နှစ် ၈၀ ပြည့် အမှတ်တရနှင့် မောင်မိုးသူ


နှစ် ၈၀ ပြည့် အမှတ်တရနှင့် မောင်မိုးသူ 

(ကုမုဒြာဂျာနယ်) မိုးမခ၊ မေ ၂၄၊ ၂၀၁၇
 
မေလ ၁၇ ရက်နေ့မှာ မောင်မိုးသူ အသက် ၈၀ ပြည့်ပါတယ်။ မောင်မိုးသူတို့ ၈၀ ပြည့် မန်းတက္ကသိုလ်က သူငယ်ချင်း လေးယောက်ရှိပါတယ်။ တစ်နှစ်တည်း မွေးသူများ ဖြစ်ပါတယ်။

ကြီးစဉ်ငယ်လိုက် ရေးပြရမယ်ဆိုရင် ငဝက်လို့ ချစ်စနိုးခေါ်တဲ့ မောင်စွမ်းရည်၊ မောင်စွမ်းရည်နောက်အူတူတူ အတတ “အင်းဝတောင်ဇရပ်ပျက်ဆီက မြင်းမနှစ်ကောင်”ဆို တဲ့ တော်လှန်ကဗျာဆရာ ကြည် အောင်၊ ပြီးတော့ သူတို့ရဲ့ဆရာကြီး ဖြစ်တဲ့ မောင်မိုးသူ၊ ထိုနည်းတူ မော်ဒန်ဆရာကြီး ဖြစ်တဲ့ ဇော်ဇော်အောင်ကတော့ မောင်မိုး သူထက် တစ်ရက်ပဲငယ်ပါတယ်။ မောင်မိုး သူက မေ ၁၇ မှာ မွေးပြီး ဇော်ဇော်အောင်က ၁၈ ရက်နေ့မှာ မွေးပါတယ်။ အဲသည်ရွယ်တူ သူငယ်ချင်း လေး ယောက်အနက် ကြည်အောင်နဲ့ ဇော်ဇော် အောင် အောင်နှစ်အောင်ကတော့ ကွယ်လွန်သွားရှာပေါ့။

မောင်မိုးသူတို့ မန္တလေးတက္ကသိုလ်မှာ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း ဖွဲ့စည်းတော့ ဥက္ကဋ္ဌက တက္ကသိုလ် နွယ်ထွန်း (ကိုထွန်းအံ့)၊ အတွင်းရေးမှူးက တက္ကသိုလ်ဝင်း (ကိုဝင်းမောင်)တို့ ဖြစ်ပါ တယ်။ တက္ကသိုလ် နွယ်ထွန်းဟာ ကျောင်း မှာကတည်းက ကွယ်လွန်ခဲ့ရှာပြီး မောင်မိုးသူတို့ အားလုံးရဲ့ဆရာတက္ကသိုလ်ဝင်း ခေါ် ဝင်းမောင်ပုကတော့ ကျောင်းကထွက် ကျောင်းဆရာဖြစ်ပြီးမှကွယ်လွန်တာပါ။

တက္ကသိုလ်ဝင်းဟာ မောင်မိုးသူတို့ တစ်တွေ အားလုံးရဲ့ ဆရာပါပဲ။ သူက စာပေနယ်မှာလည်း တကယ်ပဲ အစောကြီး ရောက်ရှိသူ ဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ အလုပ်သမားဖွဲ့လုံးချင်းဝတ္ထု “ရှေ့သို့” ဟာ နာမည်ကြီးပါပဲ။

မန္တလေးတက္ကသိုလ်မှာ ထင်ရှားတဲ့ ကဗျာဆရာကြီးနှစ်ဦး ရှိပါတယ်။ မောင် ပေါက်စည်နဲ့ တင်မိုးတို့ပဲ ဖြစ်ပါတယ်။ မောင်ပေါက်စည်ဟာ ကက်သလစ် သာသနာပိုင်ဆရာတော်ကြီး အင်ဒရူးမြဟန် ဖြစ်ပါတယ်။ ရေးတော့ တကယ့်ပီဘိ မြန် မာ ကဗျာတွေရေးတဲ့သူပါ။ မန်းရာပြည့် အထိမ်းအမှတ်အဖြစ် မောင်ပေါက်စည်နဲ့ တင်မိုးတို့ရဲ့ ကဗျာတွေ ထုတ်ဝေဖူးပါ တယ်။ ဟဲဟဲ မောင်မိုးသူက တော့ မန်းရာ ပြည့်ပွဲမှာ ခွပ်ဒေါင်းအကျဉ်း သားအဖြစ် အချုပ်ထောင်ထဲမှာ ရောက်ရှိ လို့ နေပါ တယ်။

အဲသည် မောင်ပေါက်စည်တို့ ၊ တင်မိုးတို့လည်း ကွယ်လွန်သွားကြပါပြီ။ သာသနာပိုင်အဖြစ် ကွယ်လွန်တဲ့ အင်ဒရူးမြဟန် ခေါ် ကဗျာဆရာ မောင်ပေါက်စည်ရဲ့ နာရေးကို မောင်မိုးသူတို့ သူငယ်ချင်းတစ်စုတခမ်းတနားတတ်နိုင်လောက် ဝိုင်းဝန်းခဲ့ ကြပေမဲ့ တင် မိုးကတော့ အမေရိကန်နိုင်ငံမှာ ကွယ်လွန်တာ ဖြစ်လေတော့ သူ့နံဘေးမှာ ဝင်းဖေ နှစ် ယောက်ပဲ ရှိပါတယ်။ ဝင်းဖေတစ်ယောက်က ငဝက် ခေါ် မောင်စွမ်းရည်ဖြစ်ပြီး နောက်တစ်ယောက်ဝင်းဖေကတော့ ပန်းချီဆရာ၊ စာရေးဆရာ၊ ရုပ် ရှင်ဒါရိုက်တာ၊ စာဟောဆရာ အစရှိတဲ့ စွယ်စုံရပုဂ္ဂိုလ်ကြီး ဝင်းဖေပဲ ဖြစ်ပါတယ်။

အဲသည် ဝင်းဖေနှစ်ယောက်က အကဲဖြတ် ဒိုင်လူကြီးဖြစ်ပြီး အမေရိကန်မှာ ကလေးတွေ မြန်မာကဗျာရွတ်ပွဲပြုလုပ်တော့ မောင်မိုးသူရဲ့မြေး၊ မောင်ပန်းသီးရဲ့သားဘွန်ဘွန်က ဆုရသတဲ့။ အဲသည် မြန်မာကဗျာရွတ်ဖူးတဲ့ ဘွန်ဘွန်ဟာ အခုတော့ ဟိုက်စကူး အောင်ပြီမို့ မြန်မာစာတတ် ကောတတ်သေးလား မသိပါဘူး။ မွေးနေ့ မှာ ပန်းသီးနဲ့ ဖုန်းထဲက စကားပြောရတော့ “ဘဘ” လို့တော့ ခေါ်တတ်ပါသေးတယ်။

အသက် ၈၀ ပြည့်ပြီဖြစ်တဲ့ မောင်မိုးသူဟာ သားသမီးသုံးယောက် ရှိပါတယ်။ သားကြီး မောင်ပန်းသီးက အမေရိကားမှာပါ။ သမီး အေးသီတာနဲ့ မြေးဘိုဘိုတို့ က အတူနေပါ တယ်။ သားငယ်ညီညီနဲ့ မြေးဘန်ဘန်တို့ကတော့ မြောက်ဒဂုံမှာ နေပါတယ်။

မောင်မိုးသူ မှာ မြေးငါးယောက် ရှိပါတယ်။ မြေးအကြီးမ ဘုတ်ဘုတ်က ဒူဘိုင်း မှာပါ။ ဘုတ်ဘုတ်မှာ သူ့ အမေက ဖြူစင်၊ ကြယ်စင်လို့ အမည်ပေး ထားပေမဲ့ မောင် မိုးသူတို့ ရန်ကုန်မှာ လာမွေးပြီး မောင်မိုး သူလက်ထဲမှာ တစ်နှစ် ထားခဲ့တဲ့ မြစ်အ မြွှာလေးနှစ်ယောက်ကို မောင်မိုးသူက ကွီစိ၊ ကွစ လို့ ခေါ်ပါတယ်။

ဒုတိယမြေးဖြစ်တဲ့ ဘုံဘုံကတော့ ဒီဘီဗီ သတင်းထောက်လုပ်နေပြီး နေပြည်တော်မှာနေပါတယ်။ သူ့မှာလည်း မောင် မိုးသူရဲ့ အငယ်ဆုံး မြစ်ကလေး ဝတုတ် ရှိပါတယ်။
အခု မောင်မိုးသူ ၈၀ ပြည့် မွေးနေ့ကို မွေးနေ့အမှန်ဖြစ်တဲ့ မေလ ၁၇ ရက်နေ့မှာ မပြုလုပ်ဘဲ သွားရေးလာရေးလွယ်ကူတဲ့ ၂၁ ရက် တနင်္ဂနွေနေ့ တော်ဝင်နှင်းဆီမှာ ပြုလုပ်ပါမယ်။ မောင်မိုးသူရဲ့ မွေးနေ့ များရဲ့ ထုံးစံအတိုင်း ဘာအခမ်းအနားမှ မလုပ်ပါ။ ဘယ်သူမှလည်း စကားမပြောပါ။ စကားပြောရမယ့် မိုက်ခွက်လည်း မထားပါ။ အတူ စုဝေးစားသောက် စကားပြောကြတာပဲ ဖြစ်ပါတယ်။

နှစ်တိုင်း မောင်မိုးသူကတော့ အမှတ် တရ စာအုပ်တစ်အုပ် လက်မှတ်ရေးထိုးပြီး ပေးဖြစ်ပါတယ်။ အခမ်းအနားမလုပ်လို့ သတင်းစာ၊ ဂျာနယ်တွေထဲမှာ မဖော်ပြဘဲ ရေးဖော်ရေးဖက်တွေ လာရောက် စားသောက်ဖို့ပဲ ဖိတ်ပြီး စားကြသောက်ကြတာပါ။

ယခု ၈၀ ပြည့် အမှတ်တရဆောင်းပါးကို ရေးနေတဲ့နေ့ဟာ မောင်မိုးသူရဲ့ အစစ်အမှန်မွေးနေ့ ဖြစ်ပါတယ်။ အဲသည် မွေးနေ့မှာ မောင်မိုးသူဘုရားကိုလည်း မသွားဖြစ်၊ ကျောင်းကန်များလည်း မသွားဖြစ်ဘဲ အိမ်မှာပဲ ပန်းချီကားတစ်ကားရေး၊ ဂျာနယ် နှစ်စောင်အတွက် ဆောင်းပါးနှစ်ပုဒ် ရေးပါတယ်။ ဖိတ်စာရပြီး မိတ်ဆွေများထဲက ဟက်ပီးဘတ်ဒေး ဖုန်းဆက်လာတာတွေ လက်ခံစကားပြောရပါတယ်။

မောင်မိုးသူရဲ့ မွေးနေ့အကြို ဆိုပါတော့ ဘဝတက္ကသိုလ် စာပေတိုက်က မောင်မိုးသူ ဘာသာပြန်ခဲ့တဲ့ “ကျားကုတ်ကျားခဲ” စာအုပ်ကို တတိယအကြိမ်အဖြစ် ပြန်လည်ထုတ်ဝေပါတယ်။ ပထမအကြိမ် လည်း ဘဝတက္ကသိုလ်က စတင်ထုတ်ဝေ ခဲ့တာ ဖြစ်ပါတယ်။

မွေးနေ့အလွန်မှာတော့ မောင်မိုးသူ ၂၀ဝ၀ ပြည့်နှစ် ထောင်ကလွတ်လာပြီး နောက် စာရေးသားခွင့် စတင်ရ၊ မောင်မိုးသူလွတ်တဲ့ ဇန်နဝါရီ ၃ ရက်ရဲ့ နောက်ရက် ဇန်နဝါရီ ၄ ရက်မှာ ချစ်သူငယ်ချင်းတေး ဂီတမှူး စန္ဒရားလှထွတ် ကွယ်လွန်လို့ သရဖူမဂ္ဂဇင်းမှာ “လွမ်းတော်မူဖို့ စာကိုစီတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကွယ်လွန်သွားရှာတဲ့ မိတ်ဆွေရောင်းရင်း၊ ဆရာသမား၊ သူငယ်ချင်းများအကြောင်း ရေးခဲ့တာ ၁၇ နှစ်အကြာ လွမ်းတော်မူဖို့ စာမူများကို လူပုဂ္ဂိုလ်များလိုပဲ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ မြန်မာမဂ္ဂဇင်းများအကြောင်း လွမ်းရင်းရေးဖြစ်ပြီး “လွမ်းတော်မူ ပေါင်းချုပ်” စာအုပ်ကြီး မွေးနေ့အလွန်မှာ ထွက်ရှိပါလိမ့်မယ်။

 မောင်မိုးသူရဲ့ဘဝဟာ ကျားကုတ် ကျားခဲ လှုပ်ရှားရုန်းကန်ခဲ့ရသူဖြစ်ပြီး ၈၀ မှာတော့ လွမ်းတော်မူဖို့ စာကိုစီနေပြီပဲ ဖြစ်ပါတယ်။

နှစ် ၈၀ ပြည့် အမှတ်တရပါ။

မောင်မိုးသူ