ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၆)

 မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၆)
(မိုးမခ) မေ ၂၀၊ ၂၀၁၇

● ရဲဘော်အိုက်အေး

အရပ်ကပုပု အပေါ်သွားလေးနဲနဲရှေ့ထွက်သော ရဲဘော်အိုက်အေးကား မိမိနှင့် ဦးစွာခင်မင်ခဲ့သော ဗန်းမော်မှရဲဘော် တဦးဖြစ်ပြီး ယနေ့တိုင်လည်း အခင်အမင်မပျက်သေးချေ။ တကယ်တော့ မိမိနှင့်မှမဟုတ်ပေ။ သူသည် လူချစ်လူခင်ပေါများ သူဖြစ်သည်။ သူသည် ရှမ်းဗမာတဦးဖြစ်သော်လည်း သူ့အား ဘာဘူတန်းဟုလည်းခေါ်ကြသည်။ တပ်ထဲသို့မလာမှီ သစ်တော တွင် လုပ်ခဲ့ဘူးသူတဦးဖြစ်ရာ တောတွင်းအတွေ့အကြုံ ရှိပြီးသူတဦးဟု ဆိုရမည်။

လူပုသော်လည်း ရှည်လျားလေးလံသော အမ် ၁၄ သေနတ်ကို ထမ်းသူဖြစ်သည်။ မဆလ အစိုးရတပ်သုံး ဂျီ ၃ ဂျီ ၄ များနှင့် ကျည်ဆံတူဖြစ်သည်။ ပုံမှန် တပ်သုံး အမ် ၂၁ အမ် ၂၂ တို့ထက်များစွာလေးလံ၍ တော်တန်ရုံရဲဘော်များ မကိုင်ချင်ကြပေ။ သို့သော် အမ် ၁၄ သေနတ်သည် အမ် ၂၂ သေနတ်နှင့် စာလျင် တိုက်ပွဲအတွင်း ပစ်ခတ်သံ ဟိန်းဟိန်းညံနေပြီး ပြင်းအား ပိုသည်။ စစ်ချီတက်ပြီဆိုလျင် အမ် ၁၄ သေနတ်အပြင် ဖေါက်ခွဲရေးတပ်စုမှဖြစ်၍ တီအင်တီ ယမ်းထုပ် တထုပ် ထမ်းထားသော သူ့အားမမောမပမ်းတွေ့ရတတ်သည်။

သို့သော် တနေရာရောက်၍ စခန်းချ ပါက မိမိတို့က ပိုးလို့ပက်လက်အမောဖြေနေစဉ်တွင် သူကမမောမပမ်းလျှောက်သွားနေပြီး လုပ်စရာရှိသည်ကို လုပ်နေတတ်သည်။ ရဲဘော်တွေ လိုအပ်သည့်အကူအညီပေးရန်အသင့်ရှိနေတတ်သလို မဆိုင်းမတွ ဝိုင်းဝန်းကူညီပေးတတ်သည်။ ငရုတ်သီးအစိမ်းတောင့်ဖြင့် ထမင်းမြို ချနေတတ်သော မိမိအား သူရှာဖွေတောင်းရမ်းလာသည့် ငရုတ်သီးတောင့်များ တကူးတကလာပေးတတ်သူဖြစ်သည်။ မိမိကဲ့သို့ပင် ရဲဘော်တိုင်း၏ လိုအပ်ချက်ကို လိုက်လံ ကူညီပေး လေ့ရှိသဖြင့် သူအားလူချစ်လူခင်များပါသည်။ ထို့ပြင် သူလာလျင် ရီမောစရာဟာသတခုပါလာတတ်သည်။ အမောများထဲမှ အပြုံးအပျော်များ ရရှိသည်။ သူသည်ဗန်းမော်မှလာသောရဲဘော်များထဲတွင် ထူးခြားသူဟု ဆိုရမည်။

● တပ်နီရဲဘော်များ
သူတို့ကား တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးအတွင်းက ထွက်ပေါ်လာသော တပ်နီလူငယ်များဖြစ်သည်။ သူတို့သည် လည်း တရုတ်ကျောင်းသားငယ်များဘဝမှ နိုင်ငံတကာရှိ အဖိနှိပ်ခံပြည်သူများ ပစ္စည်းမဲ့များလွတ်မြောက်ရေးဆိုသည့် နိုင်ငံ ရေး ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသူများဖြစ်သည်။ ထိုအထဲတွင် တရုတ်မြန်မာနယ်စပ်ရှိမြို့ငယ်လေးများ ကလည်းပါသည်။ ခွင်းမင် ဘေကျင်းစသည့် အတွင်းမြို့ကြီး ပြကြီးများမှလည်းပါဝင်သည်။ သူတို့သည် တရုတ်ယဉ်ကျေးမှု တော်လှန်ရေးက ပုံသွင်းပေးလိုက်သူများဟုဆိုနိုင်သည်။

ထိုသူများနှင့်ပတ်သက်၍ မြန်မာအမျိုးသားရေးအမြင်ဖက်ကကြည့်လျင် သူတို့သည် မြန်မာပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သူများဖြစ်သည်။ မြန်မာပြည်ထဲ ကျူးကျော်ဝင်ရောက်သူများဖြစ်ကြသည်။ သူတို့ဖက်ကကြည့်လျင် သူတို့သည် နိုင်ငံတကာတော်လှန်ရေးကို လာရောက်ကူညီသူများ ဖြစ်ကြသည်။ နိုင်ငံတကာတော်လှန်ရေးသမား ချေဂွေဗားရားကို သူတို့လက်ညှိုးထိုးပြနိုင်သည်။ ထို့ပြင် သူတို့သည် သူတို့သဘောနှင့် သူတို့လာကြသည်ဆိုသော်လည်း CPB လက်ခံ၍ လာ ကြခြင်းလည်းဖြစ်သည်။ ထို့အတူ CPB ဗမာပြည်ကွန်မြူ နစ်ပါတီ၏ခေါင်းဆောင်မှုကိုနာခံ၍ တိုက်ခြင်းလည်းဖြစ်သည်။

အမျိုးသားရေးအမြင်ဘက်က ကြည့်ရှုမှုနှင့် နိုင်ငံတကာအမြင်ဘက်က ကြည့်ရှုမှုတို့ ဆန့်ကျင်ဘက်ဖြစ်သည်။ သူတို့ပါဝင် သည့်ဘက်သည် အနိုင်ရသည့်ဘက်သာဖြစ်ပါက သူတို့သည် ချေဂွေဗားရားများ ဖြစ်ကြပေလိမ့်မည်။ သူတို့ပါဝင်သည့်ဘက်က အရေးနိမ့်သည်အခါ သူတို့သည် သူတပါးတိုင်းပြည်အရေးကို ဝင်ရောက်စွက်ဖက်သူများ အဖြစ်သတ်မှတ်ခြင်းခံရတော့သည်။ သမိုင်းဆိုသည်မှာ နိုင်သောသူများကသာ ရေးလေ့ရှိကြသည်။

သို့ဖြစ်ပေရာ နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာ အကြောင်းအချင်းအရာအောက်မှ အရှေ့မြောက်ရောက် တပ်နီလူငယ်များဟု ဆိုရပေမည်။ သူတို့တဦးချင်းအရပြောလျင် သူတို့သည် CPB ၏ခေါင်းဆောင်ညွှန်ကြားမှု အောက်တွင်သူတို့ဘဝ သူတို့အ သက်ကို ပေးခဲ့ကြသည်ဟု ဆိုကြပေလိမ့်မည်။ သူတို့၏ ကိုယ်ကျိုးစီပွားမပါခဲ့ဟု ဆိုကြပေလိမ့်မည်။ မိမိနှင့်ကြုံတွေ့ခဲ့သော ၁၉၇၆ ခုနှစ်အထိ သူတို့သည် ထမင်းဝရုံမျှ ရိက္ခာငွေ အသေးသုံး ၁၀ ကျပ်မျှနှင့် အခြားမည်သည့်အခွင့်အရေးမျှ မရရှိဘဲ တိုက်ပွဲဝင်နေကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤသို့ဆို၍ ထိုစဉ်ကာလက သူတို့နှင့်မိမိတို့၏ဆက်ဆံရေး သိပ်ပြီးအ ဆင်ပြေလှသည်တော့မဟုတ်ပေ။

မိမိတို့ကလည်း ဗမာပြည်မှလာသည့် ပညာတတ်ပေါက်စများပီပီ ပညာတတ်ဉာဉ် ပညာတတ်ဘဝင်လေးရှိသည်။ ဗမာပြည် အကြောင်း သူတို့ထက်ပိုသိသည်ဟု ထင်သည်။ သူတို့ကလည်း တရုတ်ပညာတတ်လူငယ်များဖြစ်ခဲ့ကြသည့်အပြင် လက် တွေ့တော်လှန်ရေးထဲတွင် ၁၉၆၈ မှစ၍ ၈ နှစ်ခန့် ဖြတ်သန်း၍ အတွေ့အကြုံရှိပြီးသူများဖြစ်ပေရာ မိမိတို့အား လက်တွေ့ အတွေ့အကြုံ မရှိသေးသူများအဖြစ် အထင်မကြီးကြချေ။ သူတို့အနေနှင့်လည်း ဗမာပြည်တော်လှန်ရေးအတွက် ဗမာပြည် ပြည်သူများအတွက် ကိုယ်ကျိုးစွန့် လာရောက်လုပ်ပေးနေရသည်ဟုလည်း မှတ်ယူထားကြပုံရသည်။ ထို့ပြင် သူတို့နှင့်မိမိ တို့ကြား ဘာသာစကားက မပေါက်ကြပေရာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုနိုင်ခြင်း မရှိသည်ကလည်း နားလည်မှု ရရန် မလွယ် ကူသည့် အကြောင်းအချက်တခုဖြစ်၍နေပေတော့သည်။

ထိုသို့ CPB သို့ လာရောက်သည့်လူငယ်များထဲမှ တာဝန်အမြင့်ဆုံးရထားသည့်သူမှာ ဝမ်တိန်ဇာတိ ကျန်းစစ်မင်ခေါ် ရဲဘော် ကြည်မြင့်ဖြစ်သည်။ မိမိတို့ရောက်ရှိချိန်တွင် အထူးတပ်ရင်း တပ်ရင်းမှူးအဖြစ်တာဝန်ယူနေပြီး ဒုတပ်မဟာမှူးအဖြစ် တိုးမြှင့် တာဝန်ပေးရန် ရာထားခံရချိန်ဖြစ်သည်။ အသက် ၂၅ နှစ်ပတ်ဝန်းကျင်ခန့်တွင် တပ်ရင်းမှူးဖြစ်နေပေရာ သူ၏လုပ်ရည် ကိုင် ရည် တိုက်ရည် ခိုက်ရည် ထက်မြက်ပုံရသည်။ အခြားသူများထက် အားသာသည့်အချက်မှာ ထိုစဉ်ကထဲက ဗမာစာ ဗမာ စကားလေ့လာသင်ယူမှု အားကောင်းသူဖြစ်သည်။ နောင်တွင် တပ်မဟာ ၂ မှူးအဖြစ် နာမည်ရသည်။ ယခုအခါ မိုင်းလား ဒေသ PSC ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကောင်စီအတွင်းရေးမှူးအဖြစ် တာဝန်ယူလျက်ရှိသည်။

ထိုစဉ် အမြောက်တပ်ခွဲတွင် ဒုခွဲမှူးလား၊ ခွဲမှူးလား တာဝန်ယူနေသူမှာ မားပေါက်ဆိုင်ဖြစ်သည်။ အရပ်ပုသော်လည်း စကား များသဖြင့် သူ့အား မားချွေးဟု ခေါ်ကြသည်။ လေများသော "မား" ဟု နာမည်ပြောင်ပေးထားကြသည်။ နေရာတကာရောက် တတ်ပြီး သူရောက်သည့်နေရာတွင် သူ့စကားသံဝေါဝေါ ကြားရတတ်သည်။ ယခုတော့ မိုင်းလားတွင် အရပ်သားအဖြစ် ကိုယ် ပိုင်စီးပွားရေးလုပ်နေသည်ဟု ကြားရသည်။

အမြောက်တပ်ခွဲတွင် ၈၂ မမ မော်တာတပ်စုမှူးအဖြစ်တာဝန်ယူသူ ဝမ်မိုအား ဘေကျင်းသားဟုခေါ်ကြသည်။ သူ၏ဖခင်မှာ ဘေကျင်းမှ ကေဒါကြီးတယောက်ဖြစ်သည်ဟု ဆိုသည်။ အရပ်မောင်းမောင်းကောင်းကောင်း နှုတ်ခမ်းမွှေးရေးရေးနှင့်မို့ ဗမာရဲဘော်များက ဝင်းဦးဟုခေါ်ကြသည်။ ၈၂ မမ မော်တာပစ်ခတ်ရာတွင် အတွေ့ကြုံ ရင့်ကျက်၍ ကျွမ်းကျင်သူဖြစ်သည်။ ၁၉၇၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ ဝ နယ် ပန်ဆန်းတွင်ပြုလုပ်သော CPB ၏ အနှစ် ၃၀ မြောက် တော်လှန်ရေးနေ့ အထိမ်း အမှတ်ပွဲတွင် ၈၂ မမမော်တာပြောင်းအား ဒေါက်မပါ ရေချိန်မသုံးဘဲ လက်နှင့်ထိမ်း၍ ပစ်မှတ်များကို မှန်အောင်ပစ်ပြခဲ့ သူဖြစ်သည်။

ကျိုးရှောက်တီကတော့ ၅၇ မမ တပ်စုမှူးဖြစ်သည်။ သူကတော့ ခွင်းမင်မှဖြစ်သည်။ မျက်မှန်နှင့် ရုပ်ခပ်ဖြောင့်ဖြောင့် တရုတ်ပညာတတ်လူငယ်တဦးပုံစံပေါက်သူဖြစ်သည်။ ထို့ပြင် ဝူထင်ကျင်း ကျန်းလိ စသည့် တရုတ်လူငယ်များစွာရှိသေးသည်။ ထို စဉ်က သူတို့သည် တပ်စုမှူး တပ်ခွဲမှူး စသည့်တာဝန်များယူထားကြဆဲဖြစ်သည်။ မိမိတို့နှင့် တွေ့ဆုံစဉ်က သူတို့၏ စိတ်ဓါတ် အတက်ဆုံးအချိန်ဖြစ်ပုံရသည်။

သို့သော် ၁၉၇၆ ခုနှစ်တွင် တရုတ်ပြည်၌ မော်စီတုန်းကွယ်လွန်ပြီး ၁၉၇၇ တွင် တိန့်ရှောက်ဖင် တက်လာသည်။ တရုတ်ပြည် တွင် ပေါ်လစီ အပြောင်းအလဲများစသည်။ တရုတ်ယဉ်ကျေးမှုတော်လှန်ရေး အရှိန်ကုန်သွားသည်။ ၁၉၇၈ ခုနှစ်နောက်ပိုင်း တွင် တရုတ်ရဲဘော်အတော်များများသည် တပ်မှထွက်၍ တရုတ်ပြည်သို့ပြန်သွားကြသည်။ ထို့ပြင် CPB ၏ အခြေအနေများ ကို ကြေနပ်မှု မရှိကြသည်လည်း ပါဝင်သည်။ သို့နှင့် ၁၉၆၈ ခုနှစ်မှစ၍ အရှေ့မြောက်ရှိ CPB တပ်ဖွဲ့တွင် ကျောရိုး အဖြစ်ပါဝင်ခဲ့ကြသော တရုတ်ပြည်မှလာကြသော တက်ကြွသူများ ၁၉၇၈ နောက်ပိုင်းတွင် အများစုပြန်လည်ထွက်ခွာသွားကြ တော့သည်။

၁၉၇၀ ဝန်းကျင်က စစ်အကြံပေးအဖွဲ့ပြန်လည်ထွက်ခွာသည်။ ၁၉၇၅ ခုနှစ်တွင် လက်ဝဲကူညီရေးအဖွဲ့အများစုပြန်လည် ထွက်ခွာသည်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းတွင် မိမိဆန္ဒနှင့် လာရောက်ကူညီကြသည့် ဘောင်းဘီလိပ် တရုတ်ပညာတတ် လူငယ်များ ပြန်လည်ထွက်ခွါသည်။ တဖက်ကကြည့်လျင်တပ်ဖွဲ့တွင်း ဒေသခံများ တိုး၍ နေရာရလာသည်။ တဖက်ကကြည့် လျင် ၁၉၆၈ မှစ၍ ကျောရိုးပြုခဲ့သော တရုတ်ပညာတတ်ကေဒါများ ထွက်ခွာသွားခဲ့သည်ဟု ဆိုရမည်။ သို့ဖြစ်ရာ ၁၉၇၆ ခုနှစ် မိမိတို့ရောက်ရှိချိန်သည် အရှေ့မြောက် CPB တပ်ဖွဲ့အတွင်း အရွေ့တခု စနေသည့်အချိန်ဟုဆိုရပါမည်။ မိမိတို့ အောက်ပြည်မှ တက်လာသူများကတော့ စိတ်ဓါတ်အတက်ကြွဆုံးကာလဟု ဆိုရမည်။

● ဆိုက်ခေါင်မှ ပါတီမွေးနေ့ပွဲ
တပ်မဟာမှူး၏အားပေးမှုဖြင့် မိမိတို့လည်း အောက်ပြည်က ရောက်လာသော ရဲဘော်များ ပွဲကရန်စီစဉ်ကြသည်။ မိမိတို့အား အောက်ပြည်ကလာ၍ ဗမာရဲဘော်များဟုခေါ်ကြသော်လည်း တကယ်တော့ ဗမာရော ရှမ်းရော ကုလားရောလူမျိုးစုံပါသည်။ အားလုံးတက်ကြွစွာ ပါဝင်ဆင်နွှဲကြရန် အသင့်ဖြစ်နေကြသည်။

မည်သူကစလိုက်သည်မသိ ဆိုက်ခေါင်ဘုန်းကြီးကျောင်းကွင်းပြင်တွင် ကရင်ဝါးညှပ်က အကတိုက်ကြသည်။ ကရင်တ ယောက်မှမပါသော ကရင်ဝါးညှပ်အကဟု ဆိုရမည်။ ဆိုက်ခေါင်ဘုန်းကြီးကျောင်းမှ ငှားပေးသောအောက်လင်းဓါတ်မီး တထိန်ထိန်အောက်တွင် ဝါးရိုက်သံတခွပ်ခွပ်ဖြင့် အကကျင့်ကြသည်။ ဝါးရိုက်မှားကာ ခြေထောက်ညှပ်၍ အော်ကြဟစ်ကြနှင့် ပျော်ခဲ့ကြသည်။

ပြီးတော့ အိုးစည် ဒိုးပတ်ဝိုင်းပါသည်။ ဘုန်းကြီးကျောင်းမှ ငှားရသည့် ပလောင်အိုးစည်နှင့် ဗုံမကျ ပတ်မကျ ဒိုးပတ်ဝိုင်းဟု ဆိုရမည်။ တီးမည့် မှုတ်မည့်သူ ဆိုမည့်ကမည့်သူ သံချပ်တိုင်ကြမည့်သူ ဝေလေလေလုပ်မည့်သူများနှင့် စည်းကားသည်။ အဆိုပါ ဒိုးပတ်ဝိုင်းကို ကျင့်သည်က အမြောက်တပ်ခွဲမှ စခန်းချသည် ပလောင်အိမ်တအိမ်၏ အိမ်ကပြင်တွင်ဖြစ်သည်။ အိမ်မကြီးနှင့် တွဲရက် အိမ်ကပြင်သည် ၁၀ ပေ ၁၅ ပေ ပတ်လည်ခန့်ကျယ်ပြီး လူတရပ်ကျော်မြင့်သည်။ မိမိတို့ဒိုးပတ်ဝိုင်း ထိုအိမ်ကပြင်တွင် တပျော်တပါး လေ့ကျင့်ကြတော့ ကျန်ဒေသခံရဲဘော်များက စိတ်ဝင်တစား အိမ်ပေါ်တက်၍ လာကြည့် ကြသည်။ တဖြေးဖြေး လာကြည့်သူရဲဘော်ကများ၍ များ၍လာသည်။ အိမ်ကပြင်ပြည့် ဖြစ်လာသည်။ ရလဒ်ကတော့ မိမိတို့ ကရင်းဆိုရင်းမှာပင် အိမ်ကပြင် ဝုန်းကနဲကျိုးကြပြီး မိမိတို့တသိုက်လည်း ဝရုန်းသုန်းကားနှင့် မြေပေါ်ပြုတ်ကျ ခဲ့ပါတော့သည်။

တပ်မဟာမှူးက မိမိတို့သတင်းကြားတော့ ရီမောပြီး "ရတယ် ရတယ် မင်းတို့ဘာသာ ဆက်လေ့ကျင့်ကြ" ဟုဆိုပြီး အခြား တခွဲတခွဲကို အိမ်ကပြင်ပြန်ဆောက်ဖို့ အမိန့်ပေးလိုက်ပါသည်။ တကယ်တမ်းပါတီနေ့ရောက်တော့ မိုးက သဲကြီးမဲကြီး ရွာနေသည်။ အပြင်ထွက်ရန် အဆင်မပြေခဲ့ပေ။ ညနေစောင်း မိုးသဲကြီးမဲကြီးရွာနေစဉ်မှာပင် နောက်တန်းမှတက်လာသော တပ်မဟာ ဒုနိုင်ငံရေးမှူး ရဲဘော်ဟုန်ခေါ် ဆရာဟုန်နှင့် ရောက်လာသည်။ ထိုအခါ မိမိတို့လည်း မိမိတို့အဖွဲ့လည်း အပြင် ထွက်ချင်ချင်ဆိုတော့ မိုးရွာထဲတွင် တီးမှုတ် ကခုန်ကြပြီး ဆရာဟုန်အား ထွက်ကြိုကြသည်။

ဆရာဟုန်နှင့်အတူ ရဲဘော်သစ် ၃ ဦးပါလာသည်ကို တွေ့ရသည်။ တဦးက ရဲဘော်မင်းထင် ခေါ် ပခုက္ကူမှ ကိုသိန်းဆွေဖြစ်သည်။ နောက်နှစ်ဦးကတော့ မုံရွာမှ ရဲဘော်ဉာဏ်ဇော်နှင့် ရဲဘော်နိုင်ဦးတို့ ဖြစ်ကြသည်။ တပ်သို့ ရောက်ခါစရဲဘော်သစ်များပီပီ မိမိတို့အား မျက်လုံးလေး ကလယ်ကလယ်နှင့်ကြည့်ရင်း ဝမ်းသာပီတိဖြစ်နေပုံရသည်။ ထိုစဉ်ချိန်ခါက မိမိတို့အားလုံး အပူအပင်မရှိ လွတ်လပ်ပေါ့စွာ ပျော်မြူးနေခဲ့ကြပါသည်။ ထို့နေ့သည် ၁၉၇၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ဖြစ်ပါသည်။ သခင်အောင်ဆန်းဦးဆောင်၍ ကွန်မြူနစ်ပါတီဖွဲ့ပြီးနောက် ၃၇ နှစ်မြောက်နေ့တွင်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)

photo ဝဲ မှယာ - ရဲဘော်အေးငွေ (အရံ CC)၊ ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင် (PB)၊ သခင်ဖေတင့် (ဒုဥက္ကဌ - ၁)၊  သခင် ဗသိန်းတင် (ဥက္ကဌ)၊ ရဲဘော်ခင်မောင်ကြီး (ဒုဥက္ကဌ -၂)၊ ရဲဘော်အောင် ခေါ် ဗိုလ်မျိုးမြင့် (PB)၊ ရဲဘော်တင်ရီ ခေါ် ဗိုလ်နေဝင်း (PB)၊
အချိန်ကာလ ၁၉၇၅ ခန့်
CC = ဗဟိုကော်မတီဝင် PB = ပေါလစ်ဗျူရိုအဖွဲ့ဝင်