ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်အောင်မွန် - ဒဂုန်တာရာမွေးနေ့ ဗာဂျီးနီးယားမှ သ၀ဏ်လွှာ


မောင်အောင်မွန် - ဒဂုန်တာရာမွေးနေ့ ဗာဂျီးနီးယားမှ သ၀ဏ်လွှာ
ကျနော်တွေးမိသလို ရေးပါမည် (၂၅၂)
(မိုးမခ) မေ ၁၀၊ ၂၀၁၇

ဆရာအသက်ရှင်နေပါလျှင် ယနေ့အသက် (၉၈) နှစ်ပြည့်မည်။ မောင်အောင်မွန်ဆိုတာ နေရင်းထိုင်ရင်း အလကားရထားတာမဟုတ်၊ ဒီအခြေရောက်လာတော့မှ ကိုအောင်မွန် ခင်ဗျားမှာ စာရေးဖို့ တာဝန်ရှိတယ်၊ ရေးကိုရေးနေရမယ်ဟုသတိပေးမြဲဆရာ့အား သူကိုယ်တိုင်ဖတ်ဖူးသွားသည့် ဤဆောင်းပါးနှင့် ဂါရ၀ပြုလိုက်ပါ၏။
ဒဂုန်တာရာမွေးနေ့ ဗာဂျီးနီးယားမှ သ၀ဏ်လွှာ
(၁)
ဆရာခင်ဗျာ ...

အရုဏ်ဦးဝတ်ပြုအပြီး ကော်ဖီခွက်ဘေးချကာ ကွန်ပျူတာရှေ့ ဒီစာကိုစရေးပါတယ်။ပြောစရာတွေက များလွန်းလှသမို့ ဘယ်ကစရေးလို့ ဘယ်ဟာတွေချန်ရမှန်းမသိ၊ခုန်ပျံကျော်လွှား ကမောက်ကမနဲ့ ဟိုရောက် သည်ရောက်ဖြစ်နေလျှင်လည်း ခွင့်လွှတ်ပါဆရာ။ အောင်ကျော်နေ့အခန်းအနားသို့ ဆရာတက်ရောက်ကြောင်း ကြားရကတည်းက ၀မ်းသာခဲ့ပါတယ်။ ဆရာ့ ၉၄ နှစ်မွေးနေ့ပွဲသတင်းနဲ့ဓာတ်ပုံတွေ့လို့ ဗာဂျီးနီးယားကနေ ဒီဆုတောင်းလွှာလှမ်းရေးရတဲ့အတွက်တော့ ဂုဏ်ယူမဆုံးပါ။
(၂)
၁၉၅၃ ခုနှစ် ကျနော် ရန်ကုန်တက္ကသိုလ်ရောက်လာပြီး တ-က-သ ကို မကြာခဏသွားလေ့ရှိလို့လည်း ကျောင်းသားခေါင်းဆောင်များနဲ့ ခင်မင်ရင်းနှီးခွင့်ရလိုက်ပါတယ်။ဒါပေမယ်လို့ ဆရာ့စာတွေထဲမှာပါတဲ့ တကသ ကပိုလှနေသလို ရင်ထဲခံစားရတယ်။ ကျနော်တို့နဲ့ခေတ်ပြိုင် ကျောင်းသားခေါင်းဆောင် ကိုစိုးသိန်း၊ကိုတင်ထွန်း တို့ကိုသာမက ဆရာတို့ခေတ်က ကိုအောင်ဆန်းတို့ ကိုဗဟိန်းတို့ကိုတောင် ဆရာ့လို ကိုတပ်ခေါ်ချင်တဲ့ရောဂါ ကျနော်တို့မှာ ဖြစ်ခဲ့ကြပါတယ်။
နောက်တော့ ဆရာထွင်လိုက်တဲ့စကားလုံးတွေ။ ဥပမာ လေနုအေး၊ လိုက်သုံးလိုက်ရေးကြလွန်းလို့ ဂယက်ထခဲ့ရတယ်။၁၉၄၉ ခု၊ ဇွန်လထုတ် ရှုမ၀ထဲက ကြည်အေးရဲ့ မီ ၀တ္ထုနဲ့အတူပါတဲ့ ဆရာ့အမှာစာက သတိပေးသလို ဖြစ်ခဲ့လို့လည်း စာရေးတဲ့အခါ စကားလုံးတွေမဖောင်းပွဖို့ ကျနော်တို့သတိထားတတ်လာကြတာ ခုထိပါဆရာ။ တစ်ကြိမ်မတော့ ကမ္ဘာ့တင်းနစ်ချန်ပီယန်တစ်ယောက် အင်မတန်တော်ပြီး တစ်ချိန်တည်းမှာ အရုပ်ဆိုးအကျည်းတန်တွေလုပ်နေပုံ အသံလွှင့်တဲ့အခါ၊ ဘယ်လိုပြောရမလဲ၊ လူတစ်ကိုယ်စိတ်နှစ်မျိုး၊ အဆိုးနဲ့ အကောင်းတွဲလျက် စသဖြင့် ဘယ်သင်းကိုမှ စိတ်တိုင်းမကျ။ အခက်ကြုံနေတုန်း ဆရာ့ဝတ္ထုခေါင်းစဉ်ကိုပြေးပြီး သတိရလို့ “ဘ၀နှစ်မြွှာ” လို့သုံးလိုက်တာ နှစ်သက်သဘောကျကြကြောင်း သောတရှင်တွေထံကလာတဲ့စာတွေ ဆရာ့ကိုပြချင်လိုက်တာ။
(၃)
စာစမရေးမီကတည်းက မိမိကြိုက်နှစ်သက်ရာ စာရေးဆရာကြီးများရဲ့စာများကို လေ့လာရ၊ လူချင်းဆုံ စကားပြောခွင့်ရခြင်းဟာ ကျနော့အဖို့ကံထူးလေစွ။ ဆရာဇော်ဂျီက တပည့်ရင်းပမာ လမ်းညွှန်သွန်သင်ပေးတာ အကြိမ်ကြိမ်နားထောင်ဖူးသလို၊ ဆရာမင်းသုဝဏ်ကျပြန်တော့လည်း အမှားတွေ့တိုင်း အဖေကသားကိုပြင်ပေး သလိုမဆိုင်းမတွ ထောက်ပြစမြဲပါ။စာရေးဆရာ မြသန်းတင့်ကျတော့ စာပေ၀ါကကွာလှမ်းသလောက် အသက် အရွယ်ချင်းကမကွာ၊ ပြီးတော့အနေနီး အတွေ့အဆုံများ၊ မိသားစုချင်းပါ ရင်းနှီးကြသမို့ ပွင့်ပွင့်လင်းလင်း ပြောရဲ ဆိုရဲရှိကြတယ်။
သူခေါ်သွားလို့ ကောလိပ်ဂျင်နေ၀င်းအိမ်မှာ ဆရာ့ကိုအနီးကပ်မြင်ဖူးရပြီ။ ဆရာတို့နှစ်ယောက်ပြောဆို ဆွေးနွေးနေကြတာ နားထောင်ရတာကိုပဲ ကျနော်ကတော့ ကျေနပ်ဝမ်းသာလို့မဆုံး။ သို့သော်လည်း ဆရာကမူ ဘေးမှာနေခွင့်မပေး၊ စကားဝိုင်းတွင်း ဆွဲသွင်းပုံ၊ ဒဂဂုန်တာရာ၏အရှိန်အ၀ါကြောင့် ခပ်ရွံ့ရွံ့ဖြစ်နေသူ ကျနော့ကို ကလောင်သမားချင်းလို့ တန်းတူသဘောထားပြလိုက်ပုံတို့ဟာ လူလူချင်းဆက်ဆံရေးမှာ အဖိုးတန်အရေးပါလာ ခဲ့တာယနေ့အထိပါခင်ဗျာ။
ဦးခင်ဇော်ဟာ မြန်မာ့အသံကိုဦးစီးတည်ထောင်သူ၊ K ဆိုတဲ့ကလောင်နဲ့ မြန်မာ့ဂီတအကြောင်း အင်္ဂလိပ်လိုရေးသားတဲ့ ဆောင်းပါးများကြောင့် နိုင်ငံတကာက လေးစားသူ၊ မင်းသုဝဏ်ရဲ့ကဗျာတွေကို အသံသွင်းပြီး ကလေးတေးပြုလုပ်သူ စသဖြင့် အောင်မြင်မှုတွေတသီကြီးနဲ့ ပုဂ္ဂလိုလ်ကျော်ကြီးပါ။ ဆရာနဲ့ ဘယ်လောက်များ ရင်းနှီးကြသလဲဆို သူကတယောထိုး ဆရာကစန္ဓရားတီးနဲ့ ဂီတမိတ်ဖက်များတောင် ဖြစ်လိုက်ကြသေး။ ပြည်လမ်းကမြန်မာ့အသံ အဆောက်အဦသစ်ကြီးဖွင့်ပွဲသို့ ဒဂုန်တာရာ ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် တက်ရောက်ခဲ့တာကိုလည်း မမှတ်မိစရာ အကြောင်းမရှိပါ။
တစ်မနက် ဆရာကျနော့ဆီ ရောက်လာတော့ ၀မ်းသာဂုဏ်ယူတာထက် အံ့သြခြင်းက ပိုကြီးနေပြီ။ ဦးခင်ဇော်သာသိရင် သူကိုယ်တိုင်မဟုတ်တောင် တစ်ယောက်ယောက်ကို စောင့်ကြိုခိုင်းမှာ အသေအချာပါ။ ခုတော့ မြန်မာ့အသံမြန်မာပိုင်းအစီအစဉ်မှာ အနိမ့်ဆုံးလစာနဲ့ အလုပ်လုပ်နေသူ ကျနော့စားပွဲရှေ့မှာထိုင်နေတဲ့ ဆရာ့ကို ဘယ်လိုနားလည်ကြရပါလိမ့်၊ သိချင်လိုက်တာ။ B Sc နောက်ဆုံးစာမေးပွဲ ဖြေနေတဲ့ကျနော့ကို မုံရွာသား ကိုချစ်သိန်းဦး (C.T.O)က မောင်အောင်မွန်ဖြစ်နေမှာတော့ ဘွဲ့ရဖို့လိုသေးလားလို့ ပြောဖူးတာကို သတိရမိတော့မှ ရှင်းသွားပေမယ့် ဒဂုန်တာရာကိုယ်တိုင် လာတာကိုတော့ မောင်အောင်မွန်ရဲ့ အရိုးထဲအထိ စွဲသွားပြီးဂုဏ်ယူနေမှာပါ။

(၄)
ဆရာ့ကိုခင်မင်လေးစားတဲ့ စာရေးဆရာဒေါက်တာမောင်မောင်ညို ညစာဖိတ်ကျွေးလို့ စာအကြောင်း စကားဝိုင်းလေးဖြစ်သွားတာ မှတ်မိမှာပါ။ ဆရာနဲ့အတူ မြသန်းတင့်၊ ပါရဂူ၊ လင်းယုန်မောင်မောင်၊ပြီးတော့ မောင်အောင်မွန်ကိုလည်းဖိတ်တယ်။ ကျနော်က ဆရာရေးတဲ့ မြိုင်ဝတ္ထုအကြောင်းစလိုက်တော့ မြသန်းတင့်က မြိုင်ရေးတာ ဗန်းမော်တင်ပါလို့ ထောက်ပြလိုက်တော့ ကျနော့ကိုဝိုင်းကြည့်ကြတယ်။ ခင်မင်လေးစားတဲ့ ဆရာ ဗန်းမော်တင်အောင်နဲ့ဆုံဖူး၊သူ့စာတွေမလွတ်တမ်းဖတ်ခဲ့ပေမယ်လို့ ဘာ့ကြောင့်မှန်းမသိ၊ ရှုမ၀မှာအခန်းဆက် ဖော်ပြခဲ့တဲ့မြိုင်ကျတော့ ကျနော်မဖတ်ဖူးဘူး။
ကျနော်ပြောနေတာက ၁၉၄၈ ခုလောက်က ရှုမ၀မှာပါတဲ့၊ သုံးတန်းကျောင်းသားဘ၀က ပထမဆုံး ဖတ်ခဲ့ဖူးတဲ့ ဒဂုန်တာရာရဲ့မြိုင်ပါ။ ကျနော့အသက်အရွယ်ကို ချင့်ချိန်ကာ မြသန်းတင့်က စေတနာနဲ့ပြင်ပေးဟန် တူပါရဲ့။ကျနော်ကမရပ်ဘဲ ဆက်ပြောရင်း မေဂျာအောင်ထွန်းရဲ့အသံလားဆိုကာ လန့်သွားကြပုံရောက်တော့ ဆရာကပြုံးပြီးခေါင်းညိတ်တယ် မဟုတ်လား။
ဆရာရေ၊ ဒဂုန်တာရာရဲ့မြိုင်က ဘယ်လောက်အထိတောင် လွှမ်းမိုးသလဲဆို ကျနော်အိမ်ထောင်ကျတဲ့ အခါမှာ မြိုင်တို့လို အိပ်ရာခင်းဖြူဖြူ ပရုပ်နံ့သင်းသင်းနဲ့ အိပ်ဖြစ်အောင်အိပ်လိုက်သေးတယ်ဆရာ။ ကျနော့မှာ မေ၀တ္ထုနှစ်အုပ်ရှိပြီး တစ်အုပ်က ၁၉၄၇ ခုနှစ်မှာ ဌေးမြိုင်စာပေဖြန့်ချီရေးက ထုတ်တဲ့ဒုတိယ အကြိမ်ပုံနှိပ်ခြင်းပါ။ အမှာစာရေးသူကိုဗဟိန်းရဲ့ နာမည်အောက်မှာ သူဘယ်သူဆိုတာပါတယ်။ စာရွက်တွေ ဆွေးမြေ့၊စာလုံးတွေမှေးမှိန်နေပေမယ့် တန်ဖိုးရှိမှာနော်။ အောင်ပန်းကို တယ်လီဖုန်းဆက်ပြောတော့ ဆရာ့မှာ မရှိတော့လို့ လိုချင်ကြောင်းပြောတာ မှတ်မိတယ်မဟုတ်လား။
နောက်တစ်အုပ်ကတော့ ၂၀၀၂ ခုနှစ်မှ သီဟရတနာစာပေကထုတ်တဲ့ ဆဌမအကြိမ်ပုံနှိပ်ခြင်းပါ။ အမှာ ရေးသူကိုဗဟိန်း ဘယ်သူဆိုတာမပါတော့ဘူး။ ၀တ္ထုအဆုံး ဒုတိယနောက်ဆုံးစာကြောင်းထဲက “ဖာ” အစား “ပြည့်တန်ဆာ” ဖြစ်နေလို့ ကျနော်စဉ်းစားကြည့်တယ်၊ စကားလုံးပြောင်းပေးရုံနဲ့ မေ့ဘ၀ပြန်ကောင်းလာနိုင် ပါ့မလားလို့။
ဒဂုန်တာရာရေးတဲ့ ဖာဖြစ်လိုသွားတဲ့မေနဲ့ စာပေစီစစ်ရေးက ကယ်တင်လိုက်လို့ ပြည့်တန်ဆာဖြစ်လာတဲ့မေ၊ မေနှစ်ယောက်ကြားဗျာများနေသူ ကတော့ ကျနော်မောင်အောင်မွန်ပါ။ တွေးရင်းဆက်ရေးရပြီ။
အမေရိကန်စာရေးဆရာ Ernest Hemingway ရေးတဲ့ The Old Man and The Sea ကို ၁၉၅၃ ခုနှစ် အတွက် နိုဘဲလ်စာပေဆုပေးတဲ့အခါ၊ ဒီဝတ္ထုထဲက စာလုံးလေးတစ်လုံး ထုတ်လိုက်လျှင် အရသာပေါ့ပျက်သွား နိုင်သလို၊ စာလုံးတစ်လုံးလောက်ထပ်တိုးလိုက်ပြန်လျှင်လည်း လေးအီသွားနိုင်ကြောင်း၊ ရွေးချယ်ရေးကော်မတီ အစီရင်ခံစာထဲ ဖော်ပြထားတာကို ကျနော် ၁၇ နှစ်သားအရွယ်မှာ ဖတ်ခဲ့ရတာ ပြန်သတိရမိတယ်ဆရာ။
ကိုယ်တိုင်ကလောင်ကိုင်လာတော့လည်း စကားလုံးအပိုအလိုမရှိအောင် ကြိုးစားခဲ့သူမို့ မေ၀တ္ထုထဲက စကားလုံးတွေ ဖြုတ်လိုဖြုတ် ပြင်ချင်သလိုပြင်နဲ့ ထင်ရာလျှောက်လုပ်တာခံလိုက်ရတော့ ဆရာဘယ်လိုခံစားရ၊ ဘယ်လောက်ရင်နာမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။ ကိုယ်မွေးလိုက်တဲ့ကလေးရဲ့ ကိုယ်အင်္ဂါကိုဖြတ်ပြီး ခြေတုလက်တုတပ်ပေးတာကို ကြည့်နေရတဲ့ မိခင်ပမာ ဒဂုန်တာရာရဲ့ စိတ်နှလုံးကိုမြင်နေရပါတယ်။ တစ်နေ့ သောအခါမှာတော့ မေ၀တ္ထုကို မိမွေးတိုင်းဖမွေးတိုင်း ဖတ်ကြရတန်ကောင်းပါရဲ့။
(၅)
စကားလေးလုံးနဲ့ မေရဲ့ဘ၀ကိုသရုပ်ပေါ်အောင် ဒဂုန်တာရာရေးပြသွားတာကို သတိရဖို့ဖြစ်လာပြန်ပြီ။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်ကလေကိုရှူ၊ မြန်မာပြည်ကရေကိုသောက်၊ မြန်မာ့မြေပေါ်ကြီးတာချင်းအတူတူ
သူတို့ကအသားမဲလို့
သူတို့ကစကားဝဲလို့
သူတို့ကပညာနဲလို့
သူတို့ကအသပြာမွဲလို့
ဆိုကာ၊ နောက်ချန်ခံကြရ ဘေးဖယ်ခံကြရတယ်။ ဘေးနားက နောက်နားက ကြိုးစားပြီးလိုက်ပြန်တော့လည်း ပခုံးနဲ့တိုက်တာခံရ တတောင်နဲ့တွက်တာခံရလို့၊ ၀င်တိုးလို့မပေါက် ၀င်ရောလို့မရခဲ့ဘူး။ ပက်လက်လက်လန်ကျ နောက်တော့မျောင်းထဲရောက်၊ ရေစီးမျောရာကနေ မောင်အောင်မွန် ဗာဂျီးနီးယားသောင်မှာလာတင်နေတာပါ။
ဒီအမေရိကန်နိုင်ငံမှာ ကမ္ဘာအရပ်ရပ်ကလူတွေ လာရောက်အခြေချနေထိုင်ကြတဲ့ထဲ ဒေါ်လာသန်းနဲ့ချီ ပိုက်ကာ စီးပွါးရေးလာလုပ်ကြသူတွေ၊ ပါရဂူဘွဲ့ရပညာတတ်တွေပါသလို A,B,C,D တစ်လုံးမှမတတ် Yes, No တောင်မသိသူတွေ၊ စားရမဲ့သောက်ရမဲ့ ဒုက္ခသည်တွေ အို စုံလို့စုံလို့။ ရရာဝင်လုပ်ကြတာပဲ။ ရေမျောကမ်းတင် မောင်အောင်မွန်လည်း ရုန်းရင်းကန်ရင်း အောင်ပန်းကိုတယ်လီဖုန်းဆက်ကာ အကြိမ်ကြိမ် စကားပြောခဲ့တာ မှတ်မိတယ်မဟုတ်လားဆရာ။
ဇာတိရွာက စာသင်ကျောင်းအတွက် ငွေလှူခဲ့တယ်၊ ဆေးပေးခန်းအတွက် ဆေးတွေဝယ်ပို့ခဲ့တယ်၊ ရွာစာကြည့်တိုက်မှာ လျှပ်စစ်သွယ်ပေးခဲ့တယ်၊ ကိုယ်တိုင်ထမင်းနှစ်နပ် မစားရတဲ့ရက်များစွာ ကြုံဖူးသူမို့ ရွာသူရွားသား ၄၀၀ ကို လေးကြိမ်ကျ ထမင်းကျွေးခဲ့တာ နှစ်စဉ်နှစ်တိုင်းလိုလိုပါ ဆရာ။
အမေရိကန်က လူတိုင်းကိုင်ရတဲ့ မှတ်ပုံတင်ကပ်မှာ လူမျိုး၊ ကိုးကွယ်တဲ့ဘာသာ၊ အသားအရောင်၊ ပညာအရည်အချင်းဆိုတာတွေ ဘာမှမပါဘူး။ အမည်ရယ်၊ မွေးနေ့ရယ်၊ နေရပ်လိပ်စာရယ်၊ ဓာတ်ပုံရယ် ဘဲပါတယ်။ အုပ်စုဖွဲ့ရမ်းကား အနိုင်ကျင့်တာမခံရအောင် တရားဥပဒေက ကာကွယ်ပေးထားလို့ လုံခြုံတယ်။

(၆)
အဆိုတော်ဘိလပ်ပြန်သန်း ကွယ်လွန်သွားတဲ့နေ့က ဆရာ့ထံတယ်လီဖုန်းဆက်ပြောရင်း၊ ဗကသ ရန်ပုံငွေအတွက် ဥက္ကဌ ကိုလှမောင် (နောင် ဗိုလ်ဇေယျ) လက်ထက်က ရုပ်ရှင်ရိုက်ဖို့ စီစဉ်ကြတဲ့အကြောင်း စကားစပ်မိသွားတယ်။ ကိုသိန်းဖေ (မြင့်) ကဒါရိုက်တာ၊ ကိုဘညွန့် (ချစ်ဒုက္ခ) ကမင်းသား၊ ဆရာဖြစ်သင် ကောလိပ်မှ မသန်းဧ (အဆိုတော်ဘိလပ်ပြန်သန်း) ကမင်းသမီး ဆိုတာ ဒဂုန်တာရာရေးခဲ့တာကိုး။ပြန်ရေးဖို့ တိုက်တွန်းတဲ့အခါ “ ဒီမှာ ဘယ်လိုလုပ်ရေးလို့ရမလဲ၊ ခင်ဗျားက ရေးလို့ရတဲ့နေရာကိုရောက်နေတာမို့ ရေးဖို့ တာဝန်ရှိတယ်၊ မောင်အောင်မွန်ဆိုတာ အလကားနေရင်း ဖြစ်လာတာမဟုတ်ဘူးနော်” လို့ပြောတဲ့အသံ နားထဲ ခုတောင် ကြားယောင်နေတယ်။ ကလောင်တစ်ချောင်းရဲ့ တန်ဖိုးနဲ့တာဝန်ကို သတိရလိုက်လို့လည်း ခေတ်ပြိုင် ဂျာနယ်မှာ” ဗိုလ်ချုပ်အောင်ဆန်း ဗကသ နဲ့ ဘိလပ်ပြန်သန်း” ဆောင်းပါးရေးခဲ့တာ ဆရာဖတ်စေချင်တယ်။
ဆရာက မိတ်ဆွေဆိုတာကို အတော်နှစ်သက်ပုံရတယ်၊ ဆရာ့ကလောင်ခွဲတွေထဲ “ မိတ်ဆွေ” တောင် ပါလိုက်သေး။ ပြီးတော့ ဒဂုန်တာရာပြောနေကျ “ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ” ဆိုတာ ကလည်း လူတိုင်းနှုတ်ဖျားမှာ ရေပန်းစားနေတယ်။ ဒီစာကိုရေးရင်း ပါးစပ်ကရွတ်ကာ မေတ္တာရပ်ခံပါရစေ။ မိတ်ဆွေဆိုတာကို အနက်ဖွင့်တဲ့အခါ၊ အနိုင်ကျင့်ခံနေရသူတွေ၊ခွဲခြားဆက်ဆံခံနေရသူတွေ (Discrimination) ပြောခွင့်ဆိုခွင့်တင်ပြခွင့်ဝေးလို့ အနှိပ်စက်ခံရလို့မှမငိုရဲ ပါးစပ်ရှိပါလျက်ကနဲ့ အသံတိတ်နေရတဲ့ (Voiceless) တွေလည်း ပါဝင်ကြောင်းပြောပြပေးပါခင်ဗျာ။
ဒီစာကိုရေးနေချိန်မှာ ဒဂုန်တာရာရဲ့ “ မတ်လတော်လှန်ရေး “ ကဗျာထဲက “ မိုးပြာကိုဖြတ်၊ ပတ္တမြားရည်စီးလည်အဟုန်၊ နီမြန်းကုန်သည် အရုဏ်ပေါ်စ၀ိုးတ၀ါး”ဆိုတာထက် ကောင်းကင်မှာ အရောင် အသွေးပိုစုံလာနေပြီမို့ အားတက်စရာကောင်းလှပါဘိ။ အဲဒီတော့ ဆရာရယ်၊ ဒဂုန်တာရာရဲ့ ကလောင် စုတ်တန်နဲ့ နင်းပြားတွေအတွက် အရောင်တောက်တောက်ပြောင်ပြောင် မဟုတ်တောင် ခပ်မှေးမှေး ခပ်မှိန်မှိန်၊ အလယ်တို့အမြင့်တို့လို နေရာကောင်းမဟုတ်တောင် ဘေးနားချောင်နားမှာ တစ်ချက်လောက်တို့ပေးပါလား။
အဲဒီအခါမှာ ဒဂုန်တာရာရဲ့ မိတ်ဆွေဆိုတာ ပိုမိုပီပြင် ပိုမိုစုံလင်လာပေလိမ့်မယ်။ ဘယ်လောက်အထိ ကျယ်ဝန်းလေးနက်ကြောင်း သိလာကြမှာပါ ဆရာ။
(၇)
ချယ်ရီမဂ္ဂဇင်းမှာ မောင်အောင်မွန် ရေးခဲ့တဲ့ “ ရွက်လှသည်လည်းပန်း “ ၀တ္ထုကို သတိရပြီး ဒီအတွေး ခေါင်းထဲဝင်လာတာပါ။ သန့်စင်ပန်းက တော်ဝင်တယ်၊ ခံပွင့်က ဂုဏ်ငယ်တယ် ဆိုတာဟာ လူတွေသတ်မှတ် ကြတာလေ။ ကန့်ကော်ပွင့်က သူကသာမြင့်နေနဲ့နီးဆိုပြီး စံပယ်ပွင့်တွေကို ငုံ့ကြည့်မယ်မထင်ဘူး။ ဆူးတွေက နှင်းဆီပွင့်ဖတ်နုအိအိကို ရန်မလိုတဲ့အပြင် အကာအကွယ်ပေးနေတယ် မဟုတ်လား။ သူတို့ပန်းလောကထဲမှာ အပွင့်မရှိတဲ့ ရွက်လှကိုမထည့်ဘဲ ဘေးဖယ်ထား ပထားမယ်ဆိုရင် “ သပြေညို “ လည်းဘယ့်နှယ်လာပန်းဖြစ် အောင်အတိတ် အောင်နမိတ်ဆောင်ပေးနိုင်ပါ့မလဲ။
ဆရာ့သူငယ်ချင်း ဗိုလ်ချုပ်အောင်းဆန်းက နိုင်ငံတော်ဘာသာ ကိစ္စနဲ့ပတ်သက်ပြီး ဒီးဒုတ်ဦးဘချိုကို ပြောခဲ့ပုံလည်း ကျနော့ခေါင်းထဲဝင်လာလို့ အင်း-- ယနေ့မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ငုံ့ကြည့်ရင်း “သက်ရှိသတ္တ၀ါတွေထဲ အသိဥာဏ်အမြင့်ဆုံးလို့ သတ်မှတ်ခံရတဲ့လူစာရင်းထဲပါလျက်သားနဲ့၊ ဘာ့ကြောင့်များ လူလူချင်းလူလိုမမြင် လူသားစိတ်ထား (Humanism) မဲ့နေကြရတာလဲ၊ ပန်းလေးတွေလောက်မှ မလိမ္မာကြ ပါကလား” လို့ ပြောနေတဲ့အသံ ကြားယောင်မိတယ် ဆရာ။
ဆရာ ဒဂုန်တာရာ အမှုတစ်ရာမကြုံဘဲ၊ အသက်တစ်ရာကျော်ရှည်ပါစေ၊ ရာပြည့်ပွဲသို့လာရောက်ကာ ဆရာအင်မတန်လိုချင်နေတဲ့ မေ(ဒုတိယပုံနှိပ်ခြင်း) ကို ကိုယ်တိုင်ကိုယ်ကျပေးအပ်ကာ ဆရာဧည့်ခံမယ့် အောင်ပန်းလိမ္မော်သီးလည်း စားရလိုပါ၏ အရှင်ဘုရားလို့။
ခင်မင်လေးစားလျက်
မောင်အောင်မွန်
ဗာဂျီးနီးယားပြည်နယ်
၂၀၁၃ ခု၊ မေ ၁၀ ရက်