ဗိုလ်ထက်မင်း - ဓါးတောင်နဲ့မီးပင်လယ်ကို ၂၁ပင်လုံ ဘယ်လို ကျော်ရမှာလဲ - အပိုင်း ၂



ဗိုလ်ထက်မင်း - ဓါးတောင်နဲ့မီးပင်လယ်ကို ၂၁ပင်လုံ ဘယ်လို ကျော်ရမှာလဲ - အပိုင်း ၂

(မိုးမခ) ဇွန် ၂၈၊ ၂၀၁၇

NPRC နဲ့EAOs တွေ ထိတွေ့လုပ်ဆောင်မှူမှာ ဘယ်သူက တုန့်နှေးနေရတာလဲ

၁၃။ ဒေါ်အောင်ဆန်းစုကြည်ဘက်က စဉ်းစားပေးလိုက်ရင် ဒီသဘောတူညီချက်ရဖို့ တပ်မတော်နဲ့ညှိနှိုင်းဖို့ အချိန်လိုအပ်တယ်ထင်လို့တပ်ကို အချိန်ပေးနေရတာလား၊သူမကိုယ်နှိုက်က စဉ်းစားဖို့အချိန်ယူနေရတာလား၊ UNFC ဘက်ကနားလည်ပေးဖို့လိုအပ်ပါတယ်။ အဲဒီမူ ကို သဘောတူတယ်လို့ပြောလိုက်တဲ့အချိန်ကစပြီး ထိုက်သင့်အချိန် (၂လကျော်) ရလျှက်သားနဲ့ ညီလာခံကျင်းပမှာကို သိလျှက်နဲ့ UNFC ထဲက NMSP၊ KNPPတို့ရွေးကောက်ပွဲတွေကြောင့် အချိန်ကပ်သွားပြီး NCA လက်မှတ်မထိုးနိုင်တော့ဘဲ ညီလာခံ မတက်နိုင်တော့တာဖြစ်ပါတယ်။ မိမိတို့အရေးဦးစားပေးလွန်းနေတာမို့အစိုးရအပေါ် အပြန်အလှန်လေးစားမှု၊ တန်ဖိုးထားမှု၊ တန်းတူရည်တူ ဆိုတာ ဘာလဲ ၊ UNFC ထဲက NMSP နဲ့အထူးသဖြင့် KNPP တို့ ရွေးကောက်ပွဲဟာ ဘာကြောင့် ကြန့်ကြာနေရတာလဲ၊ ဘေးပယောဂဝင်နေလို့လား ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။

၁၄။ ဒါဆိုရင် UNFC တင်ထားတဲ့ (၈)ချက်အနက် အစိုးရနဲ့တပ်မတော်ဘက်အနေနဲ့ ချက်ခြင်း လက်မခံနိုင်ဖွယ်ဖြစ်လောက်တဲ့ အချက်တွေကတော့ အချက်(၁၊ ၆၊ ရ)တွေဘဲလို့ ထင်မြင်ယူဆရပါတယ်-

အချက်(၁)က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊တပ်မတော်မှ ထိုသဘောတူညီချက်ရရှိပြီးနောက်(၂၄)နာရီအတွင်း ထုတ်ပြန်ပြီး UNFC အဖွဲ့ဝင်အဖွဲ့အစည်းများမှ (၄၈)နာရီ အတွင်း အသီးသီး ထုတ်ပြန်သွားရန် ဆိုပြီးပါရှိပါတယ်။ လက်မခံဖွယ်ရှိနိုင်တာက တပ်မတော်က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲမည်ဟု တပ်မတော်က ကြေညာရပြီဆိုရင် NCA လက်မှတ် မထိုးသေးတဲ့ MNDAA, TNLA, AA, UWSA တို့ကို လွတ်လပ်စွာ စစ်ရေးအရ လှုပ်ရှားခွင့်ပြုပေးရမလို ဖြစ်နေလို့ ပြည်သူနဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ထောက်ကွက်ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း SSA ဧရိယာနဲ့ TNLA ဧရိယာရောယှက်နေလေရာ တကယ်လို့ တပ်မတော်က စစ်ဆင်ရေးရပ်ထားခဲ့လို့ TNLA က စစ်ရေးလှုပ်ရှားလာရင် SSA က တိုက်မှာလား မေးခွန်းထွက်လာပါတယ်။ ဒါကြောင့် တပ်မတော်က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ဒေသဧရိယာကို သာ ကြေညာမယ်ဆိုတာ သတင်းထွက်လာပါတယ်။။တဖန် တပ်မတော်က ၂၄နာရီ အတွင်း အပစ်ရပ်ကြေညာရမယ်ဆိုပြီး EAOS ကျတော့ ၄၈နာရီကျမှ ကြေညာမယ်ဆိုတော့ အချိန်အသာစီးရယူထားတာတွေ့ရပါတယ်။ ဒီအချက်ကိုတော့ ညှိနှိုင်းလို့ရမယ်ထင်ပါတယ်။

၁၅။ အချက်(၆ / ရ)တို့အရ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီဖွဲ့ရာမှာ နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များပါဝင်စေလိုပြီး NCA သဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်၊ စည်းကမ်းချက်များ မပြေလည်မှု ပေါ်ပေါက်လာရင် ဖြေရှင်းဖို့ ဖွဲ့ထားတဲ့ လွတ်လပ်သည့် ဖျန်ဖြေရေးကော်မရှင်မှာ နိုင်ငံတကာမှ ဥပဒေပညာရှင်များနဲ့တရားသူကြီးများပါဝင်စေလိုတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအချက်ဟာ နိုင်ငံတကာမှ ပြင်ပမှ စွက်ဖက်လို့ရအောင် တနည်းအားဖြင့် နိုင်ငံတကာမှ တရားဝင်ထောက်ပံ့အားပေးလို့ရအောင် လမ်းစထွင်တာဖြစ်လို့တပ်မတော်က နိုင်ငံတော်ရဲ့အချုပ်အချာအာဏာထိခိုက်တယ်ဆိုပြီး ချက်ခြင်းလက်ခံနိုင်ဖွယ် မရှိနိုင်ဘဲ အချိန်ယူ စဉ်းစားနိုင်တယ်လို့သုံးသပ်ရပါတယ်။

၁၆။ ဦးဇော်ဌေးက မေလ ၂၇ ရက်နေ့ ၂၁ပင်လုံညီလာခံဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှာ UNFCက တင်လိုက်တဲ့ အချက်တွေနဲ့စပ်လျဉ်းပြီး ကြန့်ကြာနေရတဲ့ အကြောင်းရင်းကို ကို ကောက်နှုတ်တင်ပြလိုက် ပါတယ်။

ဦးဇော်ဌေးက “အဲဒီတော့ UNFC နဲ့ ကျွန်တော်တို့ ဆွေးနွေးမှုက ဘာကြောင့် ကြာသလဲဆိုရင် Demand တွေပေါ့နော်။ ကျွန်တော်တို့ အသစ်တွေ အသစ်တွေ ပြန်တက်လာတာ။ ကျွန်တော်တို့ မူအားဖြင့်ကတော့ အဓိက စိုးရိမ်ပူပန်မှုက ဘာလဲဆိုတော့ ဒီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့ နောက်မှာ နောက်ထပ် ပဋိပက္ခမဖြစ်အောင် ဒီအပစ်အခတ်ရပ်စဲမှု သဘောတူညီချက်လည်း မကျိုးပေါက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ စိုးရိမ်ပူပန်မှု ရှိတယ်။ အဲဒီအပေါ်မှာ နှစ်ဦးနှစ်ဖက်က သဘောတူညီတယ်။ အဲဒါကို ပိုပြီး ခိုင်မာအောင် လုပ်မယ်ဆိုတာလည်း သဘောတူတယ်။ အဓိက Concern က အဲဒါပါ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ Technical ပိုင်းက နည်းလမ်းတွေမှာ ကျရင်တော့ နှစ်ဦးနှစ်ဖက် သဘောထားအမြင်တွေ ကွဲလွဲတယ်။ အဲဒီကွဲလွဲတဲ့အခါမှာ Detail ထပ်ပြီးတော့ ဘယ်အဖွဲ့အစည်း ဘယ်လိုပုံစံ ဆိုတဲ့ဟာတွေကို တက်လာတဲ့အခါမှာ နှစ်ဦး နှစ်ဖက်ဆွေးနွေးရတာ နည်းနည်း ခက်သွားတာပေါ့။

ကျွန်တော်တို့မူကတော့ နှစ်ဖက်လုံးမှာ တူညီနေတယ်။ အပစ်ရပ်လုပ်ငန်းစဉ် ခိုင်မာအောင် နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်မလာအောင်ပေါ့နော်။ ဒီသဘောတူညီချက်တွေ မကျိုးပေါက်အောင် လုပ်သင့်တယ်ဆိုတာ အားလုံးက လက်ခံတယ်။ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့နည်းလမ်းမှာ ကျွန်တော်တို့က နည်းနည်း သဘောထားကွဲလွဲတယ်။ ကွဲလွဲတဲ့အပေါ်မှာ နည်းလမ်းကို အတိအကျ ထပ်ပြီးတော့ ဒီသဘောတူညီချက်မှာ ထည့်တဲ့အခါမှာ နှစ်ဖက် သဘောတူညီချက်မရ အဆင်မပြေမှုတွေ ဖြစ်တယ်။ သို့သော် အဲဒါတွေသည်လည်း UNFC အတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့ ဘုံသဘောတူညီချက်နဲ့ ဘုံစဉ်းစား တွေးခေါ်ချက်တွေအပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ကတော့ ဒီညီလာခံပြီးရင်လည်း DPN နဲ့ ဆွေးနွေးမှုတွေ မူလအတိုင်း ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ မျှော်မှန်းထားပါတယ်။ သူတို့အနေနဲ့လည်း ဒီတောင်းဆိုချက်ပေါ့။ ကိုးချက်ပေါ့။ အဲဒီကိုးချက်အပေါ်မှာပဲ ဆက်ညှိနှိုင်းသွားမယ်လို့ ကျွန်တော်တို့ကတော့ အပြုသဘော မျှော်လင့်ထားပါတယ်”ဟု ဆိုသွားပါတယ်။

၁၇။ ဇွန်လဆန်းမှာပင် Peace Commission နဲ့DPN တို့အလွတ်သဘောတွေ့ဆုံပွဲ(ချင်းမိုင်)အပြီး NCA ထိုးဖို့ အလားအလာကောင်းတဲ့ အခြေအနေရောက်နေကာ ဇူလိုင်လဆန်းမှာ ၆ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ရန်ကုန်မှာ ပြုလုပ်ဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အပြုသဘောဆောင် တိုးတက်မှူလက္ခဏာအဖြစ် ကြိုဆိုပါတယ်။

၁၈။ စာရေးသူက EAOs က NPRC အဆင့်တွေများတာ ဝေဖန်တာတော့ သိပ်တော့ လက်မခံလိုပါ၊ ငြိမ်ချမ်းရေးကော်မရှင်ရဲ့လုပ်ငန်းစဉ်ဟာ အခြေခံဥပဒေပြင်ဆင်ရေးအထိ ကြီးမားနက်ရှိုင်းကျယ်ပြန့်ပြီး ဖွဲ့စည်းပုံအရ ချဲ့ထားတာ မမှားဘဲ ဆိုက်ပေါင်းစုံဖြန့်လုပ်ရမှာမို့ လုပ်ငန်းတာဝန် အသီးသီးခွဲလုပ်ကြရမှာဖြစ်တယ်။ ဒါကြောင့်လည်း NPRC ရဲ့ W.E ကို ချဲ့လိုက်ရာ ဦးကျော်တင့်ဆွေ၊ ဦးအောင်ကြည်လိုမျိုး အတွေ့အကြုံရှိတဲ့သူများ အားဖြည့်ထားသလို လုပ်ငန်စဉ်ဟန်ချက် မပျက်စေရေးအတွက် ဦးသိန်းစိန်လက်ထက်ကတည်းက NCA စာချုပ် အရည်ကြိုသောက်ထားတဲ့ ဦးလှမောင်ရွှေနဲ့ ဦးမင်းဇော်ဦးတို့အား ပြန်လည်တာဝန်ပေးထားတဲ့အပြင် ဒေါက်တာများဖြစ်ကြတဲ့ ဒေါ်ရင်ရင်နွယ်နဲ့ဦးအောင်ထွန်းသက်လို ပညာရှင်များ၊ EAO မှ ဒေါက်တာဆလိုင်လျန်မှုန်းတို့ကို ဝိုင်းရံထားပြီး နောက်ပိုင်း အတွင်းရေးမှုးအဖွဲ့တွေထဲ သမ္မတရုံး Speaker ညွှန်ချုပ်ဦးဇော်ဌေး ကို ပွဲ ထပ်ထုတ်လာတာ တွေ့ရပါတယ်။ ဒီလိုလူတွေ ဝိုင်းရံထားတာတောင် Peace process က ဘာလို့ Delay ဖြစ်နေရတာလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

၁၉။ The Voice- MYANMAR မှ (၇၂)နှစ်ပြည့်မြောက် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ဇေယျသူဆောင်းပါးကို ကောက်နှုတ်ဖေါ်ပြရရင် Institution မခိုင်မာလို့ဘဲလား ပြောစရာရှိပါတယ်။ သူက ဦးဆောင်ခြင်းနဲ့ စီမံခန့်ခွဲခြင်း တူသလိုလို နဲ့ ကွဲပြားကြောင်း၊ Commander တစ်ဦးတည်း အဆိုပါ စွမ်းရည် ၂ခုစလုံး မရှိနိုင်တဲ့အတွက် ဦးဆောင်ရာတွင်သန်သူနဲ့ စီမံခန့်ခွဲရေးတွင်သန်သူ ပူးတွဲ တာဝန်ထမ်းဆောင်ရလေ့ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်သည် စီမံခန့်ခွဲရေးအတွေ့အကြုံ နည်းပါးကြောင်း၊ ဒီဟာကွက်ကို စီမံခန့်ခွဲရေး အားကောင်းသူများ ဖြည့်ဆည်းသင့်ကြောင်း၊ တဖန် အာဏာနဲ့လုပ်ပိုင်ခွင့်ကို ဖြန့်ဝေပေးဖို့ ကြိုးစားဖို့ရှိသော်လည်း ဆုံးဖြတ်ချရန်တာဝန်သည် ဒေါ်အောင်ဆန်းစုကြည်ထံ ပြန်ပြန်ရောက်လာသည့် သဘောမြင်နေရကြောင်း၊သူက ဆိုသွားပါတယ်။ ဒီလိုဝေဖန်ချက်ရှိနေလို့စာရေးသူက NPRC ရုံးလုပ်ငန်းကို လေ့လာသုံးသပ်သွားပါမယ်။

၂၀။ EAOs တွေနဲ့Peace Commission ဦးဆောင်ဆွေးနွေးနေသူဟာ ဒေါက်တာတင်မျိုးဝင်း၊ ဦးအောင်စိုး၊ ဦးအောင်ကြည် ဆိုပြီး အမျိုးမျိုး လဲလှယ်နေရတာ ဘာကြောင့်လဲ၊ ခေါင်းတပ်ပြီးလွှတ်မည့်သူတွေ ခဏခဏပြောင်းနေရင် အစည်းအဝေးတခုနဲ့တခုအကြား ဆက်စပ်ပြီးလုပ်ရမည့်ကိစ္စတွေ ဟန်ချက်ပျက်သွားနိုင်သလို နားလည်မှုလည်း လွှဲသွားနိုင်ပါတယ်။ အစိုးရ စဖွဲ့ကာစက ဦးအောင်မင်းက အရင်လို လုပ်ပိုင်ခွင့် အထိုက်အလျောက်ရှိရင် ဆက်လုပ်ပေးမယ် ဆန္ဒရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောအရ ပေးနိုင်မည့်အနေအထားမရှိနိုင်ဖူးလို့ ဦးအောင်မင်းက သုံးသပ်သွားဟန်တူကာ သူမလက်အောက်မှာ ဒီလိုပုံစံမျိုး မလုပ်နိုင်တဲ့အတွက် ယဉ်ယဉ်ကျးကျေး ငြင်းတဲ့အနေနဲ့ ဘေးကနေ ကူညီပါ့မယ်လို့ ဖြေသွားကြောင်း ငြိမ်းချမ်းရေးစင်တာအသိုင်းအဝိုင်းထံမှ သိရပါတယ်။ ဒါကြောင့် Peace Commission ဦးစီးမည့်သူ၊ ဒါမှမဟုတ် နိမ့်တဲ့ကိုယ်စားလှယ် စေလွှတ်မယ်ဆိုရင် လက်တွေ့ဆွေးနွေးနိုင်ဖို့ လုပ်ပိုင်ခွင့်အာဏာ အထိုက်အလျောက်ပေးသင့်ပြီး ဘောင်သတ်မှတ်ပေးကာ တကယ်လို့မမျှော်လင့်ဘဲ တဖက်က တက်လာတဲ့ မေးခွန်းတွေကို တထိုင်တည်းနဲ့ဖြတ်ချင်လို့ ဆုံးဖြတ်ရခက်နေရင်တောင် အရေးပေါ်ဖုံးဆက်ပြီး သဘောထားမှတ်ချက်တောင်းဖြတ်လို့ရတဲ့ နည်းဗျုဟာသုံးသင့်ပါတယ်။ နို့မို့ရင် မေ့ဆက်ခ်ျ ပေးယုံသက်သက် ၊ သတင်းစကားပါးယုံသက်သက်ဆိုပါက အလုပ်မတွင်ကျယ်ဖြစ်တတ်ပါတယ်။

၂၁။ Peace process နှေးကွေးနေရတာဟာ NPRC ရုံးမှာ တာဝန်ထမ်းဆောင်သူတွေ လူတော်တွေများပြီး  အချင်းချင်း ဆရာလုပ်နေလို့ ဆိုင်းနေရတာလား၊ ဘောလီဘောပုတ်သလို တာဝန်ခံတာဝန်ယူမှု အားနည်းနေပြီး နောက်ဆုံးCommander ထံ စုပြုံရောက်နေတာလား။ အောက်ကို ချပေးပေမဲ့ မရှင်းလို့ ပြန်ပြန်တက်သွားလား၊ အထက်ကို တင်ပြီးဖြစ်လို့ ဆက်ပြီးရလဒ်အဖြေ ရအောင် Remind မတွန်းလို့လား - မေးခွန်းတွေ ထွက်နေပါတယ်။

ဂျပန်ဖေါင်ဒေးရှင်း နိပွန်က NCA လက်မှတ်ထိုးတားတဲ့ ဒေသနယ်မြေတွေမှာ ကူညီပေးဖို့ ပိုက်ဆံထုပ် ကိုင်ထားတာ လက်တောင်ညောင်းတယ်လို့ သိရပါတယ်။ Peace Commission က EAOs နဲ့ ဆွေးနွေးတဲ့အခါ သမားရိုးကျ စာအုပ်ကြီးအတိုင်း ကျင့်သုံးနေတာတွေ့ရပါတယ်။

စာရေးသူယခင်ဆောင်းပါးမှာ တင်ပြခဲ့သလို သြဇာရှိတဲ့ သာသနာပြု အသင်းတော် သင်းအုပ်ဆရာများနဲ့ ထိတွေ့ဆက်ဆံတာတွေ့ရလို့ ကြိုဆိုသလို၊ ဒုက္ခသည်စခန်းကို သွားရောက် အားပေးတာလည်း စာရေးသူ သာဓုခေါ် ဝမ်းမြောက်မိပါတယ်။ ကျန်သေးတာတခုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အကျိုးတော်ဆောင်အဖြစ် ခရိုနီ၊ လုပ်ငန်းရှင်၊ သူဌေးကုန်သည်တွေကို သုံးဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံရေးစစ်ရေးအစဉ်အလာရှိတဲ့ KNU ကို ငြိမ်းချမ်းရေးလိုလားမြတ်နိုးကာ အဲံဒီနယ်မြေမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး စစ်သားအချင်းချင်း ကိုယ်ချင်းစာနာစိတ် အကြောသိတဲ့ ဗိုလ်မှူးငွေစိုး (ငြိမ်း)(လုပ်ငန်းရှင်) ဟာ မိမိအိတ်စိုက် အချိန်ကုန်ခံ၊ နားလည်မှု ယုံကြည်မှု ရနိုင်ရေးအတွက် စမ်းသပ်ခံခဲ့ကာ စိန်ခေါ်မှူ ပေါင်းများစွာကို စေတနာထား ရိုးသားဖြုစင်ခဲ့လို့ ကျော်ဖြတ်နိုင်ကာ ငြိမ်းချမ်းရေးရခဲ့တာဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)