ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ညီစောလွင် -သတင်းသမား ဣနြေ္ဒ ရ/မရ



clipartoday.com
သတင်းသမား ဣနြေ္ဒရ ရ / မရ
ညီစောလွင်

(မိုးမခ) မေ ၉၊ ၂၀၁၇

တနေ့က မိတ်ဆွေတယောက်က သတင်းသမားအလုပ်က ဣနြေ္ဒရ မရပါဘူးလို့ပြောတော့ စဉ်းစားကြည့်တယ်။
ဟုတ်တယ်လို့ပြောလည်းရတယ်။ မဟုတ်ဘူးပြောလည်းရတယ်။
သတင်းစာဆရာတွေထဲမှာ ၂ မျိုး ၂ စားလုံး ရှိနေတာကိုး။

မြန်မာသတင်းစာဆရာ အကျော်မော်တွေထဲက ကြေးမုံ ဦးသောင်းဆိုပါစို့။
သတင်းစာသမားဘ၀မှာ ဉာဏ်နီဉာဏ်နက်တွေ လိုရင်ထုတ်ရတဲ့အကြောင်း အတွေ့အကြုံတွေ ရေးခဲ့ပါ တယ်။
ဒါပေမဲ့ လူထုဦးလှ၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့လိုသတင်းစာဆရာတွေကျတော့ အလွန်လူကြီးလူကောင်း ဆန်သူတွေပါ။

ဒါကြောင့် သတင်းသမားအလုပ်က ဣနြေ္ဒမရဘူးလို့ပြောရင် တ၀က်မှား၊ တ၀က်မှန်လို့ ကျနော်ယူဆပါ တယ်။
ဒီနေရာမှာ ကိုယ်က ဘယ်လိုသတင်းစာဆရာ ဖြစ်ချင်သလဲဆိုတာတော့ ရွေးရမှာပေါ့။
နိုင်ငံတကာမှာလည်း သြဇာရှိရှိ အတည်အခံ့သတင်းစာတွေ သတင်းစာဆရာတွေရှိသလို အတင်းအဖျင်း အညှီအဟောက်တွေလည်း ရောင်းမလောက်ပါဘူး။
ဒီတော့ ကိုယ်က ဘယ်လိုင်းရွေးမလဲဆိုတာတော့ ရွေးရ ဆည်းပူးရပါမယ်။
အိုးဝေညိုမြလို ဖြစ်ချင်လား၊ ကြေးမုံဦးသောင်းဖြစ်ချင်လား။
ဟံသာဝတီဦးဝင်းတင် ဖြစ်ချင်လား၊ လုထုဒေါ်အမာဖြစ်ချင်လား၊ ဂျာနယ်ကျော်မမလေး ဖြစ်ချင်လား။

အချိန်အခါအရ ပြောင်းတာလည်း ဖြစ်နိုင်ပါတယ်။
ကျနော်တို့သတင်းစာလောကထဲဝင်တော့ ရုပ်သံသတင်းသမား ဖြစ်ဖို့မရည်ရွယ်ပါဘူး။ ခေတ်လည်း မစားသေးပါဘူး။
ပြောမယ်ဆို ဦးချစ်မောင်လို ဦးဝင်းတင်လို အယ်ဒီတာ desk မှာ မိုးလင်း မိုးချုပ် တကုတ်ကုတ် သတင်းစာ အလုပ် လုပ်ချင်တဲ့စိတ်ရှိခဲ့ပါတယ်။
ရေဒီယိုမှာ ဦးဖေသန်းရဲ့ အာဝဇ္ဇန်းကို အားကျ၊ နောက်တော့ ဦးကျော်ဇံသာရဲ့ပညာပါပါ မေးခွန်း မေးတတ် တာကို အားကျပြန်တယ်။ နောက်တော့ BBC Hard Talk က စတီဖင် ဆက်ခါကို အားကျပြန်ပါတယ်။ တောမတ်ဖရိုင်မန်းလို နိုင်ငံရေးသမားတွေ စောင့်ဖတ်ရတဲ့ စာတွေရေးချင်။
CNN က ဇာကရီယာလို တဖက်က ကလောင်ကိုင်၊ တဖက်က တီဗီရှေ့ ထိုင်ပြီး ရှေ့ ဖြစ်တွေ ဟောချင်၊ ဒီလိုပါ။

ကြေးမုံဦးသောင်းတို့ခေတ်က သတင်းဦးသတင်းထူးအတွက် ဉာဏ်များ ဉာဏ်ကစားကြပါတယ်။ သတင်းသမားဆိုတာ လူတကာနဲ့ဆက်ဆံရလို့  အကင်းပါးရပါတယ်။ ဟံသာဝတီ ဦးဝင်းတင်လည်း ဒီသဘောပြောလေ့ရှိပါတယ်။
အခုခေတ်အခေါ် Fake News (ဒေါ်နယ်ထရမ့် စခေါ်တယ်ထင်) တွေလည်း အရင်ခေတ်ကတည်းက ထည့်တဲ့အခါ သလောက်ထည့်ကြပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲနီးတဲ့အချိန်မှာပါ။ အထင်ရှားဆုံးက 'မီးခွက်မှုတ်' သတင်းမျိုးပါ။ ကျနော်က မနှစ်မြို့ ပါ။
ရုပ်သံသတင်းမီဒီယာတွေထဲမှာ အယ်ဂျာဇီရားကြည့်ရတာ ရုပ်ရှင်ကြည့်ရသလို အပစ်အခတ် ဒရမ်မာတွေ များပြီး ဘီဘီစီဝေါဆားဗစ်ကိုကြည့်ရတာ ပိုပြီး ဣနြေ္ဒရသလို ခံစားရပါတယ်။ ဒါလည်း သူတို့ အာရုံစိုက်တဲ့ ဒေသနဲ့ဆိုင်ပါမယ်။ ဥရောပဟာ သတင်းသမားတွေအတွက် ပျင်းစရာကောင်းတယ်လို့ အနောက်တိုင်း သတင်းစာဆရာတယောက် ပြောဖူးတာသတိရပါတယ်။ အာဖရိကဟာ သတင်းသမားတွေအတွက် ဒရမ်မာ အများဆုံးဒေသ ဖြစ်နိုင်ပါတယ်။ ပြီးရင် အာရှဖြစ်ဖို့များပါတယ်။ စီအန်အန်တို့ကတော့ အပြထက် အပြော များပြီး ဆူလွန်းလှတယ်လို့ထင်တယ်။
ဒီနေ့ခေတ်မှာ သတင်းတွေရဲ့ အသက်က ပိုတိုလာနေတယ်။ လူတိုင်းက အွန်လိုင်းပေါ် သတင်းတင်နိုင်တဲ့ ခေတ်၊ အပြိုင်များလာတဲ့ခေတ်မှာ သတင်းဌာနတွေလည်း အသက်ရှုမ၀ဖြစ်လာတယ်။ ကျနော့်မိတ်ဆွေ ပြောသလို ဣနြေ္ဒမရဖြစ်လာတယ်။
အထူးသဖြင့် မြန်မာပြည်လိုအခြေအနေမှာ ပိုဆိုးပါတယ်။ ဈေးကွက်သေးသေးလေးကို ၀ိုင်းရောင်းကြ၊ သတင်းလောကထဲဝင်ခါစ လူငယ်တွေများလာ၊ ပိုက်ဆံရှိလို့  မီဒီယာထောင်ပြီး နေရာယူကြတဲ့အခါ သတင်းမီဒီယာလောကမှာ ဣနြေ္ဒမရတာတွေ ရှိလာပါတယ်။
တကယ်တော့ မီဒီယာသမားဆိုတာ ပရဟိတသမားလည်း ဖြစ်ပါတယ်။ အများထဲက တယောက်ဖြစ်ပြီး တချိန်တည်းမှာ အများကိုစေတနာထားပြီး အလုပ် လုပ်ရပါတယ်။ အစိုးရအရာရှိဆိုး စိတ်မထားရပါဘူး။ ကလောင် အားကိုး၊ မီဒီယာအားကိုးနဲ့ မရမ်းကားရပါဘူး။ ဒီလိုဇာတ်လမ်းတွေ ကျနော်တို့မကြာမကြာ ကြား ရပါတယ်။ သိပ်မကြာခင်ကပဲ မြန်မာစာနယ်ဇင်းကောင်စီက စာထုတ်သတိပေးရပါတယ်။
တကယ်တော့ တခါတည်း ဥပဒေအတိုင်း အရေးယူရပါမယ်။ ဥပဒေအထက်မှာ သတင်းသမားလည်း မရှိပါဘူး။

မျှတတဲ့ စိတ်ရှိရပါတယ်။ လိုတမျိုး မလိုတမျိုး မလုပ်ရပါဘူး။ စိတ်ခံစားမှုထက် အချက်အလက်တွေကို အခြေခံရပါတယ်။ ကိုယ့်တာဝန်နဲ့ လူ့အဖွဲ့ အစည်းက ကိုယ့်အဆင့်နေရာကို အမြဲတမ်းသတိရှိရပါတယ်။
သတင်းသမားတွေမှာ ကျင့်ဝတ်ရှိတဲ့ တရားဝင်ဝေဖန်ခွင့် လိုင်စင် ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ လူတဖက်သား ကို စော်ကားခွင့်လိုင်စင်မဟုတ်ပါဘူး။

ဆိုရှယ်မီဒီယာခေတ်မှာ လူတိုင်း ကိုယ်ပိုင်အကောင့်နဲ့ သူ့အမြင် ကိုယ့်အမြင် ရေးနိုင်ကြပါတယ်။
ဒါပေမဲ့ သတင်းသမားဟာ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်တာဝန်ကို ခွဲခြားနားလည်ဖို့ လိုပါတယ်။ ကိုယ့်စတေးတပ်စ်ဟာ ကိုယ်အလုပ်နဲ့ ကိုယ့်သတင်းဌာနရဲ့ ပုံရိပ်ကို ထိခိုက်သလား အမြဲသတိရှိရပါတယ်။ သတင်းသမားရဲ့အလုပ်ချိန်ဟာ သာမန် ၈ နာရီလို့သတ်မှတ်မရသလို သတင်းကျင့်ဝတ်စောင့်စည်းမှုက
အလုပ်ချိန်ပြင်ပအထိ ပါနေတာကို သတိရှိဖို့လိုပါတယ်။

လူတိုင်းမှာ ပရိုက်ဗစ်စီနဲ့ ကိုယ်ပိုင်ဖရီဒမ်းရှိပေမယ့် သတင်းသမားအတွက်ဟာ နိုင်ငံရေးသမား တယောက် လိုပဲ အလွန်စောင့်ထိန်းနေမှ တော်ကာကျပါတယ်။ တကယ်တော့ အနုပညာရှင်တွေတောင် ဒီသဘောပဲ ရှိပါတယ်။
နောက်ဆုံး စဉ်းစားမိတာက သတင်းအလုပ်က ဣနြေ္ဒမရတဲ့ အခါလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ သတင်း သမားတော့ ဣနြေ္ဒရဖို့ လိုပါတယ်။ ဒါကိုတော့ ရှင်းဖို့လိုမယ်ထင်ပါတယ်။
သတင်းစာပညာသင်တုန်းက insider ဆိုတာကို နားမလည်လို့မေးဖူးပါတယ်။ လူတွေနဲ့တသားတည်း ရှိနေ တဲ့သတင်းသမားကို ဆိုလိုတာပါ။ သတင်းသမားဟာ ရုပ်ရှင်ထဲကလို စီးကရက် မီးခိုးတွေအူဝေ၊ နှုတ်ခမ်း ပါးသိုင်းဗရပွ၊ ဆံပင်ဘုတ်သိုက်ဖွာလံကြဲ ယစ်ထုတ်ကြီး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ (လူကြီး လူကောင်း တွေနဲ့ တွေ့ဆုံမေးမြန်းတဲ့အခါ တဖက်သားကို လေးစားသမှုနဲ့ ၀တ်စားဖို့တော့လိုပါတယ်)
အရေးအကြီးဆုံးက သတင်းနဲ့ပတ်သက်လာရင် သတင်းကျင့်ဝတ်အတိုင်း ဖြစ်ဖို့လိုပါတယ်။ လိုအပ်ရင် သတင်းရင်းမြစ်ကို ကာကွယ်ရပါတယ်။ ကတိတည်ရပါတယ်။ ညိုမြကို အောင်ဆန်းကာကွယ်ခဲ့သလိုမျိုးပါ။ အလွတ်သဘောပြောတာကို သတင်းထဲ မထည့်ရပါဘူး။ ပါစင်နယ်တိုက်ခိုက်တာကို မလုပ်ရပါဘူး။ အမှားတ၀က် အမှန်တ၀က်၊ လိုရာဆွဲ၊ ပုံဖျက်မလုပ်ရပါဘူး။ ဒါဆိုရင် သတင်းအလုပ်က 
ဣနြေ္ဒမရဘူး ဆိုရင်တောင် သတင်းသမားက ဣနြေ္ဒရလာပါလိမ့်မယ်။


ညီစောလွင်
….