အောင်မော်ဦး ● မီးခိုးမဆုံး မိုးမဆုံး မေးခွန်းများ

 အောင်မော်ဦး ● မီးခိုးမဆုံး မိုးမဆုံး မေးခွန်းများ
(မိုးမခ) မေ ၂၊ ၂၀၁၇

အဖိတ်အစင်များတဲ့ ခေတ်ကြီးထဲ
ဟော တယောက် ... ဟော တယောက်နဲ့
ခေါက်ခနဲ ခေါက်ခနဲ
လဲလဲကျသွားတာ
ဘယ်တော့များ
ကိုယ့်အလှည့်ရောက်လာလေမလဲ။

သေချာတာဟာ
မသေချာဘူး
ကျည်ဆံဟာ
နဖူးမှာလား
ဓားမြှောင်ဟာ
ရင်ဝမှာလား
အထိတ်ထိတ်အလန့်လန့်
ရှူသွင်းနေရတဲ့လေမှာကိုပဲ
အသက်ကိုထုပ်ထားရတဲ့ ဖက်ဟာ
လွင့်လို့။

ခင်ဗျားတို့ ကြားမိကြသေးလား
ဖမ်းမမိသေးတဲ့ လူသတ်သမားဟာ
မင်းစိုးရာဇာထဲကလား
လူကုံထံတွေထဲကလား
ခါးပိုက်ဆောင် လက်မရွံ့ဆိုသူတွေပဲလား
စိုးတထိတ်ထိတ် ကြောက်ရွံ့စိတ်နဲ့
ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေတဲ့ လူ့အဖွဲ့စည်းမှာ
အစွန်းရောက်တွေကတော့ ထင်တိုင်းကြဲနေကြဆဲ။

တကယ်ဆို
မတူတဲ့လူတန်းစားနှစ်ရပ်ဟာ
ကိုယ့်လမ်းကိုယ်သွားကြတာပဲ ကောင်းပါတယ်လေ။

ထားလိုက်ပါ
ကြာရင် မေ့သွားကြမှာပါ
ဒီလိုနဲ့ပဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတဲ့
လုပ်ကြံမှုတွေဟာလည်း
များလာ
ပိုများလာ ပိုကြာလာ
ပိုပိုကြာလာတာနဲ့အမျှ
မထီမဲ့မြင်ပြုခံနေရတဲ့ တရားဥပဒေစိုးမိုးရေးဟာ
အမျိုးသားရင်ကြားစေ့ရေးကို
တံတားခင်းပေးနေတယ်လို့များ
ခင်ဗျားတို့ ကြားမိကြသေးလား
မေးခွန်းများ
အဆုံးမသတ်နိုင်သေးတဲ့
မေးခွန်းများအဖြစ်များ….။ ။

အောင်မော်ဦး
ဧပြီ၊ ၂၉၊ ၂၀၁၇
(ဦးကိုနီလုပ်ကြံခံရမှု ၃ လပြည့် အမှတ်တရ)