ရဲဝင့်သူ ● မိုင်းနင်းထားတဲ့ကဗျာ (မိုးမခ) မေ ၂၃၊ ၂၀၁၇

ရဲဝင့်သူ ● မိုင်းနင်းထားတဲ့ကဗျာ
(မိုးမခ) မေ ၂၃၊ ၂၀၁၇


ဒုက္ခတွေနဲ့
လည်ပင်းဖက်ကြီးလာခဲ့ရသမို့
အိမ်မှာကျန်နေခဲ့တဲ့
ဒုက္ခတွေလောက်
ဘယ်အရာမှ မကြီးတော့လို့
တနေ့သုံးနပ် ကျေကျေနပ်နပ်နဲ့
ဝါးကြမ်းခင်းပေါ် ကျောစင်းနေကြပြီ

ကွမ်းယာအတွက် ခြေတဘက်နဲ့
အသက်ဆုံးရှုံးနေကြသူတွေက
ကေအက်ဖ်စီနဲ့ မက်ဒေါ်နယ်လ်ကို
အဖက်လုပ်နေကြမယ် မဟုတ်လေဘူး

အဘိဓာန်ကို ဝါးမျိုထားကြသူတို့
လူကြီးမင်းတို့ရဲ့ဘဲဥပုံ စားပွဲအောက်မှာ
ခြစားနေတဲ့ ထောက်တိုင်တွေကလွဲလို့
ပေါက်ကွဲစေတဲ့ နင်းမိုင်းတွေရှိမနေဘူး
ခန်းမထဲက လေတလုံးမိုးတလုံးတွေဟာ
အင်ဖက်အမိုးပေါ် ရွာမကျဘူး
တောင်ယာခင်းထဲ ဖြတ်မဆင်းဘူး

ပိန္နဲသီးတလုံးနဲ့ ကန်ဇွန်းရွက်တစည်းကို
နို့တိုက်နေတဲ့ ဒုက္ခသည်အမေဆီ ထမ်းပြန်လာတဲ့
ကလေးတယောက်ရဲ့ အောင်မြင်မှုလောက်
ခင်ဗျားတို့ဟာက အရာမရောက်ဘူး
ဝါးတဲပေါ်ကနေ သနပ်ခါးအဖွေးသားနဲ့ ဆင်းလာတဲ့
ဒုက္ခသည် အပျိုပေါက်လေးလောက်လည်း မလန်းဘူး
ခင်ဗျားတို့ဟာက မဆန်းဘူး

လာကြ သယံဇာတတွေကို တူးဖော်ကြသလို
ခြေဗလာနဲ့ လူတွေအောက်က မြေမြှုပ်မိုင်းတွေကို
အငမ်းမရ လာတူးဖော်ကြ
လာကြ ၇၀ ရာခိုင်နှုန်း လျော့ဈေးပေးတဲ့
အကောင်းစားဖိနပ်ဆိုင်တွေမှာ တန်းစီကြသလို
လာကြ
အသစ်ဖွင့်လိုက်တဲ့ အပျံစားရှော့ပ်ပင်းမောလ်ကို
လာသလို လာကြ

ရဲဝင့်သူ