မြတ်လှိုင်း ● ဒီလမ်း


မြတ်လှိုင်း ● ဒီလမ်း
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၇

"ဘာလုပ်ကြမလဲ"
ကောင်မလေးကကောင်မလေးပုံစံအတိုင်းမေးတယ်
"အရမ်းမတွေးနဲ့ကောင်မလေး
နေအရမ်းပူတယ်"
ကျနော်က ကျနော့်အဖြေအတိုင်းဖြေတယ်
ငေးတိငေးငိုင်
"ကျမတို့ ဆက်လျှောက်ကြမှာလား
ဒီအတိုင်းရပ်နေရမှာလား"
ကောင်မလေးက ကောင်မလေးဟန်အတိုင်းတွေးတယ်
ကိုယ်တို့လျှောက်ခဲ့တာပဲ
ဒီနေရာကိုပဲပြန်ရောက်နေတာ၊ အရွေ့ညီမျှခြင်းက သုညပြနေတယ်
အချိန်ကိုစောင့်ပါလို့ပြောရမှာလည်း အားနာတယ်
"ဒီနေရာမှာရပ်နေရင်၊ ရှေ့ကိုမရောက်ပေမယ့်
နောက်ကိုလည်းပြန်မရောက်ဘူး"
ကျနော်က ကျနော့်သီအိုရီအတိုင်းသက်သေပြတယ်
ဒီအချိန်တိုင်း
ကျနော်တို့ခေါင်းပေါ်က နေလုံးကြီးဖြတ်ကျော်သွားတယ်၊ အကြိမ်ကြိမ်
ဒီနေရာကို အပူတွေသွန်ချသွားတယ်
အရိပ်တွေအငွေ့ပျံသွားကြတယ်
"ဦးနှောက်သွေးကြောမပြတ်သွားစေနဲ့
ဂရုစိုက်လို့"
ကျနော်က ကျနော့်စိုးရိမ်မှုအတိုင်းသတိပေးတယ်
ယိုင်တိယိုင်တိုင်
ကောင်မလေးကကောင်မလေးစတိုင်အတိုင်း
ဆံနွယ်တွေခါယမ်းလိုက်တယ်
ပြီးတော့
ကောင်မလေးငြိမ်သက်သွားတယ်
ကျနော်က ကျနော့်စိတ်ကူးယဉ်တတ်တဲ့အတိုင်း
ချွေးပျံနေတဲ့အိပ်မက်ထဲမှာ ဒီလမ်းကိုဆက်လျှောက်သွားတယ်။  ။

မြတ်လှိုင်း