လွင် (ဘော်တွင်း) ● ရွှေရတု

လွင် (ဘော်တွင်း) ● ရွှေရတု
(မိုးမခ) မေ ၁၄၊ ၂၀၁၇

‘အခါတော်..ပေး..တာက…နတ်ရေးငယ်..ရွှေစာ……….’

ရွှေရတုဆိုတာ နှစ်ပေါင်းငါးဆယ်လို့ပြောတာ။ သူနဲ့အန်တီ ခုတော့နှစ်ပေါင်း ငါးဆယ်တိုင်ခဲ့ပြီ။ ခုခေတ်စားနေတယ့် သီချင်း ထဲကလိုပြောရရင် မှားခဲ့တာ နှစ်ပေါင်း ငါးဆယ်ရှိခဲ့ပြီပေါ့။ ဒီအသက်ဒီအရွယ်မှာတော့ ငယ်ငယ်ကထားခဲ့တဲ့ မာနတွေ၊ တန်ဖိုးတွေ အရှက်တွေဟာ ဘာမှမဟုတ်တော့သလိုပဲ။

‘နေနဲ့လ၊ ရွှေနဲ့မြပမာ..သူငယ်ချင်းတို့ မင်္ဂလာသတင်း..ကောင်းချီးသြဘာ ထောပနာသံတွေ…’

သူကလူချော။ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာပေါ့။ ခုထိလည်း သူ့ဆို မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတယ်လို့ ထင် တုန်း။ အန်ကယ်က သိပ်ချောတာပဲလို့ ပြောကြည့်ပါလား။ ပီတိတွေဖြာပြီး အီအီးတွေပါနေမှာ။ ဝိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးတွေကိုကျော်ပြီး အန်တီ့ကို ရွေးခဲ့တာ။ ယောက်ျားတွေက အဲ့ဒီလိုပဲ။ သူတို့နား ပြာယာခတ်နေတဲ့မိန်းကလေးတွေကို သာယာရုံလောက်ပဲ၊ တစ်သက်လုံးအတွက်တော့ သူတို့တန်ဖိုးထားတဲ့မိန်းကလေးကိုပဲရွေးတာ။ ပြောသာပြောတာပါလေ။ အန်တီ့ကိုလည်း တန်ဖိုးမထားပါဘူး။ တသက်လုံးအတွက် ကျွန်ခံမယ့်သူကို ရွေးခဲ့တာပါ။

‘တူနှစ်ကိုယ်၊ တဲအိုပျက်မှာနေရ…ချစ်တာချစ်တာ ပဓာနလို့…..’

သူကလူသာချောတာ။ ပိုက်ဆံကျမရှာတတ်ဘူး။ လုပ်တော့လုပ်ပါတယ်။ အစိုးရလခစားဆိုတော့လည်း လစာတော့ မှန်မှန်အပ်တယ်။ တခြားအလုပ်တော့ ဘာမှလာမခိုင်းနဲ့ဆိုတာပဲ။ ရိုးသားတယ်။ အင်း၊ ရိုးသားတယ် ဆိုတာက မလိမ်ဘူး၊ မကောက်ဘူး၊ မခိုးဘူး၊ သူများအပေါ်အနိုင်မကျင့်ဘူး။ သူများအပေါ် အနိုင်မကျင့်ဘူး လို့ ပြောတာနော်။ သူများအပေါ် အလွန်အားနာတတ်တယ်။ သနားတတ်တယ်။ သူအားနာလို့ သနားလို့ အန်တီနဲ့ ပြဿနာဖြစ်ရပေါင်းလည်း များလှပေါ့။

‘ အေးအတူပူအမျှ ဒို့ဘဝလေးကို…..’

ပြန်တွေးရင် စိတ်နာစရာတွေချည့်။ အန်တီလည်း ဒိုးတူပေါင်ဘက် ရုန်းကန်ခဲ့ရတာပါပဲ။ အန်တီတို့ခေတ်တုန်းက ခုလိုအမျိုးသမီးအခွင့်အရေးတွေ ဘာတွေ စပြောနေကြပြီဆိုပေမယ့် အသံမကျယ်သေးဘူး။ ပင်ပန်းတာပေါ့အေ။ ပြောပါပကော။ သူအားနာတာ သနားတာသူများအပေါ်လို့။ အန်တီ့ကိုမဟုတ်ဘူး။ အခုမြင်တဲ့အတိုင်းပဲ။ အန်တီလုပ်ပေးမှ ကြိုက်တယ်။ အန်တီချက်ကျွေးတာမှစားတယ်။ အန်တီနဲ့သူနဲ့ အသက်အတူတူပဲအေ။ ငယ်စဉ်ကလည်း သူနဲ့ရင်ဘောင်တန်းပြီး ပိုက်ဆံရှာခဲ့ရတာအေ။ ခုချိန်ထိ ငါက ဘာလို့ သူ့ကို ပြုစုခစား နေရမှာလဲ။ ပြောရင်းဒေါသထွက်လာပြီ။ ချစ်တာမဟုတ်ဘူး။ ချစ်တာမဟုတ်ဘူးဟေ့၊ ငါက ငယ်ကျွန်ကြီး ဖြစ်နေတာဟဲ့။

‘ သံသရာ…ဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်……’

အောင်မလေး၊ သနားတတ်လိုက်တာ။ ကောင်မလေးငယ်ငယ်လေးတွေကိုဆိုရင် သနားပါတယ်။ သိပ်မခိုင်းပါနဲ့ဆိုတာချည့်ပဲ။ အိမ်မှာခေါ်ထားတဲ့ကောင်မလေးတွေကို သနားတာလေ။ သူတို့ကိုမခိုင်းရဘူးဆိုရင် သူလုပ်ပေးပါလား။ ဝေးသေး၊ ကောင်မလေးတွေသနားစရာကောင်းလို့ ဒီကောင်မကြီးပဲ လုပ်ပေါ့အေ။ သူကအဲဒီလို။ နာပါတယ်အေ။ အလုပ်သမား အခွင့်အရေးဘာညာက ပြောတတ်သေးတယ်။ ကောင်မလေးတွေကို နားရက်ပေးရမတဲ့။ ဒီကကောင် မကြီးရဲ့အခွင့်အရေးက ဘယ်ရောက်သွားတုန်း။ နင်တို့ အန်ကယ်ကို ငါပြောလိုက်ရမကောင်းရှိရော့မယ်။

‘ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ်….’

သူရှာတဲ့ငွေကလား။ ဝန်ထမ်းပဲအေ။ ဘယ်သူလောက်ငှလို့လဲ။ နင်တို့အန်ကယ်လူရိုးကြီးက အောက်ဆိုက်လည်း မရှာဘူးအေ့။ ခုတော့ လက်မထောင်နိုင်တာပေါ့အေ။ အဲဒီတုန်းကတော့ ဒီကောင်မပဲ အမော့ဆို့အောင် ရှာခဲ့ရတာ။ အထည်တွေလပေးရောင်း၊ လခထုတ်ရင် ရုံးရှေ့က စောင့်တောင်း။ တချို့တွေများ အရာရှိကတော်တွေထက်တောင် သားနားသေး။ ဝင်းလို့ပြောင်လို့။ အန်တီ့မှာ မျက်နှာအောက်ကျခံတဲ့အခါ ခံ၊ ဘီလူးဆိုင်းတီးတဲ့အခါ တီးပြီး ရှာခဲ့ဖွေခဲ့ရတာ။ အောက်ဆိုက်ကောင်းတဲ့ သူတွေရဲ့မယားတွေ ဝတ်နိုင်စားနိုင်ကြ တာကို အန်တီလည်း အားကျမိတဲ့အခါတွေ ရှိတာပေါ့။ ပင်ပန်းလွန်းတဲ့အခါတွေကျရင်လည်း ဒင်းတို့မှာတော့ အေးချမ်းလိုက်ကြတာဆိုပြီး အားကျမိတာပေါ့။

‘ရိုးရိုးလေး…သာ ဝတ်ခဲ့ပါ၊ အေးမြလို့….’

တခါတလေ သူက ယှဉ်ပြောတတ်သေးတယ်။ ဘယ်သူ့မိန်းမဆို လှနေတာပဲ၊ ဘယ်သူ့ ထမင်းချိုင့်ဆို ဟင်းတွေက ဘယ်လိုကောင်းတာ၊  သူတို့မိန်းမတွေက ယောက်ျားကိုဘယ်လိုဂရုစိုက်တာနဲ့ ပြောတတ်သေး တယ်။ အန်တီကတော့ တခွန်းပဲ ၊ တော်လည်း သူတို့လို ရှာပေးလေ လို့။ ဟုတ်တယ်လေ။ သူက သိက္ခာတော့ တပြားမှအကျမခံနိုင်ဘူး။ နေတာတော့ ဟိုဟာတွေလို နေချင်တယ်။ ရမလား။ သူတို့မိန်းမတွေက ကျော့မော့ လှပနေမှာပေါ့။ အန်တီ့ဆီက အထည်တွေကို ဟောတထည် ဟောတထည်၊ အသစ်အဆန်းပေါ်တိုင်း ခါးပေါ်တင်နေကြတာကို။ ရုန်းစမ်း။ ဒင်းတို့လင်တွေ။ သူ့ကို ဖိအားမပေးပါဘူးအေ။ အန်တီလည်း ရှာနိုင်တာပဲဟာ။ ငါ့လင်က မခိုးဘူးအေ့ လို့ လက်မထောင်နိုင်တာနဲ့တင် အန်တီကဂုဏ်ရှိလှပြီ။

‘‘မင်းနဲ့ဒို့နှစ်ယောက်အကြောင်းက ရှင်းနေပြီ၊ ဘာညာတွေမလိုတော့ပြီ…’

အလှအပကြိုက်တာက မိန်းမတွေ မဟုတ်ဘူးတော့။ ယောက်ျားတွေ။ နင်တို့အန်ကယ်လည်း အလှအပ ကြိုက်တတ်ပါ့အေ။ ဒါနဲ့ပဲ ငါနဲ့ကွဲမလို ခဏခဏဖြစ်တယ်။ ဒီအကြောင်းတွေပြန်မပြောချင်ပါဘူးအေ။ ကလေးတွေမျက်နှာကြောင့်သာ။ ဆင်းသွားတာနှစ်ခါ။ ပြောပါပကော။ နင်တို့အန်ကယ်က အားနာတတ်တယ်လို့။

‘မောင်…အရှေ့ကိုတည့်တည့်လျောက်ရင်…မေလည်း နောက်ကတည့်တည့်..လိုက်မယ်မောင်ရေ..’

သူကရုပ်ချောတော့ ကပ်တဲ့မိန်းမတွေရှိသအေ့။ သူကအားနာသလေ။ မခွာထုတ်နိုင်ဘူး။ ဒီတော့ ငါကပဲ လူဆိုးမကြီးလုပ်ရတယ်။ တော်တော်သောက်ရှက်ခွဲတယ်။ ရှက်တာပေါ့။ အန်တီရှက်လိမ့်မယ်လို့ သူဘာကြော င့်မတွေးသလဲ။ အန်တီ့ကိုချစ်တယ်ဆိုရင် ဒီကောင်မတွေ သူ ဘာအားနာနေစရာလိုသလဲ။ သားသမီးတွေလည်း ရှိတယ်။ အန်တီနဲ့ကလေးတွေကိုတော့ သူအားမနာဘူးလား။

‘စတော်ဘယ်ရီချယ်ရီရောရင် ..တော်တန်ရုံလူပင်….’

ပြီးးတော့ သနားတတ်ပုံ။ နယ်အပြောင်းအရွှေ့မှာ အန်တီသူ့နောက်ကိုလိုက်မသွားနိုင်ခင်တုန်းက ကောင်မလေး တယောက်ကိုသနားလို့တဲ့လေ။ ကောင်မလေးကို ကြိုရတာနဲ့၊ ပို့ရတာနဲ့၊ ကျွေးရမွေးရတာနဲ့။ အန်တီလိုက်သွားတော့ သူလစာတွေမရှိတဲ့အပြင် ကြွေးတွေတောင် တင်လို့။

ဘေးကနေ ဝိုင်းပြောကြတာလည်း အန်တီ့နားနဲ့ မဆံ့ဘူး။ ရှက်လိုက်တာဆိုတာလေ။ အောင်မလေး။ အကြီးနှစ်ကောင်ကြောင့် မကွဲတာ။ နို့မို့ အန်တီ ဒီလောက်နှစ်ငါးဆယ်အထိ ဒုက္ခခံစရာမလိုဘူး။ ငါးနှစ်လောက်နဲ့ ပြီးပြတ်တယ်။ ကလေးတွေကငယ်သေး။ အန်တီတို့ကိုယ်တိုင်လည်း ငယ်သေးတယ်လေ။ ပြီးတော့ တခုလပ်ဖြစ်ရမှာ အန်တီကကြောက်တယ်လေ။ ယောက်ျားကောင်းမောင်းမ တစ်ထောင်တို့၊ မိန်းမကောင်းပန်းပန် တပွင့်တန် တို့၊ တံခွန်မရှိတဲ့ ရထား၊ လင်မရှိတဲ့မယားတို့ စကားပုံတွေတထောကြီးနဲ့ အန်တီ့ကို နားချကြတာပေါ့။  ခုခေတ်လိုများဆိုရင်တော့လား။ အန်တီက ထမီအလံထူထားမှာ။ မှတ်ထားအေ့၊ အဲဒီစကားပုံတွေက ဟိုးတုန်းကယောက်ျားကြီးတွေ ရေးထားခဲ့တဲ့ဟာတွေ၊ တော်တော်တကိုယ်ကောင်းဆန်တဲ့ဟာကြီးတွေ။

‘သူကလည်း မမုန်းတမ်း ချစ်မယ်…မေကလည်း မမုန်းတမ်း……’

အဲဒီလို ခဏခဏသနားလို့ အန်တီကရွံတယ်။ သူသနားခဲ့တဲ့ကောင်မတွေကို လုပ်ခိုင်းလေ။ သူပံ့ပိုးခဲ့တဲ့ ကောင်မတွေဆီက စားလေ။  ဘာလို့ အန်တီမှအန်တီလုပ်နေရမလဲ။ ချစ်တယ်ဆိုတာ အလကား။ ဒီနွားမကြီးကို ဒင်းက ခိုင်းကောင်းလို့ မစွန့်တာ။

ဘာရွှေရတုအထိမ်းအမှတ်လဲ။ ဘာနှစ်ပတ်လည်လဲ။ ငါ့အတွက်တော့ ငရဲပြည်ရောက်တာ နှစ်ငါးဆယ်ပဲဟေ့။

‘အဘိုးကြီးင့ါကို..အဘွားကြီးမင်းက …မောင်တွေဘာတွေ ခေါ်ပါဦး…..’

လွင် (ဘော်တွင်း)