မောင်မောင်စိုး - နှင်းဆီနီနီ အိပ်မက်များ - ၂၂



မောင်မောင်စိုး - နှင်းဆီနီနီ အိပ်မက်များ -  ၂၂
(မိုးမခ) မေ ၈၊ ၂၀၁၇


အထူးတပ်ဖွဲ့
တပ်မာ ၂ တပ်မဟာမှူးရဲဘော်စောထွန်းတင်က မိမိတို့ရောက်ပြီး ရက်ပိုင်းတွင် တပ်မဟာ ၂ ၏ အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်သည်။ တရုတ် ဘာသာဖြင့်တော့ " ထိုက်ကုန်းတွေ့" ဟုခေါ်ပါသည်။ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှူးအဖြစ် တာဝန်ပေးအပ်ခံရသူမှာ လျူ ရဲဟူ ခေါ် ကိုရဲဟူဖြစ်သည်။ သူသည် ပင်လယ်ရပ်ခြားတရုတ်အမျိုးသားတဦးဖြစ်ပြီး လက်ရှိ တပ်မဟာ ၂ တွင် တပ်ခွဲကေဒါတဦးဖြစ်သည်။

အဆိုပါ ဖွဲ့စည်းလိုက်သည့် အထူးတပ်ဖွဲ့မှာ စစ်ရေးရှု ဒေါင့်ကြည့်၍ ဖွဲ့စည်းခဲ့သော စစ်ရေးရည်မှန်းချက်အတွက် ဖွဲ့စည်းခဲ့သော အထူးတပ်ဖွဲ့မဟုတ်ပေ။ နိုင်ငံရေးရှု ဒေါင့်မှကြည့်၍ နိုင်ငံရေးရည်မှန်းအတွက်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုတပ်ဖွဲ့တွင် ဗမာရဲဘော်အများစုနှင့် ဖွဲ့စည်းခဲ့သည်။ ယခုမှရောက်လာသည့် စစ်သင်တန်းပင်မတက်ဘူးသေးသော မိမိတို့ ၃ ယောက် ကင်းတပ်စုမှ ရဲဘော်သိန်းဆွေ ရဲဘော်စန်းမောင် ရင်း ၃ မှ ရဲဘော်ဇော်ထွန်း ရဲဘော်ရန်နိုင်နှင့် အခြား ဝ ရဲဘော် လေးငါးယောက်ခန့်ပါဝင်သည်။

ဤကား အရှေ့မြောက်အခြေခံဒေသတပ်ဖွဲ့များအတွင်း ပြောင်းလဲလာ နေသောအခြေအနေများကိုထင်ဟပ်ပြသနေခြင်းသည်။ အရှေ့မြောက်အခြေခံဒေသတွင် ယခင် CPB လူဟောင်းများနှင့်ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်များကို အခြေပြု ခဲ့သည်မှာ မှန်သော်လည်း တပ်အင်အားတိုးချဲ့ ဖွဲ့စည်းရာတွင် နယ်စပ် တရုတ်နယ်နမိတ်တွင်းရှိ တိုင်းရင်းသားများကိုပါ နိုင်ငံတကာတော် လှန် ရေးများကို ကူညီကြရန် လှုံ့ဆော်လိုက်ရာ နယ်စပ်ကိုဖြတ်ကျော်၍ CPB တပ်ဖွဲ့ တွင်းသို့ ဝင်ရောက်လာကြသည်။ ထိုသူများကို ဘောင်းဘီလိပ်များဟု ခေါ်ကြ
သည်။

ဝမ်တိန်ချောင်း မုန်းကိုးချောင်းအားဖြတ်ကူး၍ ဗမာပြည်ထဲသို့ဝင်ရာတွင် ဘောင်းဘီရှည်ရေမစိုစေရန် လိပ်၍ ဖြတ်ကူးခဲ့ရသည်ကို အနက်စွဲ၍ ခေါ်ကြခြင်းဖြစ်သည်။ ထိုထဲတွင် နယ်စပ်ရှိ တိုင်းရင်းသားလူငယ်များပါသ ကဲ့သို့ ယူနန်ပြည်နယ်သာမက အတွင်းပိုင်း ဘေကျင်းမြို့ တော်အပါဒေသများ မှ တရုတ်လူငယ်များသည်လည်း ယဉ်ကျေးမှု တော်လှန်ရေး တပ်နီလူငယ် လှု ပ်ရှားမှု အရှိန်နှင့် CPB တပ်ဖွဲ့တွင်းသို့ရောက်ရှိလာခဲ့သည်။ ဘောင်းဘီ လိပ်များသည် ကိုယ်ဆန္ဒနှင့်ကိုယ် ကိုယ်ရောက်လာခဲ့ကြသည့် လူငယ်များ ဖြစ်ကြ ပြီး ၁၆ နှစ်နှင့် အသက် ၂၀ ကြားများဖြစ်ကြသည်။

နောက်ထပ်တရုတ်ပြည်က လာကြသူများသည့်အသုတ်အား လက်ဝဲကူညီရေးဟုခေါ်ကြသည်။ ထိုသူများကတော့ တရုတ်လွတ်မြောက်ရေးတပ်မတော်တွင်း တပ်သား တပ်စိတ်မှူး တပ်စုမှူးစသည့်တာဝန်ယူနေသည့် တိုင်းရင်းသားများကို ရွေးချယ်စေလွှတ်ထားသူများဖြစ်သည်။ ၁၉၆၈ ခုနှစ် အရှေ့မြောက်အခြေခံစခန်းဖွင့်လှစ်ပြီး တပ်အင်အားရုတ်ချ ည်းတိုးပွါးလာရာ ပြသနာတခုပေါ်လာသည်။ ၎င်းမှာ လေ့ကျင့်ထားသော တပ်စိတ် တပ်စု တပ်ခွဲကေဒါ မလုံလောက်ခြင်း မရှိခြင်းဖြစ်သည်။ ထို့ပြင် CPB လူဟောင်းများနှင့် ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်များမှာ အနဲဆုံး အသက် ၄၀ နှင့် ၅၀ တန်းများဖြစ်ကြရာ တပ်စိတ် တပ်စု တပ်ခွဲ အဆင့်ခေါင်းဆောင်ရန် အခက်အခဲရှိနေသည်။ ထိုအဆင့်များ၌ အသက် ၂၀ မှ အများဆုံး ၃၀ အတွင်းရှိ သွက်လက်ဖြတ်
လတ်သော လူငယ်များဖြစ်ရန် လိုအပ်ပေရာ ထိုပြသနာကို ဖြေရှင်းနိုင်ရန် တရုတ်ကွန်မြူ နစ်ပါတီမှ တရုတ်တပ်မတော် လေ့ကျင့်ထားသော တိုင်းရင်းသားစစ်သည်များစေလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

၁၉၆၈ မှစ၍ တရုတ်မှလာရောက်ကူညီသည့်အဖွဲ့တဖွဲ့မှာ စစ်အကြံပေးအဖွဲ့ဟုသိရသည်။ တရုတ်လွတ်မြောက်ရေးတပ်မတော် မှ တပ်မတော်တခု၏ ဒုတပ်မတော်မှူးဦးစီးသည့်အဖွဲ့တဖွဲ့သည့် အရှေ့မြောက်ခေါင်းဆောင်များကို စစ်အကြံပေးတာဝန်ယူပေးခဲ့သည်။

ထိုစစ်အကြံပေးအဖွဲ့သည် ၁၉၇၀ ခုနှစ် ကွန်လုံ ဟိုက်ကဘားတိုက်ပွဲနောက်ပိုင်း ပြန်လည်ထွက်ခွါသွားခဲ့ပြီဖြစ်သည်။ ထိုစစ်အကြံပေးအဖွဲ့၏ ပါဝင်မှု နှင့်ပတ်သက်၍ တရုတ်ပါတီသဘောထားဆိုသည်ထက် ထိုစဉ်က
လက်စောင်းထက်နေသည့် မာရှယ်လင်ပြောင်၏ အစွန်းရောက် သဘောထား ဟုဆိုကြသည်။ ထိုစဉ် တရုတ်မြန်မာနယ်စပ်တွင်ရှိနေသော တရုတ်လွတ်မြောက်ရေးတပ်မတော်၏ အမှတ် ၅၄ တပ်မတော်မှာ လင်ပြောင်သြဇာရှိသည့် တပ်ဟုဆိုကြသည်။ လက်တွေ့တွင်လည်း ၁၉၇၀ ခုနှစ် လင်ပြောင် သေဆုံးပြီးနောက်ပိုင်းတွင် ထိုစစ်အကြံပေးအဖွဲ့လည်း အရှေ့မြောက်မှ ပြန်လည် ထွက်ခွါသွားခဲ့သည်။

လက်ဝဲကူညီရေးအဖွဲ့မှ အများစုသည်လည်း ၁၉၇၅ ခုနှစ်တွင် အများစုပြန်လည်ထွက်ခွါသွားသည်ဟု ဆိုပါသည်။ ၁၉၇၅ ခုနှစ်၌ အဆိုပါလက်ဝဲကူညီရေးမှ လာရောက်သူများသည် CPB တပ်ဖွဲ့များတွင် တပ်ခွဲ တပ်ရင်း စသည့် အဆင့်ဆင့်တွင် နေရာရလာပြီးနောက်ပိုင်း စုဝေး၍ အရှေ့မြောက်ခေါင်း ဆောင်များအား ၎င်းတို့၏ မကြေနပ်ချက်များကို တင်ပြကြရာ ဂိုဏ်းဂဏပုံစံ ဆောင်လာ၍ တရုတ်နှင့်ညှိ၍ ဆန္ဒပြမှု တွင် ပါဝင်သည့် အများစုကို တရုတ်ပြည်သို့ ပြန်ပို့ခဲ့ရသည်ဟုဆိုသည်။

သို့ဖြစ်ရာ ယခု မိမိတို့ရောက်ရှိချိန် ၁၉၇၆ ခုနှစ်တွင် စစ်အကြံပေးအဖွဲ့ မရှိတော့။ လက်ဝဲကူညီရေးအဖွဲ့မှ အများစုပြန်သွားခဲ့ပြီ။ ဘောင်းဘီလိပ်များ ကျန်နေသေးသော်လည်း ယဉ်ကျေးမှု တော်လှန်ရေးမှ အစပြု ခဲ့သည့် တက်ကြွသည့် စိတ်ဓါတ်အရှိန်အဟုန်များ ရော့ပါးစပြု နေပြီဖြစ်သည်။

အရှေ့မြောက်ဒေသ CPB တပ်ဖွဲ့များသည် ၁၉၆၈ စတင်ဝင်ရောက်ချိန်တွင် တရုတ်ပြည်မှ ဘောင်းဘီလိပ်များ လက်ဝဲကူညီရေးအဖွဲ့များဖြင့် အင်အားအမြန်ပြည့်လာပြီးနောက် ၁၉၇၀ နောက်ပိုင်းမှစ၍ ဒေသခံများအား စည်းရုံးသိမ်းသွင်းပြီး အင်အားဖြည့်တင်းနိုင်ခဲ့သည်။ အများစုကတော့ ဝ ရဲဘော်များဖြစ်ကြသည်။ စတင်ခေါင်းဆောင်ကြသည့် CPB လူဟောင်းများနှင့် ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်များသည် တရုတ်ပြည်တွင်း ၁၇ နှစ်နီးပါးကြာနေထိုင် ခဲ့ကြသည်ဖြစ်ရာ တရုတ်စကားကောင်းစွာပြောဆိုင်ကြသည်။ အလတ်ဆင့်ကေဒါများ ဖြစ်လာကြသည့် တရုတ်ပြည်မှရဲဘော်များသည်လည်း ဗမာစကား မပြောတတ်ကြဘဲ တရုတ်စကားသာ ပြောတတ်ကြရာ အရှေ့မြောက် CPB တပ်ဖွဲ့တွင်း အမိန့်ပေးသည်မှစ၍ တရုတ်လိုသာ ပြောဆိုကြသည်။

ထို့ပြင် ဒေသခံအများစုမှာ ဗမာစကားမတတ်ကြပေ။ ထို့ကြောင့် ဝင်ရောက်လာသည့် ဒေသခံများသည်လည်း တရုတ်စကားဖြင့် ပြောဆိုသည့် အမိန့်ပေးစနစ်နှင့် နေ့စဉ်ဘဝသုံးစကားကို တရုတ်စကားဖြင့်ပြောဆိုခြင်းဖြင့်သာ လည်ပတ်နေကြရသည်။ ထိုဒေသသည် တိုင်းရင်းသားဒေသများဖြစ်ပေရာ ဗမာလူမျိုးများနေထိုင်ခြင်းမရှိသကဲ့သို့ တပ်တွင်း၌လည်း CPB ရဲဘော်ဟောင်းများမှအပ ဗမာမရှိပေ။ သို့ဖြစ်ရာ ဒေသခံများအနေနှင့် တရုတ် စကားပြောသော ကွန်မြူ နစ်တပ်အဖြစ်သာ မြင်နေခဲ့ကြသည်။

အရှေ့မြောက်သို့ အောက်ပြည်အောက်ရွာမှ ဗမာရဲဘော်များ စတင် ရောက်ရှိလာသည်မှာ ၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်ကစ၍ ဖြစ်သည်။ ရှမ်းပြည် အလယ်ပိုင်းမှ ရဲဘော်များစတင်ရောက်ရှိကြခြင်းဖြစ်သော်လည်း အရှေ့
မြောက်တပ်များတွင် ပါဝင်ခြင်းမရှိခဲ့ပေ။

အရှေ့မြောက်သို့ မန္တလေး ပုလင်းဝင်းမှ ဦးဆုံးလာရောက်ခဲ့သူမှာ  ကိုသက်ခိုင် ( နောင် ရန်ကုန် မြေအောက်ခေါင်းဆောင်ဖြစ်လာသူ) ဖြစ်ပြီး ၁၉၇၁ နှစ်ကုန်ပိုင်းတွင် စတင်ရောက်ရှိခဲ့သည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် သူ၏လူများဖြစ်သော ကိုအောင်ငွေ ကိုကျော်ရတို့ ထပ်မံရောက်ရှိခဲ့သည်။  ထိုသူတို့၏အဆက်အနွယ်များဖြစ်ကြသော ကိုသန်းမောင် ကိုထွန်းအေး ကိုသိန်းဇော် ကိုခါးသူ ကိုသိန်ဝင်းစသည့် မန္တလေးပုလင်းဝင်းအဆက်အနွယ်များသည်လည်း ၁၉၇၄ ခန့်တွင် စတင်ရောက်ရှိခဲ့သည်။

ထိုသူများအားအခြေပြု ၍ အရှေ့မြောက်ခေါင်းဆောင်များအနေနှင့် မြေအောက်လုပ်ငန်းများ အစပြုရန် ကြံရွယ်သော်လည်း ထိုစဉ်က ပဲခူးရိုးမ ဗဟိုမှ မြေအောက်လုပ်ငန်းကို ကိုင်တွယ်နေသည်ဖြစ်ရာ အရှေ့မြောက်မှ ပါဝင် လုပ်ကိုင်၍ မရသေးချေ ။ သို့ဖြစ်ရာ အရှေ့မြောက်သို့ အစောပိုင်းရောက်သည့် ထိုရဲဘော်များအား ရုံးဌာနနှင့်ဒေသတွင်းရှိ CPB ဗမာရဲဘော်ဟောင်းများနားတွင်သာ ကပ်ထားပြီး တာဝန်ပေးခဲ့သည်။ အရှေ့မြောက် တိုက်ခိုက်ရေးတပ်ဖွဲ့များအတွင်း တာဝန်ပေးအပ်ခြင်း မရှိခဲ့ပေ။ ၁၉၇၅ ခုနှစ် ပဲခူးရိုးမ ဗဟိုကျ ပြီးနောက် မြေအောက်လုပ်ငန်းကို ရဲဘော်ထွန်းစတင် တာဝန်ယူသည်မှစ၍ ကိုသက်ခိုင် ကိုကျော်ရ ကိုအောင်ငွေ စသူများသည် ရဲဘော်ထွန်း၏ မြေအောက်အဖွဲ့တွင် ပါဝင်သွားခဲ့သည်။ အချို့က ပြည်သူအသံတွင်၎င်း
အခြားဌာနများတွင်၎င်း ရောက်ရှိသွားကြသည်။

သို့သော် ၁၉၇၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဗမာရဲဘော်အတော်များများ အရှေ့မြောက်သို့ ရောက်ရှိလာခဲ့ကြတော့သည်။ ထိုအထဲတွင် ၁၉၇၄ / ၇၅ လှု ပ်ရှားမှု များ ထွက်ပြေးလာသူများလည်းပါသည်။ ဗန်းမော်မှလည်း အယောက် ၂၀ ကျော်ခန့် ရောက်လာကြသည်။ ထိုသူအားလုံးသည် CPB မြေအောက်မှ စည်းရုံးထားသည်ဆိုသည်ထက် မိမိဖါသာတက်ကြွစွာ လှု ပ်ရှားပြီး ပါတီအခြေခံဒေသသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

၁၉၇၄ /၇၅ လောက်မှစပြီး ဗန်းမော်မြို့ တွင် အစိုးရဘဏ်ဝန်ထမ်း ဦးလှရွှေ လူမှု ဝန်ထမ်းဦးစီးမှ ဝန်ထမ်းတဦးဖြစ်သူ နာဂလှအောင်နှင့် ဦးဘတင့်တို့ ဦးစီး၍ မဆလဆန့်ကျင်ရေးအား တက်ကြွစွာစည်းရုံးလှု ပ်ရှား
ပြီး CPB လိုလားသည့် လူငယ်များအား စည်းရုံးလှု ပ်ရှားခဲ့ရာ ဗန်းမော်ကျောင်းသားနှင့် အလုပ်လုပ်နေကြသူများစွာကို စည်းရုံးမိခဲ့ပြီး ၁၉၇၅ အောက်တိုဘာ နိုဝင်ဘာလများအတွင်း ဗန်းမော်မှ လူငယ် ၂၀ ကျော် ၃၀ နီးပါး အရှေ့မြောက်အခြေခံဒေသ မုန်းကိုးသို့ ရောက်ရှိခဲ့သည်။ သို့သော် ထို အသုတ်ရောက်လာပြီး နောက်ထပ်ရောက်မလာနိုင်တော့ပါ။ ဗန်းမော်မှ လူငယ်အမြောက်အများ အရှေ့မြောက်သို့ရောက်သွားသည့် သတင်းထွက်ပေါ်ပြီးနော် ဗန်းမော်မှ ဦးဆောင်စည်းရုံးကြသည့် ဦးလှရွှေ ဦးဘတင့်အပါ ၆ ဦး ခန့်အား ထောက်လှမ်းရေးက ဖမ်းဆီးထောင်ချခြင်းခံလိုက်ရ၍ဖြစ်သည်။

ထိုသို့ရောက်လာသည့် လူငယ်အများစုအား ရှေ့တန်းတိုက်ခိုက်ရေး တပ်ဖြစ်သည့် တပ်မဟာ ၂ သို့ ပို့ဆောင်တာဝန်ပေးခဲ့သသည်။ သို့နှင့် တလျောက်လုံး အောက်ပြည်အောက်ရွာမှ ဗမာရဲဘော်မရှိသည့် ရှေ့တန်းတပ်တွင် ဗမာရဲဘော်များစတင်ရောက်ရှိလာတော့သည်။ တပ်မဟာတခုလုံးအင်အားနှင့်နှို င်းစာလျင် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း တပ်ဖွဲ့တွင်းတွင်၎င်းဒေသခံပြည်သူများအတွင်းတွင်၎င်း ထူးခြားသည့်အပြောင်းအလဲတခုဖြစ် လာခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။

ဒေသတွင်းတိုင်းရင်းသားများတွင်လည်း စွဲမြဲနေသည့်အမြင်တခုရှိသည်။ ၎င်းမှာ မဆလအစိုးရတပ်အား ဗမာတပ်ဟုကြည့်မြင်ခြင်းဖြစ်သည်။ စစ်တပ်အား CPB မှသုံးနှုံးသကဲ့သို့ မဆလတပ် စစ်အာဏာရှင်များတပ် စသည်ကဲ့သို့လည်း သုံနှုံးခြင်းမရှိသကဲ့သို့ အစိုးရတပ် တပ်မတော် စစ်တပ်စသည်ကဲ့သို့သုံးနှုံးခြင်းမရှိပါ။ အစိုးရစစ်တပ်လာသည်ကို ကချင်ဖြစ်စေ ရှမ်းဖြစ်စေ ပလောင်ဖြစ်စေ တရုတ်ဖြစ်စေ " ဗမာလာပြီ" ဟုသာသုံးစွဲကြသည်။ သူတို့အဖို့ အစိုးရစစ်တပ်နှင့် ဗမာသည်ထပ်တူထပ်မျှ ဖြစ်နေသည်။

သူတို့နှင့်တိုက်ခိုက်နေသော ရန်သူမှာ မဆလအစိုးရဟုမမြင်ဘဲ ဗမာ ဟုမြင်နေသည်။ ထိုအခြေအနေအောက်တွင် CPB တပ်ဖွဲ့တွင် ရောက်လာသော ဗမာရဲဘော်အချို့ အား အထူးတပ်ဖွဲ့အဖြစ် စုဖွဲ့ကာ အထူးသဖြင့် ပြောက်ကျားဒေသတွင်း လှည့်ပတ်စေပြီး လူထုအားကောင်းမွန်ဆက်ဆံစေခြင်း လူထုစည်းကမ်းလိုက်နာမှု ပြသခြင်းဖြင့် လူထုအားစည်းရုံးရေးဆင်းရန် တပ်မဟာမှူးရဲဘော်စောထွန်းတင်က ရည်ရွယ်ခဲ့ခြင်းဖြစ်ပေသည်။

သို့နှင့် မိမိတို့တပ်ဖွဲ့အား ရဲဘော်ရဲဟူ၏စုစည်းမှု ဖြင့်ချက်ခြင်း ဖွဲ့စည်းလိုက်တော့သည်။ ကင်းတပ်စုနှင့်ရင်း ၃ က ရဲဘော် ၄ ယောက်က ဗန်းမော်ကဖြစ်ကြသည်။ ကျန်ရဲဘော်များကတော့ ဝ ရဲဘော်လေးများဖြစ်ကြ သည်။ ထို ဝ ရဲဘော်များထဲတယောက်ကတော့ အလုပ်လုပ်ရာတွင်လည်း တက်ကြွသကဲ့သို့ မိမိတို့ထံမှ ဗမာစကား ဗမာစာသင်ရာတွင်လည်းတက်ကြွသည့် ရဲဘော်ဆမ်ပရားဖြစ်သည်။ သူသည် နောင် ၁၉၈၆/၁၉၈၇ ခန့်တွင် တပ်မဟာ ၂ ရင်း ၃ တွင် ဒုရင်းမှူးဖြစ်လာပြီး CPB ပျက်ပြီးနောက် မိုင်းလားတပ်
ဖွဲ့သို့ရောက်သွားကာ တပ်မဟာမှူးအထိ တာဝန်ယူခဲ့သည်။ ယခုတော့ မိုင်းလားဒေသအုပ်ချုပ်ရေးတွင်တာဝန်ယူလျက်ရှိသည်။

စစ်ရေးလှုပ်ရှားမှု
မိမိတို့အား ရောက်မဆိုက် တပ်ဖွဲ့ငယ်တခုတွင်းထည့်သွင်းဖွဲ့စည်းပြီး၍ ရက်ပိုင်းအတွင်းပင် သေနတ်သံစတင်ကြားရတော့သည်။ အစိုးရစစ် ကြောင်းတကြောင်းသည် တပ်မဟာ ၂ မှကာကင်းထားသည့်ရွာအား ဝင်ရောက်လာခဲ့ရာ မိမိတို့တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွါးတော့သည်။ ထိုရွာမှ မိမိတို့ ဆိုက်ခေါင်မရောက်ခင် ရဲဘော်ဥာဏ်ထွန်းနှင့် တွေ့ခဲ့သည့်ရွာဖြစ်ပြီး တိုက်ပွဲက သူတို့တပ်ခွဲနှင့်ဖြစ်ပွါးခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် ရဲဘော်ဥာဏ်ထွန်း ကျဆုံးသွားသည်ဟုကြားသိရသည်။

လပိုင်းအတွင်းဗမာရဲဘော်ထဲက ဒုတိယမြောက်ကျဆုံးခြင်းဖြစ်သည် ဟုသိရသည်။ ပြီးခဲ့သောလပိုင်းကလည်း မုန်းကျီး နားလယ်အနီးတိုက်ပွဲတခုတွင် ဗန်းမော်ကလာသည့်ရဲဘော်တဦးဖြစ်သည့် ရဲဘော်ပန်းအောင်ကျဆုံးခဲ့သည်ပြီးဖြစ်သည်။ အစိုးရစစ်ကြောင်း မိမိတို့ တပ်မဟာ ၂ ရုံးနားကပ်လာသဖြင့် ထိုနေ့မှာပင် မိမိတို့ တပ်မဟာရုံးနှင့် အထူးတပ်ရင်းတို့ နေရာရွှေ့ရသည်။ မိမိတို့ရောက်ကထဲက လေးငါးရက်ခန့်ငြိမ်နေသောတပ်ဖွဲ့သည် အမိန့်ရသည်နှင့် ခဏတွင်းမှာပင် ခရီးထွက်ရန်အသင့်ဖြစ်သွားသည်။ ရဲဘော်တို့အားလုံးသည် နီးကပ်လာသောသေနတ်သံကြောင့် စိတ်လှု ပ်ရှားတက်ကြွနေသည်။

မန်ရှိုးမှ ထွက်လာတော့ ၃ ယောက်ထဲ ၂ ရက်လျှောက်ခဲ့ရသည်။ မုန်းကိုးကထွက်တော့ ၄ ရက်လျောက်ခဲ့ရသည်။ လူအင်အား ၁၀ ယောက်ကျော်မျှသာဖြစ်သည်။ ယခုတော့ ဘယ်နှစ်ရက်လျှောက်ရမှန်းမည်မှန်းမသိသေးသော်လည်း အင်အားက ရာနှင့်ချီနေသည်။ အားလုံးကိုယ်စီ၌လည်း လက်နက်ကြီး ငယ် ကိုယ်စီနှင့်ဖြစ်သည်။ ရှေ့တမျှော်တခေါ် နောက်သို့လည်း တမျှော်တခေါ်ဖြစ်သည်။ နေ့ပိုင်း စစ်ချီ တက်ရာတွင် ရဲဘော်တယောက်နှင့် တယောက်ကြား ၁၀ ပေခန့်ခြား၍ ချီ တက်ရသည်ဖြစ်ရာ လူ သုံးလေးရာဆိုလျင် နဲသည့်
လူတန်းကြီမဟုတ်ပေ။

အစိမ်းရောင်သစ်တောအုပ်တွင်းက စစ်သည်များကြားချီတက်ရင်း ပြီးခဲ့သောလေးငါးရက်အတွင်းက တွေ့ခဲ့သော ရဲဘော်ဥာဏ်ထွန်းက မိမိတို့အားပြုံးရွှင်စွာနှု တ်ဆက်ရင်း နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့ဗျာဟုပြောဆိုခဲ့သည်ကို ကြားယောင်မိသည်။ ထို့အတူ မိမိတို့လည်း သေခြင်းတရားနှင့် နီးကပ်စွာလျှောက်လှမ်းနေရပြီဆိုသည်ကို သတိမူမိသည်။

ဆက်လက်ဖေါ်ပြပါမည်

မောင်မောင်စိုး