ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဘာတေးလစ်တနာ - ၁၉၄၉-၁၉၆၂၊ ပေါက်ဖေါ် နှစ်ကာလများ



ဘာတေးလစ်တနာ -
၁၉၄၉-၁၉၆၂၊ ပေါက်ဖေါ် နှစ်ကာလများ
တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ - ဆွေမျိုးပေါက်ဖော် တင်မကသော (၂) 
(သိန်းမြင့် ဘာသာပြန်)
မိုးမခ၊ ဇွန် ၁၊ ၂၀၁၇

တရုပ် ဗမာ ဆက်ဆံရေးဟာ ၁၉၄၀ခုနှစ်များနှောင်းပိုင်းမှာ ၊ နေရာများစွာမှာ တိတိကျကျ မသတ်မှတ်နိုင်ပဲ အငြင်းပွားနေရတဲ့  နယ်ခြားမျဉ်းကိစ္စ၊ တရုပ်အလုပ်သမားများ၊စီးပွားရေးသမားများ နဲ့ လယ်သမားများ ပါ ရေကြည်ရာမျက်နုရာရှာရင်း ဗမာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာကြတဲ့ကိစ္စ နဲ့ ကုန်စည်များကိုမှောင်ခို
ရောင်းဝယ်နေတဲ့ ကိစ္စများကြောင့် အဖုအထစ်ဖြစ်ခဲ့ရပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမရေမရာ ဖြစ်ခဲ့ရတာကတော့ တရုပ်ပြည်တွင်းစစ်မှာ တရုပ်သမ္မတနိုင်ငံရဲ့ တရုပ်အမျိုးသားရေးဝါဒီကူမင်တန် တပ်တွေ တရုပ်ပြည်တွင်းစစ်မှာစစ်ရှုံးပြီးမြန်မာပြည်အရှေ့မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်ဒေသ ကို အင်အားအလုံးအရင်းနဲ့ ဆုတ်ခွာ လာတဲ့အချိန်မှာ ဖြစ်ပါတယ်။ ဗမာအစိုးရ အာဏာ မသက်ရောက်တဲ့ နယ်စပ်တောင်ကုန်းဒေသ လှို့ဝှက်စစ်အခြေစိုက်စခန်းများ ကနေ ကူမင်တန်တပ်တွေကတရုပ်ကွန်မြူ နစ်အစိုးရသစ်ကို  လှို့ဝှက်စစ်ပွဲ ဆင်နွဲပါတယ်။ တိုင်ဝမ်က တရုပ်သမ္မတနိုင်ငံအစိုးရ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ နဲ့ ထိုင်းနိုင်ငံ တို့က  ကူမင်တန်တပ်တွေကို အကူအညီပေးကြပါတယ်။ တရုပ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကူမင်တန်တပ်တွေကို မလိုချင်ပဲလက်ခံထားရတဲ့ အိမ်ရှင်နိုင်ငံအကြား စစ်ဖြစ်နိုင်ခြေ ကျိန်းသေရှိခဲ့ပါတယ်။ ဒါပေမဲ့
ဒီပထမပိုင်းပဋိပက္ခဖြစ်နိုင်တဲ့အနေအထားကနေ တိုးတက်ကြီးထွားလာတဲ့ တရုပ်မြန်မာ ဆက်ဆံရေးဟာ၊ နှိုင်းယှဉ်ချက်အရ အင်အားချိနဲ့တဲ့နိုင်ငံငယ်လေးတခုဟာ ထိုစဉ်ကအာရှတိုက်ရဲ့အင်အား အတောင့်တင်းဆုံး အကြီးဆုံ နိုင်ငံကြီးတခုနဲ့ ဆက်ဆံရာမှာ သူ့ရဲ့ လွတ်လပ်ရေး နဲ့ ကြားနေရေး ကိုမဆုံးရှုံး အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ အကောင်းဆုံး ဥပမာ ပဲဖြစ်ပါတယ်။

 တရုပ်ပြည် နဲ့ ဆက်စပ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးဝါဒဟာ အထူးကရုထား စဉ်းစားတဲ့အချက်တခုရှိပါတယ်။ တရုပ်ပြည်ရဲ့ အုပ်စိုးသူအဆက်ဆက်ဟာ သူတို့ရဲ့ နိုင်ငံရေးအသွေးအရောင် ဘယ်လိုပဲဖြစ်နေပါစေ၊ မြန်မာ ကို သူတို့ရဲ့ လက်ဝေခံ နိုင်ငံလို့ပဲ သဘောထားလေ့ရှိကြပြီး၊ ကိုလိုနီခေတ်မတိုင်မီ ဗမာဘုရင်များကလည်း တရုပ်ပြည့်ရှင်မင်းများကို လက်ဆောင်ပဏ္ဍာမကြာခဏ ဆက်သကြရတဲ့ အချက်ကိုပါပဲ။

ကူမင်တန်များ မိမိမြေပေါ်မှာရှိနေတဲ့ကိစ္စကို ဗမာအစိုးရဟာ ၁၉၅၃ခု အစောပိုင်းမှာ ကုလသမဂ္ဂ စင်မြင့်သို့ တင်ပြဖို့ ဆုံးဖြတ်ပြီး ပြသနာ ကို ဖြေရှင်းဖို့လုပ်ပါတယ်။ ယင်းမတိုင်မီကတော့ ဖြစ်တည်စ မြန်မာ့တပ်မတော်ဟာ ကူမင်တန် တွေကို ရင်ဆိုင်ပြီး တိုက်ပွဲပေါင်းများစွာ ရွံရွံချွန်ချွန် တိုက်ခဲ့ပါတယ်။ ဒီ ကူမင်တန်တပ်တွေဟာ ရန်ကုန် အစိုးရရဲ့ သဘောတူညီချက်နဲ့ မြန်မာ့မြေပေါ်မှာ အခြေစိုက်နေတာမဟုတ်ဘူးလို့  ရှင်းလင်းစွာ ပြသလိုက်တာပါပဲ။ ၁၉၅၃ ဧပြီ  ၂၂ရက်မှာ ကုလသမဂ္ဂ က ကူမင်တန်တွေ လက်နက်ချပြီး မြန်မာ့မြေပေါ်က ထွက်ခွာသွားရမည် လို့ ဆုံးဖြတ်ချက်တခု ချမှတ်ပါတယ်။ တရုပ်အမျိုးသားအစိုးရ ရဲ့  တပ်သားထောင်ပေါင်းများစွာကို တိုင်ဝမ် သို့ ပို့ဆောင်ပေးခဲ့ပေမယ့်၊ ကုလ ဆုံးဖြတ်ချက် ဟာ ကဖျက်ယဖျက်အလုပ်ခံရပါတယ်။ ကြွင်းကျန်ရစ်တဲ့ တရုပ်တပ်များကို ဗမာပြည်အရှေ့မြောက်ပိုင်းမှာ စီအိုင်အေ အထောက်အပံနဲ့  ဆောက်ထားတဲ့ လှို့ဝှက်လေယာဉ်ကွင်းများကတဆင့် လက်နက် ရိက္ခာများပို့ပေးနေတာကို ရန်ကုန်အစိုးရက ဘာမျှ မလုပ်နိုင်လို့ပါပဲ။

ဒါတွေကိုကရုမထားပဲ ဦးနုအစိုးရဟာသူလုပ်စရာရှိတာကို လုပ်ပါတယ်။ ၁၉၅၄ ဧပြီ ၂၂ရက်မှာ တရုပ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ မြန်မာ ဟာ ပထမဦးဆုံးအကြိမ် နှစ်ဦးသဘောတူ ကုန်သွယ်ရေး သဘောတူညီချက်ကိုလက်မှတ်ထိုးပါတယ်။ ဇွန်၂၈-၂၉မှာ ဗမာအစိုးရ ရဲ့ဖိတ်ကြားချက်အရ ဝန်ကြီးချုပ် ကြို့အင်းလိုင် ဟာ ဗမာပြည်ကို အလည်အပတ်လာပြီး ဝန်ကြီးချုပ်ဦးနု နဲ့ ဆွေးနွေးပါတယ်။ ဇွန်၂၉မှာ " ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်" ကိုထောက်ခံတဲ့တရုပ် မြန်မာ ပူးတွဲကြေငြာချက် ကို
ခေါင်းဆောင်နှစ်ဦး လက်မှတ်ရေးထိုးပါတယ်။ တဦးစီ၏ နယ်မြေ ပိုင်စိုးမှု နှင့် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားရေး၊ မကျူျးကျော်ရေး၊ တဦး၏ ပြည်တွင်းရေးကို တဦး ကဝင်ရောက် မစွက်ဖက်ရေး၊ နှစ်ဦးနှစ်ဘက် တန်းတူ အကျိုးဖြစ်ထွန်းရေး၊ နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများ ဖြစ်ပါတယ်။

ဒီပေါ်လစီ များကို ' ပေါက်ဖေါ်' လို့ အမည်တပ်ကြပေမယ့် မြန်မာနိုင်ငံကတော့ သူ့ရဲ့ပြည်တွင်းရေးကို တရုပ် ဝင်စွက်ဖက်မှု မှ ကာကွယ်ရေးကို အန္တိမရည်မှန်းချက်ထားပြီ့း နိုင်ငံခြားရေးမူဝါဒ မှာ ကြားနေရေးရပ်တည်ချက်ကို ချမှတ်ကျင့်သုံးပါတယ်။ ကြီးမားပြီး၊ မကြာခဏချိန်းခြောက်တတ်တဲ့ ဒေသတွင်းအင်အားကြီး နိုင်ငံ တရုပ်နဲ့ သူ့ရဲ့ အစွန်အဖျားက အများကြီးသေးငယ်တဲ့ မြန်မာ တို့ရဲ့ ကြားက အလွန်ဘက်မညီတဲ့ မိတ်ဆွေဖြစ်မှု ဟာ ပေါက်ဖေါ် အယူအဆ ရဲ့ မှီတည်ရာ
ဖြစ်နေပါတယ်။

 မြန်မာနိုင်ငံ ရဲ့ လွတ်လပ်ပြီးစ ပထမနှစ်များဟာနိုင်ငံအဝှမ်း သူပုန်ထမှုများနဲ့ လို့ ဝိသေသပြုရမှာပါ။ ဗမာပြည်ကွန်မြူ နစ်ပါတီဟာ အဓိကသူပုန်အဖွဲ့ တခုပါ။၁၉၅၀ခုနှစ်ခန့်ကတည်းက ဗမာပြည်ကွန်မြူ နစ်ပါတီဟာ မော်ဝါဒ အပေါ်အခိုင်အမာ တိမ်းညွှတ်မှုရှိခဲ့ပေမယ့် ဘေဂျင်းကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ကို ပံပိုးခြင်း မှ လက်ရှောင်ခဲ့ပါတယ်။

နောက်ထပ်ဖြေရှင်းရမယ့် အချက်တခုကတော့ နယ်နမိတ်ပြသနာ ပါပဲ။ ၁၉၅၆ခု စက်တင်ဘာ မှာ ဦးနု တရုပ်ပြည်သွားလည်တော့  နယ်နမိတ်ပြသနာ ကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ဦးနု ပြန်လာတော့ နှစ်ဦးနှစ်ဘက်ကျေအေး နိုင်မည့် အစမ်းအစီအစဉ် တခုပါလာတယ်။ ဒီအစီအစဉ်အရ နမ်ဝမ်းသတ်မှတ်နယ်မြေ (ဗန်းမော်မြို့ အရှေ့တောင်ဘက် ) လို့ခေါ်ကြတဲ့ ဒေသ ကို မြန်မာ ရဲ့ အချုပ်
အခြာအာဏာပိုင်ဒေသ အဖြစ် တရုပ်က အသိအမှတ်ပြုရမှာဖြစ်ပြီး အလဲအလှယ် အားဖြင့် ကချင်ပြည်နယ်က ရွာသုံးရွာ( ဖီမေါ်၊ ဂေါ်လန်၊ကန်ဖန် ) ကို တရုပ်ဘက်ကို ပေးရမှာဖြစ်ပါတယ်။ ကျန်တဲ့နယ်နိမိတ် ၁၃၅၇မိုင်ကို ဗမာပြည်ရဲ့  တောင်းဆိုချက်အတိုင်း အသိအမှတ်ပြုပေးမယ်လို့ တရုပ်က ကတိပြု ပါတယ်။

ဦးနု ရဲ့ လိုက်လျောမှု ကြောင့် မြန်မာနိုင်ငံရေးသမားတွေနဲ့ ကချင်အစရှိတဲ့ တိုင်းရင်းသားတွေရဲ့ ကန့်ကွက်မှု များ ပေါ်ပေါက်လာရပါတယ်။ ၁၉၆၁ ခု နှစ်မှာအစပြုတဲ့ ကချင်တိုင်းရင်းသားများရဲ့
လက်နက်ကိုင်ပုန်ကန်မှုဟာ တရုပ်နဲ့ နယ်စပ်ဒေသ ဆွေးနွေးမှု ရဲ့တိုက်ရိုက် အကျိုးဆက် ဖြစ်ပါတယ်။ဒါပေမယ့် စေ့စပ်ဆွေးနွေးမှုတွေဟာ ၁၉၆၀ခုနှစ် ဇန္နဝါရီ ၂၈ရက် နောက်ဆုံးသဘောတူညီ
ချက် လက်မှတ်ထိုးနိုင်ချိန်အထိ လေးနှစ်နီးပါးကြာအောင် ဆက်လက်ပြုလုပ်ခဲ့ရပါတယ်။

၁၉၅၈ခုမှာ ဦးနု ဟာ အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းက ဥိးဆောင်တဲ့ စစ်တပ်အိမ်စောင့်အစိုးရလက်ထဲ လွှဲအပ်ပေးဖို့  အကြပ်ကိုင်ခံရပါတယ်။ ဗိုလ်ချုပ်နေဝင်း ကနယ်နိမိတ် သဘောတူညီချက်ကို အဆုံးသတ်ပေးပြီး၊ တရုပ်ပြည်နဲ့ ချစ်ကြည်ရင်းနှီးရေး၊ အပြန်အလှန်မကျူး ကျော်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကချင်ရွာသုံးရွာ ( ၅၉ စတုရန်းမိုင် ) အပြင် ၊ ဝမြောက် တောင်ကုန်းဒေသ ပန်ဟွမ်း- ပန်လောင်နယ်မြေ ( ၁၇၃ စတုရန်းမိုင် ) ကိုပါ ဗိုလ်ချုပ်နေဝင်း က တရုပ်ဘက်ကို လိုက်လျောပေးခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ၊ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာရဲ့ အစိတ်အပိုင်းလို့ လုံးဝပြောနိုင်တဲ့ နမ်ဝမ်းဒေသဟာလည်း မြန်မာနိုင်ငံ ကတရားဝင်ပိုင်ဆိုင်တဲ့ဒေသဖြစ်လာပါတယ်။ ပို၍ အရေးကြီးတဲ့အချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းဒေသများကို သူပိုင်ဆိုင်တယ်ဆိုတဲ့ တောင်းဆိုမှုအားလုံးကို တရုပ်က စွန့်လွတ် လိုက်တာပါပဲ။ ထိုကာလအထိ တရုပ်မြေပုံများမှာ နယ်နိမိတ်မျဉ်းကို မြစ်ကြီးနားမြို့ မြောက်ဘက် အနိးကပ်၍ ရေးဆွဲထားတာပါ။  တရုပ်သမ္မတ နိုင်ငံ ( ထိုင်ဝမ်) က မြေပုံများမှာတော့ ယခုထက်တိုင်ထိုနယ်နိမိတ်မျဉ်းအတိုင်းရေးဆွဲထားဆဲရှိပါတယ်။ ဘေဂျင်း က ကွန်မြူ နစ်အစိုးရ နဲ့ အခြားနိုင်ငံများအကြားချုပ်ဆိုတဲ့ ဘယ်သဘောတူညီချက်ကိုမှ ထိုင်ဝမ်က အသိအမှတ်မပြု လို့ပါပဲ။

၁၉၆၀ခု မတ် ရွေးကောက်ပွဲအပြီးမှာ ဦးနု အာဏာပြန်ရပါတယ်။ ယခုအခါ နယ်နိမိတ်မျဉ်း အတိအကျ ရှိပြီဖြစ်တော့ မြန်မာပြည် အရှေ့မြောက် က ကူမင်တန်တပ်တွေကို ဗမာစစ်တပ်က နောက် တနှစ်မှာ ထိုးစစ်အသစ်တခု ဆင်နွှဲပါတယ်။ ဒီတကြိမ်မှာတော့ တရုပ်ကွန်မြူ နစ်ပါတီ ရဲ့  ပြည်သူ့လွတ်မြောက်ရေးတပ်မတော် က စစ်သား ထောင်ပေါင်းများစွာဟာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရဲ့ မြောက်ဘက် မိုင်းယန်း မြို့နားက နယ်စပ်ကို ကျော်ဖြတ်ဝင်ရောက်ခဲ့ကြပါတယ်။ ထိုဒေသဟာကူမင်တန်တပ်များရဲ့ အဓိက အခြေစိုက်စခန်းရှိရာနေရာ ဖြစ်ပါတယ်။ မြန်မာ လာအို နယ်စပ်အနီး က ကူမင်တန်များရဲ့ အခြားစခန်းတခုရှိရာ မိုင်းပါသျှို ကိုလည်း စစ်ဆင်ရေးတခုနဲ့
ဝင်တိုက်ရာမှာတရုပ်နဲ့ မြန်မာ စစ်တပ်ထင်ထင်ရှားရှား ညှိနှိုင်းစစ်ဆင် ခဲ့ပါတယ်။ဒါဟာ တရုပ်ပြည်သူ့ သမ္မတ နိုင်ငံ နဲ့ မြန်မာ နိုင်ငံ အကြား ရင်းနှီးချစ်ကြည်ရေး သဘောတူညီချက်အသစ်ရဲ့ အစိပ်အပိုင်းတခု ဖြစ်တယ်လို့  ယူဆရင် ကြောင်းကျိုးဆီလျော်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကိုတော့
ဘယ်တုန်းကမှ တရားဝင် ဝန်မခံခဲ့ပါဘူး။

( ဆက်လက် ဖေါ်ပြပါမည် )