ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ - အပိုင်း (၆)

မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ - အပိုင်း (၆)
(ပိုင်-ချင်းမိုင်လမ်းဆုံမှသည် ဖန်း)
(မိုးမခ) မေ ၁၆၊ ၂၀၁၇
 
၂၀၁၆ ခုနှစ် နိုဝင်ဘာတွင်းမှာ သွားဖြစ်ခဲ့တဲ့ ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစု များကို ရေးသားလာရာမှာ ဒီစာစု (ပိုင်မှသည် ဖန်း) က စာစု (၆) သို့ ရောက်လာပါပြီ။ (၇) (၈) (၉) (Fang = ဖန်ဂ် လို့ ရေးရမလား မသိပါဘူး။ မောင်ရင်ငတေနားက ကြားတဲ့အတိုင်း ဖန်း လိုက်ပါ၏) တွေလည်း ရှိလာဦးမှာပါ။ သွားခဲ့ရတဲ့အချိန်က တိုတောင်းပေမယ့် မိုင်ထောင်ချီတဲ့ ဒီခရီးရှည်ကြီးကို ရေးချင်စိတ်က မသွားခင်ကတည်းက များခဲ့တာမို့ ရေးဖြစ်ခဲ့ရခြင်းပါ။  

လမ်းအမှတ် ၁၀၉၅ (Photo Khincorail)



တစုံတယောက်အတွက် နည်းနည်းများများ တစုံတရာ အကျိုးရှိခဲ့ရင် တော်ပါပြီ။ ဘယ်သူတွေအတွက် ရည်မှန်းချက်တွေ ထား သိပ်များများ မျှော်လင့် ရေးခဲ့တာ မဟုတ်ပါဘူး။ မောင်ရင်ငတေ ကိုယ်တိုင်မြင်တွေ့ ကိုယ်တိုင်ခံစား ရခဲ့သမျှကို ဖောက် သည်ချရုံ ရေးခြင်းသာပါ။

ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့  စာစုများ
စာစု (၁) (ကျောက်ဖရားမှ သောင်ရင်းကမ်းပါး မယ့်ဆောက်သို့)   
စာစု (၂) (မယ့်ဆောက်အလွန်က သောင်ရင်း)
စာစု (၃) (မယ့်ဆရီယန်-ခွန်ယွမ်း နေကြာရိုင်းများဆီသို့)
စာစု (၄) (နေကြာရိုင်းများဆီမှတဆင့် မယ့်ဟောင်ဆောင်)
စာစု (၅) (မယ့်ဟောင်ဆောင်မှ ပိုင်)
စာစု (၆) (ပိုင်-ချင်းမိုင်လမ်းဆုံမှသည် ဖန်း)
စာစု (၇) စာစု (၈) ..  .. . . . (၉) . . . .. (၁၀) . . . ……...

ဒီခရီးမှာ မောင်ရင်ငတေ ဖြတ်သန်းခဲ့ရသမျှ လမ်းပိုင်းတွေက အာရှ အမြန်လမ်းမကြီးများ ဖြစ်ကြတဲ့  AH1 AH2  တို့အပြင် ထိုင်းနိုင်ငံရဲ့မူလလမ်း Routes National များ ဖြစ်ကြတဲ့ RN1 RN12 RN 32 RN105 RN107 RN108 RN118 RN122 RN1063 RN1095 RN1089 RN1290 RN1016 RN118 အစရှိတဲ့ ပေတရာလမ်းမများက ပြောသော သူတို့အကြောင်းတွေကို သိမြင်ကြရမှာပါ။

မှတ်တမ်းတင်ခဲ့တဲ့ ပုံတွေ အများစုကတော့ သွားရင်းလာရင်း ကားပေါ်ကနေ ဖြစ်သလိုသာ ရိုက်ကူးခဲ့ရတာမို့ တုန်မှုန်ဝါး နေပါက သည်းခံ၍ ကြည့်ကြပါလို့သာ။


လမ်းအမှတ် ၁၀၉၅ (ဓါတ်ပုံ မရငတ)

လမ်းမှာ မြင်မြင်သမျှတွေ့တွေ့သမျှ ခံစားမြင်တွေ့ခဲ့ရတာတွေကို မှတ်တမ်းတင်ဖြစ်တာမို့လို့ ပေနည်း နည်းတော့ ရှည်မှာပါ။ ဒီလမ်းကြောင်းရဲ့ အနောက်ဘက်ခြမ်း မနီးမဝေး တောင်တန်းနယ်မြေတွေက မောင်ရင်ငတေ ရောက်ခဲ့ဖူးဖြတ်သန်းခဲ့ဖူးတာတွေပါသလို မရောက်ဖူးပေမယ့် ရင်းနှီးစွာ ကြားဖူးခဲ့ရရောက်ဖူးချင်ခဲ့ရတဲ့ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်မြေကြီးတွေ ဖြစ်ခဲ့တာမို့ ပိုမို၍ ရင်ခုန်ခြင်းများစွာနဲ့ ရေးဖြစ်သွားမိတာလည်း ဖြစ်နိုင်ပါတယ်။ တခါတခေါက်လောက်လည်း အဲဒီရွှေပြည် ဘက်ခြမ်းကနေ ကရင် ကယား ပအို့ဝ် ပလောင် ရှမ်း တောင်တန်းတွေကနေ ထိုင်းတောင်တန်းတွေဆီသို့ လှမ်းမျှော် ကြည့်ခွင့်ရပြီး ** ဧရာဝတီ သောင်ရင်းမှသည် သံလွင် မယ့်ခေါင်ဆီသို့ ** စာစုလေးတပုဒ်လောက် နှိုင်းယှဉ် ရေးခွင့် ရချင် မိပါသေးတယ်။ အခုနေတော့ ဒီဘက်ခြမ်းက ပိုင် ချင်းမိုင်လမ်းဆုံ ဖန်းမြို့လေးကနေ တာချီလိတ်တဘက်ကမ်းက မယ့်ဆိုင်၊ နောက်တော့ လာအို ထိုင်း ရွှေဖမာ့မြေတို့ဆုံရာ တြိဂံရွှေမြေ၊ ချင်းရိုင်မှတဆင့် ဇင်းမယ်ခေါ် ချင်းမိုင်ပြည်ဆီသို့ သွားခဲ့တာ တွေကိုသာ ဆက်ရေးပါဦးမယ်၊ ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့  စာစုလေးများရဲ့ နောက်ပိတ်ဆုံးအဖြစ် နာကွန်ဆဝမ် ဒေသက ကျောက်ဖရား ဖြစ်တည်ခဲ့ရာ ကျောက်ဖရားမြစ်ဆုံသို့ ရောက်ခဲ့ရခြင်း အကြောင်းကို ရေးသားရင်း ** ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ * ၂၀၁၆ အတွက် စာစုများကို ကျောက်ဖရားမြစ်ဆုံမှာ အဆုံးသတ် နိဂုံးချုပ်မယ် မျှော်မှန်းပါတယ်။

Route National RN1095 (ဓါတ်ပုံ မရငတ)

ဒီစာစု (၆) (ပိုင် မှသည် ဖန်း) ကတော့ ထိုင်းရဲ့မူလလမ်း Route National RN1095 နဲ့ RN107 တို့အကြောင်း မြင်မြင် သမျှတွေကို ဆက်ရေးမှာပါ။ နာမည်ကျော် Mae Hong Son Loop ဆူပါ အကွေ့ များကို ဖြတ်သန်းပြီးလို့ အတော်လေးပြန့်တဲ့ မြေပြန့်ဒေသကို ရောက်လာခဲ့ပြီး ချင်းမိုင် လမ်းဆုံကမှ မြောက်ဘက် ရွှေပြည်နယ်စပ် Fang မြို့လေးသို့ သွားတဲ့လမ်း အ ကြောင်းတွေပါ။

ပိုင်မြို့လေးကို ဖြတ်သန်း ကျော်ဖြတ်လာအပြီး ချင်းမိုင်မြို့သို့ ဦးတည် ကုန်းတက်ကုန်းဆင်း အကွေ့ပေါင်းများစွာကို မိနစ် တရာနီးပါးမျှ ဖြတ်သန်းလာခဲ့ရာ ချင်းမိုင်အဝင် ၃၇ ကီလိုမီတာ အလို လမ်းဆုံ ရောက်တော့မှ အနောက်မြောက်ဘက် Fang သို့ ပြန်လည်ဦးတည်လို့ လမ်းအမှတ် (၁၀၇) အတိုင်း ဆက်သွားရမယ့် လမ်းကြောင်းပါ။ မြေပုံအရဆိုရင် နီးလျှက်နဲ့ ဝေး နေပါတဲ့ လမ်းပါ။ အပေါ်ဘက်သို့ သွားမယ့်ဟာကို အောက်ပြန်ပတ်ဆင်းပြီးမှ သွားခဲ့ရတာမို့ တကွေ့ တပတ်ကြီးပါ။ ဒါပေမယ့် ရွှေပြည် နယ်စပ်အနီး အဲဒီ ဒေသမှာက အဲဒီ လမ်းကြောသာ ကောင်းကောင်းကန်းကန်း ရှိပါသေးတယ်။

ဒီကနေ့ခေတ်တိုင် ကောင်းမွန်ချောမွေ့လုံခြုံစိတ်ချရတဲ့ မိုင်တိုင်တိုမယ့် လမ်းကြောသစ် ဘာကြောင့် မရှိပါသလဲ မဖောက် လုပ်ရသေးပါသလဲဆိုတဲ့ မေးခွန်းက မောင်ရင်ငတေမေးမယ်ဆိုရင် အတော်ကို နောက်ကျနေလောက်ပါပြီ။ အဲဒီဒေသ သို့ရောက်လာ အခြေချ စီးပွားလုပ်ကိုင်နေသူများ မေးပြီးသား မေးခွန်းတခုသာပါ။ ဒေသဆိုင်ရာအာဏာပိုင်တွေကတော့ တချိန်တုန်းကသတ်မှတ်ထားခဲ့တဲ့ အညို အနက် အမည်း နယ်မြေဆိုတဲ့ ကန့်လန့်ကာကြီးတွေနဲ့ ကိုယ်လွတ်ရုန်းလို့ ကန့်လန့် ကာကြဦးမှာက သေချာလှပါတယ်။


Route National RN1095, Tambon Pa Pae (ဓါတ်ပုံ မရငတ)

ပိုင်-ချင်းမိုင် လမ်းအမှတ် (၁၀၉၅) နဲ့ ချင်းမိုင်-ဖန်း လမ်းအမှတ် (၁၀၇) ဆုံရပ်ဆီသို့ သွားတဲ့ ခရီးက ကုန်းဆင်းကုန်းတက်များ အကွေ့အကောက်များ တောများတောင်များကိုသာ တွေ့ရှိရပြီး ရွာရယ်လို့ မယ်မယ်ရရ မတွေ့ရပါဘူး။ မောင်ရင်ငတေတို့လည်း တနေရာ နှစ်နေရာမှာ ခဏမျှရပ်နားခဲ့ပြီး ကား ပေါ်ကနေတာ တွေးရင်းငေးရင်း မေးစရာရှိလာရင် မေးရင်း Mae Hong Son Loop ရဲ့ ဆူပါအကွေ့ များကို ကျောခိုင်းထားရစ်ခဲ့ပါတယ်။ နေရစ်တော့ ပိုင် ရေ  ပေါ့။


Tambon Ki Lek ပိုင်-ချင်းမိုင်လမ်းဆုံ (ဓါတ်ပုံ မရငတ)

အဲဒီချင်းမိုင်လမ်းဆုံ Tambon Ki Lek ကနေ ဖန်းမြို့ကို ကီလိုမီတာ တရာ့နှစ်ဆယ်နီးပါး ရှိပါတယ်။ ချင်းမိုင်အဝင်လမ်းဆုံကတော့ ကားတွေလူတွေ ဆိုင်ခန်းတွေနဲ့ ရှုတ်ထွေးတဲ့ နေရာတခု ဖြစ်နေပါပြီ။ ချင်းမိုင်ရဲ့ မြို့ပြဧရိယာနဲ့ နီးတာနဲ့အညီ ကားလမ်းဆုံမှာ လူနေသိပ်သည်းလာပြီး အိမ်တွေဆိုင်တွေ များပြားစည်ကားရာ ဖြစ်လာပါတယ်။ တကယ်တော့ ဒီလို အမြန် ဟိုင်းဝေး လမ်းတွေနဲ့ ကပ်လျှက်မှာ အိမ်တွေဆိုင်တွေ ရှုပ်နေတာဟာ မကောင်းပါဘူး။ အတော် အန္တရာယ်များပါတယ်။ ထိုင်းတနိုင်ငံလုံး လမ်းမကြီးများကတော့ အမြဲ ဒီလို အမြန်လမ်းမှာ အမြန်မောင်းနေတဲ့ ကားတွေကြားမှာ မိသားတစု ဆူပါကပ်တစီးပေါ် အကြီးကောင်နဲ့ သုံးယောက်ခွထိုင် အငယ်ကောင်လေးချီပိုးပြီး လမ်းကြိုကြားက လမ်းမကြီးပေါ် ရွှတ်ကနဲရွှတ်ကနဲ ထွက် လာကြ ဆိုင်ကယ်ဦးထုပ်ဆောင်းထားကြသူက တယောက်စ နှစ်ယောက်စ ခပ်နည်းနည်းမျှသာ၊ သူတို့တော့ မသိ၊ မောင်ရင် ငတေတော့ အသဲယားလှပါတယ်။ ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်က ကိုက်လှပါတယ်။ တခါတလေ မောင်ရင်ငတေတို့လည်း မစီးမဖြစ် အမြဲ အမြန်လိုနေတဲ့ ဆိုင်ကယ်သမားနောက် အထုတ်အပိုးတွေနဲ့ ကိုယ့်ရိုးကားယားခွထိုင် လိုက်ရ၊ ဒီလောက် အပူဓါတ်အောက်မှာ အဲဒီဦးထုပ်မာမာကြီး ဆောင်းထားရတာ ငရဲကျနေသလို၊ အဲဒီတော့ အန္တရာယ်ဆိုတဲ့ကောင်ကို ခဏ ဘေးချိတ် သူတို့တွေလို အလိုက်သင့် နေလိုက်ချင်မိတော့တာပေါ့။




 အနောက်မြောက်ဘက်တောင်တန်းများဆီ (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေတို့က ချင်းမိုင်ကို ဒီခရီး အဆုံးသတ်မြို့အဖြစ်ထားတာမို့လို့ ချင်းမိုင်နဲ့ဆန့်ကျင်ဘက် အနောက်မြောက်ဘက်ကို ဆက်လက်ထွက်ခွာ လာခဲ့ပါတယ်။ မြို့ပြနဲ့ဝေးရာဆီမှာ ဒုတိယညအဖြစ် အေးချမ်းစွာ ဖြတ်သန်း အနားယူဖို့ပေါ့။

(၁၀၇) လမ်းအတိုင်း အနောက်မြောက်ဘက်ကို ဆက်တက်လာခဲ့တော့ လမ်းက အကွေ့အကောက် သိပ်မများတော့ဘူး ဆိုပေမယ့် ကားအရှေ့မှာတော့ အတော်ကြီး မြင့်မားလှတဲ့ တောင်တန်းတွေက နီးကပ်လာလိုက် တရိပ်ရိပ် ပြန်ဝေးသွား လိုက်နဲ့ လမ်းတလျှောက်လုံးလိုလိုပါ။


လမ်းလယ်က Check Point များ (ဓါတ်ပုံ မရငတ)

မိနစ် သုံးဆယ်ခန့်မျှ မောင်းလာတော့ အိမ်ဆက် ဆိုင်ဆက်တွေ နည်းနည်းပြတ်လာခဲ့ပြီး တောတွေ တောင်တွေရဲ့ အရိပ်တွေ အငွေ့တွေ အနံ့တွေ ပြန်ရလာပါပြီ။ အနီရောင်တုံးတွေနဲ့ စစ်ဆေးရေးဂိတ် တွေကိုလည်း ပြန်တွေ့လာရပါပြီ။ ဒီဖန်းမြို့နယ် ဖန်းခရိုင်က ရွှေပြည်ကြီးရှမ်းဒေသ မိုင်းယန်း မိုင်းတုံ နယ်မြေများနဲ့ ထိစပ်နေတဲ့ နေရာမို့ ထင်ပါရဲ့၊ စစ်ဆေးရေးဂိတ်တွေ ပိုများသလို ထင်ရပါတယ်။

ဒီလမ်း ခရီးစဉ်တလျှောက် ကီလိုမီတာ တထောင့်ငါးရာလောက်မှာ တွေ့ခဲ့ရတာ အများဆုံးကတော့ လမ်းလယ်က အဲဒီ Check Point များပါ။ နေရာတိုင်းမှာ ချက်ပွိုင့် ရှိတယ် ပြောရမလိုပါ။ အစစ်ဆေး အမေးအမြန်းတွေ များစွာ မကြုံခဲ့ရပေမယ့် မောင်ရင်ငတေ မမြင်တွေ့ချင်ဆုံးသော အရာတွေသာပါ။ လုံခြုံရေးအရ လိုအပ်လို့ထားတာ လက်ခံချင်ပေမယ့် အဲဒီလို လုံခြုံရေးတွေ ထားစရာ မလိုတော့တဲ့ လွတ်လပ် အေးချမ်းစွာ သူ့ ကိုယ် မနှောက်ယှက် ကိုယ့် သူမနှောက်ယှက် စစ်မဲ့ ဤကမ္ဘာမြေ ခေတ် ရောက်ရပါလို၏လို့သာပါ ခင်ဗျာ။


အနောက်မြောက်ဘက်တောင်တန်းများဆီ (ဓါတ်ပုံ မရငတ)

နောက်တနာရီလောက် ဆက်မောင်းလာတာ တောင်တန်းတွေကတော့ ရှေ့မှာကာဆီးထားပေမယ့် မရောက်နိုင်သေးပါဘူး။ မြင်တွေ့နေရဆဲပါ။ ဖန်းလွင်ပြင်က ထိုင်းအနောက်မြောက်ခြမ်း တောင်တန်း တွေဖြစ်တဲ့ Daen Lao Range,Thanon Thong Chai Range, Doi Tung, Doi Ang Khang တို့နဲ့ အတူ နာမည်ကျော် Doi Nang Non တောင်တန်းတွေကြားမှာ ကျယ်ပြန့်စွာတည်ရှိနေတာပါ။ Ping မြစ်ဝှမ်းကလည်း ဒီနေရာမှာ ဖြတ်သန်းစီးဆင်းသွားတာမို့ မူလထဲက စိုက်ရေးပျိုးရေး ကောင်းခဲ့ဟန် တူပါတယ်။ မရှိမရှား အေးအေးချမ်းချမ်း နေထိုင်ကြသူတွေများတဲ့ တောင်ကြားလွင်ပြင် ဒေသပါ။

မနက်က မယ့်ဟောင်ဆောင်ဈေးမှာ စားခဲ့တဲ့ တို့ဟူးနွေးနဲ့ လမ်းမှာ ဝါးလာခဲ့တဲ့ တို့ဟူးကြော်တွေက ဗိုက်ထဲမှာ မရှိတော့တာမို့ အတူလာသူတွေ အားလုံး ဆာလောင်လာကြပြီ ဖြစ်လို့ လမ်းတနေရာမှာ ညစာဝင်စားဖို့ ဆိုင်ရှာကြပါတယ်။ ကားလမ်း တလျှောက် ဆိုင်တွေကပေါများလှတာမို့ သိပ်ကြာကြာ မရှာလိုက်ရပါဘူး။ မကြာခင်မှာ ဆိုင်တဆိုင် တွေ့ပါပြီ။ မောင်ရင်င တေကတော့ ဒီလိုလမ်းဘေးမျိုးမှာ မြို့ပြပုံစံ ထုကြီးထည်ကြီးတွေနဲ့ ဆိုင်မျိုး မရှာချင်ပါဘူး။ လမ်းနဘေး လေသန့်သန့်လေး ရှုလို့ ရပါတဲ့ မသပ်မရပ် တဲပုတ်ဖြစ်ဖြစ် လွတ်လပ်တဲ့ တောသဘာဝ ထင်ဟပ်တဲ့ ဆိုင်မျိုးကိုသာ ရှာချင်ပါတယ်။

 
Doi Luang Chiang Dao n’ Route National RN107 (ဓါတ်ပုံ မရငတ)

ရှာတွေ့လိုက်တဲ့ ဆိုင်တည်ရာ မျက်နှာချင်းဆိုင်မှာတော့ အတော်ကလေးမြင့်မားတဲ့ တောင်စဉ်တန်း တတန်းကို နေရောင် အောက်မှာ ထင်ရှားစွာတွေ့မြင်နေရပါတယ်။ အဲဒီလို ဆိုင်တည်ရာကို သဘော ကျမိတာကြောင့်ရယ် ဆာလောင်နေကြပြီ ဖြစ်တာကြောင့်ရယ် ဆိုင်ခြံဝန်းထဲ ဝင်လာခဲ့ကြပါတယ်။

အပြင်ကနေကြည့်တော့ ဆိုင်လေးက သာမန်သာ ထင်ရပေမယ့် အတော်လေးခမ်းနားပါတယ်။ ဝိုင်း ပေါင်းတရာလောက် အေးအေးဆေးဆန့်တဲ့ ဆိုင်ကြီးပါ။ ဒါပေမယ့် မောင်ရင်ငတေတို့ ရောက်ချိန်က ညနေပိုင်း နည်းနည်းစောနေတာကြောင့်နဲ့ ကြားရက်ဖြစ်နေတာကြောင့်ရယ်လားမသိ လူကသိပ်မရှိ တဝိုင်းနှစ်ဝိုင်းမျှသာ ရှိပါတယ်။

ဆိုင်အတော်တော်များများက မြို့ပြ အခင်းအကျင်းတွေနဲ့ ပရိသတ်ကို မျှားခေါ်နိုင်ဖို့ ကြိုးစားကြတာ တွေ့မြင်ရသလို တော တောင်ရေမြေအလှနဲ့ ရိုးရာသဘာဝ ပေါင်းစပ်ထားတဲ့ပုံစံတွေကို အတွေ့ရများ ပါတယ်။ အခု ဒီဆိုင်လည်း အဲဒီလိုပုံစံ အနေ အထားပါ။ ဆိုင်အရှေ့ ကားလမ်းမကိုကျော်ပြီး မြင်တွေ့နေရတဲ့ တောင်တန်းရဲ့ နေဝင်ခါနီးချိန်အလှရယ် ဆိုင်နဘေး လယ် ကွင်းနဲ့ဆက်နေတဲ့ ရေကန်လေး တကန်လည်း ရှိနေတာမို့ မဆိုးပါဘူးဟေ့ ထိုင်ပျော်ပါတယ်ဆိုပြီး ဝင်လာခဲ့ကြတာပါ။ လူရှင်းနေတာဖြစ်လို့ ဆိုင်ဝန်းကျင် သဘာဝအလှတွေကို မောင်ရင်ငတေ လည့်ပတ် ငေးမောခွင့် ရခဲ့ပါတယ်။

ဆိုင်ရှေ့ တောင်မြင့်မြင့်ကြီးကို ငေးကြည့်မိနေရင်းနဲ့ စိတ်ဝင်စားမိလာတာနဲ့ သတိရပြီး တယ်လီဖုန်းထုတ်လိုက်ပြီး အင်တာ နက်ဖွင့် အခုရောက်နေတဲ့နေရာ လိုကေးရှင်းကို ရှာကြည့်မိလိုက်တော့ Doi Luang Chiang Dao ဆိုပြီး ပေါ်လာပါတယ်။ ထိုင်းနိုင်ငံ အမြင့်ဆုံးတောင်တွေထဲက တတိယ ပါတဲ့၊ အမြင့်ပေပေါင်း ၇၁၇၄ ပေ မီတာနဲ့ဆို ၂၁၈၆ တချို့တွေကလည်း ၂၁၇၅/ ၂၂၂၅/ ၂၂၇၅ အမျိုးမျိုး ဆိုကြလေရဲ့၊ ပန်းမျိုးပေါင်းစုံဖူးပွင့်သလို ပိုးမွှားအကောင်ပလောင်ပေါင်းစုံ ရှိနေသေးတဲ့ နေရာပါတဲ့၊ ဒီကနေ့ထိ ကျေးငှက်မျိုးစိတ်ပေါင်း သုံးရာကျော် ရှိနေသေးတာမို့ ထိုင်းတနိုင်ငံလုံးမှာ အများဆုံးပါ။

ရှေး အနှစ် သန်း ငါးဆယ်လောက်တုန်းက ဒီတောင်စဉ်တောင်တန်းကြီးက ပင်လယ်ရေအောက်မှာ တည်ရှိခဲ့တာပါတဲ့၊ ဒီကနေ့မှာလည်း မြူနှင်းမှုန်တွေ ဆိုင်းနေတတ်တဲ့ အဲဒီ ထုံးကျောက်တောင်တွေ ရဲ့ ဒဏ္ဍာရီ ပုံပြင်များက သက်ကြီးစကား သက်ငယ်ကြား ပြောနေကြဆဲပါတဲ့။

 
Restaurant Sala Thaï (ဓါတ်ပုံ မရငတ)

ထိုင်းရဲ့ သဘာရင့်နေပြီဖြစ်တဲ့ ခရီးသွားသူတွေအကြိုက် အခင်းအကျင်းတွေက တောရောမြို့ပါအနှံ့ နေရာမရွေးရှိနေပြီ ပြောရင်ရနိုင်ပါတယ်။ မောင်ရင်ငတေကတော့ အဲဒီနေရာရောက်တာနဲ့ မြင်ကွင်း ကောင်းကောင်းတွေကို ဟုတ်သည်မဟုတ် သည် အပထား မှတ်တမ်းတင်ပါတယ်။ ဘာများ စားမလဲ ဆိုတာက မောင်ရင်ငတေ့အတွက် အဓိက မဟုတ်ပါဘူး။ ကိုယ်စား ချင်တဲ့ ထိုင်းအစာက ခပ်များများ မဟုတ်လား၊ ထိုင်းစာမှန်သမျှ ကြိုက်ပြီးသာမို့ အားလုံး အိုကေပါ။ ဆိုင်တာဝန်ခံလား ဘာလားတော့ မသိ၊ အမှာစာရင်း လာမှတ်သူ ထိုင်းမမလေးကတော့ တသန်းသန်း တဝေဝေနဲ့ မနေ့ညက အိပ်ရေး မဝခဲ့ဟန် တူပါတယ်။ မောင်ရင်ငတေနဲ့ကိုကျော်ကျော်ကတော့ ပါလာတဲ့ Kaiserdom ဝမ်းလီတာဗူး ကိုဖောက် ငါးအကြွပ်နဲ့ ကန်ဇွန်းရွက်ကြော်လေး တွဲဖက်လို့မြည်းရင်း စကားစမြည် ပြောကြတာပေါ့၊ အစားအစာတွေကတော့ ထိုင်းနှုန်းအရ ဈေးနည်းနည်းကြီးပြီး အရသာကတော့ သင့်ရုံမျှသာပါ။

ဥရောပက လမ်းတွေမှာ ဆိုရင်တော့ ဒီလိုဆိုင်မျိုး ရှာတွေ့ဖို့ မလွယ်ပါဘူး။ မရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ်။ ဈေးကြီးပါတယ်။ ဈေးကြီးတာထက် ဟိတ်ဟန်တွေ မလိုင်တွေ ပိုတတ်တာမို့ မောင်ရင်ငတေ မကြိုက်ပါဘူး။ ထိုင်းမှာတော့ အဲလိုဆိုင်မျိုးလေး တွေက ပုံမှန်ထက်တော့ ဈေးကြီးပေမယ့် ထိုင်ပျော် စားပျော်တဲ့ ဆိုင်အဆင့်တွေပါ။


Restaurant Sala Thaï (ဓါတ်ပုံ မရငတ)

ဘေးဝန်ကျင် သဘာဝအလှကတော့ ကြည့်မဝနိုင်ပါဘူး။ ဆိုင်အတွင်း နောက်ဘက် ဝင်သွားကြည့်မိ လိုက်တော့လည်း လယ်ကွင်းတွေတောင်တန်းတွေနဲ့ နောက်ထပ်ပန်းချီကားတချပ် ထပ်တွေ့လိုက်ရ သလိုပါ။ ဆိုင် အခင်းအကျင်းကတော့ သဘာဝမြင်ကွင်း နောက်ခံအားကိုးနဲ့ ရိုးရာကို မိတ်ကပ်ချယ် မှုန်းထားသလိုမျိုးသာပါ။ ဒါမျိုးတွေက ရိုးအီနေပါပြီ။ မောင်ရင်ငတေအတွက်တော့ စိတ်ကြိုက် မဟုတ်လှပေဘူးပေါ့၊ ဒီထက် သဘာဝနဲ့ ပိုနီးတဲ့ အိမ်ဆိုင်လေးတွေ ရှိတဲ့အကြောင်း တနေကုန်ကားမောင်း လိုက်ပို့ရလို့ ဘီယာသောက် အညောင်းဖြေနေတဲ့ မောင်ရင်ငတေရဲ့ မိတ်ဆွေကြီးကို ပြောမေး မေးမိတော့ အေး ရှိတယ်ဗျ မနက်ဖန်မနက်ကျရင် ဖန်း အထွက်လမ်းမှာ ရှိတယ်။ အစဉ်ပြေရင် ဝင်ကြတာပေါ့ ဆိုပြီး ပြန်ပြောပါတယ်။


Doi Luang Chiang Dao n’  Restaurant Sala Thaï (ဓါတ်ပုံ မရငတ)

တကယ်ကတော့ ဥရောပသားအများစုက မြို့ပြအရှုပ်ထုပ်တွေကနေ အဝေးသို့ ခေတ္တထွက်ပြေးဖို့ ဒီ နေရာမျိုးတွေကို ရှာဖွေရောက်ရှိလာကြသူတွေပါ။ ဥရောပသားအယောင်ဆောင် မောင်ရင်ငတေက ဒီအချက်မှာတော့ အမှန်အကန်ကို ထောက်ခံချင်တာပါ။ ဥရောပဆိုတာ မှန်နန်းဆောင်မိုးမျှော်တိုက် ဆိုတာကြီးတွေထက် မူလဟောင်းမြင်းဆွေးမြေ့နေတာတွေကို ပြစားနေတဲ့ ခရီးသွားလုပ်ငန်းတွေရဲ့ ဦးဆောင် နေကြသူတွေ မဟုတ်ပါလား၊ တကယ်လည်း ဥရောပသား အများစုဟာ ချမ်းသာကြွယ်ဝ ကြသူတွေ မဟုတ်ပါဘူး။ ရသမျှလခကိုတော့ အကုန်သုံးပစ်ကြသူတွေသာပါ။ ခရီးသွားတာ ဝါသနာပါသလို ဘတ်ဂျက် ချွေတာကြသူတွေဖြစ်လို့ ဘီးစိတ်တိုက်ကြရာမှာလည်း ကျွမ်းကျင်ကြသူတွေပါ။

သူတို့တွေဟာ ခရီးတခုမသွားခင် အသေးစိတ်နီးပါးမျှ လေ့လာပြီးမှသာ သွားကြတာမို့ ဘယ်ဟာက ဘယ်လို ဘယ်ဟာက ဘယ်လောက်ဆိုတာ သိနေကြပြီး မူလကိုက အလုပ်များများ မလုပ်ကြသလို လခအတိုင်း ကွက်တိတိုင်းသုံးကြလို့ ကပ်စီးနည်းကြသူများလို့ နာမည်ကြီးသူတွေပါ။ သူတို့တွေထဲမှ မောင်ရင်ငတေတို့ရဲ့ ကိုရွှေ ပြင်သစ်တွေက ထိပ်ဆုံးကပါ။ ထိုင်းနိုင်ငံအနှံ့ ရောက်ခဲ့လေရာ အရပ်မှာဈေးတွက် တွက်နေကြသူ မဒမ်ဘွန်ရှုးတွေ မွန်ဆီယာဘွန်ရှုးတွေကို မတွေ့ချင်မှအဆုံးပါ။ သူတို့တွေကြောင့်လည်း မောင်ရင်ငတေတို့လို ဘတ်ဂျက်နည်းပါး ချွေတာရေးသမားများအတွက် ဒီလိုမျိုး ခရီး လမ်းကြောင်းသစ်တွေ ပွင့်ခဲ့တာမို့ ကျေးဇူးအထူး တင်ရှိရမှာပါ ခင်ဗျာ။

အဲ .…… ဇိမ်မခံရရင် မကျေနပ်နိုင်တဲ့ သူတွေအတွက်လည်း ဒီလမ်းတွေမှာ Resort တွေ Spa တွေ Inn တွေ ရှိပါတယ်။ များမှများ ပေါမှပေါပါ။ ဘယ်လောက် အကုန်ခံနိုင်မလဲ၊ အစိမ်းရောင် ခေါင်းကြီး အသစ်ချပ်ကြွပ်ရာတန် အထပ်လိုက်နဲ့လား၊ ငွေမည်းလား၊ ငွေဖြူနဲ့လား၊ ကြွသာကြွလာခဲ့ပါ။ ပိုက်ဆံ ပေးရင် ဘာမဆိုအကုန်နီးပါးရနိုင်တဲ့ ခွန်ထိုင်းတို့ရဲ့ ဧည့်ဝတ်ကျေ ပြွန်တတ်မှုက ကမ္ဘာကျော်ပါ။ အဲဒီလို နေရာမျိုးမှာ ဘိုစာ ပေါင်မုန့်ကြက်ဥကြော်မှ လာစားကြသူ ခရိုဏီကိုကိုမမတွေလည်း ရှိပါတယ်။


အနောက်မြောက်ဘက်တောင်တန်းများဆီ (ဓါတ်ပုံ မရငတ)

ညနေ လေးနာရီခွဲခန့်ကနေ အေးအေးဆေးဆေး နားကြ သောက်ကြ စားကြပြီး ပြန်ထွက်လာတော့ ထိုင်းမြောက်ပိုင်းဒေသ တောင်ပေါ်ဆောင်းရဲ့ အမှောင်ထုက ကြီးစိုး၍ နေပါပြီ။ ခြောက်နာရီသာသာ သာရှိပါသေးတယ်။ ခရီးလမ်းကြောကို ဦးဆောင်သူ ကားမောင်းသူ ကိုကျော်ကျော်ကတော့ သူသွား နေကြ လမ်းတွေမို့ထင်ပါရဲ့၊ တည်းဖို့ခိုဖို့နေရာကို ကြိုတင်ရှာထားလေ့ မရှိပါဘူး။ အစဉ်ပြေတဲ့နေရာ အိပ်မယ်၊ အိပ်စရာနေရာ ပေါပါတယ်။ နောက်တနေ့ ထပ်သွားမယ့် နေရာတွေနဲ့ အစဉ်ပြေတဲ့နေရာ ရောက်ဖို့လိုတယ် ပြောထားတာပါ။ Fang မြို့ဝန်းကျင် မြို့အဝင် မြို့ထဲ မြို့အထွက် တနေရာရာပေါ့ အိပ်ကြတာပေါ့လို့ ပြောထားတာကြောင့် မောင်ရင်ငတေလည်း ခပ်အေးအေးသာ နေပါတယ်။ ပုံမှန် အားဖြင့်ကတော့ မောင်ရင်ငတေ ခရီးသွားရင် တည်းခိုရမယ့်နေရာ ကြိုတင်လုပ်ထားလေ့ရှိပါတယ်။

ကြိုတင်ဘွတ်ကင်မှ လုပ်မထားရင် ပေးရတဲ့ဈေးက ငါးဆယ်ကနေ တရာ ဖြစ်သွားတတ်တဲ့ ဥရောပ ဈေးနှုန်းအတက်အကျကစားတာတွေနဲ့ အကျင့်ပါနေလို့လား မပြောတတ်ပါဘူး။ ကြိုတင်မလုပ်မိရင်
စိတ်တထင့်ထင့်နဲ့မို့ လုပ်ထားတာ ကောင်းပါတယ်လေဆိုပြီး ကြိုတင်ဘွတ်ကင်လုပ်တာက အကျင့်
ပါလို့ နေပါပြီ။ တနေရာနဲ့ တနေရာ အထာက မတူတတ်ဘူး မဟုတ်လား။

တခေတ်တခါက ဖန်းစော်ဘွားတွေရဲ့ Mueang Fang (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ ညအမှောင်အောက်ကနေ လမ်းနဘေး တည်းခိုရာကို ရှာမနေတော့ဘဲ ဖန်းမြို့ထဲရောက်မှ တည်းကြမယ်ဆိုပြီး ဖန်းမြို့လယ်သို့ ဆက်သွားကြပါတယ်။ မြို့လယ်ရောက်တော့ တန်ဆောင်တိုင် မီးမျှောပွဲမှာ မေးကြည့်တော့ သိပ်မဝေးဘူး ရှေ့တကွေ့မှာရှိတယ် ဆိုတာနဲ့  အဲဒီမှာ တည်းရအောင် ဆိုပြီး သွားကြပါတယ်။ ပထမဆုံး တခုကို ဝင်မေးတာနဲ့တင် ရပါတယ်။ အခန်းလွတ်တွေ အများကြီး ရှိနေဟန်တူပါတယ်။ ဈေးလည်း မကြီးပါဘူး။ ထုံးစံအတိုင်း ထိုင်းဘတ် လေးရာ ဝန်းကျင်မျှပါ။

Fang သို့မဟုတ် "Wiang Fang" နယ်ကို ရောက်လာခဲ့ပါပြီ။ ဖန်းမြို့ဆိုတာထက် Amphoe Fang ဖန်းမြို့နယ် ဖန်းခရိုင် ဆိုတာက ပိုမှန်ပါလိမ့်မယ်။ တခေတ်တခါကတော့ Mueang Fang ဆိုပြီး ဖန်းစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ ဒေသတခုပါ။ အဲဒီ အင်္ဂလိပ်လို ရေးတဲ့ ထိုင်းစကား Mueang ဆိုတာက ရှမ်းလို Möng ပါ။ ကိုရွှေဗမာတွေရဲ့ အသံထွက် စာနဲ့ရေးကြတာကတော့ မိုင်း ပေါ့။

တကယ်တော့ (Fang = ဖန်ဂ်) ဖန်းဆိုတာ လူသိအတော်နည်းလှသေးတဲ့ နယ်မြေပါ။ ထိုင်းမြောက် ထိုင်းအနောက်မြောက် ဒေသတွေထဲက ရွှေတြိဂံ ချင်းမိုင်ချင်းရိုင်တို့ အသာထား မယ့်ဟောင်ဆောင် လန်ပန် လန်ဖွန်တို့လောက်တောင်မှ ထင်ပေါ် ကျော်ကြားမှု မရှိပါဘူး။ တချိန်တုန်းကတော့ ဖိုးဘုရင် တွေရဲ့ ကုန်သွယ်ရာလမ်းကြောင်းက ဒီနေရာကနေ ဖြတ်သန်းသွား ပါတယ်လို့လည်း ဆိုကြပါတယ်။ အဲဒါကြောင့် ဒီနေရာဟာ ကန့်လန့်ကာနောက်ကွယ်က နေရာ ဖြစ်ခဲ့ရဟန်လည်း တူပါ တယ်။

 
တည်းခိုခဲ့ရာ ဖန်းမြို့မှာ (ဓါတ်ပုံ မရငတ)

အဆောက်အဦးက ရိုးရိုးအုတ်တိုက်လေးပါ။ ညကလည်း ကိုးနာရီ ရှိနေပြီမို့ ရိုမန်တစ်တာတွေ မတစ်တာတွေကို စဉ်းစား မနေတော့ဘဲ မနက်ကြီးလည်း ခပ်စောစော ပြန်ထရဦးမှာမို့ အိုကေ အိုကေ ဆိုပြီး သန်းခေါင်မယံခင် ကျန်တဲ့ အချိန်လေး မပွန်းပဲ့ရလေအောင် အထုပ်အပိုးတွေဆွဲချ အခန်းယူလိုက်ကြပါတယ်။ တကယ်လည်း အခန်းတွင်း နေရချိန်က လေးငါး ခြောက်နာရီထက် ပိုမှာမှ မဟုတ်တာကိုး။

ဖန်းမြို့လယ် ဆိတ်ငြိမ်ရပ်ကွက်တခုမှာ တည်ရှိတဲ့  အဲဒီဟော်တယ် အဆောက်အဦးကတော့ ဘာမှ စွဲမက်စရာ သိပ်မရှိတဲ့ အုတ်စီ နှစ်ထပ်တိုက်တလုံးမို့ မောင်ရင်ငတေ တည်ခဲ့ခိုခဲ့ဖူးတဲ့ မုံရွာ စစ်ကိုင်း မကွေး မြင်းခြံ ကျောက်ပန်းတောင်း ညောင်ဦးတို့က တည်းခိုခန်းလေးတွေနဲ့ ဘာမှ သိပ်မကွာဟလှ ပါဘူး။ ဒါတောင်မှ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ ပြန်လည် အဆင့်မြှင့် ပြုပြင်ထားတာပါ။

ဟိုအရင် မောင်ရင်ငတေ အကြိမ်ကြိမ်တည်းခိုခဲ့ဖူးတဲ့ ပြည်မြို့က ချစ်ဘော်ဒါဇော်ကြီးရဲ့ အေဇက်အို တည်းခိုခန်းကိုတောင် သတိရမိလိုက်ပါသေးတယ်။ ခုဒီမှာက အဲယားကွန်းလေက အေးအေးလေးနဲ့ ဇိမ်ပါ။ ရေပူပူနဲ့ ချိုးလို့ရတဲ့ ရေချိုးခန်းလေး ကလည်း ပါရှိနေတာကြောင့် ဟိုးတုန်းက ပူအိုက်လွန်းလို့ ရေချိုးချင်ရင် မည်းညစ်ညစ် ခပ်ကျဉ်းကျဉ်း အုတ်ကန်ထဲကနေ တဗွမ်းဗွမ်းခပ်ချိုးခဲ့ရတဲ့ အေဇက်အို ခေတ်က တည်းခိုခန်းတွေထက်တော့ သာတာပေါ့လေ၊ တောင်စဉ်ရေမရ တွေးနေမိ တာပါ။

အဲဒီလိုတွေ စဉ်းစားနေမိရင်းနဲ့ ဖျတ်ကနဲ ပြန်သတိရမိတာ နောက်တခုက တကြိမ်တခါက မေမြို့မှာ လေးငါးညလားမသိ တည်းခိုခဲ့ဖူးတဲ့ မောင်ရင်ငတေ့ သောက်ဖော်မိတ်ဆွေကြီးဦးဒင်္ဂါးရဲ့ မိသားစုပိုင် သာယာအေးချမ်းတဲ့ ဘန်ဂလိုဟော်တယ် လေးကိုပါ။ ခုတော့ရှိတော့မှာ မဟုတ်လောက်တော့ပါဘူး။ ကိုင်္ဂါးရေ သတိရတယ်ဗျာ။

အဲဒါနဲ့ ဖန်ခွက်ကို ကောက်ကိုင်၊ နောက်ဆုံးလက်ကျန် တချက်မော့၊ နိုဝင်ဘာ ၁၆ ဒုတိယနေ့ ကီလိုမီတာ ၃၂၀ ခရီးကို အဆုံးသတ်၊ ညအိပ်ပါတော့မယ်။

ကျေးဇူး အထူး တင်စွာဖြင့်
ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစု - အပိုင်း (၆) (ပိုင်-ချင်းမိုင်လမ်းဆုံမှသည် ဖန်း) စာစုကို ဒီနေရာမှာ ရပ်နားပါမယ်။
မောင်ရင်တေ
၁၆၁၁၂၀၁၆-၁၀၀၁၂၀၁၇