မင်းကိုနိုင် ● သောကြာနေ့ ညနေ .. တနင်္လာနေ့ နံနက်

မင်းကိုနိုင် ● သောကြာနေ့ ညနေ .. တနင်္လာနေ့ နံနက်
(မိုးမခ) မေ ၂၀၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

သောကြာနေ့ ညနေဖြစ်သည်။ ချစ်သူနှင့် ညနေစာ အတူစား၊ လျှောက်လည်ရန်ချိန်းထားသူ လူငယ်က တက်ကြွနေစဉ် ကျနော့်သူငယ်ချင်းက ခုလိုပြော၏။

“တို့ငယ်ငယ်တုန်းက သောကြာညနေကို သိပ်မုန်းတာကွ”

ထိုစကားကို လူငယ် နားရှင်းပုံ မပေါ်ပါ။ကျနော်နှင့် သူငယ်ချင်းတို့မှာ ၁၉၈၀ လွန်နှစ်များက လူငယ်များဖြစ်သည်ကိုတော့ သတိပြုစေချင်ပါသည်။ ကျနော်တို့စကားဝိုင်းကို သက္ကရာဇ် ၂၀၀၀ ပြည့်လုနီးအချိန်မွေးခဲ့သည့် ဆယ်ကျော်သက် ဆယ့်လ ရှစ်နှစ်အရွယ်လူငယ်က မျက်စိလည်နေသည်။

“ဘာဆိုင်လို့လဲ၊ သောကြာညနေဆိုတာ လွှတ်ကဲရမှာလေ”

“ခုခေတ်တော့ ဟုတ်တာပေါ့၊ တို့တုန်းက ဘာမှမရှိတာ၊ ကိုယ့်ရည်းစားနဲ့ အကြာကြီးခွဲရမှာပဲဆိုပြီး မုန်းတာပေါ့ကွ၊ တစ်ပတ်မှာ ငါးရက်လုံးလုံး မိုးလင်းမိုးချုပ်တွေ့ထားတာ၊ အရှိန်ရပ်လို့မရဘူး၊ နှစ်ရက်ကြီးများတောင် မျက်နှာလည်း မမြင်ရ၊ စကားလည်း မပြောရမှာဆိုတော့၊ ဒါတော့ မင်းနားလည်မယ် ထင်ပါတယ်”

“ခံစားချက်ကိုတော့ နားလည်ပါတယ်၊ နားမလည်တာက စကားပြောလို့ မရဘူးဆိုတာပဲ၊ ဖုန်းဆက်ပေါ့၊ ကျနော်တို့လည်း တစ်ညလုံး ဖုန်းဘက်ထရီကုန်အောင် ပြောနေကြတာပဲ”

“ဟိုတုန်းက ခုလို လူတိုင်း ဖုန်းရှိတာ မဟုတ်သေးဘူးကွ”

လူငယ်မေးနေသည့် အချက်ကို ထောက်ပြရင်း ရှင်းရတော့သည်။ ထိုခေတ်က တယ်လီဖုန်းရှိသည့် အိမ်ဆိုတာသာမာန် အရပ်ထဲတော့ တစ်လုံးစ၊ နှစ်လုံးစ။ ဒါတောင်အိမ်နီးချင်း လမ်းထဲကလူတွေကို အခယူ ပြောခွင့်ပေးလျှင် ကျေးဇူးတင်လှပြီ။

ချစ်သူချင်းဖုန်းပြောဖို့ဆိုတာက နှစ်ဦးစလုံး ကိုယ်စီ ဖုန်းတွေအနားမှာ ရှိဦးမှ၊ ဒါတောင် ပြောမည့်သူတွေ အများကြီးတန်း စီနေတာဆိုတော့ လိုရင်းပဲ ရမည်။ နံဘေးကလူတွေနှင့် ဘယ်လိုမှ အလွမ်းမသယ်နိုင်။

လူငယ်က ထိုဘဝများကို ခုမှသိ၍ ရယ်တော့သည်။ ကျနော်တို့များ ဟိုဘက်၊ ဒီဘက် ဗွီဒီယိုဖွင့်ပြီး ညလုံးပေါက်ပြောလို့ရ တယ်ဗျဟု ခပ်ကြွားကြွားဆိုသည်။ အဲဒါကြောင့် သောကြာညနေတွေရဲ့ခါးသီးမှုတွေကို မင်းတို့ နားမလည်တာပေါ့ဟု သူငယ်ချင်းက ညည်းညူ၏။ စနေ၊ တနင်္ဂနွေဆို အကြောင်းပြစရာ ရှာထွက်ဖို့လည်း မလွယ်သည့်ကိစ္စမို့ တနင်္လာနေ့မနက် ကိုသာ ရောက်ခဲလိုက်တာဟု တမ်းတရင်း မျှော်ရသည့်ဘဝများ။
*-*-*-*-*-*-*-*-*-*

“ခုတော့ ပြောင်းပြန်ကွ၊ တနင်္လာမနက်ကို မုန်းပြီး သောကြာညနေကို ချစ်သွားပြန်ပြီ”

သူငယ်ချင်းစကားကို လူငယ်လိုက်စဉ်းစားပြီး ဘာ့ကြောင့်ဆိုတာ အဖြေတွေ့သွားဟန် တူသည်။

အလုပ်ခွင်ထဲ ရောက်နေသူများပီပီ စနေ၊ တနင်္ဂနွေ နားရက်တွေအတွက် သောကြာညဆိုတာ တစ်ပတ်လုံး ထမ်းခဲ့ရသည့် ထမ်းပိုးကို ပုခုံးပေါ်မှ ဖြုတ်ချခွင့်ရမည့် နွားကြီးတွေအတွက် အသက်ဝဝ ရှူရမည့်အချိန် ဖြစ်နေသည်ပဲ။
ချစ်စရာ သောကြာညနေပေါ့။

တနင်္လာ မနက်ဆိုတာကတော့ နွားကြီးပခုံးပေါ် ထမ်းပိုးပြန်တင်ရတော့မည့်အချိန်၊ အမြင်ကတ်စရာ တနင်္လာ။ ခုမှသဘော ပေါက်သွားသည့်လူငယ်က ချစ်ခြင်း မုန်းခြင်းတွေ အလှည့်အပြောင်းကို ဘွားကနဲတွေ့လိုက်ရ၍ ဟုတ်သားပဲဟု လေးလေး ပင်ပင် ရေရွတ်လျက် ပြုံးလာပါ၏။ ဦးတို့ခေတ်က တော်တော်ခက်ခဲတာပဲဟုလည်း မှတ်ချက်ချသည်။

ဒါပေါ့၊ ကိုယ်နှစ်သက်တဲ့ မိန်းကလေးကို ချဉ်းကပ်တာကအစ ခက်တာချည်းပဲ။ ချစ်သူချင်း ချိန်းတွေ့ဖို့လည်း ခက်တာပဲ။ အဲဒီ ခေတ်မိန်းကလေးတွေ ရည်းစားနဲ့ချိန်းတွေ့ဖို့ဆိုတာ ခေါင်းပူအောင် နည်းလမ်းတွေ ရှာရတာဟု အစချီကာ ကလေးတစ်ဦး (သို့မဟုတ်)  စိတ်ချရမည့် အောင်သွယ်ဆိုတာမျိုး မရှိမဖြစ်လိုခဲ့ကြောင်း ဇာတ်စုံ ခင်းရသည်။ အောင်သွယ်ဆိုသည့်စကားလုံးကို ခုမှ မိတ်ဆက်ပေးခြင်းခံရသူလို လူငယ်က မှတ်မိအောင် ကြိုးစားနေပုံရ၏။

သူငယ်ချင်းက ဆက်သည်။ တို့တုန်းက မိန်းကလေးတွေ ခုခေတ်လို တော်ရုံ ညဥ့်နက်လည်း မဆန်းဘူးဆိုတာမျိုး မဟုတ် ဘူးကွ၊ ဒီခေတ်မိန်းကလေးတွေ အလုပ်ခွင်က မိုးစုပ်စုပ်ချုပ်မှ ပြန်လာလည်း နားလည်တော့ ပတ်ဝန်းကျင်ကအထူး လုပ်မ နေကြဘူး။ ဟိုတုန်းက ည ၉ နာရီကျော်လောက် မိန်းကလေးတစ်ယောက်တည်း လျှောက်လာကြည့်ပါလား။ အဓိပ္ပါယ်မျိုး စုံပါတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံရမှဟုပြောသော် လူငယ်က ကျနော်တို့ခေတ်က ညမှ ဖြီးလိမ်းပြီး အပြင်ထွက်ဖို့ ပြင်တာ အများကြီးဟု ထောက်ခံသည်။

တစ်ဆက်တည်း သူငယ်ချင်းက ကျနော်အပြင်လောကနှင့် အဆက်ပြတ်ခဲ့သည့် ကာလတစ်ခု၏ မြင်ကွင်းကို ပြောပြသည်။ “ဘာမှကြာသေးတာ မဟုတ်ဘူး ထင်ရတယ်၊ အဲဒီတုန်းက အင်တာနက်ဆိုင်တွေဆိုတာ ပေါ်ခါစ၊ ပြည်ပအလုပ်သွားတဲ့ လူတွေနဲ့ ဒီကမိသားစုတွေ အဆက်အသွယ်လုပ်ဖို့က အင်တာနက်ဆိုင်ပဲ အားကိုးရတာ၊ ဆိုင်ထဲဝင်သွားတာနဲ့၊ ကြားရမှာက လိမ်လိမ်မာမာနေနော်၊ လောင်းကစားတွေ ဆေးတွေ မလုပ်မိစေနဲ့ ဒီမှာ အကြွေးတွေဆပ်ရဦးမှာ ဆိုတဲ့အသံချည်းပဲ။ ဒီ ဘက်က မှာနေကြတာ။ ဂျီတော့ခ်ဆိုတာနဲ့ ခေါ်ပြောကြတာ။ ခုံတွေက တန်းစီပြီး ကပ်နေကြတော့ အသံတွေက ဆူညံနေ တာ။ ရှက်စရာလည်း မရှက်နိုင်တော့ဘူး။ အော်ပြောနေကြတာပဲ။ ပျော်တဲ့လူကလည်း ပျော်ကြ၊ ငိုတဲ့လူကလည်း ငိုကြ၊ ဆက်သွယ်စရာလည်း ဒီနည်းပဲ ရှိတော့၊ သူက မကောင်းလို့ ငုတ်တုတ် ထိုင်စောင့်နေရလည်း ကျေနပ်ရတာပဲ။
*-*-*-*-*-*-*-*-*-*-*

ကျနော်က သူပြောပြသည့် မြင်ကွင်းကို ပုံဖော်ရင်း ထောင်ဝင်စာ တွေ့ကြသည့် မြင်ကွင်းကို သတိရသည်။ အုပ်စုလိုက်တန်းစီ ထောင်ဝင်စာ တွေ့ရသူများမှာလည်း ထိုနည်းပင်။ ပြေလည်တာ မပြေလည်တာတွေအတွက် ရယ်ကြ၊ ငိုကြ၊ ပတ်ဝန်းကျင် မသိစေချင်သည့်ကိစ္စလည်း မတတ်နိုင်၊ အလုအယက် အော်ပြောခဲ့၊ နားထောင်ခဲ့ကြရသည်ပဲ။

“ဦးတို့ခေတ်က အတော်များများက ခက်ခဲ့တာနော်၊ ရည်းစားဖြစ်ဖို့၊ ချိန်းတွေ့ဖို့ကအစ ခက်တာတွေ အများကြီးဆိုတော့” … ဟု လူငယ်က ရေရွတ်သော်၊ သူငယ်ချင်းက “အေး၊ ဖြစ်ခဲတော့ ၊ ပျက်ခဲတယ်” ဟု ဖြတ်ပြောလိုက်သည်။

လူငယ်မျက်လုံးလှန်ကြည့်သည်တွင် ခဲယဉ်းစွာရတဲ့အရာတွေကို တန်ဖိုးထားကြတာ လူ့သဘာဝလေကွာဟု သူက ထောက် ပြသည်။ တို့ခေတ်တုန်းက လမ်းအတူလျှောက်ရင်း ရင်ခုန်နေရတာနဲ့ကို ကြည်နူးစရာ အပြည့်ရတယ်လို့ ခံစားတာ၊ တက္က သိုလ်ဆိုရင်လည်း ကျောင်းဝင်းထဲ ပခုံးချင်းထိပြီး တရွေ့ရွေ့လျှောက်ကြရရင် ပြည့်စုံတယ်ဟု တမ်းတနေသည်။

“ကျနော်တို့ခေတ်က ဖြစ်လွယ်တယ် ဦးလေး”

ဘာဖြစ်လွယ်တာလဲဟု မေးစရာ မလိုသည့်အလျောက် လူငယ် ဆက်ပြောသမျှသာ နားထောင်နေလိုက်ပါသည်။ အင်တာ နက်ထဲမှာ၊ ဖေ့စ်ဘုတ်မှာ ရွေးစရာတွေ အများကြီး၊ ကျောင်းမှာတင်မကဘူး၊ မိန်းကလေးတွေ အလုပ်ခွင်ရောက်နေကြတာ၊ နီးစပ်ဖို့လည်း ဘာမှမဆန်းဘူးဟု သူဆက်ပြောသည်။

“ကျနော်စဉ်းစားမိတာက ဖြစ်ခဲတော့ ပျက်ဖို့ ခဲယဉ်းတယ်၊ ဖြစ်လွယ်တော့ ပျက်လွယ် သလားလို့”

သူ့အတွေးကို ကျနော်တို့ မှတ်ချက်မပေးဖြစ်ပါ။ သောကြာညနေနှင့် တနင်္လာ မနက်အပေါ် ကျနော်တို့ သဘောထားတွေ ဘယ်အပေါ် မူတည်ပြောင်းခဲ့ပါသနည်း ဆိုတာတွေးနေရင်းက ဖြစ်ခဲတော့ ပျက်ခဲ၊ ဖြစ်လွယ်တော့ ပျက်လွယ်ဆီ ဘယ်လို ရောက်သွားပါလိမ့်ဟု ကျနော် ခြေရာကောက်နေမိပါသည်။

မင်းကိုနိုင်
(ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၄)