမသိတော့အောင်
အစွယ်ကျိုးသွားပုံများ
သူပေးထားတဲ့အဆိပ်ပဲရှိတော့တယ်။

မြွေအလမ္ပာယ်ပွဲကြည့်သူတွေကတွေးတယ်
ဒီမြွေနဲ့ဒီလူတို့ ကိုယ်ကျိုးစီးပွားအတွက်
ငါတို့က အားပေးနေကြတာလား
ကြောင်ငေးကြည့်နေကြတာလား
ငါတို့မှာ မြွေဆိပ်တွေတက်လို့ ။

အောင်မော်ဦး
မေ၊ ၂၉၊ ၂၀၁၇။