မောင်နန်းဝေ (ဗန်းမော်) ● "ဖခင် ပြန်အလာကို (၁၈) နှစ်ခွဲတိတိ စောင့်နေရှာတဲ့ (၇) နှစ်သမီးလေးရဲ့အရိုးများ" (သို့မဟုတ်) "ကြာနီကန်မှာ ရွာတဲ့မိုး"

မာင်နန်းဝေ (ဗန်းမော်) ● "ဖခင် ပြန်အလာကို (၁၈) နှစ်ခွဲတိတိ စောင့်နေရှာတဲ့ (၇) နှစ်သမီးလေးရဲ့အရိုးများ" (သို့မဟုတ်) "ကြာနီကန်မှာ ရွာတဲ့မိုး"
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၇

မန္တလေး အိုးဖိုထောင်ထဲက နိုင်ငံရေးအကျဉ်းသား ကျွန်တော့်ကို တွေ့ခွင့်ရဖို့အတွက် သူ့အဖွားနဲ့အတူ ပဲခူးကနေ လိုက်လာ တဲ့ (၇) နှစ်သမီးလေး ခိုင်ဇွန်မောင်မောင်ဟာ ထောင်ဝင်စာတွေ့ပြီး အပြန်မှာပဲ ညတွင်းချင်းဆုံးပါးသွားခဲ့ရတာကြောင့် မန္တ လေး ကြာနီကန် အေးရိပ်ငြိမ်သုဿန်အတွင်း မြေမြှုပ်သင်္ဂြိုလ်ခဲ့ရတယ်။

အဲဒီနေ့ နေ့လည် ထောင်ဝင်စာတွေ့ရတုန်းကတောင် ဒုတိယတန်းမှာ သူဆုရတဲ့အကြောင်း သမီးကပြောသေးတယ်၊ "ဆု ပေးပွဲအမီ ဖေဖေပြန်လာမှာလား" လို့ မေးရှာပေမယ့် သမီးစိတ်ကျေနပ်စေမယ့်အဖြေစကား ကျွန်တော်မပေးနိုင်ခဲ့ပါဘူး။ "ဖေကြီး....မီးမီး ဒီနှစ်ဆုယူရင် ဖေကြီးပြန်လာပါနော်ပြန်လာနော်..." လို့ တတွတ်တွတ်မှာနေသံကို နားထဲ ခုထိကြားယောင် နေဆဲပါ။



ထောင်ဝင်စာတွေ့ခွင့်ရချိန်က (၁၅) မိနစ်တည်းမို့၊ သမီးလေးက အဖေနဲ့စကားပြောရတာ မဝသေးဘူးဖြစ်နေတော့ "ဖေကြီးနဲ့ ထပ်တွေ့ချင်သေးတယ်" လို့ ပူဆာရှာပါတယ်။ အဲ့ဒီနေ့ ကျွန်တော့်ကို ထောင်ဝင်စာတွေ့အပြီး အပြန်၊ (၁၉၉၈) ခုနှစ် ဇွန် (၁၃) ရက်နေ့အကူး၊ မနက် (၃) နာရီမှာ ဘာရောဂါအခံမှမရှိပါဘဲ သမီးလေးခမျာ ရုတ်ချည်းကွယ်လွန်ဆုံးပါးသွားရရှာ တယ်။

ထောင်ထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း သွေးတိုး၊ လေဖြတ်ရောဂါခံစားနေရတာကြောင့်၊ မိသားစုက ကျွန်တော်စိတ်မ ကောင်းဖြစ်မှာစိုးလို့ ဒီကိစ္စ အသိမပေးဘဲ ဖုံးကွယ်ထားခဲ့တဲ့အတွက် ဆုံးပြီး (၂) နှစ်အကြာ (၂၀၀၁) ခုနှစ်ကျမှပဲ သမီးဆုံးတဲ့ အကြောင်း ကျွန်တော်သိရတယ်။

သြော်...ဖေကြီးရဲ့သမီးလေးရယ်.. (၂၀၀၃) ခုနှစ်။ ထောင်ကပြန်လွတ်လာကတည်းက သမီးအလောင်းမြှုပ်ထားတဲ့နေရာကို ပြန်ရှာချင်ခဲ့တာ။ ကျန်းမာရေးအတွက် အရင်ဆုံး ဆေးဝါးကုသနေရပြီး ပြိုလဲသွားရတဲ့ဘဝကို ပြန်ထူမတ်ဖို့ အချိန်ယူ ကြိုး စားနေရတာကြောင့် (၂၀၁၆) ဒီဇင်ဘာ (၉) ရက်နေ့ ကျမှပဲ ချစ်သမီးရှာပုံတော်ဖွင့်နိုင်ခဲ့တယ်။

သမီးအလောင်းမြေကျတဲ့အထိ အစအဆုံးလုပ်ကိုင်ပေးခဲ့သူ ဆရာတော်ကြီး ဦးကျော်ရွှေနဲ့တွေ့ဖို့ (၂၀၁၆) ဒီဇင်ဘာ (၁၀)ရက်နေ့မှာ မန္တလေး" မြို့မ နှစ်ခြင်းခရစ်ယာန်ကျောင်း" ကို သွားရတယ်။ ဟိုအရင်ရိုက်ထားခဲ့တဲ့ ဈာပနမှတ်တမ်း ဓာတ်ပုံ လေးတွေထုတ်ပြ၊ အကျိုးအကြောင်းရှင်းပြပြီး ဖခင်တစ်ယောက်အနေနဲ့ သမီးအတွက် အကြွေးတင်နေသလို ခံစားနေရ တာကြောင့် သမီးရဲ့မြေပုံတွေ့ရင် အုတ်ဂူလုပ်ပေးချင်ကြောင်းပြောပြတယ်။ သူတို့က အံ့သြသွားကြတယ်လေ။ ဂူလည်း သွင်းမထား။ အချိန်က (၁၈) နှစ်ခွဲကြာမြင့်နေပြီမို့ စိုက်ထားခဲ့တဲ့ လက်ဝါးကပ်တိုင် အမှတ်အသားလည်းရှိမှာမဟုတ်သလို၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း သုဿန်အောက်ပိုင်းကို (၃) နှစ်ဆက်တိုက် ရေဝင်ထားသေးဆိုတော့ တွေ့ချင်မှ တွေ့တော့မယ်လို့ ယူဆထားကြတယ်။

ဒါပေသိ တွေ့ချင်လည်းတွေ့နိုင်သေးတာမို့ မြေမြှုပ်သင်္ဂြိုလ်မှတ်တမ်းစာအုပ်ရယ်၊ ဓာတ်ပုံအထောက်အထားတွေရယ်နဲ့ ပြန်တိုက်ကြည့်ပြီး ရှာဖွေကြဖို့ လက်ခံခဲ့တယ်။ (၂၀၁၆) ဒီဇင်ဘာ (၁၃) ရက်ကျတော့ ဆရာတော်ရယ်၊ သူ့ရဲ့သမီး (မြေမြှုပ် တုန်းက ပါခဲ့သူ) နဲ့ သူ့သားမက်ရယ်၊ စာရေးဆရာ မန်းဖိုးအေးအပါအဝင် ကျွန်တော်တို့တဖွဲ့လုံး ဆရာတော့်ကားနဲ့ပဲ အေးရိပ် ငြိမ်သုဿန်၊ မြန်မာနှစ်ခြင်းခရစ်ယာန်သင်္ချိုင်းကို သွားကြတယ်။

ဈာပနဓာတ်ပုံထဲက နေရာတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ရှုထောင့်မျိုးစုံကနေ တိုင်းထွာတာ အတန်ကြာလုပ်ကြပြီး အုတ်ဂူနှစ် ခုအကြား မြေပြန့်ပြန့် ကွက်လပ်တစ်ခုကို "ဒီနေရာပဲ၊ ဒီဟာပဲ" လို့ ဆရာတော်က တပ်အပ်ပြောလိုက်တယ်။ အဲ့ဒီမြေနေရာမှာ
လူမမည်သမီးလေး ခေါင်းချသွာခဲ့ရပါလားဆိုတဲ့အသိခံစားချက်ကြောင့် ကျွန်တော်ဝမ်းနည်းပြီး မျက်ရည်ကျမိတယ်။ တ ဆက်တည်းမှာ နာကျည်းစိတ်နဲ့ ခံပြင်းဒေါသထွက်ခဲ့ရတယ်။

"သမီးရေ.... ဖေကြီးလာပြီလေ... သမီးကိုတွေ့ချင်လွန်းလို့ ဖေကြီးလာခဲ့တာပါ။ ခုမှလာနိုင်တာကို ခွှင့်လွှတ်ပါ" လို့မျက်ရည် ကျရင်း တတွတ်တွတ်ပြောနေမိခဲ့တယ်။



အဲ့ဒီနောက် သချိုင်းတာဝန်ခံနဲ့ထပ်တွေ့ပြီးသမီးရဲ့လဲလျောင်းရာ နေရာကို (၂၀၁၆) ဒီဇင်ဘာ (၁၄) ရက်နေ့မှာ တူးဖော်တဲ့ လုပ်ငန်း စတင်ပါတယ်။ သစ်သားတွေက ဆွေးမြေ့နေပြီး ထိလိုက်တာနဲ့တင် ကြွေကျကုန်တယ်။ ရွှံ့တွေကပ်လူးနေတဲ့ အရိုးတချို့ထွက်လာတော့ "ဒါ ကလေးအရိုးပဲ၊ တူးရကျိုးနပ်သွားပြီ" လို့ မြေတူးပေးတဲ့လူငယ်က အားတက်သရော ပြော တယ်။

ကျွန်တော့် ရင်ထဲမှာ ပူပင်လယ်ဝေနေတယ်။ နာကျင်ကြေကွဲခံစားရတာ နှလုံးသားနဲ့မဆန့်တော့ပါဘူး။ မြေကြီးနဲ့ရောနေတဲ့ ခြေချောင်းရိုးသေးသေးလေးတွေနဲ့ဘောင်းဘီ သားရေမျော့ကြိုးတစ်ခု ထွက်လာတယ်။ ပြီးတော့ အင်္ကျီ။ အင်္ကျီကိုလှန်တင် လိုက်တဲ့အခါအောက်မှာက နံရိုးသေးသေးလေး။ အင်္ကျီကို တဖြည်းဖြည်းချင်း ဆွဲခွာလိုက်ရာမှာ ရွှံ့ပေနေတာကလွဲပြီး အင်္ကျီ လုံးဝမပျက်ဆီးသေးပါဘူး။ တကယ်ကို အံ့သြစရာ။ ချက်ချင်းရေဆေးပြီး လျှော်ဖွပ်လိုက်တဲ့အခါ အင်္ကျီက လုံးဝအကောင်းပါပဲ။

"မြေကြီးအောက် နှစ်အကြာကြီး ရောက်နေခဲ့တဲ့အင်္ကျီကို မပျက်မစီး ပြန်တွေ့ဖူးတာ၊ ဒါ ပထမဆုံးပါပဲ" လို့ သင်္ချိုင်းတာဝန်ခံ က ပြောတယ်။ဒီအကျီင်္ကို သမီးနောက်ဆုံးဝတ်သွားခဲ့ပါလားဆိုတဲ့အသိက ရင်ကို ပူလောင်စေတယ်။ နှလုံးသည်းပွတ်က ဆုပ်ချေခံနေရသလိုပါလေ။ သမီးလေးရဲ့ကိုယ်သင်းနံ့ကို ဒီအင်္ကျီကနေ ရနေတယ်၊ ဒီအင်္ကျီလေးကို ကိုင်တွယ်ရင်း သမီး လေးရဲ့ကိုယ်ငွေ့ကို ထိတွေ့နေမိရဲ့။ နောက်ထပ်တွေတာကတော့ ခေါင်းအုံးစွပ်လေးနဲ့ သမီးရဲ့သွားလေးတွေဖြစ်နေတယ်။

သွားပိုးစားနေတဲ့သမီးရဲ့ သွားနှစ်ချောင်းကို ကျွန်တော်မမှတ်မိဘဲ ရှိပါ့မလား ?

စက်ရုံကနေ ညနေအလုပ်ဆင်းလို့ ကျွန်တော်ပြန်လာတိုင်း အိမ်ပေါက်ဝမှာ သမီးက လာကြိုနေရင်း ထမင်းချိုင့်နဲ့အိတ်တွေကို ကူသယ်ပေးတတ်တယ်။

"ဖေကြီး၊ မီးမီးလေ...ကျောင်းမှာ ဘဲရီးဂွတ်အမှန်ခြစ်တွေရတယ်" လို့ ပြောပြတယ်။

ရယ်လိုက်ရင် သမီးရဲ့"သွား" တွေက ပိုးစားနေလို့" ပီကေတွေ၊ သကြားလုံးတွေစားရင် သွားပိုးစားပြီး မလှတော့ဘူး" ဆိုပြီး ပြောတော့ ပိုးစားနေတဲ့ "သွား" ကို သူ့လက်လေးနဲ့ အုပ်ထားခဲ့တယ်လေ။

သြော်...ချစ်သမီးလေး ဒီပိုးစားနေတဲ့သွားလေးတွေနဲ့ ဖေကြီးကို ပြုံးမပြတော့ဘူးလား သမီးလေးရယ် ? ဆွေးမြေ့နေပြီဖြစ်တဲ့ ဦးခေါင်းခွံဘေးမှာ အဝိုင်းကလေးတစ်ခုထပ်တွေ့လို့ သေချာကြည့်လိုက်တော့ အဖမ်းမခံရခင် နှစ်ရက်အလိုကမှ ကျွန်တော် ဝယ်ပေးခဲ့ဖူးတဲ့ "ပါးနီတို့ဖတ်လေး" ဖြစ်နေတယ်။

အဲ့ဒီနေ့တုန်းက သမီးလေးဟာ သူ့ပါးပြင်ပေါ်မယ် ပါးနီတွေခြယ်ထားပြီး ဆရာမလုပ်တမ်း ကစားရင်း သူ့မောင်လေးကို စာ သင်ပေးနေခဲ့ပုံတွေ ဒီပါးနီတို့ဖတ်လေးကြောင့်ပဲ ကျွန်တော်ပြန်အမှတ်ရလာမိတယ်။ ခုလိုမျိုး ဖေကြီးက လာပြန်ရှာပြီး တူး ဖော်မှာသိနေလို့များ မြေကြီးထဲမှာ (၁၈) နှစ်ခွဲကြာ စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့တာလား သမီးလေးရယ်။ တွေ့ရသမျှ အရိုး အားလုံးစုစည်းလို့ (၂၀၁၆) ဒီဇင်ဘာ (၁၆) ရက်မှာ ပြန်လည်ဂူသွင်းမြှုပ်နှံခဲ့ပြီးအုတ်ဂူကိုတော့ အဖြူရောင်ကြိုက်တဲ့သမီး အတွက် ကြွေပြားအဖြူရောင်နဲ့ အလှဆင်ပေးခဲ့ပါတယ်။ ခုလိုမျိုး နာကျည်းခါးသည်း၊ ကြေကွဲစရာတွေကို ရင်ဇကာကျမတတ်၊ သည်းအူပြတ်မျှ၊ ခံစားခဲ့ရပေမယ့်လည်း၊ အလားတူ ဖြစ်ရပ်ဆိုးမျိုး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နောက်ထပ် မခံစားစေ ချင်တာ အမှန်ရယ်ပါပဲ။



ကျွန်တော်နဲ့၊ ကျွန်တော့်မိသားစုကို "အစွဲအလမ်း မထားဖို့၊ မေ့လိုက်ဖို့၊ ပြီးလိုက်ဖို့" တရားမပြကြပါနဲ့၊ တရားလာမချကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော့်သမီးလေးရဲ့"သွား" တွေနဲ့သူ့အင်္ကျီလေးကိုပြန်ယူလာရာမှာ ကျွန်တော့်အိပ်ယာဘေး ခုထိထားပြီး အိပ်ပါတယ်။ သမီးလေးနဲ့ပတ်သက်တဲ့ အရိပ်အောက်က ကျွန်တော်လွတ်အောင် မရုန်းနိုင်လို့ပါ။ မေ့ပျောက်ဖို့ မလွယ်ပေမယ့်လည်း ခွင့်လွှတ်ဖို့ ကြိုးစားပါ့မယ်။

ဒါပေသိ ခွင့်လွှတ်ဖို့၊ ကျေအေးဖို့၊ သင်ပုန်းချေဖို့ဆိုတာက ကိုယ်ချင်းစာတရားနဲ့ အရင်ဆုံးခံစားတတ်ဖို့လိုတယ်။ ဒီကမှ နောက်တဆင့် သတိသံဝေဂတရား ရယူနိုင်ကြမှာမို့လို့ပါပဲ။ ပြီးတော့ ကျွန်တော်မေးချင်တယ်။ သမိုင်းဆိုတဲ့အရာက ကာယကံရှင် မိသားစုတစ်ခုခွှင့်လွှတ်ရုံနဲ့တင် ပြီးသွားရိုးလား ?

ကျူးလွန်ခဲ့ကြသူတွေအတွက်တော့ သမိုင်းက သူ့ဘာသာစီရင်၊ ဆုံးဖြတ်၊ ဒဏ်ခတ်ပေးသွားလိမ့်မယ်လို့ ဒီလိုပဲ ကျွန်တော် ယုံကြည်မိတယ်။ တကယ်ကအတိတ်ကိစ္စ ပြန်ပြောင်းလှန်လှောတယ်ဆိုတာ အနာဂတ်အကြောင်း ပြောနေတာပါပဲ။

တိုင်းပြည်တစ်ခုရဲ့ အတိတ်အကြောင်းကိုမှ မသိရင်၊ တိုင်းသူပြည်သားတွေ ကြုံခဲ့ရတဲ့ မနေ့ကပေါင်းများစွာကို မေ့လျော့ထား ရင်၊ အဲ့ဒီ လွန်ခဲ့သောစာမျက်နှာပေါ်က အကျည်းတန်မှုမျိုး၊ အမှားမျိုး နောက်တခါ အလားတူ မဖြစ်အောင်ဘယ်လိုမျိုး ဆင် ခြင် ရှောင်ကွင်းနိုင်ပါ့မလဲ ?

နောက်ပြီးတော့ အပြစ်၊ အနာအဆာကင်းပြီး လှပတဲ့မနက်ဖြန်အသစ်တစ်ခုကိုလည်း ဘယ်ပုံဘယ်နည်း ထုဆစ်ဖန်တီး နိုင် မှာတဲ့လဲ ? မျက်ရည်တွေ မခြောက်သေးဘူး။ သွေးတွေ စေးပျစ်နေတုန်း။ အရိုးတွေလည်း မဆွေးမမြေ့ရှိနေဆဲ။

အဲ့ဒီ ပြည်သူအထောင်အသောင်းရဲ့  ငိုကြွေးရှိုက်ငင်၊ နာကျင်ကြေကွဲ၊ သွေးသံရဲရဲ ဘဝတွေကို ခင်းကျင်းပြသထားတဲ့ ဝင် ကြေး အခမဲ့ ဒဏ်ရာပြတိုက်တစ်ခု တနေ့နေ့ တချိန်ချိန် ဖွင့်လှစ်ပေးစေချင်ပါတယ်။

မောင်နန်းဝေ (ဗန်းမော်)
ဇွန် (၁၁၊ ၂၀၁၇ (တနင်္ဂနွေနေ့)

အိုးဖိုထောင်မှာ အတူဖြတ်သန်းခဲ့သူ ဦးမြင့်မောင်မောင် (ပဲခူး) ရေးသားပေးပို့တဲ့ စကား၊ စာသား၊ ဖြစ်စဉ်အကြောင်းအရာ များကို လိုအပ်သလို ပြင်ဆင်၊ တည်းဖြတ်၊ မွမ်းမံပြီး ပြန်ရေးထားတာပါ။