နီဇူလိုင် ● ရုပ်ပုံလွှာမှတဆင့် ....



နီဇူလိုင် ● ရုပ်ပုံလွှာမှတဆင့် ....
(မိုးမခ) ဇူလိုင် ၂၆၊ ၂ဝ၁၇

လွတ်လပ်ရေးတွက်၊ တိုက်ပွဲရက်တွင်
အသက်ဆုံးရ၊ သခင်ဗဟိန်း
စိမ်းစိမ်းမြေ့မြေ့၊ အောက်မေ့စိတ်မှန်း
တမ်းတညွတ်ညွတ်၊ လွမ်းဆွတ်ဆွတ်မိ ။     ။

(ဒဂုန်တာရာ၏ လီနင်ဂူ ကဗျာမှ)
+++

“ရဲဘော်ဗဟိန်း” လို့  ခပ်သော့သော့ လက်ရေးစာလုံးတွေနဲ့ ရေးထားတဲ့ ထုံးဖြူဖြူ အုတ်ဂူဟောင်းတခုပုံနဲ့အတူ သခင်ဗ ဟိန်းရဲ့အုတ်ဂူကို ဟိန်းရာပြည့်အမီ ပြန်လည်တွေ့ရှိပြီဆိုတဲ့သတင်းကို ဖတ်လိုက်ရတယ်။

၁၉၉ဝ ခုနှစ်တဝိုက်မှာစစ်ထောက်လှမ်းရေးတွေက သူ့အုတ်ဂူကို မန္တလေး ရွာဟိုင်းသုသာန်ကနေ တိတ်တဆိတ် လျှို့ဝှက် ပြောင်းရွှေ့လို့ပျောက်ဆုံးနေရာကနေအခုတော့…ကြာနီကန်သုသာန်မှာ ပြန်တွေ့ရပြီတဲ့။ သက်မဲ့ရုပ်အလောင်းတောင်မရှိနိုင်တော့မယ့် အရိုးစုသာ ကြွင်းကျန်နိုင်တော့မယ့် လူသားတယောက်ကို မြှုပ်နှံထားတဲ့ အုတ်ဂူတခုကို စစ်အာဏာရှင် တွေဟာဘာကြောင့်များသူရဲဘောကြောင်ကြောင်ကြောက်လန့်တကြား ခိုးကြောင်ခိုးဝှက်ရွှေ့ပြောင်းခဲ့ကြတာပါလိမ့် ……။

၁၃ဝဝ ရာပြည့်အရေးတော်ပုံမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကဖိနှိပ်အုပ်စိုးသူ နယ်ချဲ့အစိုး ရကို အံတုစိန်ခေါ်ခဲ့တဲ့“မြင်းခွာတချက်ပေါက်ရင်  မီးဟုန်းဟုန်းတောက်စေရမယ်” ဆိုတဲ့ကြုံးဝါးသံဟာနောင်အနှစ် (၅ဝ) တင်းတင်းပြည့်တဲ့ ၁၃၅ဝ (၁၉၈၈) မှာကျောင်းသားတွေ သွေးမြေကျခံပြီး ဦးဆောင်ခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနဲ့အတူ ဖိနှိပ်သူ စစ်အစိုးရကို အံတုစိန်ခေါ် ကြုံးဝါးသံအဖြစ်တကျော့ပြန်ဟိန်းဟိန်းညံခဲ့တယ်။

ဖိနှိပ်သူနယ်ချဲ့အစိုးရကို ဖိန့်ဖိန့်တုန်စေခဲ့တဲ့ ကျောင်းသားလေးရဲ့ရာဇဝင်တွင်တဲ့ စိန်ခေါ်ကြုံးဝါးသံဟာ ခေတ်အဆက် ဆက်ဖိနှိပ်သူ အာဏာရှင်အဆက်ဆက်ကို အံတုတော်လှန်တိုင်း အကြိမ်ကြိမ် ပဲ့တင်ထပ်ခဲ့တယ်။ ကျောင်းသားဆိုတာ မိဘပြည်သူတွေ ဆင်းရဲဒုက္ခကျရောက်တိုင်း အဖိနှိပ်ခံရတိုင်း ရှေ့ဆုံးက ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တာဝန်ကျေခဲ့ကြ တယ်မ ဟုတ်လား။ ကျောင်းသားဆိုတာ ဗဟိန်းမျိုးဆက်တွေပဲ။ ဗဟိန်းသွေးတွေပဲ။ သတ်လို့ မသေ။ သေလို့ မပျောက်ပျက်။ ခေတ် အဆက်ဆက် လက်ဆင့်ကမ်းစီးဆင်းတယ်ဆိုတာကို  မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့အခါမှာ ဖိနှိပ်သူစစ် အာဏာရှင်တွေ ဟာ သွေးရူးသွေးတန်းနဲ့ ကိုဗဟိန်းရဲ့အသက်မဲ့ ခန္ဓာကိုယ်ကို မြှုပ်နှံထားရာ အုတ်ဂူသင်္ချိုင်းကိုတောင် သူရဲဘောကြောင်စွာလူမမြင်ကွယ်ရာကိုပို့ ခဲ့ကြတယ်။ ကိုဗဟိန်းဟာ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ရုံသာမက မြန်မာ့လွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်းတလျှောက်မှာထင်ရှားတဲ့ တော်လှန်ရေးခေါင်းဆောင်နိုင်ငံရေးခေါင်းဆောင်တယောက်ပါ။ ဒါပေမဲ့  အုပ်စိုးသူ အဆက်ဆက်ဟာသူ့အုတ်ဂူကို ဖုံးကွယ်ခဲ့သလို သူရဲ့တောက်ပြောင်ခမ်းနားတဲ့သမိုင်းကိုပါ တတ်နိုင်သမျှ မှေးမှိန်ပျောက် ကွယ်အောင် လုပ်ခဲ့ကြလုပ်နေကြဆဲပါပဲ။ သမိုင်းအမှန်တွေကို ဖုံးကွယ်ဖာထေးမျက်ကွယ်ပြုဖို့ ကြိုးစားနေဆဲပါပဲ။

အခုလာမယ့် ၂ဝ၁၇ ဇွန်လ (၂၇) ရက်မှာ သခင်ဗဟိန်းနှစ် (၁ဝဝ) ပြည့်ပါပြီ။ ဘယ်သူတွေ မေ့မေ့၊ မေ့အောင်လုပ်ထားထား။ သူ့ကို ပြည်သူတွေ မမေ့ကြပါဘူး။ နေရာအသီးသီးမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂုဏ်ပြုပွဲတွေကျင်းပဖို့ စိုင်းပြင်းနေပါတယ်။ ကျမလည်း…သူ့ကို အလေးအနက်ဦးညွှတ်ချင်စိတ်နဲ့ သူ့ပုံတူ ပန်းချီကားတကားဆွဲချင်စိတ် ပေါ်လာပါတယ်။ ကိုဗဟိန်း…သခင်ဗဟိန်း ရဲဘော်ဗဟိန်းကို  ဘယ်လိုရုပ်ပုံလွှာ  ခြယ်မှုန်းရပါ့မလဲ။

ဆရာဒဂုန်တာရာကတော့သူ့ရဲ့ရုပ်ပုံလွှာစာအုပ်နဲ့ ဖျတ်ခနဲတွေ့လိုက်ရသောရုပ်ပုံလွှာကားချပ်များဆိုတဲ့စာအုပ်တွေမှာ“ဗ ဟိန်း သို့မဟုတ် ကဗျာ” “ပဒုမ္မာကြာပွင့်အပြုံးရှင်” ဆိုတဲ့ ရုပ်ပုံလွှာအဖွဲအနွဲ့တွေနဲ့ ကိုဗဟိန်း၊ သခင်ဗဟိန်း၊ ရဲဘော် ဗဟိန်း ကို နှောင်းလူတို့နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

“သူသည်…အသားဖြူဖြူဆံပင်ကောက်ကောက်။ ဖျဉ်အင်္ကျီလက်ရှည်၊ ဘန်ကောက်လုံချည်မြင်းချေးရောင်အစိမ်းကို ဝတ် ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွှင်သည်။ သူ၏ချစ်ဖွယ်ကောင်းသောအပြုံးကလေးများသည် နီရဲ သောပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ်နားလျှက်ရှိသည်။ ကျက်သရေဖြင့်လျှမ်းသော အပြုံး။ မေတ္တာ၏အထိမ်းအမှတ် အပြုံး။” (ရုပ်ပုံလွှာ…ဗဟိန်း သို့မဟုတ် ကဗျာမှ)

“ကျွန်တော်သည် ကိုဗဟိန်းရုပ်ပုံလွှာကို ဖွဲ့ နွဲ့မည်ရှိသောအခါ ချက်ခြင်းခံစားမှုဝင်လာသည်။ ခံစားမှုအတိုင်း  “ဗဟိန်း သို့ မဟုတ်  ကဗျာ” ဟု ခေါင်းစဉ်တပ်လိုက်သည်”
“ကဗျာကိုတွေ့လျှင်  လူတွေချစ်သလို ကိုဗဟိန်းကို တွေ့လျှင် မချစ်ပဲမနေနိုင်။ သူ၏အပြုံးသည် အင်မတန် ချစ်ဖွယ်ကောင်း သည်။ အပြုံးမှာ ကဗျာလေးတစ်ပုဒ်နှင့် တူနေ၏။”  (ပဒုမ္မာကြာပွင့် အပြုံးပိုင်ရှင်မှ)

ဓာတ်ပုံတွေထဲမှာတွေ့ရတဲ့ကိုဗဟိန်းရဲ့ရုပ်သွင်ကလည်း ဆရာဒဂုန်တာရာ လွန်ကျူးမဖွဲ့နွဲ့ကြောင်း  အခိုင်အမာ သက်သေ ထူနေတယ်။ ဒါနဲ့ ဒဂုန်တာရာရဲ့“ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များဆိုတဲ့စာအုပ်ထဲက ပဒုမ္မာကြာပွင့်အပြုံးပိုင်ရှင်ဆိုတဲ့  ရုပ်ပုံလွှာအဖွဲ့မှာဖော်ပြထားတဲ့ ကိုဗဟိန်းရဲ့ဓာတ်ပုံကိုပဲ ပုံတူကူးဆွဲဖို့ ဆုံးဖြတ်လိုက်မိတယ်။

ကိုဗဟိန်းဓာတ်ပုံထဲကမြင်ရတဲ့စစ်ကြိုခေတ် တက္ကသိုလ်ကျောင်းသားတယောက်ရဲ့ မြန်မာဆန်ဆန်ဝတ်စား ဆင်ယင် ထားပုံကို ကင်းဗတ်စပေါ်မှာ ပုံကြမ်း လျာလိုက်တယ်။ ကိုဗဟိန်းတို့ခေတ်က အဖြူအမည်းဓာတ်ပုံတွေမို့ အရောင်ဘယ်လို သုံးရကောင်းမလဲ။ ကိုဗဟိန်းဝတ်ထားတဲ့တိုက်ပုံဟာ ဖျင်ပင်နီဖြစ်ရမယ်လို့ မှန်းဆကြည့်တယ်။ ဒါပေမဲ့ ခုခေတ်ပင်နီတွေလိုစပ်ဖြဲဖြဲအနီကဲလွန်းတဲ့ ပင်နီမျိုးနဲ့ ကိုဗဟိန်းကို ဘယ်လိုမှ အပ်စပ်မယ်မထင်ဘူး။ ဒါနဲ့ အညိုနုရောင် ဖျင်ပင်နီမျိုးဖြစ်အောင် တတ်အားသမျှ ကြိုးစားပြီး စုတ်ချက်တို့ထိကြည့်မိတယ်။

နောက်သူ့ရဲ့ သွယ်လျှတဲ့မျက်နှာသွင်ပြင်။ သူ့ရဲ့သိမ်မွေ့နူးညံ့တဲ့မျက်ဝန်းတွေ။ ကျော်ကြားလှတဲ့ ပဒုမ္မာကြာပွင့်အပြုံး။ ဒါ တွေကိုတတ်စွမ်းသမျှ မှုန်းခြယ်ကြည့်တယ်။ ချောမောလှပတဲ့ ယောက်ျားပျိုတစ်ဦးရဲ့သွင်ပြင်လက္ခဏာနဲ့ ကိုဗဟိန်းတော့ ဖြစ်လာပြီ။ ဒါပေမယ့်… ကိုဗဟိန်းဆိုတာ ဒီလောက်နဲ့သရုပ်ဖော်လို့မပြည့်စုံသေးဘူး။ တခုခုလိုနေသေးသလိုပဲ။

ရဲဘော်ဗဟိန်းရဲ့စိတ်ဓာတ်ဝိညာဉ်ကို ဘယ်လိုအသွေးအရောင်နဲ့ ဘယ်လိုကောက်ကြောင်းတွေနဲ့ ဖော်ကျူးလေးမြတ်ပေး နိုင်မလဲလို့တွေးရင်း နောက်ခံမှာ အနီရောင်အလံတော်နဲ့ အဝါရောင်တူတံစဉ်အမှတ်တံဆိပ်ထည့်ဖို့ စိတ်ကူးရတယ်။ အလုပ် သမားလယ်သမားတွေရဲ့ဘဝဟာကို ဗဟိန်းတို့ရဲ့ဘဝပဲမဟုတ်လား။ ချောက်ရေနံမြေက အလုပ်သမားကြီးတွေရဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးကို ကိုဗဟိန်းတို့တက္ကသိုလ်ကျောင်းသားတွေဟာစာသင်ခန်းထဲမှာ အေးအေးသက်သာလျှစ်လျှူရှုပြီး မနေရက်ခဲ့ကြဘူး။

သူတို့ရဲ့ တရားမျှတတဲ့တိုက်ပွဲဟာ ကိုဗဟိန်းတို့ရဲ့တိုက်ပွဲပဲ။ နောက်ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ဘယ်လိုမှ ချန်ထားခဲ့လို့မရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ထူထောင်ခဲ့သူတွေထဲမှာ ကိုဗဟိန်းပါဝင်ခဲ့တယ်။

ဒီတော့  ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အမှတ်အသားဖြစ်တဲ့ အနီရောင်အလံတော်နဲ့ အဝါရောင် တူတံစဉ်အမှတ်တံဆိပ် ပါကို ပါမှ ကိုဗဟိန်းရဲ့ရုပ်ပုံလွှာဟာပြည့်စုံမယ်လို့ တွေးမိပြီး နောက်ခံမှာ တလူလူလွင့်နေတဲ့ အနီရောင် အလံတော်နဲ့အဝါရောင်တူတံစဉ်အမှတ်အသားကို ထည့်တယ်။

နောက် ကိုဗဟိန်းဟာ မကွယ်လွန်ခင်မှာ ဂိုဏ်းဂဏဝါဒကို တိုက်ဖျက်တဲ့ စာတွေရေးခဲ့တယ်။ ကွန်မြူနစ်ပါတီအတွင်း အကွဲအပြဲတွေကို ရပ်တန့်အောင် အင်အားစုတွေ အချင်းချင်းညီညွတ်အောင် ကြိုးစားခဲ့တယ်။ ငြိမ်းချမ်းရေးညီညွတ်ရေးကိုနှစ်နှစ်ကာကာ လိုလားသူမို့ အပြာနုရောင်ဆေးစက်တွေနဲ့ဂုဏ်ပြုတယ်…။
+++

“ကိုဗဟိန်းကွယ်လွန်သောအခါသူသည် ဗမာပြည်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ၊ ပြည်သူ့အာဏာဂျာနယ် အယ်ဒီတာဖြစ်သည်။ သူသည် နှလုံးရောဂါဖြင့် မန္တလေးဆေးရုံတွင် တက်ရောက်ကုသ လျက် ရှိစဉ်၊ ဖဆပလက  ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်၏။ သူ့ကို အသိမပေးကြ။ဆရာဝန်၏ ညွှန်ကြားချက်အရ  သူ့ကို သတင်းစာပေးမဖတ်။ တစ်နေ့ပေါင်မုန့်ထုပ်သော “ပြည်သူ့ဟစ်တိုင်” သတင်းစာရွက်ကို သူသွားတွေ့သည်။ ယင်း စာရွက်တွင် သတင်းက  ပါလာသည်။ သည်ကတည်းက သူ့ရောဂါအခြေအနေ မကောင်းဟုကြားသည်” (ပဒုမ္မာကြာပွင့် အပြုံးရှင်မှ)

ဒီအချိန်မှာ ကိုဗဟိန်းရဲ့ခံစားချက်။ နာကျင်မှုတွေကို ကိုဗဟိန်းရုပ်ပုံလွှာမှာ ဘယ်လိုသင်္ကေတနဲ့ ပူးကပ်ပြနိုင်မလဲ။ အိမ် ပေါ်ထပ်မှ ဂျာနယ်အဟောင်းသေတ္တာကို မွှေရတယ်။ ပြည်သူ့ဟစ်တိုင်သတင်းစာတော့မတွေ့။ ၁၃ဝ၈ ခုတန်ဆောင်မုန်း လဆုပ် (၃) ရက်  ၁၉၄၆ ခုနိုဝင်ဘာ (၁၁) ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ်မျက်နှာဖုံးမှာ“ကွန်မြူနစ်ပါတီအားထုတ်ပယ်လိုက် ခြင်းကို ဖဆပလ ဦးစီးအဖွဲ့ကလက်ခံအတည်ပြုလိုက်ပြီ” ဆိုတဲ့သတင်းကို ခေါင်းစည်းစာလုံးမည်းကြီးနဲ့တွေ့လိုက်ရတယ်။

ကိုဗဟိန်းပုံတူကို  ရိုးရိုးအခရိုင်းလစ်ဆေးနဲ့ ကင်းဗတ်စပေါ်မှာ ဆွဲနေရာက ချက်ခြင်းစိတ်ကူးတမျိုးပြောင်းသွားတယ်။ ဒီဂျာနယ်စက္ကူဟောင်းအပိုင်းအစတွေနဲ့ ကော်လာ့ခ်ျပန်းချီဆွဲရမယ်။ ကိုဗဟိန်းနဲ့ ဒီသတင်းစာဖြတ်ပိုင်းတွေကို  ဘယ်လိုတွဲမလဲ။ ဘယ်လို ဆက်စပ်မလဲ။
+++

“ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကလည်း  မန္တလေးလာမည်။ ကိုဗဟိန်းကို လာတွေ့မည်ဟု အစီအစဉ်ရှိသွားသည်။ ကိုအောင်ဆန်းလာလျှင် သူမတွေ့ချင်ဘူးဟုပြောကြောင်း ကြားရသည်။ စိတ်ထိခိုက်စရာ။ သူ့ကို ကိုအောင်ဆန်းက မတွေ့ လိုက်ရတော့ပါ။ ကိုအောင်ဆန်းလာသောအခါ သူကွယ်လွန်ပါပြီ။

ကိုအောင်ဆန်းသည် ကိုဗဟိန်းရုပ်ကလပ်သို့သွားကာအလေးပြုရင်း ချီးကျူးစကားပြောသည်။ ကိုအောင်ဆန်းမျက်ရည်ဝဲနေ သည်ဟုကြားရသည်။ ကိုအောင်ဆန်းသည်လည်း  ၁၉၃၉ ခုက ဖွဲ့စည်းတည်ထောင်သော“ဗမာပြည်ကွန်မြူနစ်ပါတီ” တွင်  ပထမဆုံးသော အတွင်းရေးမှူး  မဟုတ်လား” (ပဒုမ္မာကြာပွင့်အပြုံးရှင် - စာမျက်နှာ ၁၁၂)

ကျမပန်းချီကားကို လက်စသတ်ဆွဲဖို့ စိတ်ကူးခိုင်မာသွားပြီ။ ပထမ မျက်နှာရှေ့ တည့်တည့်လှည့်နေသော ကိုဗဟိန်းကို နောက် ကျောခိုင်း ပြောင်းဆွဲလိုက်တယ်။ ကိုဗဟိန်းရှေ့တူရှုရာကား နီစွေးသောအလံတော်နှင့်အဝါရောင်တူတံစဉ်အမှတ်တံဆိပ်ရှိရာသို့သာ မမှိတ်မသုန်ဦးတည်လျှက်…။ ကွန်မြူနစ်ပါတီအားထုတ်ပယ်လိုက်ခြင်းကို ဖဆပလဗဟိုဦးစီးအဖွဲ့က လက်ခံ အတည်ပြုလိုက်ပြီဟူသောသတင်းစာဖြတ်ပိုင်းစများက… ကိုဗဟိန်းကျောခိုင်းခဲ့ရာ နောက်ဘက်တွင်   အပိုင်းပိုင်း အစစများအဖြစ်…။ လေထဲမှာ…လွင့်စင်ကျန်ရစ်ခဲ့ပေတော့။
+++

“ကျွန်တော်က  ပုံတူသက်သက်ကို ရေးချင်သူမဟုတ်။ ပုံတူသက်သက်ဆိုလျှင်တော့ ဘာစုတ်တံဖြင့် ပန်းချီရေးဖို့ လိုသလဲ။ ဓါတ်ပုံရိုက်လိုက်လျှင် ပြီးသည်။ သို့သော် ကျွန်တော်က  ပုံတူစစ်စစ် ဓာတ်ပုံဟန်ကို မကြိုက်။ ထို့ကြောင့် ရုပ်ပုံလွှာရေးဖွဲ့ သည့်အခါ ရုပ်ပုံ၏ သဘာဝတ္တ (သို့မဟုတ်) သင်္ကေတကို  ကျွန်တော့်စိတ်ထဲတွင် ထင်သည့်အတိုင်း စိတ်ကူးရုပ်ပုံဆန်ဆန် ကိုသာရေးချင်သောကြောင့်” (ဖျတ်ခနဲတွေ့လိုက်ရသော ရုပ်ပုံလွှာကားချပ်များ)

ကိုဗဟိန်း သခင်ဗဟိန်း  ရဲဘော်ဗဟိန်းကို သူ့ချစ်မိတ်ဆွေ ဆရာဒဂုန်တာရာ၏ ရုပ်ပုံလွှာအဖွဲအနွဲ့  သမိုင်းမှန်ကူကွက်များထဲမှ
တစေ့တစောင်းရှာဖွေရင်း ကျမစွမ်းသမျှသော အနုပညာအမှုန်အစက်ကလေးများဖြင့် လေးမြတ်စွာမှုန်းခြယ်ရင်း ဦးညွှတ် ဂါရဝပြုလိုက်ပါတယ်။    ။

နီဇူလိုင်