စိုးခိုင်ညိန်း ● နေရာ


စိုးခိုင်ညိန်း ● နေရာ
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၇

စိတ်ကူးထဲမှာပေါ့လေ
ကျနော်ထားခဲ့တာက
ရေတံခွန်အောက်က ကျောက်တုံး တတုံးပေါ်မှာပါ ။

ဘဝတခုစာ အိပ်မက် မက်နေခဲ့တယ်
အသံတွေက ရေစီးသံ ကျေးငှက်သံတွေပေါ့
အလှတရားက အခေါင်းဖြစ်သည်အထိ လှိုက်စားနေတာ မသိဘူး။

မီးရဲ့အပူနဲ့ အိပ်မက်တွေက ပြာဖြစ်သွား
ရေတံခွန်ကြီးက မတ်တပ်ရပ်လျက် စင်းစင်းသေလို့
ကြည့်လိုက်တော့ ကျနော် ထားခဲ့တဲ့နေရာမှာ ကျနော်မရှိတော့ဘူး
စစ်ပွဲတပွဲရဲ့အလယ်မှာ ကျနော်က ညှပ်မိနေတယ်
ဂူထဲ တိတ်ဆိတ်နေရတာပဲ ငြိမ်းချမ်းမှုရဲ့အရသာ။။

စိုးခိုင်ညိန်း