ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တင်အေး ● နိုင်ငံရေးနဲ့ ဘက်

တင်အေး ● နိုင်ငံရေးနဲ့ ဘက်
(မိုးမခ) မေ ၂၄၊ ၂၀၁၇

မတူတဲ့အလုပ်အမျိုးအစားတွေကိုလိုက်လို့ အလုပ်သဘာဝတွေ အမျိုးမျိုးရှိပါတယ်။ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ စက်ရုံအလုပ်သမား၊ လယ်သမား၊ ကုမ္ပဏီဝန်ထမ်း၊ စာရေးဆရာ၊ အားကစားသမား၊ စစ်သား အစရှိလို့ မတူတဲ့ အလုပ် တွေနဲ့အညီ အဲဒီ့အလုပ်တွေကပေးတဲ့ လုပ်ရကိုင်ရစဉ်းစားရတဲ့ သဘောသဘာဝတွေကလည်း မတူကြပါဘူး။ အလုပ်တခုမှာ ကာလရှည်ကြာလုပ်လာမယ်၊ ဘဝတခုလုံး မြှုပ်နှံလုပ်လာမယ်ဆိုရင် လူပုဂ္ဂိုလ်ရဲ့စရိုက်သဘာဝနဲ့ စဉ်းစားတွေးခေါ်ပုံမှာပါ အဲဒီ့အလုပ်သဘာဝက ပြဋ္ဌာန်းပေးလိုက်တဲ့သဘောသဘာဝတွေ ထင်ဟပ်လာပါတယ်။

● သတင်းမီဒီယာသမားနဲ့ သူ့အလုပ်သဘာဝ

အမှန်တရားဘက်ကပဲ လိုက်တယ်ဆိုတဲ့အသံကို အများဆုံးကြားဖူးတာက သတင်းမီဒီယာသမားတွေဆီကပါ။ သတင်းမီဒီ ယာသမားတွေ ပြောတာက ဒီလိုပါ။ သတင်းသမားဆိုတာ ဘယ်ဘက်မှမလိုက်ဘူး၊ မှန်တာကို မှန်တဲ့အတိုင်းပဲ ရေးတယ်၊ တင်ပြတယ်…တဲ့။ ဒါပေမဲ့ … သတင်းမီဒီယာသမားတွေထဲမှာလည်း ဘက်လိုက်ရေးအယူအဆရှိသူတွေ ရှိပါတယ်။ ဗမာ ပြည်မှာလည်း ရှိပါတယ်၊ အထူးသဖြင့် နိုင်ငံရေးနွယ်တဲ့သတင်းမီဒီယာသမားတွေရဲ့အယူအဆပါ။ သူတို့ပြောတာကတော့ ပြည်သူ့ဘက်က လိုက်ရမယ်ဆိုတဲ့ အယူအဆပါ။

ဘက်မလိုက်ဘဲ သတင်းရေးလို့ရသလားဆိုတာလည်း စဉ်းစားစရာပါ။ အဲဒီ့စဉ်းစားစရာကို ၂၀၁၀ ခုနှစ် ထိုင်းနိုင်ငံ၊ ချင်း မိုင်မြို့မှာလုပ်ခဲ့တဲ့ မြန်မာသတင်းသမဂ္ဂရဲ့ (၇) ကြိမ်မြောက်ညီလာခံမှာ မေးမြန်းဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီ့ညီလာခံမှာ စာတမ်းတွေတင်ကြပါတယ်။ အသံလွှင့်သတင်းဌာနကြီးတခုက တာဝန်ရှိသူတဦးကလည်း စာတမ်းတခုတင်ပါတယ်။ သူ့စာ တမ်းနာမည်တော့ မမှတ်မိတော့ပါဘူး၊ မှတ်မိသလောက် သူ့စာတမ်းရဲ့အဓိကအကြောင်းအရာက စိတ်ဝင်စား စရာကောင်း ပါတယ်။ သတင်းမီဒီယာတွေကနေ နိုင်ငံရေးကိုလမ်းပြပေးဖို့အကြောင်းပါ။ အဲသလိုလမ်းပြပေးခဲ့တဲ့အကြောင်းကို သမိုင်းအထောက်အထားတွေနဲ့တင်ပြသွားတာ သဘောတူနိုင်တာ မတူနိုင်တာထား၊ စိတ်ဝင်စားစရာပါ။ အဲဒီ့စာတမ်း ဖတ်ကြား သူပြောတဲ့အထဲမှာ သတင်းသမား ဘက်မလိုက်ရေးလည်း ပါပါတယ်။ သူ့စာတမ်းဖတ်ပြီးတော့ ဆွေးနွေးခန်း အချိန်ရောက် လာတဲ့အခါ ဆွေးနွေးဖြစ်ခဲ့တာလေးရှိပါတယ်။ ဘာဆွေးနွေးခဲ့သလဲဆိုရင် သတင်းရေးတဲ့အခါပဲဖြစ်ဖြစ် သတင်းလွှင့်တဲ့အခါ ပဲဖြစ်ဖြစ် ဘက်လိုက်မှုဆိုတာ ပါမသွားနိုင်ဘူးလား၊ ဥပမာ - စကားလုံး ရွေးချယ်သုံးနှုန်းပုံကိုပဲကြည့်ပါ။ သတင်းတပုဒ်မှာဖော် ပြရမယ့်စကားလုံးမှာ အစိုးရနဲ့စစ်ဖြစ်နေတဲ့ လက်နက်ကိုင်အင်အားစုတွေကို သတင်းထဲမှာ ဘယ်လိုရေးမလဲ၊ တော်လှန် ရေး အင်အားစု၊ သောင်းကျန်းသူ စသဖြင့် ဘယ်လိုသုံးနှုန်းဖော်ပြမလဲ။ တော်လှန်ရေးအင်အားစုလို့ သုံး နှုန်းလိုက်ရင် အစိုးရနဲ့စစ်မက်ဖြစ်နေတဲ့အင်အားစုကိုလိုလားတဲ့သဘော၊ အစိုးရကိုမလိုလားတဲ့ သဘောပါနေပြီ၊ သောင်း ကျန်းသူလို့သုံးနှုန်းဖော်ပြလိုက်ရင် တိုက်ခိုက်နေသူတွေကိုဆန့်ကျင်ပြီး အစိုးရဘက်ကရပ်တည်ပြီး ပြောဆိုဖော်ပြတယ်ဆို တာ ပေါ်လွင်နေပါ တယ်။ အဲဒီ့တော့ သတင်းသမားတယောက်ဟာ ဘက်လိုက်မှုမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလားလို့ ဆွေးနွေးခဲ့ပါတယ်။

အဲဒီ့အသံလွှင့်သတင်းမီဒီယာကြီးက စာတမ်းရှင်ပုဂ္ဂိုလ် ပြန်ဆွေးနွေးတာကတော့… ဟုတ်ပါတယ်၊ စကားလုံးရွေးချယ်သုံး နှုန်းမှုမှာ သတင်းမီဒီယာသမားတွေအတွက် အခက်အခဲတွေရှိနေဆဲပါ။ ဒါပေမဲ့ သူတို့အနေနဲ့ တတ်နိုင်သမျှ ကြား စကားလုံး တွေသုံးဖို့၊ ကြားစကားလုံးဆိုတာ ဘယ်ဘက်မှမလိုက်တဲ့ ကြားစကားလုံးတွေရွေးချယ်သုံးနှုန်းဖို့ အထူး သတိထားပါတယ်…တဲ့။

အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ နိုင်ငံခြားသားသတင်းထောက်တယောက်နဲ့လည်း မေးကြည့်ဖူးပါတယ်။ သူကလည်း သူတို့အနေနဲ့ ကြားစကားလုံးကို တတ်နိုင်သမျှသုံးပါတယ်တဲ့၊ အစိုးရနဲ့ဆန့်ကျင်ဘက်တိုက်ခိုက်နေတဲ့ အဖွဲ့ အစည်းတွေကို သုံးနှုန်းရင် revolutionary၊ insurgent၊ rebellion စသဖြင့် မသုံးဘဲ freedom fighter လို့ သုံးပါတယ်တဲ့။

ဒီနေရာမှာ လေ့လာလို့ရတာကတော့ သတင်းမီဒီယာသမားတွေဟာ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စေ၊ သတင်းမီဒီယာ အဖွဲ့အစည်း တခုအနေနဲ့ဖြစ်စေ ဘယ်ဘက်ကရပ်တည်မလဲဆိုတဲ့ ရပ်တည်မှုသဘော မလွှဲမရှောင်သာ ရှိနေနိုင်ပေမယ့် အလုပ်ရဲ့သဘော သဘာဝကတော့ သတင်းဖြစ်သွားတဲ့ဖြစ်ရပ်တွေကို ဘက်မလိုက်မိစေဘဲ၊ တတ်နိုင်သမျှ အဖြစ်မှန်ကို တိမ်းစောင်းသွားစေမယ့် တင်ပြမှုမျိုးမဖြစ်စေဘဲ၊ ဖြစ်ရပ်အတိုင်း ဖော်ပြတင်ပြရတဲ့ အလုပ်သဘာဝရှိတယ်ဆိုတာတော့ တွေ့ရပါတယ်။

● နိုင်ငံရေးသမားနဲ့ သူ့အလုပ်သဘာဝ

ပြောတတ်ကြပါတယ်၊  နိုင်ငံရေးလုပ်မှာပေါ့ ဝါသနာပါတာကိုး…တဲ့။ တကယ်တော့ နိုင်ငံရေးဆိုတာ ဝါသနာပါလို့လုပ်တဲ့အလုပ်မျိုးမဟုတ်ပါဘူး။ နိုင်ငံရေးလုပ်ဖြစ်လာတဲ့ အကြောင်းခံတွေ အမျိုးမျိုးရှိကြမှာပါ။ အဲဒီ့ထဲကမှ နိုင်ငံရေးလုပ်တယ်ဆိုတာ အများပြည်သူကောင်းကျိုးလုပ်တာပါပဲ။ နိုင်ငံရေးဆိုတာ ပရဟိတအကြီးစားလို့ပြောရင်ကို ပြောလို့ရမယ်ထင်ပါတယ်။ အ များ ကောင်းကျိုးလုပ်တာကိုး၊ အတိအကျပြောရရင် အများ ကောင်းကျိုးကို ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ရတဲ့အလုပ်။ အမှန်ကတော့ နိုင်ငံရေးလုပ်တယ်ဆိုတာ အများအကျိုးလုပ်တာပါ၊ ပြည်သူ့အကျိုးလုပ်တာပါ။ ဝါသနာပါလို့ လုပ်တာ မဟုတ်ဘဲ၊ အသိတရားအရ မနေနိုင်လို့ လုပ်ကြရတာပါ။ အခန့်မသင့်ရင် ထောင်ကျတန်းကျ အသက်ပါသေနိုင်တဲ့ အလုပ်ကြီးက ဝါသနာပါချင်စရာ မကောင်းပါဘူး။ (နိုင်ငံရေးအလုပ် ခေါင်းစဉ်အောက်ကနေ ကိုယ်ကျိုးရှာ၊ ကိုယ်ကျိုးကြီးကြ တာက ကိစ္စတခုပါ။)

နိုင်ငံရေးအလုပ်ဆိုတာလည်း သူ့သဘာဝနဲ့သူရှိတဲ့အလုပ်တမျိုးပါပဲ။ နိုင်ငံရေးအလုပ်သဘာဝမှာ ဘယ်အချက် အဓိကပါ ဝင်သလဲ။

● နိုင်ငံရေးနဲ့ ဘက်
(ဘက်မလိုက်ရေးအယူအဆရှိတဲ့) သတင်းမီဒီယာသမားက သတင်းတပုဒ်တင်ဆက်ဖို့ တတ်နိုင်သမျှဘက်မ လိုက်ရေး စဉ်းစားနေတဲ့အချိန်မှာ နိုင်ငံရေးသမားကတော့ တတ်နိုင်သမျှ ဘက်မလိုက်မိတာမဖြစ်ရေး၊ ဘက်လိုက်ရေးသတိ အမြဲရှိနေ ရပါတယ်။ နိုင်ငံရေးဆိုတာကိုက ဘက်နဲ့လုပ်ရတဲ့ အလုပ်သဘာဝမျိုးပါ။

ဘက်ဆိုတာလည်း သုံးဘက်၊ လေးဘက်၊ ငါးဘက်မရှိပါဘူး။ အမှတ်တရကိုးကားရရင် ဆရာ မောင်ချောနွယ်ရဲ့ ကဗျာထဲ ကအတိုင်း ဘဝမှာ လေးငါးခြောက်ခုမလိုပါဘူး၊ ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ် ၂ မျိုးပဲလိုတယ် … ဆိုသလိုပါပဲ။ ဘက်ဆို တာလည်း သုံးလေးငါးဘက်မရှိပါဘူး၊ ၂ ဘက်ထဲရှိတာပါ။ ဒီမိုကရေစီဘက်လား၊ ဒီမိုကရေစီဆန့်ကျင်တဲ့ဘက် လား ပြည်သူ့ ဘက်လား၊ ပြည်သူကိုဖိနှိပ်တဲ့ဘက်လား၊ ၂ ဘက်ထဲပါ။

နိုင်ငံရေးသမားတယောက်ဟာ ဘက် ၂ ဘက်ရှိတဲ့အထဲမှာ ဘယ်ဘက်လိုက်မလဲဆုံးဖြတ်ရပါတယ်။ သူ လိုက်တဲ့ ဘက်ပေါ် မူတည်ပြီး၊ သူ့ရဲ့စဉ်းစားချက်တွေ၊ အမြင်တွေ၊ နိုင်ငံရေးသဘောထားတွေ၊ လုပ်ဆောင်ချက်တွေဖြစ်ပေါ်ပါတယ်။ နိုင်ငံရေးသမားတယောက်ရဲ့အပြောအဆို၊ အပြုအမူ၊ လုပ်ဆောင်ချက်တွေအားလုံးနဲ့ပတ်သက်ပြီး ပထမဆုံးနဲ့အရေးကြီး ဆုံးအကဲဖြတ်ကြည့်ရှုရမယ့်အချက်ကတော့ ဘယ်ဘက်ကရပ်ပြီး ပြောနေတာလဲ၊ ဘယ်ဘက်ကရပ်ပြီး ပြုမူနေတာလဲ၊ ဘယ်ဘက်က ရပ်ပြီး လုပ်ဆောင်နေတာလဲ ဆိုတာပါပဲ။

တကယ်တော့ ဒီမိုကရေစီဘက်၊ ပြည်သူ့ဘက်က ရပ်တည်သူတွေကိုသာ နိုင်ငံရေးသမားလို့ ခေါ်ကြတာပါ။ ဒီမို ကရေစီ ဆန့်ကျင်တဲ့ဘက်၊ ပြည်သူကိုဖိနှိပ်တဲ့ဘက်က  ရပ်တည်သူတွေကိုတော့ နိုင်ငံရေးသမားလို့ မခေါ်ဘဲ နောက်တမျိုး ခေါ်ကြ ပါတယ်။    ။

တင်အေး