နီဂျူလိုင် - “သမိုင်းဆိုတာ…အ…အောင် သင်နေကြတာလား”


နီဂျူလိုင် - “သမိုင်းဆိုတာ…အ…အောင် သင်နေကြတာလား”
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၇


နိုင်ငံတနိုင်ငံမှာ ပညာရေးရဲ့  အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံပညာကျောင်းတွေမှာ ပြဌာန်းထားတဲ့ ကျောင်းသုံးစာအုပ်တွေကို ကြည့်လိုက်ရင် ဒီအစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲ။ ဘယ်လိုပညာရေးစနစ်မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်နေတာလဲ။ အနာဂတ်မှာ တိုင်းပြည့်တာဝန်တွေကို ပခုံးပြောင်းထမ်းယူရမယ့် ကျောင်းသူကျောင်းသားတွေကိုဘယ်လို အမျှော်အမြင်တွေနဲ့ ပြုစုပျိုးထောင်နေသလဲ ဆိုတာတွေကို မှန်းဆနိုင်ပါတယ်။

လွတ်လပ်ရေးရကာစ ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်မှာ မြန်မာ့ပညာရေးစနစ်ရဲ့ အခြေခံပညာကျောင်းတွေမှာ ပြဌာန်းထားတဲ့ ကျောင်းသုံးစာအုပ်တွေကိုကြည့်ရင်လည်း ဒီမိုကရေစီအလေ့အထတွေ ရှင်သန် ပွါးများဖို့ ရည်ရွယ်ချက်နဲ့ ပြုစုထားတဲ့ပြဌာန်းစာအုပ်တွေကို တွေ့ရတာမို့ အစိုးရဟာ ဘယ်စနစ် ဘယ်မူဝါဒတွေနဲ့ နိုင်ငံကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။

၁၉၆၂ခု ပါလီမန်ဒီမိုကရေစီအစိုးရကို ဗိုလ်နေ၀င်းစစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရခေတ် (မဆလခေတ်) မှာတော့ ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်က  ကျောင်းသုံးပြဌာန်းစာအုပ်တွေကိုအကုန်ဖျက်သိမ်းခဲ့တယ် ။ ဆိုရှယ်လစ်ပန်းတိုင်ကြီးဆီချီတက်မယ်ဆိုတဲ့ အပေါ်ယံသကာဖုံးထားတဲ့ကြွေးကြော်သံနဲ့ ဟန်ဆောင်အယောင်ပြပြီး စစ်အာဏာရှင်စနစ်ကို ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ ကျောင်းသုံး ပြဌာန်းစာအုပ်တွေကို ပြင်ဆင်ပြဌာန်းတယ် ။ တခြားကျောင်းသင်သာရပ်တွေထက် မြန်မာ့သမိုင်းဘာသာ ပြဌာန်းရာမှာ စစ်အာဏာရှင်အလိုကျ သမိုင်းတုသမိုင်းလိမ်တွေ ပြဌာန်းသင်ကြားစေခဲ့တယ် ။

အထူးသဖြင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနဲ့ လွတ်လပ်ရေးရပြီးခေတ်ရဲ့ သမိုင်းတွေကို သင်ကြားရာမှာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလတလျှောက်လုံးမှာ ဘယ်လိုမှချန်ထားခဲ့လို့မရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသားတွေရဲ့  ကြိုးပမ်းမှုတွေကို တတ်နိုင်သမျှ ဖုံးကွယ်ချန်လှပ်ဖို့ ကြိုးစားခဲ့တယ် ။ ဒီအုပ်စုတွေကို ဆူပူသောင်းကျန်းသူတွေ ပြည်ထောင်စုဖြိုခွဲသူ အဖျက်သမားတွေအဖြစ် ပုံဖျက် ရေးသားပြဌာန်းစေခဲ့တယ် ။

၁၉၆၂ခုနှစ်မှာ ရှမ်းပဒေသရာဇ်တွေရဲ့ ဖက်ဒရယ်မူတောင်းဆိုမှု ။ ခွဲထွက်ခွင့်တောင်းဆိုမှုတွေကြောင့်  တိုင်းပြည်ချောက်ထဲမကျဖို့ ပြည်ထောင်စု မပြိုကွဲဖို့ စစ်တပ်က ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ သမိုင်းမှားတွေကို ပြဌာန်းပြီး ဥပဒေမဲ့ စစ်အာဏာသိမ်းမှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ် ။

သမိုင်းဘာသာရပ်ကို သူတို့ရဲ့ ဝါဒဖြန့်လက်နက်အဖြစ် အသုံးချခဲ့တယ်။ နုနယ်တဲ့ကျောင်းသူကျောင်းသားတွေရဲ့ အသိအမြင်တွေကို သမိုင်းအမှားအဆိပ်သင့်စေဖို့ အကြံပက်စက်ခဲ့တယ်။

တိုင်းရင်းသားအားလုံး. တန်းတူညီမျှ အခွင့်အရေးရလိုမှု ၊ ကိုယ့်ကြမ္မာကိုယ်လွတ်လပ်စွာ စီမံဖန်တီးနိုင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရလိုမှုတွေကို သမိုင်းမှားတွေနဲ့ ဖုံးကွယ် ဖျက်ဆီးပြီး တိုင်းရင်းသားအချင်းချင်း စာနာမှုကင်းမဲ့စွာ နားလည်မှုလွဲစေတဲ့ အသိတွေကိုပဲ ဒီသမိုင်းပြဌာန်းစာတွေက သင်ကြားပေးခဲ့တယ် ။

တနိုင်ငံလုံးတပြေးညီသင်တဲ့သင်ရိုးတွေမို့ တိုင်းရင်းသားဒေသတွေက ကျောင်းသားကျောင်းသူတွေအတွက်ကတော့… သူတို့လက်တွေ့ ဘ၀မှာ ကြုံတွေ့သိရှိနားလည်ထားရတဲ့ အဖြစ်မှန်တွေနဲ့ ကျောင်းသင်ခန်းစာတွေထဲက ကွာဟမှုတွေကို နှိုင်းယှဉ်ကြည့်မိတိုင်း လိမ်လည်ဝါဒမှိုင်းတိုက်မှုတွေကို နာကျည်းစရာ တွေ့ နေရမှာပါ…။ မဖြစ်လို့သာ သင်ကြားကျက်မှတ်နေရပေမယ့် …စိတ်ဒဏ်ရာတွေ ရခဲ့ကြမှာ မလွဲပါဘူး.။ ဒီလို အာဏာလက်ကိုင်ရှိသူက နိုင့်ထက်စီးနင်းပြဌာန်းသင်ကြားတဲ့ သမိုင်းသင်ခန်းစာတွေရဲ့  ရိုက်ခတ်မှုတွေဟာ
ပြည်တွင်းစစ်မီးကိုလည်း ရှည်ကြာစေခဲ့တယ် ။

မဆလခေတ်အလွန် န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက် လက်ထက်မှာလည်း ကျောင်းသုံးမြန်မာ့သမိုင်း ပြဌာန်းစာတွေဟာ ဒီမူဝါဒအတိုင်းပဲ အပြောင်းအလည်း အထူးအထွေရှိပုံမရခဲ့ပါဘူး ။ အခုတလော လူပြောများဝေဖန်နေကြတဲ့ အဌမတန်းမြန်မာ့သမိုင်း သင်ခန်းစာတွေဟာလည်း တကယ်တော့ လွန်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်က အမွေခံထားတဲ့ တပါတီစစ်အာဏာရှင်လက်ထက်က သမိုင်းပြဌာန်းသင်ခန်းစာတွေပါပဲ ။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ အသစ်ရိုက်ထားတယ်ဆိုပေမယ့် ဒီပြဌာန်းစာတွေရဲ့  အနှစ်သာရက မပြောင်းခဲ့ပါဘူး။ အဌမတန်းသမိုင်းမှာ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးနဲ့ပဲ စခန်းသတ်ပါတယ် ။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လူထုက အင်မတန်နှစ်သက်ကြတယ် ။ အင်မတန်ထောက်ခံကြတယ်ဆိုတဲ့ ဖြီးလုံးဖြန်းလုံးတွေနဲ့ပါပဲ။

လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တပါတီစစ်အာဏာရှင်စနစ်ကြောင့် စစ်အာဏာရှင်လက်တဆုပ်စာနဲ့ သူ့လက်ပါးစေတွေသာ ဆိုရှယ်လစ်အသီးအပွင့်တွေစားပြီး ချမ်းသာကြွယ်ဝနေပေမယ့် ပြည်သူတွေကတော့ ဆင်းရဲမွဲတေမှုဝဲသြဃထဲမှာ နစ်သထက်နစ်ခဲ့ရတယ် ။ နောက်ဆုံး သယံ ဇာတပေါကြွယ်တဲ့ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာ့အလည်မှာ လူမွဲစာရင်းအသွင်းခံခဲ့ရတဲ့အခြေအနေအထိ ဖြစ်သွားလို့ တပြည်လုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန် တိုင်းသူပြည်သားရဟန်းရှင်လူတွေ အမြောက်အများရဲ့  ဘ၀တွေ အသက်သွေးချွေးတွေ အများကြီးပေးဆပ်ပြီး စစ်အာဏာရှင်တွေရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဆင်နွှဲခဲ့ကြတာတွေကို ပြဌာန်းဖို့ဆိုတာ ဝေလာဝေးပါပဲ ။ အင်မတန်ခေတ်နောက်ကျခေတ်နောက်ပြန်ဆွဲနေတဲ့ သမိုင်းအမှားတွေကိုပဲ ဆက်ပြဌာန်းထားတာပါ ။

န၀မတန်းနဲ့ ဒသမတန်းမြန်မာ့သမိုင်းပြဌာန်းစာမှာရော ဘယ်လိုတွေပြဌာန်းပြီး သင်ကြားနေသလဲလို့ သိချင်စိတ်ပေါ်လာလို့… ကျောင်းသုံးပုံနှိပ်စာအုပ်တွေကို ရှာဖတ်ဖို့ကြိုးစားတော့ အထက်တန်းသမိုင်း ဖတ်စာအုပ်တွေဟာ လွယ်လင့်တကူကို ရှာလို့မရနိုင်တဲ့ အခြေအနေတောင်ဖြစ်နေတယ် ။ ဘာဖြစ်လို့လဲဆိုတော့ တနိင်ငံလုံးရဲ့ အခြေခံပညာကျောင်းတော်တော်များများရဲ့  အထက်တန်းဆင့်မှာ သမိုင်းဘာသာသင်ယူရတဲ့ ၀ိဇ္ဇာဘာသာတွဲကို သင်ယူသူကျောင်းသားကျောင်းသူတွေ မရှိသလောက်ဖြစ်နေလို့ပါပဲ ။ ဒီအကျိုးဆက်တွေက
တက္ကသိုလ်အဆင့်တွေမှာလည်း သမိုင်းဘာသာပညာရပ်ကိုသင်ယူလေ့လာသူအင်မတန်နည်းပါးလာတယ်။

တကယ်တော့ ဒါဟာ မြန်မာ့ပညာရေးအတွက်ရော မြန်မာ့နိုင်ငံရဲ့ အနာဂတ်ရှေ့ရေးအတွက်ရော စိုးရိမ်စရာ အခြေအနေပါ ။ သမိုင်းကို မသိတော့တဲ့ သမိုင်းကို စိတ်မ၀င်စားကြတော့တဲ့  မျိုးဆက်သစ်တွေဟာ နိုင်ငံကို ဘယ်လို ဆက်လက်တည်ဆောက်ကြမလဲ ။ အနာဂတ်နိုင်ငံတည်ဆောက်ကြရာမှာ အတိတ်သမိုင်းတွေထဲကနေ ဘယ်လိုအတုယူနိုင်ကြ သင်ခန်းစာယူနိုင်ကြတော့မလဲ ။

လက်သည်တရားခံကတော့ နှစ်(၆၀)ကျော် တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို စနစ်တကျဖျက်ဆီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ပါပဲ ။ စစ်အစိုးရသန္ဓေတည်ရာမဆလတပါတီအာဏာရှင်အစိုးရဟာ ပညာရေးစနစ်မှာ သိပ္ပံဘာသာရပ်တွေကိုပဲ ဦးစားပေးပြီး ၀ိဇ္ဇာဘာသာရပ်တွေကို ဒုတိယတန်းစားဖြစ်အောင် တွန်းပို့ခဲ့တဲ့ မူဝါဒအမှားတွေကို ချမှတ်ကျင့်သုံးခဲ့တာကိုး ။

အတော်ရှားပါးနေပြီဖြစ်တဲ့ အထက်တန်းဆင့်သမိုင်းပြဌာန်းစာအုပ်တွေကို ခက်ခက်ခဲခဲရှာပြီး လေ့လာကြည့်တဲ့ အခါမှာ ဒသမတန်းမြန်မာ့သမိုင်းပြဌာန်းစာအုပ်ဟာ အဌမတန်းမြန်မာ့သမိုင်းပြဌာန်းစာအုပ်ထက်တောင် ပိုပြီး စက်ဆုပ်ရွံရှာစရာကောင်းနေတာကို တွေ့ရတယ် ။ ဒီစာအုပ်မှာ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကို ကျော်လွန်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးအဖွဲ့၊ (ပြည်သူတွေရဲ့ အခေါ်ကတော့ ငြိမ်ပိအစိုးရ) အမည်တွေနဲ့ အုပ်ချုပ်ခဲ့တဲ့ ၁၉၈၈ အာဏာသိမ်းစစ်အစိုးရလက်ထက် ဆောင်ရွက်မှုသမိုင်းတွေကို ပြဌာန်းထားပြီ။

ဒီလို ပြဌာန်းရာမှာ စစ်အစိုးရအဆက်ဆက်ရဲ့  ရိုးရာမပျက် စစ်အာဏာရှင်အုပ်စိုးသူများဘက်က ဘက်လိုက်
ထားတဲ့ အဂတိမကင်းတဲ့ သမိုင်းပြဌာန်းချက်တွေပါပဲ ။၁၉၈၈ လူထုအရေးတော်ပုံနဲ့ ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေလို မြန်မာ့သမိုင်းရဲ့ ထင်ရှားတဲ့ အစိတ်အပိုင်းကြီးတွေကို မှေးမှိန်စေပြီး စစ်အာဏာရှင်
အဆက်ဆက်ဆောင်ရွက်ချက်တွေကိုသာ မဟုတ်မမှန်ချဲ့ကားလိမ်ညာပြီး ဖော်ပြထားတယ် ။

စစ်အစိုးရအဆက်ဆက်က ၀ါဒဖြန့်သတင်းစာဆောင်းပါးတွေကို သမိုင်းပြဌာန်းစာအုပ်လုပ်ထားတာပါပဲ ။ စိတ်ဝင်စားစရာအချက်အလက်ကင်းမဲ့ပြီး အင်မတန်ဖောက်ပြန်မှားယွင်းတဲ့ သမိုင်းပြဌာန်းစာအုပ်တွေကို သင်ရမှာကြောင့်များ သမိုင်းဘာသာကို သင်ကြားပေးလိုသူဆရာတွေနဲ့ သင်ယူလိုသူတွေကျောင်းသားတွေ မရှိသလောက်ရှားသွားတာလား လို့တောင်…တွေးမိပါတယ် ။

ဆက်စပ်ပြီးသတိရတာတခုကတော့ စစ်အစိုးရလက်ထက် ၂၀၀၀ပြည့်လွန်ကာလတွေမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အစိုးရချင်း မသင့်မတင့်ဖြစ်ကြတော့ အခြေခံပညာကျောင်းတွေမှာ ယိုးဒယားသမိုင်းလို့ ခေါ်တဲ့ အပိုသမိုင်းဘာသာတစ်ခုကို သင်ကြားဖို့ ပြဌာန်းခဲ့သေးတာကိုပါ ။ အိမ်နီးချင်းထိုင်းနိုင်ငံကို တမင်နှိမ်ချတဲ့ အသုံးအနှုံးတွေနဲ့ ရေးထားတဲ့ ပညာသိက္ခာကင်းမဲ့ တဲ့ ပြဌာန်းစာအုပ်တွေပါ ။ ဒီပြဌာန်းစာအုပ်တွေကို တိုင်းပြည်ဘဏ္ဍာငွေတွေနဲ့ ရိုက်နှိပ်ဖြန့်ဝေ ။ ဆရာဆရာမတွေကို ငွေကုန်ကြေးကျအများကြီးခံပြီး ဒီဘာသာရပ်အတွက် မွမ်းမံသင်တန်းတွေ ပေးခဲ့ပါသေးတယ် ။ အခုတော့ ဒီယိုးဒယားသမိုင်းစာအုပ်တွေဟာ အခြေခံပညာကျောင်းတွေမှာ အသက်ဝင်မှုမရှိတော့ပါဘူး ။ အာဏာရှင်အစိုးရက အာဏာနဲ့ အဓမ္မပြဌာန်းခဲ့တာတွေဟာအနှစ်သာရကင်းမဲ့တော့ ရေရှည်မတည်မြဲပါဘူး ။ ဒါကြောင့် စစ်အာဏာရှင်အလိုကျပြုစုပြဌာန်းထားတဲ့ အထက်တန်းသမိုင်းပြဌာန်းစာအုပ်တွေဟာ ပျောက်ကွယ်လုနီးနီးဖြစ်နေပါပြီ ။သမိုင်းပြဌာန်းစာအုပ်တွေ ပျောက်ကွယ်ရတာကောင်းတဲ့ လက္ခဏာမဟုတ်ပေမယ့် လူထုလက်မခံတဲ့ သမိုင်းမှားတွေဟာ တချိန်မှာ ပျောက်ကွယ်မှေးမှိန်သွားရစမြဲပါ။

ဒါပေမယ့် အဌမတန်းမြန်မာ့သမိုင်း ပြဌာန်းစာအုပ်တွေကိုတော့ ကျောင်းသားကျောင်းသူတွေ
နဲ့ ဆရာဆရာမတွေခမျာ ရွေးချယ်စရာမရှိသေးတဲ့အတွက် စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဝါဒဖြန့် သမိုင်းအလွဲတွေကိုပဲ မျက်စိစုံမှိတ် လေ့လာသင်ကြားနေရဆဲပါ ။

ဒီအခြေအနေဆိုးကို လူထုက တခဲတနက်ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ လက်မခံသင့်တော့ပါဘူး ။ ဒီမိုကရေစီနိုင်ငံတစ်ခုကို ပြန်လည်ထူထောင်နေတဲ့ နိုင်ငံဟာ အရင်စစ်အစိုးရအဆက်ဆက်ရဲ့ ၀ါဒဖြန့်သမိုင်းမှားတွေကိုပဲ စာသင်ကျောင်းတွေမှာ ဆက်သင်နေရတာဟာ ရှက်စရာကောင်းပါတယ်။ နောက်ပြီးအခုအချိန် ဟာ လူထုခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ကြိုးပမ်းနေတဲ့ အချိန်ပါ ။အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာမှာ နှစ်ရှည်လများဆင်နွှဲနေခဲ့ရတဲ့ ပြည်တွင်းစစ်ကြီးဒဏ်ကြောင့် နာတာရှည်ရောဂါခံစားနေရသလို ကိုယ့်တိုင်းသူပြည်သားတိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားနေရတဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို ကုသပေးဖို့ ဖြေလျှော့ပေးဖို့ ပြန်လည်သင့်မြတ်အောင်လုပ်ဆောင်ပေးဖို့လည်း အကျုံးဝင်ပါတယ် ။

“၁၉၆၂ခုနှစ် မတ်လ၁ရက်တွင် ဖက်ဒရယ်မူကို စဉ်းစားရန် ရန်ကုန်မြို့တွင် နှီးနှောဖလှယ်ပွဲကြီးကို စတင်ကျင်းပသည် ။ စတင်သည်နှင့် တပြိုင်နက် ရှမ်းစော်ဘွားဟောင်းများက ၄င်းတို့လိုလားသော ဖက်ဒရယ်မူကိုမရလျင် ပြည်ထောင်စုမှခွဲထွက်မည်ဟု အတိအလင်းကြေညာသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းရန်အလို့ငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ရသည်”

ဆိုတဲ့ သမိုင်းပြဌာန်းစာတွေကို ဆက်လက်သင်ကြားနေရတာဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရရဲ့  ၂၁ရာစုပင်လုံညီလာခံတွေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းချက်တွေကို လှောင်ပြောင် ပြက်ရယ်ပြုနေသလိုပါပဲ ။

ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက “သမိုင်းသင်တယ်ဆိုတာ မအ အောင်လို့” လို့ ပြောပြီး ကျောင်းသားလူငယ်တိုင်း သမိုင်းကို စိတ်ဝင်တစား လေ့လာဖို့ လမ်းညွှန်ခဲ့ပါတယ်။

ဒါပေမယ့် ခုလက်ရှိ အဌမတန်းနဲ့ ဒသမတန်း မြန်မာ့သမိုင်းကျောင်းသုံးပြဌာန်းထဲကလို ပုံပျက်ပန်းပျက်သမိုင်းသင်ခန်းစာမျိုးတွေကို အခြေခံပညာကျောင်းတွေမှာ ဆက်လက်သင်ကြား နေရဦးမယ်ဆိုရင်တော့

“သမိုင်းသင်တယ်ဆိုတာ…အ အောင်သင်နေကြတာလား.” လို့ မေးခွန်းထုတ်ရပါတော့မယ် ။ ။