ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၈)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၈)
(မိုးမခ) မေ ၂၄၊ ၂၀၁၇


● ဟိန္နကနှင့် မိမိတို့
မနက် ၄ နာရီခန်း ခရာမှုတ်သံကြားလျှင် မိမိလူးလဲထကြရသည်။ မျက်နှာသစ်၍ အပြေးအလွှားတန်းစီရသည်။ တန်းစီသည်နှင့် ဘယ်သွားပြီးဘာလုပ်ရမည်ဆိုသည့် အလုပ်ခန့်ခွဲချက်ကို နားထောင်ရသည်။ ထင်းခုတ်ထင်းထမ်းလား ဝါးခုတ် ဝါးထမ်းလား အလုပ်ကြမ်းတခုမဟုတ် တခုဖြစ်သည်။ နိုင်ငံရေးဌာနမှ အသွားအပြန် အနည်းဆုံး တောင်တက် တောင်ဆင်း နှစ်နာရီခန့်တော့ ကြာစမြဲဖြစ်သည်။ စခန်းပြန်ရောက်လျင် အနည်းဆုံး မနက် ၇ နာရီကျော်ခန့်ဖြစ်သည်။ အတန်ငယ်အမောဖြေ၍ ပုဂံပြားတချပ် မတ်ခွက်တလုံးဆွဲခါ ထမင်းရုံသို့သွားရသည်။ ပုဂံပြားထဲထမင်းအမောက်ထည့်တမျိုး ထဲသောဟင်းကို မတ်ခွက်ဖြင့် ဝေပုံကျယူလာပြီး ဗိုက်ဖြည့်ကြရသည်။ ဤကား မိမိတို့ မုန်းကိုးနိုင်ငံရေးဌာနတွင် နေခဲ့ရသည့် ၁၉၇၆ စက်တင်ဘာမှ ဒီဇင်ဘာထိလေးလတာ ပုံမှန်မနက်ခင်းဖြစ်သည်။

နိုင်ငံရေးဌာန၏စခန်းမှူးမှာ ဦးခေါင်ဒေါင်း (ကွေ့ကျိုးရဲဘော်ဟောင်း) ဖြစ်သည်။ နယ်စပ်ရောက်ခါစ ကချင်စကား အသံ ထွက်မပီသော ပြည်မမှ ရဲဘော်များကြားတွင်တော့ ဦးခွပ်ဒေါင်းခေါ်ကြသည်။ သူကအသက် ၅၀ တန်းဖြစ်ပေရာ စခန်းဝေယျာ ဝစ္စကိစ္စရပ်များကို ဦးဆောင်လုပ်သူကတော့ သူ့လက်ထောက်ဟုဆိုရမည့် ကိုခင်မောင်ဝင်း (ယခုရွှေလီ) ဖြစ်သည်။ ထိုစဉ်က အသက် ၃၀ တန်း ဖြစ်သော ကိုခင်မောင်ဝင်းကတော့ လူရွယ်ပီပီတက်ကြွသည်။ တက်ကြွလွန်းသည်ဟုပင် ဆိုနိုင်ပါသည်။ အထက်အဖွဲ့အစည်းစကားကို တသွေမတိမ်းလိုက်နာဆောင်ရွက်တတ်သူဖြစ်၍ လူကြီးများနှစ်ခြိုက် သဘောကျခံရသည့် သူမျိုးဖြစ်သည်။ ကိုခင်မောင်ဝင်းသည် အောက်ပြည်အောက်ရွာကပင်ဖြစ်သည်။ သူကသာ ကွန်မြူနစ်ဖြစ်လာသော်လည်း သူ၏ဆွေနီးမျိုးစပ်တယောက်ကတော့ စစ်ထောက်လှမ်းရေးတွင် ဒုညွှန်မှူးပင် ဖြစ်လိုက်သေးသည်။ ယုံကြည်မှုတွင် ဆွေမျိုး စပ်မရပေ။ CPB ဥက္ကဌ သခင်ဗသိန်းတင်၏ညီပင်လျှင် ဗိုလ်နေဝင်းတပ်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်နေသေး သည် မဟုတ်ပါလော။

မနက် ၄ နာရီခန့် ခရာမှုတ်သံစကတည်းက မိမိတို့တတွေကိုခင်မောင်ဝင်း၏ အမိန့်ပေးသံ တာဝန်ခွဲဝေသံနှင့် မလွတ်ခဲ့။ တကယ်တော့ မနက်ပိုင်းအလုပ်ကြမ်းပြီးရင်တော့ လူတိုင်းလုပ်ရသည့် အလုပ်များများစားစားတော့ မရှိတော့ပေ။ တခါတရံ ရဲဘော်စိုးသိန်း၏ အစည်းအဝေးများတွင် မှတ်တမ်းဝင်လိုက်ပေးသည်မျိုးသာ ရှိသည်။ အားလပ်၍ အချင်းချင်းစကားဝိုင်းဖွဲ့ကြ သည်က ပိုများသည်။ မည်သို့စကားဝိုင်းဖွဲ့သည်ဆိုစေ ကိုခင်မောင်ဝင်းခိုင်းရင်တော့ မဖြစ်မနေသွားလုပ်ရတော့သည်။ နောက်တော့ သူ့အားရဲဘော်တဦးက ဟိန္နကဟု အမည်ပြောင်ပေးလိုက်သည်။ အဘယ်ကြောင့် ဤအမည်ပေးလိုက်သည်ကို မမှတ်မိတော့သော်လည်း အားလုံးက သူ့ကွယ်ရာတွယ်တွင် ဟိန္နကဟုသာ ခေါ်ကြသည်။ ဤသို့ဖြင့် နိုင်ငံရေးဌာန လေးလ တာကာလအတွင်းရဲဘော်ကြီး ဟိန္နက၏ စီမံမှုအောက်တွင် မိမိတို့လည်း ထင်းခုတ် ဝါးခုတ် ထင်းထမ်း ဝါးထမ်း စပါးရိတ် ကောက်လှိုင်းထမ်းဖြင့် အလုပ်ကြမ်းပေါင်းစုံပြုလုပ်ကာ လယ်သမားဘဝခံယူခဲ့ရပေတော့သည်။

ထိုစဉ် နိုင်ငံရေးဌာနတွင် ပြည်မမှရောက်လာသော ရဲဘော်များလည်း မနည်းလှပေ။ ဗဟိုမှ တိုက်ရိုက်ကိုင်သောဌာနတွင် သာမက မိမိတို့ မုန်းကိုးနိုင်ငံရေးဌာနသို့ ပို့ထားသော ဗမာရဲဘော်များလည်းမနည်းလှပေ။ မိမိထက်အရင်ရောက် နေသူများ ရော မိမိနောက်မှရောက်သူများရောရှိသည်။ အချိန်ကာလအစီအစဉ်အတိုင်းတော့ မမှတ်မိတော့ပေ။

● ရဲဘော်မျိုးမြင့် ခေါ် ကျီးကန်းမျိုးမြင့်
ကိုခင်မောင်ဝင်းပြီးလျင် အသက်ကြီးသူတဦးမှာ ကိုမျိုးမြင့်ဖြစ်သည်။ထိုစဉ်က အသက် ၃၅ နှစ်ခန့် ရှိပေလိမ့်မည်။ အထက် အညာက ဖြစ်သည်။သူကား မန္တလေးတက္ကသိုလ်၌ ကွယ်လွန်သူရှေ့နေကြီး မုံရွာဦးတင်ရွှေ စာရေးဆရာ ကဗျာဆရာ မောင် သာနိုးတို့နှင့်အတူ ကျောင်းသားကလပ်စည်းတခုတည်း လှုပ်ရှားခဲ့သူဖြစ်သည်။ လက်ရှိ CPB အရံဗဟိုကော်မတီဝင်ဖြစ် နေသော ရှမ်းကျောင်းသား ရဲဘော်စိုင်းအောင်ဝင်းနှင့် မြို့ပေါ်လှုပ်ရှားမှုများကထဲက သိကျွမ်းသူဖြစ်သည်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး အဖမ်းခံခဲ့ရသည်။ ထောင်ထဲ၌ ထောင်တွင်းတိုက်ပွဲများအတွင်း ရန်သူထံလက်နက်ချသည်ဟု သတ်မှတ်ခံခဲ့ရသည်ဟုသိရသည်။ သူကတော့ သူမမှားဟု ယူဆပုံရသည်။ သူ့ကိစ္စနှင့်ပတ်သက်၍ ပါတီဆုံးဖြတ်သည်ကိုခံ မည် အရေးယူလည်း ခံမည်ဆိုကာ အရှေ့မြောက်သို့ တက်လာသူဖြစ်သည်။

သူ့ကို အမေရိကန်ကွန်မြူနစ်ဟု မိမိတို့က ခေါ်ကြသည်။ တပ်ကထုတ်ပေးသည့် စစ်ဘောင်းဘီအင်္ကျီများကား ခပ်ပွပွဖြစ် သည်။ အားလုံး ဒီအတိုင်းဝတ်ကြသော်လည်း သူက ကိုယ်တိုင်းကွက်တိ အကြပ်ပြန်ချုပ်ဝတ်သူဖြစ်သည်။ တရုတ်များကား စတိုင်ကျသူများမဟုတ်ဟု အမြဲဆိုလေ့ရှိသည်။ အရှေ့မြောက်၌ သေဆုံးသည်အထိနေသွားသော်လည်း သေသည်အထိ သဟာဇာတဖြစ်မသွားသူဟု ဆိုရမည်။ ထိုသို့သဟာဇာတ မဖြစ်သည့်အကြောင်းများထဲတွင် အရှေ့မြောက်ကလည်း အရှေ့မြောက်ပြဿနာရှိသကဲ့သို့ သူကလည်း မဖျောက်ဖျက်နိုင်သောအကျင့်များရှိသည်။ စစ်ဘောင်းဘီဖင်ကြပ်နှင့် သူ့ အားလည်း လူကြီးများ အမြင်ကြည်ပုံမရပေ။

မိမိနှင့်လည်း တခါတရံ နိုင်ငံရေးအမြင်သဘောထားများ ငြင်းခုံလေ့ရှိသည်။ ထိုသို့ငြင်းခုံကြရာတွင် လီနင်က ဘယ်စာအုပ်မှာ ဘယ်လိုဆိုသည်စတာလင်က ဘယ်စာအုပ်မှ ဘယ်လိုဆိုသည်ဟု စကားပါလျှင် မိမိက လက်ဝါးတဖက်ထောင်ပြီး" ဟိုး ဆရာ ဒီအတိုင်း အကျိုးအကြောင်းအချက်အလက်ဘဲငြင်းပါ။ဘယ်စာအုပ်မှ မကိုးကားပါနဲ့" ဟုဆိုလျှင် သူရယ်မောလေ့ ရှိသည်။ သူစကားနှင့် သူ ပိတ်မိနေခြင်းဖြစ်သည်။ မိမိအား သူ့အတွေ့အကြုံများ စိတ်လိုလက်ရပြောပြရာတွင် ၁၉၆၀ ခုနှစ် ပတ်ဝန်းကျင်ကာလက ဆွေးနွေးပွဲများတွင် နိုင်ငံရေးသမားလက်ဟောင်းကြီးများကို သူတို့ငြင်းခုံကြသည့်အကြောင်းလည်းပါသည်။

တခါကဆွေးနွေးပွဲတခုတွင် ဦးသိန်းဖေမြင့်က သဘာပတိစင်မြင့်မှ ဟောပြော ရှင်းလင်းသည်။ သူက အောက်မှထရပ်၍ ဦးသိန်းဖေမြင့်သဘောထား မှားယွင်းကြောင်း ချေပသည်။ ရိုးရိုးချေပသည်မဟုတ်။ လီနင်ကျမ်းပေါင်းချုပ် Lenin ' Collected Work အတွဲအတွဲယူသွားပြီး သဘာပတိကြီးခင်ဗျား လီနင်ကျမ်းပေါင်းချုပ် အတွဲဘယ်လောက် စာမျက်နှာဘယ်လောက်မှာ မည်သို့ဆိုသည်ဖြစ်၍ သဘာပတိကြီးပြောဆိုသည်မှာ မှားယွင်းလွဲချော်နေပါသည်ဟု လူပုံလယ်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။

"တကယ်က လီနင်ကျမ်းအလယ်မှာ ကိုယ်ပြောချင်တာရေးထားတဲ့ စာရွက်ညှပ်ပြီး လျှောက်ပြောတာကွ။ သူကလည်း လီ နင်ပြောသမျှ အကုန်မမှတ်မိတော့ ပြန်ငြင်းရလည်း ခက်နေတာပေါ့" ဟု ဆိုသည်။ အတော်မလွယ်သည့်ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့်လည်း မိမိက သူစာအုပ်ကိုးကားလျင် ရယ်၍ ဟိုးရပ်ပါတော့ တားလေ့ရှိသည်။ တခါကလည်း နိုင်ငံရေးမှူးရဲဘော် စိုးသိန်းနှင့် မြေယာကိစ္စဆွေးနွေး ငြင်းခုံကြသည်။ နောက်ဆုံး ကိုမျိုးမြင့်က စတာလင်ရဲ့မြေယာပြဿနာ Land Problems ထဲမှာ စတာလင်ပြောထားတာဟု ကိုးကားလိုက်သောအခါ ရဲဘော်စိုးသိန်းလည်း ဆက်မပြောနိုင်တော့ဘဲ ရပ်လိုက်ရသည်။

ရဲဘော်စိုးသိန်းနှင့် ငြင်းခုံသည့်သတင်းကို မိမိသိ၍ ရယ်မောသည့်အခါ "မင်းကလည်းကွာ ငါပြောတဲ့သီအိုရီကတော့ အ မှန်ပါ။ ဘယ်စာအုပ်ပါမှန်း မမှတ်မိတာတခုပါ။ ဆွေးနွေးနေတာလဲ မြေယာပြဿနာဆိုတော့ ငါလည်း အနီးစပ်ဆုံးစာအုပ် ဆွဲကိုးကားလိုက်တာပါ" ဟု ဆိုသည်။ စာအုပ်ကြီးများ ကိုးကွယ်လေ့ရှိသူများ ခေါင်းဆောင်ကြီးများ၏ သြဝါဒများကို တသွေ မတိမ်းလိုက်နာကြသူများ၏ ဒုက္ခဟု ဆိုရပါမည်။

မိမိကား သူ၏နေပုံထိုင်ပုံ ပြောပုံဆိုပုံများကို သဘောမကျလှပေ။ သို့သော် သူနှင့် မိမိကားရင်းနှီးသူများဖြစ်ခဲ့သည်။ မိမိဘဝ တစွန်းတစကိုသိပြီးသူနှင့် ဆွေနီးမျိုးစပ်တော်သည်ဟု ယူဆလေသည်လား သို့မဟုတ် အသက်ရွယ်ကွာခြားပြီး သူအနွံ အတာခံ၍လားတော့မသိ တခြားသူများကို သူမည်သို့ပင် ထော်လော်ကန့်လန့်တိုက် ပြောဆိုဆက်ဆံစေကာမူ မိမိအား ညီငယ်တဦးကဲ့သို့ သဘောထားဆက်ဆံလေ့ရှိသဖြင့် မိမိနှင့်ရင်းနှီးခဲ့သူဖြစ်သည်။ ၁၉၈၀ ခုနှစ်နောက်ပိုင်း မုန်းကိုးသို့ CPB မြောက်ပိုင်းဗျူရိုပြောင်းရွှေ့ရုံးစိုက်တော့ CPB ပေါလစ်ဗျူရိုအဖွဲ့ဝင် ရဲဘော်အောင်ခေါ် ဗိုလ်မျိုးမြင့် (အသားမဲ) ရောက်ရှိ သည်။ ယခင် CPB တောခိုစကာလက ဗိုလ်မျိုးမြင့် ၂ ယောက်ရှိရာ တယောက်က အသားဖြူ၍ အသားဖြူ မျိုးမြင့် တယောက် က အသားမဲ၍ အသားမဲမျိုးမြင့်ဟူ၍ ခွဲခြားခဲ့ကြသည်ဟု ဆိုသည်။ ယခုတော့ နှစ်ယောက် စလုံးအသားမဲနေသဖြင့် "ဟိုက အသားမဲဆိုရင် ခင်ဗျားကတော့ ကျီးကန်းဘဲ" ဟု တယောက်စလိုက်ရာမှာ ကျီးကန်းမျိုးမြင့်ဟု အမည်တွင်ခဲ့ပေတော့သည်။

ကိုမျိုးမြင့်နှင့် မိမိကား အမြင်မတူ အကျင့်စရိုက်မတူဘဲ ရင်းနှီးခဲ့ကြသူများဖြစ်ကြသည်ဟု ဆိုရမည်။ သို့သော် မိမိတို့ကြားက ရေစက်ကား ရေစက်ဆိုးဖြစ်ပုံရသည်။ နောက်ပိုင်းတွင် ဆက်လက်ဖေါ်ပြပါမည်။

● ရဲဘော်ခိုင်အေးနှင့် အမျိုးသမီးရဲဘော်များ
သူမအား မိမိတို့က ဒေါ်ခိုင်အေးဟုသာ ခေါ်လေ့ရှိသည်။ မိမိတို့ထက်၉ နှစ်ခန့် ကြီးသည်။ ထိုစဉ်က အသက် ၂၉ / ၃၀ ခန့် ရှိပြီဖြစ်သည်။ လုပ်သားကောလိပ်တွင် သရုပ်ပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အရှေ့မြောက်သို့ ရောက်လာသူဖြစ် သည်။ သူမ၏ အမည်ရင်းမှာ ဒေါ်မြမြစိုးဖြစ်သည်။ အသားဖြူဖြူ လူပုံနွဲ့နွဲ့ ပြုံးချိုသောမျက်နှာရှိသူ၊ စကားကို ချိုသာပျော့ ပြောင်းစွာပြောတတ်သူ ဒေါ်ခိုင်အေးသည် စိတ်ဓါတ်ကတော့ မာကျောသူဖြစ်သည်။ မိမိတို့နှင့် ရင်းနှီးအဖွဲ့ကျသူဟုဆိုနိုင် သည်။ အဖွဲ့ကျရသည့်အကြောင်းထဲတွင် ပဲခူးရိုမလမ်းစဉ်နှင့် ရဲဘော်လွင် ရဲဘော်စိုးနိုင်တို့ကား အဓိကအကြောင်းအချင်း အရာများ ဖြစ်ပေလိမ့်မည်။

နောက်တယောက်ကတော့ ငြိမ်းငြိမ်းဖြစ်သည်။ သူမကတော့ မန္တလေးမှဖြစ်သည်။ ကိုကျော်ရ၏ညီမဖြစ်သည်။ အသားမဲမဲ အရပ်ရှည်ရှည် လက်ပြင်ကိုင်းကိုင်း ဆံပင်တိုတိုနှင့် ယောက်ျားလေးတယောက်ကဲ့သို့ နေထိုင်လှုပ်ရှားတတ်သူဖြစ်သည်။ ကျန်သူ ၅ ယောက်ကတော့ ဗန်းမော်ကဖြစ်သည်။ ခမ်းဝါနှင့် မိုးမိုးတို့ ညီအမနှစ်ယောက်က ရှမ်း၊ ဆွေဆွေက ရှမ်းနီ၊ စိုးစိုးက ရှမ်းပန်ချာ၊ ခွမ်းလိန်က ကချင်တိုင်းရင်းသူဖြစ်သည်။ အားလုံး အသက် ၂၀ ပတ်ဝန်းကျင် ခန့်ဖြစ်ကြပြီး ငယ်ရွယ်ပျိုမြစ် တက် ကြွဆဲအရွယ်များဖြစ်ကြသည်။ ထို ၆ ယောက်စလုံးကတော့ တက္ကသိုလ်တော့ မရောက်ခဲ့ကြချေ။ အထက်တန်းကျောင်း သူဘဝထိသာ ပညာသင်ခဲ့ရပုံပေါ်သည်။

အောက်ပြည်အောက်ရွာမှ ရောက်လာသည့် အမျိုးသမီးရဲဘော်များထဲတွင် ထိုစဉ်က ရေပမ်းအစားဆုံးကတော့ အသက်အ ကြီးဆုံး ဒေါ်ခိုင်အေးဖြစ်သည်။ အသက် ၂၀ တန်းကျန်ရဲဘော်မများကိုကျော်ဖြတ်၍ ရေပမ်းစားသူဖြစ်သည်။ သို့သော် သူမရေပန်းစားသည်မှ မိမိတို့ လူငယ်များကြားထဲတွင်တော့ မဟုတ်ပေ။ လူကြီးများကြားထဲတွင် ဖြစ်ပေသည်။

ဤသို့ အိမ်ထောင်မရှိသူ အမျိုးသမီးရဲဘော်မများအပြင် အိမ်ထောင်သည် ရဲဘော်အမျိုးသမီးရဲဘော်အချို့လည်း ရောက်နေ သည်။ တဦးကတော့ ကိုနေနိုင်၏ဇနီးဒေါ်ပြုံးကြည်မိသားစုဖြစ်သည်။ သူတို့မိသားစုတွင် သမီးငယ် ၄ ယောက်ပါသည်။ နောက်တဦးကတော့ ဒေါ်ခင်သစ်နှင့် သမီးငယ်ဖြစ်သည်။ သူမ၏ခင်ပွန်းဖြစ်သူ ကိုသက်ကတော့ တနင်္သာရီတိုင်းရှိ ပါတီ အခြေခံဒေသသို့ ပြန်လည်ထွက်ခွာသွားသဖြင့် မုန်းကိုးတွင်မရှိချေ ။ နောက်ပိုင်းတွင် ကိုသက်တယောက် တနင်္သာရီတိုင်းတွင် ကျဆုံးသွားပြီဟူသည့်သတင်း ကြားရပါသည်။

သူတို့နောက်တွင် တယောက်ပြီးတယောက် ထပ်ရောက်လာသူများလည်းရှိသည်။ သူတို့မှာ ရဲဘော်နီမော်နှင့် ရဲဘော်ငြိမ်းနီ (ကွယ်လွန်) တို့ဖြစ်သည်။ မငြိမ်းနီက တံတားဦးမှဖြစ်သည်။ အမည်ရင်းက ကြူကြူနီဖြစ်ပြီး သူမ၏ဖခင်မှာ ၁၉၉၀ ရွေး ကောက်ခံ NLD အမတ်တဦးဖြစ်သည့် ဦးသန်းနီ (ကွယ်လွန်) ဖြစ်သည်။ သူမသည် တိမွေးကုတက္ကသိုလ်ကျောင်းသူတဦးဖြစ်သည်။

မနီမော်ကတော့ ရန်ကုန် အင်းစိန်မှဖြစ်သည်။ သူမ၏အမည်ရင်းကတော့ခင်စန္ဒာခေါ် မချိုချိုဖြစ်သည်။ သူမလည်း မူလက တိမွေးကုတက္ကသိုလ်မှဖြစ်သော်လည်း နောက်ပိုင်း သတ္တဗေဒအဓိကသို့ ပြောင်းရွှေ့တက်ရောက်နေခဲ့သူဖြစ်သည်။ ရန်ကုန် တက္ကသိုလ်လှုပ်ရှားမှုများမှ စိတ်ဓါတ်တက် ကြွစွာဖြင့် အရှေ့မြောက်သို့ ရောက်လာခဲ့သည့် တက္ကသိုလ်ကျောင်းသူနှစ်ဦး ဖြစ် သည်။ သူမတို့ နှစ်ဦးထဲရောက်လာခဲ့ခြင်းတော့မဟုတ်။ သူမတို့နှင့်အတူ ကျောင်းသားရဲဘော်နှစ်ဦးလည်းပါသည်။ သူမတို့ သည်လည်း နောက်ထပ်အရှေ့မြောက်ရောက်လာသည့် လေးယောက်အဖွဲ့တဖွဲ့ဟု ဆိုရမည်။

ထိုစဉ်ကာလက ပြည်မမှရဲဘော်များ အထူးသဖြင့် ကျောင်းသားရဲဘော်များ အရှေ့မြောက်သို့ ရောက်လာနေခဲ့ကြပါသည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး (Mg Mg Soe)

ဓာတ်ပုံ - ရဲဘော်စိုးသိန်း ခေါ် လင်ထင် ခေါ် ရဲဘော်လင် (ဒုနိုင်ငံရေးမှူး အရှေ့မြောက်စစ်ဒေသပါတီ အရံဗဟိုကော်မတီဝင် ၁၉၇၆ ခုနှစ်)