မောင်အောင်မွန်ရဲ့ ၀တ္ထုသုံးပုဒ် စာတအုပ်

မောင်အောင်မွန်ရဲ့ ၀တ္ထုသုံးပုဒ် စာတအုပ်
(မိုးမခ စာအုပ်စင်)
(မိုးမခ) မေ ၁၃၊ ၂၀၁၇

တက္ကသိုလ်နောက်ခံ ၀တ္ထုအရေးကောင်းသူဟု ထင်ရှားသော မောင်အောင်မွန်၏ ပင်ကိုရေး ၃ ပုဒ် တစ်အုပ်ထဲ၌ဖတ်ရမည်။ ၁၉၆၂ ခု၊တွင်မပျက်မီ ရန်ကုန်တက္ကသိုလ်ဆီသို့ စာဖတ်သူရောက်သွားမည်။

၁။ နာကြည်းသလို မုန်းသလိုနှင့်
လူမှုရေးအသင်း အမှုဆောင်အဖွဲ့တွင်းက ထက်မြက်ပြတ်သားသူ လက်ဝဲကျောင်းသား၊ သူဌေးသားနှင့် မယ်သစ်လွင်မလေး တို့ရဲ့ သုံးပွင့်ဆိုင် နှလုံးသားရေးရာတိုင်ပွဲ၊ ဖတ်မိလျှင် တက္ကသိုလ်မှ ကံ့ကော်နံ့များသာမက နွယ်နီထံမှ Evening in Paris ရေမွှေးနံ့၊ ဝေလင်းသုံးနေကျ Goya Black Rose ပေါင်ဒါနံ့ ရလာမည်။

သို့သော် ကျောင်းကထွက် လမ်းခွဲကြပြီးနှစ်(၂၀) ကြာ-- မဆလခေတ်ရောက်သောအခါတွင်မူ---။

၂။ မေ့ခက်ခက် မုန်းခက်ခက်
ဆရာ အောင်သင်းက ဝေဖန်ဖို့၊ စာရေးသူနှင့်ဆွေးနွေးဖို့၊ အရသာခံဖို့ ၃ ကြိမ်ဖတ်ပြီးနောက် ၀တ္ထုက မောင်အောင်မွန်၏ Master Piece  ဉာဏ်တင်ကြီး၏ စရိုက်နှင့်အမြင်က အံ့မခန်းဟုဆိုသည်။

နှင်းဆီပွင့်ဖတ်များပေါ် လျှောက်လှမ်းရင်း အသက် ၃၀ အထူးကုဆရာဝန်ကြီး၊ ဇနီးချော၊ သားသမီး ၃ ယောက်ရနေသူ အောင်မင်း အချစ်နားမလည်ဟု အပြောခံရ၏။

ကြွယ်ဝချမ်းသာ ချောမောကြော့ရှင်း  လိုလေသေးကင်း ၊ မြင်သူမှန်သမျှ ကြိုက်ကြရသော မေမျိုးသန့်ရဲ့ မလှမပဘ၀။

လက်တွေ့ဆန်သော၊ ဘ၀နာနာသော၊ စိတ်ကောင်းစေတနာ ထားတတ်မြဲ ဉာဏ် တင်ကြီးသည် ကာယကံရှင်ပင် မသိပဲ လက်ကလေးကိုင်ဖူးသူအတွက် တသက်တာချစ်နေ၏။

သူတို့သုံးယောက် ရှုတောင့်သုံးခုက ပြောတော့မှ ဇာတ်ရည်လည်သည့် မေ့ခက်ခက် မုန်းခက်ခက်။

၃။ ၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်မွန်လွဲချိန်ကစ၍ ၂၄ နာရီအတွင်းမြန်မာ့သမိုင်း၌ အရုပ်ဆိုးဆုံးဖြစ်ရပ်ကြီး 7 July ဟုထင်ရှားခဲ့၏။ ဗိုလ်နေ၀င်းလား ဗိုလ်အောင်ကြီးလားဟု ငြင်းကြချိန် ထိုကိစ္စပျောက်ဖျက်ဖို့ ဦးနေ၀င်းက ကုလားထိုင်အမြင့်ကြီးပေါ်၊ တကသ ဥက္ကဋ္ဌ ဟောင်း ဦးနု၊ ဦးဗဆွေတို့ အောက်နားက ပျော်ပျော်ပါးပါး ဒံပေါက်စားကြရင်း--၊ ခု လည်း တကသ ကိစ္စ တစခန်းထလာပြန်ပြီ။

မောင်အောင်မွန်သည် သမိုင်းဆရာမဟုတ်၊ စာရေးဆရာမို့ ပုံပြင်ဖြစ်သွားသော အဖွား၏ချစ်ကိုယ်တွေ့ ကိုရေးသည်။ တကသ မပြိုမပျက်မီက အခြေအနေကို စာဖတ်သူတို့ မြင်ရခံစားရမည်ဟု အာမခံသည်။

SMART စာပေ (၂၀ ရက်နေ့ ထွက်ပါမည်)
ရန်ကုန်မြို့တော်ဘဏ် ၅လွှာ၊ ဗညားဒလလမ်း ၊ မင်္ဂလာတောင်ညွှန့် မြို့နယ်။
ဖုန်း - ၀၉ ၇၉၉၆၃၂၂၅၄