စိုးနေလင်း ● ကဗျာတပုဒ်ရဲ့ဘူမိဗေဒ

စိုးနေလင်း ● ကဗျာတပုဒ်ရဲ့ဘူမိဗေဒ
(မိုးမခ) မေ ၁၇၊ ၂၀၁၇
ဟောဒီ…
မွန်ခ်ျ* ရဲ့အော်သံပန်းချီကားနဲ့
တသားတည်း ပူးကပ်သွားတဲ့နေရာ
လူမှုစီးပွားထိမ်းသိမ်းစောင့်ရှောက် ဖွံ့ဖြိုးဖို့ဆိုတာထက်
အာဏာအက်သံ မပါရအောင်သာ။

လေညာအရပ်သားတို့က
ဆည်ဝကစောင့်
‘ကောင့်ဒေါင်း’ # ကို စရေနေကြပြီ
ခါတော်မှီ ကကွက်ရေးသူများ
ဇာတ်သိမ်းသီချင်းစင်တင်လိုသူများ
တွားသွားသတ္တဝါအဖြစ်ပြောင်း
ရေမလာ မြောင်းပေးလုပ်နေကြရဲ့။

အမှတ်တမဲ့ လှည့်ပြန်လိုသူတွေကြား
ငါးမရလည်း ရေချိုးပြန်လိုသူ
သစ်မရခင် ဝါးပေါင်းကွပ်လိုသူ
ဂူကိုမမြင်သူများ
ဆူးကြားဗူးသီးများသာဖြစ်ရဲ့။

အလှည့်အပြောင်းဆိုတာ
အကောင်းလား အဆိုးလား
မိုးခါးရေလွှမ်းသောဒေသများ
ဘယ်နှစ်သီးစားဖို့များ မျှော်လင့်ထားကြပါသလဲ
မြေသားကို နည်းနည်းထပ်တူးကြည့်လိုက်စမ်းပါ။

ရုပ်ကြွင်းတွေဟာ…
ပွင့်လင်းရာသီတခုကို ထုဆစ်ဖို့
လျှို့ဝှက်စွာ ခုန်လှုပ်နေကြရဲ့။     ။

*Advard Munch’s Scream
#Countdown