ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်အောင်မွန် - စာရေးဆရာနှင့် ပန်းချီဆရာတို့ တွဲဆုံမိသောအခါ


မောင်အောင်မွန် - စာရေးဆရာနှင့် ပန်းချီဆရာတို့ တွဲဆုံမိသောအခါ
ကျနော်တွေးမိသလို ရေးပါမည် (၂၅၄)

(မိုးမခ) မေ ၁၃၊ ၂၀၁၇

(၁)
ကျနော့်အကျင့်ဆိုးများအနက် စာမေးပွဲဖြေပြီး ပြန်စစ် ပြန်ပြင် ထပ်ဖြည့်ခြင်းသည် အရေးကြီးလိုအပ်ပုံ မသိမဟုတ်၊ သိပါ၏။ သို့သော်လည်း လုပ်လေ့မရှိ။ ပစ္စည်းတခုဝယ်ပြီးနောက် ဘယ်လောက်ပေးခဲ့ရဆိုသည်ကို မှတ်မထား၊ တယောက်ယောက်က မေးလာလျှင် မဖြေတတ်။
ဝတ္ထုရေးသည့်အခါတွင်လည်း ထိုနည်းလည်းကောင်း။
စိတ်ကူးထဲ ကိန်းအောင်းနေစဉ်မှာကတည်း ၀တ္ထုကိုဦးစွာ နာမည်ပေး၊ ဇာတ်ကောင်များသည်လည်း အတတ်နိုင်ဆုံး ဇာတ်လမ်းနှင့်လိုက်ဖက်အောင် အသက်သွင်းထားမြဲမို့ ချရေးသောအချိန်၌ သူတို့ဘာသာသူတို့ လှုပ်ရှားပြောဆိုကြသည်။
ဝတ္ထုထဲက ဇာတ်ကောင်ကို စာရေးဆရာက ကြိုးဆွဲလျှင် ရုပ်သေးရုပ်သေး ဖြစ်ကုန်မဟုတ်ပါလား။

(၂)
သာမန်အားဖြင့် မောင်အောင်မွန်သည် ၀တ္ထုတိုရေးသမား၊ ၀တ္ထုတိုပါနိုင်သည်က မဂ္ဂဇင်း၊ရိုးရှင်းပါ၏။ ရေးပြီးသားပို့ဖို့ မဂ္ဂဇင်းရှာရအောင် အခက်အခဲနှင့်မကြုံဖူးပါ၊ ရေးကတည်းက နေရာကိုစဉ်းစားပြီးသားကိုး။ ဟိုဟိုသည်သည် ရွေးလောက်အောင် ကြီးကျယ်ထင်ရှားသူ စာရေးဆရာကြီးလည်းမဟုတ်။
စာပေကံ ဆိုတာရှိလျှင် မောင်အောင်မွန်အား ကံကောင်းဟုခေါ်နိုင်ပါမည်။
မျက်လုံးနှစ်လုံးနှင့် ဟုတ်ကဲ့ရှင့် ဟူသောစကားလုံးက နှလုံးသားတွင်းဝင်အောင်း၊ ပြီးတော့အငြိမ်မနေ လှုပ်ရှားနေ၍ မနေသာသည့်အဆုံး စာလုံးများအဖြစ် ချရေးလိုက်ရာ သင်္ဂီရယ်မေ့ပါနိုင် ဖြစ်လာ၏။ စာရေးလျှင် ကလောင်နာမည်ရှိရမည်။ သူငယ်ချင်း ကိုအောင်ဟိန်းက သူစာရေးလျှင်သုံးဖို့ စဉ်းစားထားသည့် အောင်မွန်ကို အသိမပေး ခွင့်မတောင်းနှင့် မောင်အောင်မွန် လုပ်ပစ်လိုက်သည်။ အဆင့်မီ ၀တ္ထုကောင်း တပုဒ်အဖြစ် သတ်မှတ်ခံရ၏။
ထိုအချိန်တွင် ကျနော်သည် မြန်မာဝတ္ထုတို၊ ဘာသာပြန် နိုင်ငံခြားဝတ္ထုတို ထောင်ဂဏန်းနှင့်ချီကာ ဖတ်ခဲ့ရုံမက အင်္ဂလိပ်ဘာသာနှင့်လည်း ဖတ်တတ် ဖတ်နိုင် ဖတ်နေပါပြီ။ လူတွေကြား လူလိုနေတတ်ရန် မခက်ခဲသလို ဖြစ်ခြင်းဟု ကျနော်ထင်ပါ၏။

(၃)
သို့သော်လည်း မပေးရဲသည့် ရည်းစားစာပါဟု အပေါင်းအသင်းများကဆိုကြသည့် သင်္ဂီရယ်မေ့ပါနိုင် ခင်မင်ရင်းနှီးသူ အယ်ဒီတာလုပ်သည့် တက္ကသိုလ်နယ်မြေ စာစောင်၌ ပါလာခြင်းကို မည်သည့်နည်းနှင့်မှ မသိနိုင် သိလည်းမသိသော မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဥက္ကဋ္ဌနှင့် နှစ်ယောက်ချင်း မောင်အောင်မွန် ဆိုသူသည် ထိုင်စကားပြောခွင့်ရ၏။
တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းသို့ပို့ထားသော ရွှေမင်းသားလေး ပုံနှိပ်ပြီးနေပြီ။
ကျနော်ရေးသော ၀တ္ထုတိုများကို ဖတ်ရှုထင်မြင်ချက်ပေးသူ ကျေးဇူးရှင်ကား ကျောင်းသားခေါင်းဆောင် ရဲဘော်မောင်မောင်ညွန့် (ညွန့်ကြူး) တည်း။ သူ့လက်ထဲရှိ ဘာဘရာနီတွတ် ၀တ္ထုတိုလေးကို ကိုဘကောင်းက ဖတ်မိပြီးကြိုက်သွား၏။ သူကရှင်းပြတိုက်တွန်း၍ ကော်မတီဝင်တို့က သဘောတူလက်ခံ၏။ ကိုဘကောင်းက မောင်အေးကျော်ဟု ကလောင်နာမည်ပေးလိုက်၏။
သည့်ထက် အဘယ်မှာလျှင် ပိုကံကောင်းနိုင်ပါမည်နည်း။
မြန်မာ့အသံရောက်တော့ ယခင်ကတည်းက သိထားခင်မင်းထားသူ စာရေးဆရာမင်းရှင်တို့ သောတရှင် မဂ္ဂဇင်းထုတ်ရာ၌ ၀င်းငေးရင်း တာဝန်ခံအယ်ဒီတာ သန်းဆွေနှင့်အသိဖြစ်ခွင့်ရသည်။ အထူးအထွေ လေ့လာမနေရပဲ အယ်ဒီတာတို့၏ သဘောသဘာဝကိုလည်း နားလည်လိုက်ရသည်။ အဖိုးတန်လှပါဘိ။
ထိုအချက်သည် မောင်အောင်မွန် ၏၀တ္ထုများ ရှုမ၀တွင် ပင်တိုင်ထည့်ရန် ဦးကျော်၊ဆရာတင့်တယ်တို့ ဆုံးဖြတ်ခြင်းဖြစ်တန်ရာ၏။

(၄)
ဒုတိယကမ္ဘာစစ်ကြီးအပြီး ထွက်လာကြသော စနယ်ဇင်းများအနက် ရှုမ၀ရုပ်စုံမဂ္ဂဇင်းသည် နာမည်ကြီးပါဘိ။ ဆန်းသစ်သောပုံစံနှင့် စနစ်ကျစည်းကမ်းကြီးခြင်းကလည်း ထင်ရှားလှပါ၏။ စာမူ အထူးသဖြင့် ၀တ္ထုတပုဒ်ပါဖို့ အလွန်ခက်ဟုလည်း နာမည်ကြီးသည်။ ထိုအခါ စာရေးသူတို့က ပို၍ပါချင်လာကြပြီ။ ပို့ကြ ပြန်လာ၊ ထပ်ပို့ ထပ်ပြီးပြန်လာနှင့်--။
ဒေါင်းမြီးကွက် ၃ ကွက်ပေါ်၌ ရှု မ ၀ ဟူသော စာလုံး ၃ လုံးပါသော စာရေးစက္ကူလေး ပေါ်တွင် အိုလံပီယာလက်နှိပ်စက်နှင့် ရိုက်ထားသည်ကား-- လူကြီးမင်း၏ စာမူကိုကျေးဇူးင်စွာဖြင့် လက်ခံရရှိပါည်။ ရှုမ၀စာတည်းအဖွဲ့ဝင်များ ဖတ်ရှုကြပြီးနောက် အသုံးမပြုနိုင်၍ ၀မ်းနည်းစွာ ပြန်လည်ပေးပို့ပါသည်။ စူမူများဆက်လက်ချီးမြှင့်ရန် မေတ္တာရပ်ခံပါသည်။ လေးစားစွာဖြင့် မောင်ကျော် စာတည်းချုပ် ဟူသောစာကို ၀နစ ဟုခေါ်ကြ၏။
ရှုမ၀ခေတ်ဟု တင်စား၍ပင် ခေါ်ကြသောကြောင့် ဖြစ်တန်ကောင်းပါရဲ့-- ရှုမ၀ တွင် ၀တ္ထုတပုဒ်ပါရရင် သေပျော်ပါပြီ ဆိုသောပြောသံများပင် ကြားဖူးခဲ့ပါ၏။ မောင်အောင်မွန် ၀တ္ထုပို့စဉ်က မည်သူနှင့်မှမသိ၊ ခင်မင်နေပြီဖြစ်သော အကိုသန်းဆွေကိုပင်မပြော။ ပြန်လည်ဆုံဆည်းရာ ၀တ္ထုပါလာတော့ သူအံ့သြနေသည်။ မောင်အောင်မွန် ခမျာ ၀နစ နှင့်မကြုံလိုက်ရပါ။
စာပေကံကြောင့်လေလား။

(၅)
သိကြသည့်အတိုင်း ၀တ္ထုဆိုတော့ သရုပ်ဖော်ပုံ ပါရသည်။
တက္ကသိုလ်နယ်မြေထုတ် စာစောင်များ၌ မောင်ငွေထွန်း၊ ဗဂျီအောင်စိုးတို့၏ လက်ရာများနှင့်ဆုံဖူးပါ၏။ ရှုမ၀ ရောက်တော့ ပန်းချီဆရာကြီးများဖြစ်ကြသော ဦးကိုလေး၊ ဦးအုန်လွင်၊ ဦးစန်းလွင် ထို့နောက်သောင်းဟန် ပြီးတော့ မောင်မောင်သိုက် စသဖြင့်။ လကုန်မဂ္ဂဇင်းနှင့် စာမူခသွားယူမို့ ပန်းချီဆရာများနှင့် မသိ၊ ဆုံစရာလည်း အကြောင်းမရှိ။ စီမံခန့်ခွဲမှုဆိုင်ရာ အယ်ဒီတာကသာ ပန်ချီဆရာထံ ပုံအပ်တာမို့ စာရေးဆရာနှင့်မဆိုင်။ သို့သော်လည်း ၀တ္ထုရေးသူနှင့် ၀တ္ထုသရုပ်ဖော်ပုံဆွဲသူ စာရေးဆရာနှင့်ပန်းချီဆရာရှောင်ရှားနကြေသူများလည်း မဟုတ်ကြသမို့ ရှုမ၀တိုက်မှာ ဆုံကြရသပေါ့။
ဦးကိုလေးကိုမြင်ဖူးပြီ၊ ကိုသောင်းဟန်နှင့်အသိဖြစ်ပြီ၊ မောင်မောင်သိုက်နှင့်ခင်သွားပြီ။

(၆)
ထိုချစ်စရာကောင်းသော လူငယ်ပန်းချီကျော် မောင်မောင်သိုက်ထံမှ အံ့ဖွယ်စကားကြားရ၏။
မောင်အောင်မွန်ဝတ္ထုဆို ဖတ်ပြီးအရသာခံ ဇိမ်နှင့်ဆွဲလို၍ စာမူတောင်းကြောင်း သတင်းကြားရရာ မယုံနိုင်စရာပါ။ ပုံလေးတွေလှ လက်ရာကသန့်သည့်ထဲ ပန်းချီဆရာ၏စေတနာက တိုး၍ပါလာပြန်ပြီ။ သည်လိုနှင့်ပင် မောင်အောင်မွန်နှင့် မောင်မောင်သိုက် လူလူချင်းခင်မင်ခြင်းထက် အနုပညာချင်းကပိုရင်းနှီး ပိုယှက်နွှယ်နေလေပြီ။
န်ာကြည်းသလို မုန်းသလိုနှင့်---ရော၊ မေ့ခက်ခက် မုန်းခက်ခက် ရော--၊ ရှုမ၀မဂ္ဂဇင်း ၀တ္ထုရှည် ၂ ပုဒ်စလုံးတွင် မောင်မောင်သိုက် လက်စွမ်းပြထားဟု စာရေးသူနှင့် ပန်းချီဆရာတို့သာမက အယ်ဒီတာနှင့် စာဖတ်သူများကပင် မသိချင်မှအဆုံး။

(၇)
စာအုပ်အဖြစ်ထုတ်ဖို့ စီစဉ်ပြင်ဆင်ကြသူများက ရှုမ၀ခေတ်ကို ထင်ဟပ်စေချင်သောဆန္ဒ အကောင်အထည်ဖော်ရန် စိတ်ကူးကြိုးပမ်းကြသည်။ ဤစာအုပ်တွင် 7 July သရုပ်ဖော်ဝတ္ထုတပုဒ်လည်း ပါသေး၏။ ရန်ကုန်တက္ကသိုလ်၏ ပြယုဂ်များဖြစ်သည့် ဘွဲ့နှင်းသဘင်ခန်းမနှင့်သစ်ပုတ်ပင်ကို လွမ်းဆွေးဖွယ်ရာ ပန်းချီဆရာ ဝေချစ်ကိုက သရုပ်ဖော်ထား၏။
မောင်မောင်သိုက်က ကွယ်လွန်ရှာပြီ၊ ကျနော်ကလည်း အဝေးကြီးမှာ-- ပန်းချီဝေချစ်ကိုနှင့် ပေါင်းစပ် ပေးထားသော ပုံကိုကြည့် ရင်တွင်းကထွက်လာသည့်ပီတိနှင့် စာရေးဆရာနှင့် ပန်ချီဆရာတို့ တွဲဆုံမိပုံကို ငေးရင်း တွေးရင်း ရေးလိုက်ရကြောင်းပါ။

၂၀၁၇ ခု၊ မေလ (၁၂) ရက်နေ့။