မျိုးတေဇာမောင် ● ရိုဆာ ဂျမာလီ (Rosa Jamali - Iran, 1977)

မျိုးတေဇာမောင် ● ရိုဆာ ဂျမာလီ (Rosa Jamali - Iran, 1977)   
(မိုးမခ) မေ ၂၇၊ ၂၀၁၇

ဆူရီယယ်လ်ဘက်နွယ်တဲ့အီရန်ကဗျာဆရာမတစ်ယောက် နဲ့မိတ်ဆက်ပါမယ်။ ရိုဆာဂျမာလီကို အီရန်မှာမွေးခဲ့တယ်။၁၉၇၇ နိုဝင်ဘာ။ တီဟီရန် အနုပညာတက္ကသိုလ်မှာ ပြဇာတ်ပညာ မေဂျာယူခဲ့တယ်။ သူမရဲ့ပထမဆုံးကဗျာစာအုပ်ဖြစ်တဲ့This Dead Body Is Not an Apple, It Is Either a Cucumber or a Pear ကို ၁၉၉၇ မှာ ထုတ်ဝေခဲ့ပါတယ်။ ဝါကျဖွဲ့ထုံးတွေ၊ စကားလုံးအသုံးအနှုန်းတွေကို ချိုးဖျက်ရေးဖွဲ့တတ်တယ်။ ဆူရီရယ် ဘက်သွားတယ်။ အဆိုပါကဗျာစာအုပ်ကို ဝေဖန်ရေး ဆရာတွေက အီရန်ကဗျာရဲ့အသံသစ်လို့ ချီးမွှမ်းခဲ့ကြတယ်။ ရိုဆာဂျမာလီရဲ့ကဗျာတစ်ပုဒ် မိတ်ဆက်ပါမယ်။

|ချိတ်ဆွဲထားတဲ့ ကရားအိုးလို|

ချိတ်ဆွဲထားတဲ့ ကရားအိုးလို
ကျမဆီက ဘာသောက်စရာမှ ငှဲ့မချဘူး
တဖြည်းဖြည်း အေးခဲသေဆုံးသွားမှာ သဘာဝပဲ။

ဝက်ဦးခေါင်းသဏ္ဌာန် ပင်လယ်ခရုခွံတွေ!
ဟော့ဒီ့ကြွားဝါတဲ့ကောင်းကင်ဟာ
ကျမပေါင်ပေါ်ပြုတ်ကျလာတဲ့
ကျောက်ဆူးပဲ!
ဟော့ဒီ မူးဝေနေတဲ့ကောင်းကင်!
လကို ရှင်းပစ်ပြီ
ကျမရဲ့ အိပ်မက်တွေထဲ
ရှင်ဖြတ်ပြေးလေ့ရှိသလို ခြေဗလာနဲ့
အရိပ်တစ်ခု ကျမနောက်ကလိုက်လို့လာတယ်!

ကျေနပ်သလား!
အေးခဲခဲ့ပြီလား!

ကျမရဲ့သွေးကြောအားလုံး ဒီတိုင်းပြည်နဲ့ချိတ်ဆက်နေတယ်။

ချိတ်ဆွဲထားတဲ့ ကရားအိုးလို
ဧရာမ ဝေလငါးကြီးတစ်ကောင်ဟာ
ပျော်ရွှင်ဖွယ်ရာ ဟော့ဒီကောင်းကင်ကို
တစ်နေ့ မှာမျိုချပစ်ခဲ့တယ်။

ရှင့်လက်တွေကို ရှင်ဝှေ့ယမ်းခဲ့တယ်
ပြီးဆုံးခဲ့ပြီ!
ပင်လယ်ကွေ့ဟာပြီးဆုံးခဲ့ပြီ!

ချိတ်ဆွဲထားတဲ့ကရားအိုးလို
ရိုးရှင်းတယ်
ကျမရှုံးခဲ့တယ်
တလျှောက်လုံး လောင်းကစားခဲ့တယ်။

Rosa Jamali ရဲ့ LIKE A HANGING JUG