သွန်းခ - မင်းလူနှင့် ညနေခင်း


သွန်းခ - မင်းလူနှင့် ညနေခင်း
(မိုးမခ) မေ၂၁၊၂ဝ၁၇


ပြီးခဲ့တဲ့ မေ၁၈၊ ညနေ၄နာရီ တိတိ ရန်ကုန်မြို့၊ လမ်းမတော်သံဈေးပလာဇာအပေါ်ထပ်မှာရှိတဲ့ ရန်ကုန်စာအုပ်ဆိုင်တန်း (Yangon Book Plaza) မှာ ကွယ်လွန်သွားခဲ့တာ ၃နှစ်ကျော်ပြီဖြစ်တဲ့ ဆရာမင်းလူရဲ့ "မင်းလူ နှင့် ညနေခင်း" လို့ အမည်ပေးထားတဲ့ စကားဝိုင်းလေးပြုလုပ်ကျင်းပခဲ့ကြပါတယ်။

ပွဲရဲ့အခင်းအကျင်းကတော့ "သဘာဝအုပ်စု"ရဲ့ သဘာဝအတိုင်း ဒီ့ပြင်ပွဲတွေနဲ့မတူပဲ လက်ဖက်ရည်ဝိုင်းပုံဖော် ပြီး စကားဝိုင်းအသွင်ဖန်တီးခဲ့ကြတာပါ။ လက်ဖက်ရည်ဝိုင်းဆိုလို့ ဆရာမင်းလူဟာ ညဘက်တွေမှာစာရေးတတ် တယ်။ မိုးလင်းကာနီးတဲ့အထိ ရေးပါတယ်။ ပြီးတော့အိပ်လိုက်တာနေ့လည်၁၂နာရီ၊ ၁နာရီလောက်မှာနိုးတတ်ပါ တယ်။ အဆာပြေလက်ဖက်ရည်ဆင်းသောက်တတ်တဲ့ဆိုင်ဟာ သူ့ညီအစ်ကိုတော် ကိုရူပဖွင့်ခဲ့တဲ့ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်လေးမှာပါ။ ဧည့်သည်တွေ၊ စာပေမိတ်ဆွေတွေနဲ့ ညနေတိုင်းလောက်နီးပါးအေးအေးလူလူ စကားဝိုင်းဖွဲ့ဖြစ်ပြန်တဲ့နေရာဟာလည်း ကိုရူပရဲ့ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်လေးမှာပါပဲ။ ဆိုတော့ကာ ဆရာမင်းလူ ရဲ့အချိန်နာရီတော်တော်များများဟာ စာရေးစားပွဲနဲ့ လက်ဖက်ရည်ဝိုင်းတွေမှာပါလားဆိုတာ မှတ်ချက် ပြုမိသလို ပွဲစီစဉ်ကြတဲ့ဆရာတွေရဲ့ စီစဉ်မှုကိုလည်း ကျေးဇူးတင်၊ လေးစားခဲ့ရပါတယ်။

စကားဝိုင်းမှာ ဆရာမြေမှုန်လွင်နဲ့ ဆရာဟန်ဇော်တို့က ဆရာမင်းလူရဲ့ နဂိုမူရင်းစိတ်နေသဘောထားကို ပုံပေါ် လာအောင်ပြောနိုင်ခဲ့ကြတာပါ။ တကယ်လည်း နီးနီးကပ်ကပ်နေခဲ့ကြသူတွေပေကိုး။ မှတ်မိသလောက်အကယ်ဒမီ ဦးကြည်စိုးထွန်း၊ ဆရာမျိုးမြင့်ညိမ်း၊ ကိုရူပ၊ ကိုမင်းကိုနိုင်နဲ့ တခြားမိတ်ဆွေတွေကအမှတ်ရစရာစကားတွေ၊ တော်တော်များများ မသိလိုက်ကြတဲ့ အဖြစ်အပျက်တွေကို ရင်ဘတ်တွေနဲ့ ခံစားပြီးဖော်ထုတ်ရှင်းလင်းပြခဲ့ပါရဲ့။ ဆရာမင်းလူဟာ အဲဒီလိုအမှတ်တရအခမ်းအနားတွေ လုပ်တာမကြိုက်ခဲ့ဘူး၊ ပါဝင်လေ့လည်းမရှိဘူးဆိုခဲ့ပေမယ့် အခုလိုအချိန်အခါမျိုးမှာ နောင်လာနောင်သားတွေသိကြအောင် သမိုင်းအမှန်၊ မှတ်တိုင်နေရာ အမှန်တွေကိုသိ သွားအောင် စီစဉ်ကြတဲ့ပွဲဟာသိပ်ကို အရေးပါပြီးလိုအပ်လှပါတယ်။ သင့်လည်းသင့်တော်ပါတယ်ဆိုတာ ပွဲတက်ဖြစ်ခဲ့ကြတဲ့ ဆရာမင်းလူရဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေကတစ်ညီတစ်ညာတည်းမှတ်ချက်ပြုခဲ့ကြတာပါ။

ရက်စက်နိုင်ခဲ့လွန်းတဲ့ အုပ်ချုပ်သူကြီးတွေများ ဆရာမင်းလူရဲ့ဖခင် ဆရာဦးသာဓုနာရေးကြော်ငြာမှာ သားအရင်းခေါက်ခေါက် ( အထိန်းသိမ်းခံ၊ ထွက်ပြေးလွတ်မြောက်နေတာလည်းမဟုတ်) ဆရာမင်းလူရဲ့နာမည် ကိုဖော်ပြခွင့်မပေးခဲ့ကြတာ ဒီဘက်ခေတ် လူတွေသိအောင်တော့ပြောပြ၊ ရေးပြရပေဦးမပေါ့။ အနုပညာသမား တစ်ယောက်ရဲ့ အနုပညာကိုဖော်ပြတဲ့နေရာမှာပါ နာမည်အရင်းရော၊ ကလောင်နာမည်တွေကိုပါသုံးခွင့် ပိတ်ခဲ့တာကရော တော်ပြီးရင်းတော်နေခဲ့တဲ့ အုပ်ချုပ်သူကြီးတွေရဲ့ သဘောထားကြီးမြတ်မှုတွေများလားပေပါ့။

ဆရာမင်းလူဟာ သူ့ကိုယ်ပိုင်စည်းကမ်းတွေနဲ့ နေတတ်သူ၊ သူ့ပရိသတ်ကိုတလေးတစားရှိသူ၊ စာရေးသားခြင်း အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ပြနိုင်ခဲ့သူဆိုတာ သူကွယ်လွန်ခါနီးတဲ့အထိရေးနိုင်သလောက်ရေးခဲ့၊ ပေးဆပ် ခဲ့တာကိုရော နာမည်ကျော်"ဘာတွေဖြစ်ကုန်ကြပြီလဲ" ကဗျာကိုအင်နဲ့အားနဲ့၊ နိုင်ငံရေးခံယူချက်ပြင်းပြင်းနဲ့ ရေးဖွဲ့ခဲ့တယ်ဆိုတာကိုပါ အဲဒီညနေခင်းစကားဝိုင်းလေးကနေ အားလုံးကိုအသိပေးခဲ့လိုက်တယ်လို့ပဲ နားလည် ပါတယ်။ သိတဲ့သူတွေသိကြပေမယ့် မသိတဲ့သူတွေကလည်းရှိနေကြသေးတာကိုး။ မသိချင်ယောင်ဆောင်သူ တွေကိုတော့ ထည့်ရေးမနေချင်တော့ပါဘူး။

ဒီစာစုမှာကိုယ်တိုင်ခံစားပြီးမျှဝေဖို့စဉ်းစားထားခဲ့ပေမယ့် ပြည့်စုံကုံလုံခြင်းမရှိနိုင်ဘူးလို့ခံယူမိတာကတစ်ကြောင်း၊ သမိုင်းအမှန်ကို ဒီဘက်ခေတ်မိတ်ဆွေတွေ၊ မျိုးဆက်သစ်တွေသိထားစေချင်တာကြောင့်တစ်ကြောင်း၊ အမှတ်တရပွဲတွေမှာ တခုတ်တရ ရေးလေ့ရေးထ မရှိခဲ့သူ စာရေးဆရာ၊ အယ်ဒီတာ ဆရာမျိုးမြင့်ညိမ်းရဲ့ "ကို မင်းလူနှင့် အတူ" ဆိုတဲ့စာစုလေးကိုပဲပြန်လည်မျှဝေပါရစေ။ သိပ်ပြီးအဖိုးတန်တဲ့စာစုလေးပါ။ သမိုင်းအမှန်ပါ။ အဲဒီညနေခင်းစကားဝိုင်းမှာဝေမျှခဲ့တဲ့ အမှတ်တရ လက်ကမ်းကဗျာစာစုလေးထဲမှာဖော်ပြထားခဲ့တာပါ။ မူရင်းအတိုင်းပဲ တစ်ဆင့်မျှဝေခံစားစေဖို့ ဖော်ပြအပ်ပါတယ်။
 



(ဆရာမျိုးမြင့်ညိမ်းထံမှ ခွင့်ပြုချက်ရယူပြီးဖြစ်ပါကြောင်း)

ကိုမင်းလူနှင့်အတူ
တကယ်တော့ ဒီလိုကိစ္စတွေကို တခုတ်တရ ရေးလိုတဲ့ဆန္ဒမရှိပါ။ သို့သော်လည်းကိုယ်ကိုယ်တိုင်ပါဝင်ဖြတ် သန်းခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ အမှတ်မှား အယူလွဲနေကြတာတွေ တွေ့နေမြင်နေရတာမို့ ဆရာမင်းလူရဲ့ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာနဲ့ ဆရာမင်းလူရဲ့ ဒီမိုကရေစီခရီးကြမ်းမှာပါဝင်မှုတွေကို မှတ်တမ်း တစ်ခုအနေနဲ့ အမှတ်တရရေးပါတယ်။
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံက စပြီဆိုကတည်းက အပစ်အခတ်တွေနဲ့ စခဲ့တာပါ။ မတ်လ ၁၃ရက်နေ့ ည ရန်ကုန်စက်မှုတက္ကသိုလ်က ကျောင်းသားတွေနဲ့ အရှေ့ကြို့ကုန်းကလူငယ်တွေ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်မှာ သီချင်းအခွေရွေးချယ်ဖွင့်ခိုင်းရာက စကားများ ရန်ဖြစ်ရိုက်နှက်မှုဖြစ်တာပါ။ နောက်တော့ ကျောင်းသားနဲ့ ရပ်ကွက်ထိပ်တိုက်ရန်ပွဲဖြစ်တယ်။ လုံထိန်းတပ်ဖွဲ့က ရိုက်နှက်ပစ်ခတ်ဖြေရှင်းတယ်။ စက်မှုတက္ကသိုလ်ကျောင်း သား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့သေနတ်ဒဏ်ရာနဲ့ ကျဆုံးတယ်။
မတ်လ ၁၄ရက်နေ့ကစလို့ ကျောင်းသားလှုပ်ရှားမှုတွေ စတယ်။ မတ်လ ၁၆ရက် အင်းလျားကန်ပေါင်မှာကျောင်းသားလူငယ်တွေကို ရိုက်နှက်ဖြိုခွင်းခဲ့တယ်။ နောက်တော့ ဇွန်၊ ဇူလိုင်၊ သြဂုတ် ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကနေ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကျောင်းသားပြည်သူရဟန်းရှင်လူအပေါင်း ပါဝင်ကြရာမှာ စာရေးဆရာတွေ၊ ရုပ်ရှင်ဂီတအနုပညာရှင်တွေ အကုန်ပါဝင်ခဲ့ကြပါတယ်။
အဲဒီလူတွေထဲမှာ ကိုမင်းလူလည်း ပါဝင်ခဲ့ပါတယ်။ ကိုမင်းလူက ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှာလည်းပါဝင် ခဲ့ပြီး ကျောင်းသားတွေ ဖမ်းဆီးအကျဉ်းချခံရစဉ်မှာလည်း အကျဉ်းထောင်အတွင်း ကာလရှည်ကြာနေခဲ့ဖူးသူဖြစ် ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံမှာ စာပေနှင့်အနုပညာရှင်အဖွဲ့နဲ့အတူ ပါဝင်လှုပ်ရှားခဲ့တာမို့ သြဂုတ် ၂၂ရက်၊ သြဂုတ် ၂၄ရက်၊ သြဂုတ် ၂၆ရက်နေ့တို့မှာ အခုအချိန်မှာ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်နေပြီဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ဟောပြောပွဲတွေ စီစဉ်ရာမှာပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
သြဂုတ်လ ၂၂ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောဖို့အစီအစဉ်ပျက်သွားခဲ့ပါတယ်။ သြဂုတ် ၂၄ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကစာ ပေအနုပညာရှင်အဖွဲ့ နှင့်အတူ ရန်ကုန်ဆေးရုံကြီးကို ရောက်လာပြီး ပြည်သူလူထုနဲ့ ပထမဆုံးအကြိမ် တိုက်ရိုက် ထိတွေ့ခဲ့ပါတယ်။ မြန်မာပြည်နိုင်ငံရေးမှာ ပထမဆုံးအကြိမ် ပြည်သူလူထုနဲ့ ထိတွေ့ဟောပြောခဲ့တာဖြစ်ပါတယ်။ အဲဒီအစီအစဉ်ဟာ အချိန်မီရောက်ရှိနိုင်ရေးအတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့ရတာမို့ ချိန်းဆိုထားတဲ့ အချိန်ထက် တစ်နာရီခွဲခန့်နောက်ကျခဲ့ပါတယ်။
အဲဒီကာလမှာ ရန်ကုန်ဆေးရုံကြီးတရားပွဲကို ကြီးကြပ်နေတဲ့ စာရေးဆရာ ဦးဝင်းခက်က စီတန်းလှည့်လည်ဖို့အ ချိန်ကျရောက်ချိန်မှာ ပုံမှန်အတိုင်း ထွက်ခွာသွားတာမို့ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းမှာ စာပေအနုပညာရှင်အ ချို့ပဲကျန်ရစ်ပါတယ်။ အဲဒီအထဲမှာ ဆရာမင်းလူတစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ သြဂုတ် ၂၄ ရက်နေ့ ရန် ကုန်ဆေးရုံကြီးတရားပွဲအပြီး၊ သြဂုတ် ၂၆ ရက်နေ့ ရွှေတိဂုံစေတီအနောက်မုဒ်မှာ လူထုစည်းဝေးပွဲကြီး ကျင်းပပါ တယ်။ စည်းဝေးပွဲမရောက်မီ သြဂုတ် ၂၅ ညမှာ ထောက်လှမ်းရေးတပ်ဖွဲ့က ပုဂ္ဂိုလ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်တိုက်ခိုက်တဲ့စာတွေဝေပါတယ်။ ဒါကြောင့် သြဂုတ် ၂၆ ရက်နေ့တရားပွဲက လုံခြုံရေး အထူးအရေးကြီးပါတယ်။
ဒီနေရာမှာ ကိုမင်းလူက သူ့ရဲ့ အော်ပရေးရှင်းကို သူကိုယ်တိုင်ကြီးကြပ်ပါတယ်။ သင်္ဃန်းကျွန်း - ရန်ကုန် ပြေးဆွဲတဲ့ ဗိုက်ပူဘတ်စ်ကားကြီးတစ်စီးကို အကူအညီယူလိုက်ပါတယ်။ အဲဒီကားပေါ်မှာ လော်စပီကာသုံးနိုင်ဖို့ ဘက်ထရီအိုးကြီးတွေ တင်ထားပါတယ်။ သူနဲ့အတူ သူ့လုပ်ဖော်ကိုင်ဖက်တွေကို တာဝန်ခွဲဝေထားပါတယ်။ သြဂုတ် ၂၆ ရက် မနက်မိုးမလင်းခင်မှာ ရွှေတိဂုံစေတီအနောက်မုဒ်မှာ မိုင်းရှင်းလင်းရေးလုပ်ပါတယ်။ မိုင်းရှင်းလင်းရေးဆိုလို့ ခေတ်မီကိရိယာတွေနဲ့ ရှင်းလင်းရတာမဟုတ်ပါ။ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ကွင်းပြင်အနှံ့ လမ်းလျှောက်ပြီး မိုင်းနင်းတာပါ။ မိုင်းရှိခဲ့ရင် သူတို့တွေ အကုန်သေသွားနိုင်မှန်းသိပေမယ့် သူတို့ အသိနဲ့သူတို့ ဒီအလုပ်ကိုလုပ်ခဲ့ကြတာပါ။ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်အတွက် သူတို့စွန့်စားခဲ့ကြတာပါ။
နံနက် ၈ နာရီလောက်မှာ စင်မြင့်ရှေ့ကို လူတွေတဖွဲဖွဲရောက်ရှိလာပြီး မကြာခင်မှာ ရွှေတိဂုံစေတီအနောက် ဘက်မုဒ်တစ်ခုလုံး လူတွေပြည့်လျှံသွားခဲ့ပါတယ်။ စင်မြင့်ရှေ့ဘယ်ဘက်ခြမ်းမှာ ဗိုက်ပူဘတ်စ်ကားတစ်စီး ရှိနေ ပါတယ်။ အဲဒီဘတ်စ်ကားရဲ့ယာဉ်မောင်းသူနေရာမှာ အခိုင်အမာနေရာယူထားသူက ကိုမင်းလူပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်ကာလ လုပ်ကြံသတ်ဖြတ်မှု သို့မဟုတ်အန္တရာယ်တစ်စုံတစ်ခု ဖြစ်လာ ပါက ကိုမင်းလူက ဗိုက်ပူမော်တော်ယာဉ်ကိုမောင်းပြီး စင်မြင့်ရှေ့ကို အကာအကွယ်ပေးဖို့အဆင့်သင့်ဖြစ်နေခဲ့ တာပါ။ သို့သော်လည်း အဲဒီနေ့က ပြည်သူတို့ အောင်ပွဲခံခဲ့ပါတယ်။ အန္တရာယ်ကင်းစွာ အဆုံးသတ်နိုင်ခဲ့တယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရေးကို လူထုစည်းဝေးပွဲကြီးက တစ်ခဲနက် ထောက်ခံအတည်ပြုခဲ့ကြပါ တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ စည်းရုံးရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့်လုပ်ဆောင်နေစဉ်မှာပင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူထုခေါင်းဆောင်များ အဖမ်းအဆီးခံကြရပါတယ်။ အာဇာနည်မျိုးသေရိုးမရှိ ကြွေးကြော်သံနှင့်အတူ အကျဉ်းထောင်များအတွင်းရင်ကော့ဝင်သွားခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်ဝင်းအတွင်း အကျယ်ချုပ် ချခံရပါတယ်။ အဲဒီကာလမှာ "ဘာတွေဖြစ်ကုန်ကြပြီလဲ" ဆိုတဲ့ ကဗျာတစ်ပုဒ်ပေါ်ထွက်ခဲ့ပါတယ်။
သြော်…ဒုက္ခ…ဒုက္ခ

သူတို့ ကြီးစိုးတဲ့ခေတ်မှာ

အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်
တစ်နှစ်တစ်ခါ
ဝတ်ကြေတန်းကြေအလေးပြုခံရ
ဥက္ကဌကြီး၏ လမ်းညွှန်မှုဖြင့်လို့
တစ်လျှောက်လုံး အော်ခဲ့ပြီး
မအောင်မြင်ဘဲ ကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံလုပ်ခဲ့ရ
သမီးအရင်းခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့်မရ။
အစရှိတဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကဗျာဆရာရဲ့နာမည်ဖော်ပြထားခြင်း မရှိပါဘူး။ နိုင်ငံရေးလှုပ်ရှားမှုပြုလုပ် နေတဲ့ ကျောင်းသားလူငယ်များရဲ့ ဆန္ဒပြပွဲတွေမှာ ထုတ်ဝေဖြန့်ချိခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့က တာဝန်ယူစီစဉ်လေ့ရှိပါတယ်။ အဲဒီခေါင်းစဉ်နဲ့ပဲ ကဗျာ ၃ ပုဒ်ရေးသားခဲ့ပါတယ်။ ကလာင်နာမည်မခံခဲ့ပါ။ အဲဒီကာလ ထုတ်ဝေတဲ့ကဗျာတွေမှာ ကလောင်နာမည်ခံလေ့မရှိပါ။ ထူးထူးခြားခြားက တော့ ဆရာတင်မိုးနဲ့ ဆရာရွှေဘုန်းလူတို့ပဲ ကလောင်နာမည်ခံခဲ့တာပါ။ ကလောင်နာမည်ခံခဲ့ရင်လည်း နှစ်ရှည် လများ အကျဉ်းချခံရမှာသာမက ဒီမိုကရေစီရေးလုပ်ငန်းတွေ ရပ်တန့်သွားနိုင်တဲ့အတွက် ကဗျာဆရာတွေက နာမည်ဖော်ပြလေ့မရှိကြပါဘူး။ ဒါကြောင့်အခုအခါမှာ ထင်ရှားတဲ့ကဗျာတွေကို ကူးယူဖော်ပြကြရာမှာ အမှားအယွင်းတွေနဲ့ဖော်ပြနေတာ တွေ့ရပါတယ်။ ဆရာမောင်သော်က နှစ်နှစ်ဆယ်အကျဉ်းချခံရစဉ်မှာ ထွက် ပေါ်လာတဲ့ နှစ်နှစ်ဆယ်တဲ့လားဟေ့ အစချီတဲ့ မီးခြစ်တစ်ဆံ ကဗျာဟာကွယ်လွန်သူ ကဗျာဆရာမ မစိမ်းပင် ရေးသားခဲ့တာဖြစ်ပြီး အငြင်းပွားနေကြတဲ့ If ကဗျာဟာ Rudyard Kipling ရဲ့ ကဗျာကို မသီတာ (စမ်းချောင်း) က မြန်မာမှုပြုပြီး ကဗျာအဖြစ်တည်ဆောက်ထားတာဖြစ်ပါတယ်။ အလားတူ ရွှေဘုန်းလူ ကလောင်အမည်နဲ့ ရေးခဲ့တဲ့ ကျောင်းဖွင့်ချိန် ကဗျာဟာ ကွယ်လွန်သူစာရေးဆရာ တာရာမင်းဝေက သူ့နာမည်အရင်းနဲ့ ရေးသား ဖြန့်ချိခဲ့တာပါ။ အခြားအမည်မဖော်လိုသူ ကဗျာဆရာတွေရဲ့ ကဗျာတွေရှိနေပေမယ့်လည်း ကာယကံရှင်များရဲ့ ခွင့်ပြုချက်မယူရသေးတဲ့အတွက် ဒီနေရာမှာ မဖော်ပြလိုသေးပါ။
ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာရေးသားမှု၊ ထုတ်ဝေမှု၊ ဖြန့်ချိမှုတို့အတွက် ကိုမင်းလူနဲ့အတူ သုံးရောင်ခြယ် ကျောင်းသားခေါင်းဆောင် ကိုစိန်လှိုင်နဲ့ ကျွန်တော် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရပါတယ်။
ဒီနေရာမှာ အမှတ်ရနေတာလေးတစ်ခုပြောချင်ပါတယ်။ ထောက်လှမ်းရေး ၇ မှာ စစ်ကြောခံရတော့ ကျွန်တော် ရေးခိုင်းလို့ သူရေးတာပါလို့ ကျွန်တော်ကထွက်ဆိုပါတယ်။ သူက ကဗျာဆရာပီသစွာပါပဲ။ သူ ရေးချင်တာ သူ ရေးတာ၊ ဘယ်သူကမှ ရေးခိုင်းတာမဟုတ်ဘူး လို့ ထွက်ဆိုပြီး ကျွန်တော့်ရဲ့ကာကွယ်ပေးမှုကို ငြင်းဆိုတယ်။ သူရေးတာကို သူတာဝန်ယူခဲ့ပါတယ်။
သူနဲ့အတူ ကာလတစ်ခု အခန်းကျဉ်းတစ်ခုထဲမှာ နေ့ပေါင်းညပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တစ်ယောက်အဖြစ် အခက်အခဲတွေ၊ ဖိနှိပ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုသူ ကွယ်လွန်သွားတာ ၃ နှစ်ကျော်ကြာခဲ့ပါပြီ။ ဒီမိုကရေစီခရီးကြမ်းမှာ သူပါ ဝင်ခဲ့သမျှထဲက အစိတ်အပိုင်းတစ်ခုအဖြစ် ကိုမင်းလူ ကိုချစ်တဲ့သူများသို့ ကိုမင်းလူ ရဲ့မွေးနေ့အထိမ်းအမှတ် အဖြစ် မျှဝေလိုက်ပါတယ်။
ချစ်ခင်စွာ
မျိုးမြင့်ညိမ်း