မြန်မာပုံပြင်စာအုပ် ရုပ်ရှင်အကြောင်း ရိုတာဒမ် သုံးသပ်ချက် (ကျော်အုန်းမြင့် ဘာသာပြန်)



မြန်မာပုံပြင်စာအုပ် ရုပ်ရှင်အကြောင်း ရိုတာဒမ် သုံးသပ်ချက် (ကျော်အုန်းမြင့် ဘာသာပြန်)

(မိုးမခ) မေ ၂၇၊ ၂၀၁၇

ဇာတ်ကြောင်းပြောမှတ်တမ်းရုပ်ရှင်မှာ ခေါင်းစဉ်နှင့် မလိုက်ဖက်သော်လည်း ကဗျာတစ်ပုဒ်အား ပုံရိပ်တို့ဖြင့်တွဲဖက်ဖော်ပြထားသည်ကို ကြည့်မြင်လိုက်ရ၏။ ဇာတ်အိမ်သည် ‘မြန်မာပုံပြင်စာအုပ်ဟူသော ယနေ့ခေတ်ကာလ မြန်မာနိုင်ငံ၏ ဘဝမြင်ကွင်းကျယ်အကြောင်းအရာနှင့် အံဝင်ဂွင်ကျပင်။

ချက်နိုင်ငံဇာတိသား ဒါရိုက်တာ ပီတာလွမ်းနှင့် ဒတ်ခ်ျလူမျိုး ထုတ်လုပ်သူ ကော်ရင်ဗွန် ဧဂရာ့တို့နှစ်ဦး၏ ပူးတွဲလက်ရာမှတ်တမ်း ရုပ်ရှင်ကား၊ သူတို့သည် Ana Ana (အဲဒါ ကျွန်မပါ) သူသော ကဗျာရုပ်ရှင်ကို ၂၀ဝ၃ ခုနှစ်က ပူးတွဲရိုက်ကူးခဲ့ကြသည်။ မြန်မာပုံပြင် စာအုပ်မှာ ကဗျာရေးဖွဲ့ကြသူ၊ သို့တည်းမဟုတ် ကဗျာတို့ကို နှုတ်တက်ရွရွ အလွတ်ရွတ်ဖတ်နိုင်ကြသူ မြန်မာနိုင်ငံသားအများစု အကြောင်းဖြစ်သောကြောင့် အတွေးရဲရဲ ခေါင်းစဉ်စာသားဖြင့် ဆီလျော်နိုင်လွန်းလှပေသည်။

သူတို့ရုပ်ရှင်ကားသည် မြန်မာကဗျာဆရာ အများအပြားတို့၏ ဖန်တီးလက်ရာတို့ကို အသားပေးတင်ဆက်ထား၏။ အဓိကဇာတ်ရုပ်မှာ အသက် (၇၀) အရွယ်ရှိနေသူ။ စစ်အစိုးရအုပ်ချူပ်မှုအား အာခံ ဆန့်ကျင်ခဲ့သည့် (ဆရာ) မောင်အောင်ပွင့်ပင်တည်း။ သူ့ဒုက္ခသုက္ခ အဝ၀တို့သည် ထိုဇာတ်ကား၏ အဓိကအကြောင်းအရာ။ မြန်မာပရောဂျက်အစီအစဉ်ဖြင့် ရိုက်ကူးထုတ်လုပ်လိုက်သည့်အလွမ်းနှင့် ဗွန်ဧဂရာ့တို့ရုပ်ရှင်ကားတွင် စာအုပ်တစ်အုပ်နှင့် ဓာတ်ပုံဆရာ ဒါနာလာဇင်းဘာ့ဂ်၏ ရိုက်ကူးချက်တို့ဖြင့် ဖွဲ့စည်းထားပေသည်။

တမူထူးခြားသည့် ပြကွင်းပြကွက်များသာမက စာပေနှင့်လူအခွင့်အရေးတို့ဖြင့် ထုံမအမ်းထားလေရာ။ မကြာသေးမီအချိန်အထိ မှတ်တမ်း မတင်ဖြစ်သေးသော နှစ်ငါးဆယ်ကြာကာလ စစ်အုပ်ချုပ်ရေးလက်အောက်သို့ကျရောက်ခဲ့သည့်နိုင်ငံတနိုင်ငံအတွက်မှာ အရေးတကြီး သတင်းတင်ဆက်မှုတရပ်ပင်ဖြစ်လေတော့သည်။

တင်ပြပုံနည်းလမ်းပိုင်းအရ ချောင်ချောင်ချိချိ ရိုက်ကူးထားသဖြင့် မူလခေါင်းစဉ်နှင့် တသွေမတိမ်း အဆက်အစပ်ရှိမနေသော်လည်း၊ ရုပ်ရှင်ကားထဲ ကဗျာဆရာအသီးသီးတို့၏အကျဉ်းချုပ်ရုပ်ပုံကားချပ်တို့ ကို ပြောက်တိပြောက်ကျား ထည့်သွင်းထားသောကြောင့် ခေတ်ပြိုင် မြန်မာ့ဘဝအထွေထွေအား လျှပ်တပြတ်ာကြည့်ရှုအကဲခတ်နိုင်ပေလိမ့်မည်၊ သေအံ့ဆဲဆဲ အဘိုးတဦးသို့ နှုတ်ခွန်းဆက်စကားမှသည် ရဟန်းတော်တပါး၏ ပဟေဠိလင်္ကာသွားမှသည် ရေခဲခေတ့် စုန်းစုန်းမြုပ်နေခဲ့ရသည့် မြန်မာနိုင်ငံအတွက် သင်္ကေတ ရုပ်ပုံကားချပ်ဖြစ်နေသည့် ရုပ်ရှင်ထဲက အဓိကဇာတ်ရုပ်ဖြစ်သူ (ဆရာ) မောင်အောင်ပွင့်အထိ။

ကဗျာမျိုးဆက်သစ်အတွက် ထူးထူးခြားခြား ကိုယ်စားပြုရိုက်ကူးထားသူမှာ အသက် (၂၆) နှစ်အရွယ် ဣတိယဝါဒီ မယ်ယွေးနှင့် သူမ၏ထိထိမိမိ ရှိလှသည့် ကဗျာစာသားများ၊ “ဘောင်းဘီတိုဖြစ်ဖြစ်။ စကပ်တိုဖြစ်ဖြစ် ဝတ်ပြီး ကဲပါစေ။ တင်ပါးမပေါ်အောင် ဂရုစိုက်ဖို့လိုတယ်။ ငါ့ဘောင်းဘီအတိုထဲမှာ ကဗျာတပုဒ်ကို ထည့်ထားမိ”၊ မြန်မာနိုင်ငံရှိ မိန်းကလေးများအတွက် မျက်မှောင်ကြုတ်လျက် အကြည့်ခံရမည့်အခြင်းအရာဖြစ်သည့် တက်တူးတခုအား သူမကိုယ်ပေါ်မှာ ရေးထိုးထားသည်ကို လှမ်းမြင်လိုက်ရသည်။ ထိုတက်တူးစာသားအဓိပ္ပာယ်သည်ကား ‘အပြောင်းအလဲ ...ဟူ၏။

မြန်မာလူမှုဘဝကို ပြတ်တောင်း ပြတ်တောင်းဖြင့်ငေးမောကြည့်ရခြင်းမှာ ယေဘူယျသဘောဆန်လှသည့် အရုပ်ဆက် ဉာဏ်စမ်းတပုဒ်ကို အဖြေထုတ်ကြည့်ရသကဲ့သို့၊ အချို့ သောပုံရိပ်များသည်ကား စကားစပ်အဓိပ္ပာယ်တို့ ကင်းပြတ်နေကြ၏။ ရန်ကုန်ညများ၏ ကားပြိုင်မောင်း နေကြသူ လူငယ်လူရွယ်များ။ ငါးအသေကောင်တို့ ပြန့်ကြဲနေကြသည့် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်နေကြသည့် အပျော်တမ်း ဓာတ်ပုံဆရာများနှင့် မီးပုံးပျံတို့လွှတ်တင်သည့်ရိုက်ချက်များ။

အချို့ သော ပုံရိပ်တို့မှာကား တာသွားလွန်းလှ၏၊ ထူးခြားသည့် ရိုက်ချက်တခုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်နှင့် ယခု အခါ တွင် နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ်ဖြစ်လာသူ။ အချိန်အတော်ကြာအောင် ချုပ်နှောင်ဖမ်းဆီးခံခဲ့ရသည့် အဓိကနိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောက်ခံသီချင်းများ ဖွင့်လျက် ကျေးလက်ဒေသတွင် မောင်းနှင်လာသည့် လော်ရီကားတစီးပင် ဖြစ်သည်။ လိမ္မော်ရောင်မိုးကောင်းကင်ကို နောက်ခံထားလျက် လွင့်မြောနေသော မီးပုံးပျံတလုံးကဲ့သို့ စောစောပိုင်း ရိုက်ချက်တခုမှာ ခရီးသွားလုပ်ငန်းနှင့်သာ သက်ဆိုင်လိမ့်မည် ဖြစ်သော်လည်း။ လွမ်း၏ဓာတ်ပုံပညာသားသည် ကြက်သီးထဖွယ် လက်ရာမြောက် လွန်းလှပေသည်။

မကြာသေးမီကမှ အင်တာနက်အကြောင်းသိခွင့်ရကာ အချင်းချင်းပြောပြနေသူ အမျိုးသမီးတစုအား ရိုက်ကူးပြသထားသည်ကို ကြည့်ရှု ရသဖြင့် စစ်အစိုးရလက်အောက်မှ လွတ်မြောက်ခွင့်ရလာသည့် လူမှုအဖွဲ့စည်းတရပ်၏လျင်လျင်မြန်မြန်ပြောင်းလဲလာခြင်းကို အကဲခတ်နိုင်ခဲ့၏။ (ဆရာ) မောင်အောင်ပွင့်နှင့် ဇနီးသည်တို့အကြောင်းရိုက်ချက်တို့မှာ အလောသုံးဆယ်နိုင်လွန်းလှသည်။ ဆရာသည် အကျဉ်းတိုက်၌ တယောက်တည်း ချုပ်နှောင်ခံရသဖြင့် ပုရွက်ဆိတ်တို့နှင့် မိတ်ဆွေဖွဲ့လျက် အချိန်ဖြုန်းခဲ့ရသည့် အတွေ့အကြုံများကို ပြန်ပြောင်းပြောပြခဲ့သည်။ ရုပ်ရှင်ပြီးခါနီးတွင် ထိုဇနီးမောင်နှံနှစ်ဦးတို့နှစ်ပေါင်း (၂၀) ကြာပြီးမှ အတူတူနေထိုင်ရပုံကို တင်ဆက်ပြသ ထား၏။ သို့သော် သူတို့၏သားကြီး ကျောင်းသားနိုင်ငံရေး လှုပ်ရှားတက် ကြွသူမှာကား ဖင်လန်နိုင်ငံတွင် ပြည်ပြေးဘဝဖြင့် နေထိုင်နေရသေးဆဲ။

ထိုဇာတ်ကွက်မှာ မြန်မာ့ပုံပြင်စာအုပ်ရုပ်ရှင်ကားအရှေ့  ပိုင်း၌တင်ဆက်ရန် ပျက်ကွက်ခဲ့သည်တို့ကို ဖြည့်စွက်ရိုက်ကူးပြလိုက်သကဲ့သို့ ရုပ်ရှင်ထဲတွင် ပါဝင်သရုပ်ဆောင်ကြသူအခြားသောကဗျာဆရာအချို့ အကြောင်းကိုလည်း ခံတွင်းတွေ့နိုင် ကောင်းပေလိမ့်မည်။ အထူးသဖြင့် ကဖေးဆိုင်တဆိုင်မှာ ထိုင်နေရင်းဖြင့် မေ့လျော့ခြင်းအကြောင်းနှင့် ပတ်သက်သည့် ကဗျာတပုဒ် အား ရွတ်ဖတ်နေသည့် ကဗျာဆရာတဦး၊ သူက မေတ္တာပို့သလိုမျိုး ကဗျာကိုရွတ်နေရင်းက ကင်မရာဘက်ဆီသို့ အေးတိအေး စက် လှည့်ကြည့်ကာ ပြောစရာ ရှိသည်တို့ကို လက်လွတ်မခံပဲ ပြောချလိုက် သည်။

“ငါတို့ လောလောဆယ် ဒီမိုကရေစီ ရနေကြပြီလား” ဟု။

ဘာသာပြန် = ကျော်အုန်းမြင့်
မူရင်း -http://www.screendaily.com/reviews/burma-storybook-rotterdam-review/5114245.article