ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● မြက်ခင်းပေါ်က ဘွဲ့နှင်းသဘင်

မင်းကိုနိုင် ● မြက်ခင်းပေါ်က ဘွဲ့နှင်းသဘင်
(မိုးမခ) ဇွန် ၇၊ ၂ဝ၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ကျနော်ငယ်စဉ်က တက္ကသိုလ်ကျောင်းတစ်ခုအကြောင်းထူးဆန်းသည့်အရသာနှယ်ကြားဖူးသည်။ ဘွဲ့နှင်းသဘင်ကိုခန်းမထဲ မကျင်းပ မြက်ခင်းပြင်၌သာ ဘွဲနှင်းသည့်ကျောင်းတဲ့။

မိုးတွေ၊ ဘာတွေ ရွာရင် ဘယ်နှယ့်လုပ်မလဲဟု မေးရာမိုးလေကင်းတဲ့ရာသီမှာ လုပ်တာပေါ့တဲ့။ ယခု ထိုကျောင်းသို့ရောက်ပြီ။ မိုးတွေ သဲသဲ ရွာနေ၏။ ညခရီးလည်း ဖြစ်သည်။

အမှောင်ထဲမှာ ကားက ကျော်မောင်းပြီးမှပြန်ကွေ့ရှာရာ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေဆေးတက္ကသိုလ် ဆိုင်းဘုတ်တွေ တစုတည်း တွေ့တော့သည်။ညမီးနှင့် လျှပ်စီးများအောက် သုတေသနပျိုးခင်းများထင်ရော့၊ စိုက်ခင်းတွေ ပင်ပျိုတွေဆီ ငေး ရင်း ဤတက္ကသိုလ်ကျောင်း၏ သမိုင်းထဲကပုံရိပ်တွေကို အမြန်ရစ်ကြည့်နေမိပါသည်။ စိုက်ပျိုးရေးကောလိပ်သက်တမ်းပါ ထည့်တွက်လျှင် နှစ်ပေါင်း ၉ဝ ကျော်ခဲ့ပြီ။ လူဆိုလျှင် အတော်ကို လောကဓံပေါင်းစုံကြုံဖူးပြီဖြစ်သည့် အဘိုးအိုအရွယ်။ ဤ ကျောင်း တော်မန္တလေးမှာရှိစဉ် ခေတ်ဆီက အစဉ်အလာတွေကို ကျနော်တို့ကြား မှတ်ဖူးခဲ့သည်။ မန္တလေး စိုက်ပျိုးရေးတက္က သိုလ်ကိုကျနော်တို့က အရိပ်ပြဇာတ်တွေနှင့် တွဲမှတ်မိနေသည်။ ထိုအချိန်များက တက္ကသိုလ်ကျောင်းသားတွေ ကပြလေ့ ရှိသည့် အရိပ်ပြဇာတ်တွေ အင်မတန်ခေတ်စားသည်။ ထိုအထဲမှာမှ လွတ်လပ်ရေးတိုက်ပွဲအကြောင်း တင်ဆက်သည့် အရိပ်ပြဇာတ်တစ်ခုမှာ နာမည်ကြီးသည်။ မန်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာများဖြစ်သည့် ဦးသိန်းနိုင် (ယခု ဂုဏ်ထူးမြန် မာစာ) နှင့် ဆရာဦးလူနီ ပါချုပ်ငြိမ်းတို့ လက်ရာတွေဖြစ်သည်ဟု မှတ်မိနေပါသည်။ ယနေ့ခေတ် ဒီကျောင်းကရော အဲဒီလို အနုပညာလှုပ်ရှားမှုတွေ လုပ်နိုင်မလား တွေးမိသည်။

ဒါကတော့ အစဉ်အလာတစ်ခုဖြစ်အောင် အသက်သွင်းပေးနိုင်သူတွေရှိလျှင် အားကောင်းလာမည်ဟု ယုံကြည်။ ခက်တာက မြန်မာနိုင်ငံ တက္ကသိုလ်လောကတွင် နှစ်လည်မဂ္ဂဇင်းတောင် ထုတ်ဝေခွင့်မရသော ခေတ်တွေ၊ နှစ်တွေများစွာရှိခဲ့သည်။ ကျောင်းသားများ၏ အနုပညာအရည်အသွေးကို အုပ်ချုပ်ရေးပိုင်းက စိုးရွံ့စိတ်တွေဖြင့် ဖိခဲ့ တားခဲ့သည်။ နှစ်တွေကနည်း။ ယခုမှ ပြန်လက်တွဲခွင့်ရကြပြီး အသိဉာဏ်နှင့် ကိုယ်စွမ်းကိုယ်စတွေ မြှင့်တင်ဖို့ အရှိန်ယူခါစ ဖြစ်သေးသည်။

“တက္ကသိုလ်ကျောင်းသူ အသစ်ကျပ်ချွပ် ငါ့ရဲ့စတိုင်ကိုကြွားရဦးမယ် သိလား၊ ခမ်းနားထည်ဝါတော့ မထင်လိုက်နဲ့ဦး။ ခေါင်း ပေါ်မှာ ဝါးခမောက်၊ ပခုံးမှာ ပေါက်တူး၊ ခါးမှာက ပုံပန်းမကျ ဘောင်းဘီပွကြီးနဲ့ ခြေမှာ တာယာဖိနပ်ဟဲ့၊ လှချင်သလောက် သာလှနေတော့တာ”

တစ်ချိန်က သူငယ်ချင်းမတစ်ဦး၏ စိုက်ပျိုးရေးတက္ကသိုလ်မှ ပါးလိုက်သည့်စာလွှာကို စိတ်ထဲ ပြန်ဖတ်မိနေခြင်းဖြစ်ပါသည်။ မြေကြီး၏သားသမီးများပီပီ မြေနံ့ရွံ့နံ့သင်းသောဘဝဖြင့် သူတို့ နေစဉ် ကွင်းဆင်းကြရသည်။ မိုးမလင်းခင်က ပျိုးခင်းဝင်ရ ဆိုသည့်စာသားအတိုင်း စာမသင်ခင် လက်တွေ့သင်ရကတည်းက မိတ်ကပ်နံ့သာ အဆောင်အယောင် ဆင်ချိန်မရ။ ယခု လည်း ထိုကျင့်စဉ်များ မပြောင်းလဲ။ ပြောင်းလဲ၍လည်း မရ။ ဒါသည်ပင် စိုက်ပျိုးရေးပညာသင်ရဲ့ အနှစ်သာရကိုး။

တကယ်တော့ ကျနော်တို့ပြည်ထောင်စုသည်ဟိုးမြောက်ဖျားမှာ ရေခဲတောင်တွေရှိသလို တောင်ဘက်အစွန်းမှာလည်း ပင် လယ်ကမ်းရိုးတန်းနှင့် မြောက်ဘက်ကုန်းမြေမြင့်တွေမှာလည်း ချယ်ရီ၊ လက်ဖက်၊ လိမ္မော်စိုက်ရသောမြေ၊ အလယ်ပိုင်း တကြောမှာတော့ ဆေးရွက်ကြီး၊ ပဲ၊ ငရုတ်၊ နှမ်း စသည်ဖြင့်။ ရော်ဘာ၊ ဒူးရင်း၊ ကြက်မောက်၊ မင်းဂွတ်ဖြစ်ထွန်းသော မြေ လည်းရှိသေး။ ဆိုလိုသည်က တကယ်ကိုမြေအမျိုးစုံ၊ သဘာဝမျိုးစုံ ရှိနေသည်။

ဒီပြည်ထောင်စုထဲမှာ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေ အတန်အသင့်ရှိနေပေမယ့် တက္ကသိုလ်ကတော့ တစ်ခုတည်း။ ကွန် ပျူတာ၊ နည်းပညာတို့လို တက္ကသိုလ် မချဲ့နိုင်သေး။
ကျောင်းဝင်းထဲ လျှောက်လာရင်းက ဤတက္ကသိုလ်မှ တစ်စုံတစ်ယောက်ကိုလည်း လွမ်းစိတ်ဖြင့် တမ်းတမိသေးသည် သက္ကရာဇ် ၂ဝဝဝ ကျော်ကာလတွေက ဖြစ်မည်၊ ပြည်ပရောက်ပညာရှင်တစ်ဦးက မြန်မာပြည်သို့ပြန်လာ၍ လေဆိပ်၌ပင် ဆန္ဒပြမည်ဆိုသည့်သတင်းက ပြည်လုံးနှံ့ တုန်လှုပ်သွားသည်။ နိုင်ငံရေး၊ အကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုသည်။မည်းမှောင်မွန်းကျပ်နေသည့် နိုင်ငံရေး ရာသီအောက်၊ ရောက်နေသည့်အခိုက်မို့ သတင်းက ထုထည်ကြီးသည်။ အား ကောင်းကောင်းဖြင့် လူတွေထဲ တိုက်ခတ်၏။ ထိုပညာရှင်ကြီးအားစာင့်မျှော်ဆဲမှာပင် သူ့ခမျာ မြန်မာပြည်မြေကြီးပင် နင်းခွင့် မရလိုက်ကြောင်း သတင်းရလိုက်ကြသည်။ အကျဉ်းကျနိုင်ငံရေးသမားများ မချင့်မရဲခံစားကြရတာ မှတ်မိသေးတော့ ထိုသူ ကားယခု စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဖူးသူ ဒေါက်တာ ဆလိုင်းထွန်းသန်းပင်။ ပါမောက္ခဘဝ မှာ ကတည်းကတာယာဖိနပ်စီး ဦးထုပ်စုတ်ဆောင်းကာ ကွင်းဆင်းသင်ပြခဲ့သူအဖြစ် နာမည်ကြီးခဲ့သူ။ ဤကျောင်း၏ စံပြပုဂ္ဂိုလ် တစ်ဦး။
*-*-*

ဟောပြောပွဲစပြီး ခန်းမကျယ်ထဲ ပရိသတ်အပြည့်။ မိုးကသြဘာပေးရော့ထင့်၊ သွပ်မိုးပေါ် တဗြောင်းဗြောင်း အဆက်မပြတ် ကျသံကို လွှမ်းအောင် ဟောရတော့မည်။ ရှေ့က ဆရာနှစ်ဦးဖြစ်သည့် ဆရာမောင်သာချိုနှင့် ဦးဘုန်း (ဓာတု) တို့မှာ မိုးသံ ကိုကျော်အောင် ကုန်းအော်နေကြရရှာသည်။

အရေးထဲ လျှပ်စစ်ဌာနနကလည်း အစဉ်အလာမပျက် ဓာတ်အားပေးပို့မှု ပျက်ကွယ်သွားရသေး။ မီးစက်ကြီး အပြေးအလွှားဖွင့် ကာအခမ်းအနား ဆက်ရတော့သည်။ မည်သို့ဖြစ်စေ ခန်းမအဝင်မှာစာအုပ်စင်တွေ စီတန်းကြိုခဲ့သည်ကပင် စာမြတ်နိုးသူတွေ အတွက် အမောပြေစရာတော့ ဖြစ်ခဲ့သည်မှာ အမှန်ပင်။
*-*-*

နောက်နေ့တွင် ရေးသူ၊ ဖတ်သူ ဆွေးနွေးပွဲ ရှိပြန်သည်။ အခန်းထဲမဝင်မီ ကြိုဆိုသည့် ကျောင်းသားက အားတုံ့အားနာဆိုသည် “ဟောပြောပွဲ ညလောက်တော့ လူမများတော့ ဘူး”တဲ့။ ဒါက သဘာဝကျပါသည်။ ဟောပြောပွဲဆိုတာက နားထောင်ရုံသက် သက်၊ ဆွေးနွေးပွဲဆိုသည်က မေးကြ၊ ဖြေကြ ကိုယ်တိုင်အားထုတ်ရမည် မဟုတ်ပါလား။

ခေတ်ဟောင်းတလျှောက် ရှည်လျားသည့်ကာလထဲနားထောင်ဖို့သာ အလေ့အထများခဲ့သမျှ မေးခွန်းထုတ်ရန် အခွင့်အလမ်း နည်းခဲ့သည်။ သည့်အတွက် မေးခွန်းထုတ်သူကနားထောင်သူထက် နားတာတော့ မဆန်းပါ။ နောင်ဆိုလျှင် နားထောင်သူမ က ဖြေဆိုသူ၊ ဆွေးနွေးသူတွေပါ ရာနှုန်းတက်စေရမည်ဟုသာ ယုံထားကြသည်။ ကျောင်းသားတွေ၏အများစု မေးခွန်းတွေမှာ တက္ကသိုလ်ကျောင်းသားဘဝနှင့် ပညာရေးအကြောင်းပဲ ဖြစ်သည်။ လူတိုင်း ဘဝယုံကြည်ရာဆီ ချီရင်းကြုံရသည့် အတား အဆီးတွေ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာတွေလည်း ပါသည်ပေါ့။ ဤဆွေးနွေးပွဲတွင် ဆရာမောင်သာချိုမပါနိုင်တော့။ ခရီးဆက်ပြီမို့ ကျန်သူနှစ်ယောက်သာ အလှည့်ကျဖြေကြရသည်။ သုံးနာရီခန့်ကြာသည်ဆိုတော့ မည်မျှ အမေးအဖြေတွေ များခဲ့သည်ဆိုတာ မှန်းဆနိုင်ပါလိမ့်မည်။

မေးရင်းဖြေရင်းက ဒီကျောင်း၏ ထူးခြားချက်တစ်ခုကို တွေ့ရသည်။ ဤကျောင်းသည် အားလုံးနီးပါး ကျောင်းအိပ် ကျောင်း စားတွေ။ အနယ်နယ်အရပ်ရပ်မှလာပြီး ဒီမှာ အတူနေ၊ အတူထွန်ယက်၊ အတူပျိုးကြဲ ပေါင်းသင်းနေကြသူများမို့ ကျောင်းစာနှင့် မဆိုင်သည့် ဘဝပြဿနာ၊ နေ့စဉ်ကိစ္စတွေအပါအဝင် ဘာအရေးကိုမဆို အတူတိုင်ပင် ရင်ဖွင့်ကြရသည်။ ကျောင်းသား ချင်းသာမကပါ။ ဆရာ၊ ဆရာမတွေနှင့်လည်းရင်ဖွင့် ခွင့်ရသည်။ နယ်စုံကရောက်လာသည့် မိသားစုအကြီးကြီးလို ဖြစ်နေ သည်မို့ ရင်ဘတ်ချင်းနီးသည်ဆိုရမလား။ တိုင်ပင်အဖြေရှာကြသည့် ဓလေ့တစ်ခု အခိုင်အမာ ရထားသည်။ ဒါကို သူတို့အား လုံး ကျေကျေနပ်နပ် ရှိကြတာလည်း တွေ့ရသည်။

ဆရာ၊ ဆရာမတွေ၏ မိသားစု စိတ်က ကျောင်းသားတွေအတွက်လုံခြုံသည့် ရင်ခွင်လို၊ ရဲတိုက်ကြီးလို ဖြစ်စေသည်ဟု ဧည့်သည်တစ်ယောက်အနေဖြင့် မြင်ပါသည်။ ဤမြေပေါ်အတူခုတ်ထွင် စိုက်ပျိုး၊ နေ့စဉ်လေအတူရူ၊ ထမင်းလက်ဆုံဟင်း တစ်ခွက်တည်း လက်ဆုံနေရင်း ဘဝတွေ တသားတည်းဖြစ်သွားပုံရသည်။ ကျောင်းပြီးသွားသည့်တိုင် သူတို့ချစ်ခြင်းတွေက ပြီးမသွားကြ။

မိုးကုပ်စက်ဝိုင်းအောက် ဘယ်နေရာရောက်ရောက် စိုက်ခင်းတွေ အပင်တွေနှင့် စိမ်းစိုသော ကမ္ဘာမြေပြင်တွင် ငါတို့ကျောင်း က ဘယ်သူ့လက်ရာပါလိမ့်ဟု သူတို့တွေးမိကြသည်။

လူဦးရေက တိုးလာ၊ မြေလွှာက ချဲ့စရာမရှိဘဝတွင် တိုးထုတ်ရိက္ခာတွေမြင်တိုင်း ဒီကျောင်းတော်နဲ့တို့လုပ်အားလည်း ပါပါ တယ်။ သူတို့ရိုးသားစွာ ဂုဏ်ယူကြပေမည်။ ဆွေးနွေးပွဲတွင် ကျောင်းသားတစ်ဦးက ကျနော့်ကဗျာနှင့်ပတ်သက်၍ မေးသည်။ ထိုကဗျာကို ယခုအမှတ်တရ ပြန်မိတ်ဆက်လိုက်ပါရစေ။

“ကံဆိုးတာပဲ၊ မင်းဝေစု သစ်သီးခမျာ ပုပ်နေရှာပေးသာပေးပါ အဲဒီအထဲမျိုးစေ့တော့ ပါမှာမလွဲ”

ဒီကျောင်းအတွက် သင့်လျော်မည့်ကဗျာဟု ကျနော်ယူဆပါသည်။ ဒီကျောင်းမြေပေါ် သူတို့ကြဲခဲ့သည့် မျိုးစေ့တွေအကြောင်း ကျနော်တွေးကြည့်နေပါသည်။

ကျောင်းနေဖက်ချင်း သံယောဇဉ်မျိုးစေ့တွေလည်း ပါမည်။ ကမ္ဘာမြေနှင့် လူသားတွေအပေါ် ချစ်ခြင်းမျိုးစေ့တွေလည်း ပါ မည်။ ပြီးတော့...။

#မင်းကိုနိုင်
(၆ ဇွန်၊ ၂ဝ၁၇၊ အင်္ဂါနေ့၊ အတွဲ ၃၊ အမှတ် ၁၃၈)