ဖိုးရွှေညီမှိုင်း ● ဆု​တောင်းခန်း

ဖိုးရွှေညီမှိုင်း ● ဆု​တောင်းခန်း
(မိုးမခ) မေ ၁၆၊ ၂၀၁၇

တကယ်​လား။
ယုံ​စေချင်​လို့ ညာ​လိုက်​​တာလား။
ညာ​ပြောချင်​လို့ အယုံသွင်းတာလား။

လှေကား​ခြေမှာ
ဆူး​လေ ​မောင့်​​ကြောင့်​ကြဲ​တော့တယ်​။
လှေကားဦးမှာ
ဘီလူး ​မောင့်​​ကြောင့်​​စောင့်​​တော့တယ်​။
လှေကားခုံမှာ
ဂဠုန်​​မောင့်​​ကြောင့်​​စောင့်​​တော့တယ်​။

ဓား​တွေ လှံ​တွေကိုထမ်း
အရင်​ကလို ...
မောင်​ ဝင်​​လာလို့ မရ​အောင်
ရိုးရိုးသားသား
စောင့်​ကြစမ်းပါလားကွယ်​။

ခုများ ...
ဝင်​ခဲ့ပါ ​မောင်​ရယ်​ဆိုပြီးမှ
ကွမ်းတစ်​ရာ ​ကျွေးမှာလား
ရေတစ်​မှုတ်​ တိုက်​မှာလား
မအိုဇာ။

မောင်​စီးလာတဲ့မြင်းက ...
တကယ့် ​မြင်းစစ်​စစ်​ကြီး
ထရိုဂျင်​မဟုတ်​ရပါလား
ဟယ်​လင်​ရာ။

ဆူး​တွေ ...
ဘီလူး​တွေ ဂဠုန်​​တွေ
ဓား​တွေ လှံ​တွေ
မောင်​မ​ကြောက်​​ပေမယ့်​။

ကွမ်းတစ်​ရာ ​ရေတစ်​မှုတ်​ရဲ့​နောက်​မှာ
ထရိုဂျင်​မြင်းရုပ်​ကြီးရဲ့​နောက်​မှာ
အဆိပ်​လူးထားတဲ့မြား​တွေ
ရှိ​နေပြီးသားဆိုတာ 
ရာဇဝင်​ရှိ​ခဲ့ကြောင်း
သည်​မောင်​ ​​ကောင်း​ကောင်း​သိပါရဲ့။

ဒါ​ပေမယ့်​လည်း
ရဲရဲကြီးကို တိုးဝင်​ခဲ့ပါ့မယ်​။

ဒီရာစုရဲ့လူအသစ်
ချစ်​ခြင်း​မေတ္တာအစစ်​ကိုယုံ
ရ​င်​တစ်​ခုလုံးပုံအပ်​လိုက်​ပါ့မယ်​။

ဒါကို ယုံတဲ့
ဒီ​နေ့ဟာ ​နောင်​တမဲ့
အမှားကျူးလွန်နေ့ အသစ်
မဖြစ်​ပါစေနဲ့။
မဖြစ်​ပါရ​စေနဲ့။
မဖြစ်​ပါရ​စေနဲ့​တော့ကွယ်​။  ။

ဖိုး​ရွှေညီမှိုင်း
၂၀၁၇ ​မေ ၁၆