ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေးတံလျှပ်များနဲ့ မဆုံစည်းလိုပါ

ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေးတံလျှပ်များနဲ့ မဆုံစည်းလိုပါ
(မိုးမခ) မေ ၂၇၊ ၂ဝ၁၇

● မူတစ်ခု ဖြစ်ဖို့
မေ ၁၂ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးေ ဆွးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အစည်း အဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက တင်ပြလာတဲ့အချက်တွေအနက် နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝသယံဇာတ စတဲ့ကဏ္ဍတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိ ယအကြိမ် အစည်းအဝေးမှာ ဆက်လက်အတည်ပြုဖို့ သဘောတူညီချက် ၄၁ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ လက်ရှိ အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးတွေမှာ အစုအဖွဲ့အသီးသီးက စာတမ်းတွေတင်သွင်းတာ၊ ဖတ်ကြားတာ၊ မှတ်တမ်းတင် တာမျိုးသာ ပြုလုပ်ခဲ့ပြီးဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။ အခု ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး မှာတော့ ကျင်းပပြီးစီးထားတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ရလဒ်တွေကို တင်သွင်းဆွေးနွေးပြီး အတိုင်းအ တာတစ်ခုအထိ ဆုံးဖြတ်ချက် ချမှတ်သွားဖို့ ကြိုးစားသွားမယ်လို့ UPDJC တာဝန်ရှိသူတွေက ပြောနေတာကို တွေ့ရပါတယ်။

အဲဒီအစည်းအဝေးက ရလာတဲ့ သဘောတူညီမှုတွေကို ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆိုပြီးတော့ အဲဒီ သဘောတူ စာချုပ်ကို ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းပြီး အတည်ပြုချက် ရယူမှာဖြစ်ပါတယ်။ နောက်ပြီး ပြည်ထောင်စု သဘောတူစာချုပ်ပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ခြင်းတို့ ဆက်လက် ပြုလုပ်သွားမယ်လို့ ဆိုထားပါ တယ်။ ဒါပေမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြည့်စုံအောင် မပြုလုပ်နိုင်ခဲ့တာကြောင့် ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးကနေ သဘောထား အားလုံးပါဝင်တဲ့ မူတစ်ခု ဖြစ်လာနိုင်ဖို့ ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

● တက်ရောက်ခွင့်
လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်ကျင်းပခွင့်ရှိတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနက် ကရင်လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ (KNU၊ KNU-KNLA (PC))၊ DKBA၊ ပအိုဝ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO)၊ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (CNF) တို့သာ ဆွေးနွေးပွဲများ ပြုလုပ် ထားနိုင်ပြီး ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (ALP) နဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (RCSS) တို့မှာ မကျင်းပ နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ လက်ရှိမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့က ၈ ဖွဲ့ဘဲရှိပြီး ကျန်လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေအမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ မပါဝင်နိုင်တာကြောင့် ဆွေးနွေးချက်တွေဟာ ပြည့်စုံနိုင်ခြင်းရှိပါ့မလားဆိုတဲ့ ဝေဖန်ချက် တွေရှိပါတယ်။ ဒီနေရာမှာ NCA စာချုပ် လက်မှတ်ထိုးရေးဆိုတာနဲ့ ပတ်သက်ပြီး NCA စာချုပ်မှာ အခန်း ၇ ခန်း၊ ပုဒ်မ ၃၃ ခုမှာ ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို NCA က သတ်မှတ်ထားတဲ့ အတိုင်းလုပ်မယ်ဆိုရင် NCA လက်မှတ် ရေးထိုး သူများသာ ပါဝင်တက်ရောက်ခွင့်ရှိတယ်ဆိုတဲ့အချက် မပါဝင်ဘူးလို့ ပြောတာတွေရှိနေပါတယ်။

● အားလုံးပါဝင်ရေးဆိုတာ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ယုံယုံကြည်ကြည် လက်မှတ်ရေးထိုးဖို့ ကချင်လူထု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာလည်း အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးအတွက် အားလုံးပါမှ အောင်မြင်နိုင်မယ်ဆိုတာတဲ့စကားဟာ သဘောတရားနဲ့ လမ်းကြောင်းအရ မှန်ကန်ပေမဲ့ ဘယ်လို ပါဝင် ရမှာလည်းဆိုတဲ့ မေးစရာတွေ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အားလုံးပါဝင်ရေးလို့ ပြောနေတာနဲ့ တချိန်ထဲ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းနေလေတော့ အားလုံးပါဝင်ရေး ဆိုတာ အားလုံးပါဝင်လက်မှတ်ရေးထိုးဖို့ ပြောနေတာများလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

● အမျိုးသားညီလာခံ ပုံစံလား
ငြိမ်းချမ်းရေးအတွက်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ NCA အပစ်ရပ် စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးက လက်မှတ်ထိုး၊ မထိုးဖြစ်နေတဲ့ကာလမှာပဲ၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ WNO ဝအမျိုးသားအဖွဲ့ချုပ်တို့က ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကနေ နှုတ်ထွက်ခွင့်တောင်းတဲ့ စာတွေထွက်ပေါ်လာပါတယ်။

အခုလို ဖြစ်လာတာကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ခန့်မှန်းရခက်နေပြီလို့ နိုင်ငံရေးသမားတွေက သုံးသပ်နေကြပါ တယ်။

NLD အစိုးရလက်ထက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကလုပ်မယ်လို့ ကတိပေးပြော ဆိုထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် NLD အစိုးရကိုင်စွဲထားတာက ဦးသိန်းစိန် အစိုးရလက်ထက်မှာစပြီး အကောင်အထည်ဖေါ်ခဲ့တဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ဆိုတဲ့ လမ်းကြောင်း ပေါ်မှာပဲရှိနေတဲ့အတွက် ဆွေးနွေးပွဲမရောက်ခင် လမ်းခုလပ်တင် လိပ်ခဲတည်းလည်းအခြေအနေမှာ ရောက်နေတာတွေ့ရပါ တယ်။

တခါ နဝတ၊ နအဖစစ်အစိုးရခေတ်မှာအပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကလဲ NCA စာချုပ်ကို ထပ်ပြီးလက် မှတ်ထိုးစရာလို၊ မလိုဆိုတာမျိုးဖြစ်နေသလို၊ NCA စာချုပ်ကိုလက်မှတ် ထိုးရေးမှာလဲ အခုနောက်ပိုင်းအင်အားေ တာင့်တင်း လာတဲ့ အဖွဲ့တွေကို စာချုပ် လက် မှတ်ထိုးဖို့ အကြုံးမဝင်သလိုလုပ်ထား တဲ့အတွက် ဒီနေရာမှာတင်ရှေ့ဆက်ဖို့ခက်နေတာတွေ့နေရပါတယ်။ လက်ရှိမှာ တိုင်းရင်းသားအဖွဲ့ဝင် တချို့ကတော့ NCA စာချုပ်ကို လက်မှတ်ထိုးပီးသွားရတဲ့ နည်းလမ်း ဟာ အရင်စစ်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ အမျိုးသားညီလာခံကျင်းပတဲ့ ပုံစံမျိုးဖြစ်နိုင်တယ်လို့ ဝေဖန်နေတာဖြစ်ပါ တယ်။ အဓိကက မလိုအပ်ဘဲ အချိန်တွေကြာနေတာကို ပြောဆိုနေကြတာပါ။

● “ဝ” ရဲ့ NCA အပေါ်ရပ်တည်ချက်
လက်ရှိအခြေအနေအရဆိုရင် NCA စာချုပ်လက်မှတ်ထိုးပြီး ဆွေးနွေးပွဲတွေ သွားဖို့ ဆိုတဲ့သဘောထားနဲ့ပတ်သက်လို့ ဒီလမ်းကို ဆက်ညှိမယ်ဆိုတဲ့ မြန်မာပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့၊ ဒီလမ်းကို လက်မခံချင်တော့တဲ့ မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရယ်လို့ နှစ်မျိုး တွေ့နေရပါ တယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA က တိုင်းရင်းသားတွေအတွက် တန်းတူရေး၊ အားလုံးပါဝင်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်တွေအတွက် အာမခံချက်မရှိနိုင်ဘူးလို့ ယူဆတာကြောင့် မြောက်ပိုင်း တိုင်း ရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့ဘက်က နိုင်ငံရေး ခြေလှမ်းသစ်တစ်ခုအဖြစ် “နိုင်ငံရေးဆွေး နွေးမှုအ ပေါ် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အထွေထွေမူဝါဒနှင့် ရပ်တည်ချက်စာတမ်း” ပေါ်ထွက် လာတာ ဖြစ်ပါတယ်။

အဲဒီစာတမ်းမှာ NCA စာချုပ်ဟာ “စစ်ရေး အရလည်း လက်တွေ့ အကောင်မဖော်နိုင်၊ နိုင်ငံရေးသဘောတူညီချက်လို့လည်း သတ်မှတ်လို့မရ ” မြန်မာတွေ ဘက်က လိုရာဆွဲ အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ စာချုပ်သာ ဖြစ်တယ်။ NCA စာချုပ်ကိုဝင်ရောက်လက်မှတ်ထိုးရင် “၁၉၄၇ ပင်လုံစာချုပ် ကို မိမိတို့ကိုယ်တိုင် ပယ်ဖျက်ခြင်းပင်ဖြစ်တယ်” လို့ ဆိုပါတယ်။ ဒါကြောင့် “ဝ” ရဲ့ NCA အပေါ်ရပ်တည်ချက် က “လက်မှတ်မထိုးဘူး” ဆိုတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ “ဝ” ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေး နွေးမှုက “အပစ်ရပ်တာနဲ့ နိုင်ငံရေးသဘောတူညီချက် သဘောသဘာဝ လုံးဝမတူ” ဒါကြောင့် တိတိကျကျခွဲခြား သတ်မှတ်ရ မယ်။ အဆင့် ၂ ဆင့်နဲ့သွားရမယ်လို့ စာတမ်းထဲမှာ ဆိုထားပါတယ်။ အပစ်အခတ်ရပ်စဲရေးက နိုင်ငံရေးဆွေးနွေးမှုကို အာမ ခံနိုင်တဲ့ အကျိုးသက်ရောက်မှုရှိရမယ်ဆိုတဲ့ အခြေခံအပေါ်မှာ ပထမအဆင့် အပစ်ရပ်ရေး အကောင်အထည် ဖော်ဖို့ဖြစ်ရ မယ်။

ဒီအဆင့်မှာ နှစ်ဖက်တိုက်ပွဲများ ထပ်မံဖြစ်ပွားခြင်းမရှိကြောင်း အာမခံနိုင်တဲ့ စစ်ရေးသဘောတူညီချက် ဖြစ်ရမယ်။ ဒုတိယ ဆင့် အမှန်တကယ် အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းသော အနေအထားပေါ် မူတည်ပြီး နိုင်ငံရေးဆွေးနွေးရန်လို့ ပါရှိပါတယ်။

● တဘက်သတ်ချမှတ်ခဲ့
ငြိမ်းချမ်းရေးဆိုတာဟာ အပစ်အခတ်ရပ်စဲရေးထက် အဆင့်အများကြီးမြင့်တဲ့ နိုင်ငံရေး သဘောတူညီမှုပါ။ လူထုတရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတွေကိုဒီမိုကရေစီကျကျဖြေရှင်းနိုင်မှ ငြိမ်းချမ်းရေးဆိုတာရမှာပါ။ NCAသဘောတူညီချက် ဆိုတာ ငြိမ်းချမ်းရေးရဲ့ပထမအစ ခြေလှမ်းပဲ ဖြစ်ပါတယ်။ ဒီခြေလှမ်းမှာတောင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ဝ ကျော် အကုန်မပါ။ ပါပြန်တော့လည်း မပြည့်မစုံနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို ဘယ်လိုနိဂုံးချုပ်ကြမှာလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်စေပါတယ်။

မြန်မာနိုင်ငံမှာ (၁၉၄၇) ခုနှစ်မှာ တကြိမ်၊ (၁၉၇၄) ခုနှစ်မှာ တကြိမ်၊ (၂ဝဝ၈) ခုနှစ်မှာ တကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေများ ပေါ်ထွက်ခဲ့ပါတယ်။ အားလုံးမပါဝင်ဘဲ တဘက်သတ်ချမှတ်တဲ့ ကိုယ့်ဘက်ကိုယ်ယက်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် တိုင်း ရင်းသားပြည်သူ အများစုက လက်ခံမှုမရှိတဲ့ နိုင်ငံရေးမူဘောင်တွေ၊ ဥပဒေတွေ ပေါ်ထွက်လာတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ပေါ်ထွက်လာပြီး မရှေးမနှောင်းမှာပဲ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ အစားထိုးဖို့ တိုင်းရင်းသား ပြည်သူများရဲ့ တောင်းဆိုသံတွေဟာ မကြာခင် ကာလတခုမှာ ပေါ်ထွက်လာကြပါတယ်။ အဓိကအကြောင်းရင်းကတော့ တိုင်းရင်းသားပြည်သူလူထုရဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ကာ ကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတဲ့ မူဘောင်တွေ၊ ဥပဒေတွေကို အာဏာသုံးပြီး တဘက်သတ်ချမှတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

● ငြိမ်းချမ်းရေးတံလျပ်တွေ
စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရာမှာ တန်းတူရည်မျှရှိမှု သဘောတရားကို အခြေခံရမှာဖြစ်ပြီး၊ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေ ပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာတွေကို အစိုးရဖြစ်စေ၊ အခြား မည်သည့် ပါတီ၊ အဖွဲ့အစည်းကမှ အလွဲသုံးစားပြုလုပ်ခြင်း မရှိတဲ့ အာမခံချက်ရှိဖို့ လိုအပ်ပါတယ်။ ဒီအတွက် နိုင်ငံတော်နဲ့ အစိုးရရဲ့ ကွဲပြားမှုက ရှင်းလင်းရမှာ ဖြစ်ပါတယ်။ လက်ရှိ တိုင်းပြည်ရဲ့အာဏာကို ကျင့်သုံးပိုင်ခွင့်ရှိနေတဲ့ အစိုးရနဲ့တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အင်စတီကျူး ရှင်းတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ဖိအားပေးဖို့အတွက် အသုံးပြုလို့ မရပါဘူး။ ဒါမှသာ နှစ်ဖက်ယုံကြည်မှု တည် ဆောက်ခြင်းက ပိုမိုအားကောင်းလာပြီး အကျိုးရှိတဲ့ ဆွေးနွေးပွဲရလဒ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒါဟာလည်း ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို ဦးဆောင်ကျင်းပတဲ့သူတွေ သတိပြုသင့်တဲ့ အချက်ဖြစ်ပါတယ်။

ပြည်သူလူထုအတွက် နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ်ခံယူထားတဲ့ အဖွဲ့စည်းကလဲ ပြည်သူလူထုအပေါ် ရိုးသားဖို့၊ သစ္စာရှိဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဘယ်လိုပုဂ္ဂိုလ်နဲ့ ဘယ်အဖွဲ့အစည်းကမှ မောင်ပိုင်စီးထားလို့ မရပါဘူး။ မောင်ပိုင်စီးဖို့ ကြိုးစားတာ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ပြုလုပ်တာတွေဟာ လှုပ်ရှားမှုကို ကျဆုံးစေတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။ ညီညတ်ရေး တည်ဆောက် တယ်ဆိုတာ မတူညီတဲ့အဖွဲ့အစည်းတွေ တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ပွဲဝင်မှုရဲ့ရလဒ်ပါပဲ။

သမိုင်းအဆက်ဆက်မှာတော့ တွေ့ဆုံဆွေးနွေးရေးဆိုတာ အင်အားနဲ့ အခြေအနေကသာ ပြဌာန်းလေ့ရှိတာကို တွေ့ရပါ တယ်။

ပြည်သူလူထုအတွက် တရားမျှတမှုရှိတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာလည်း ကြားဖြတ်အစိုးရတခု ပေါ်ထွက်လာတဲ့အချိန် ဆောင်ရွက်မှ အောင်မြင်နိုင်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခတွေပြီးဆုံးမှ ဖော်ဆောင်လို့ရတဲ့ အမျိုးအစား တခု ဖြစ်ပါတယ်။ သူ့အင်အားကို ကိုယ့်အင်အားထင်၊ ကိုယ့်အင်အားကို အသေအချာ အသုံးမချနိုင်တဲ့အခါ တခြားသူ ခင်း ကျင်းထားတဲ့ အခြေအနေကို ကိုယ်ပြဌာန်းထားတာ ထင်မိရင်တော့ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးဟာ ဟိုး .... အဝေးက မိုးကုပ်စက်ဝိုင်းအခြေမှာ တလှပ်လှပ်ထနေတဲ့ ငြိမ်းချမ်းရေးတံလျှပ်တွေနဲ့သာ ဆုံစည်းရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း
၂၂၊ ၅၊ ၂ဝ၁၇