ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို ● “ခွဲထွက်ခွင့်” အပေါ်သဘောထား ဖခင်နဲ့သမီးအကြား ကွဲပြားခြားနားသလော

Image result for federalism of Burma
တူမောင်ညို ● “ခွဲထွက်ခွင့်” အပေါ်သဘောထား ဖခင်နဲ့သမီးအကြား ကွဲပြားခြားနားသလော
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၇

လွန်ခဲ့တဲ့နှစ် (၂၀၁၆ ခုနှစ်) ဇူလိုင်လ ၁၇ ရက်နေ့မှာ (UNFC) ခေါင်းဆောင်များနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတွေထဲမှာ အလေးထားမှတ်သားစရာ၊ သတိပြုစရာ၊ ဝေဖန်ဆန်းစစ်စရာ၊ ကိုးကားစရာတွေ ပါရှိပါတယ်။

အဲဒီလိုပြောကြားချက်တွေထဲက “ပင်လုံစာချုပ်” နဲ့ သက်ဆိုင်တဲ့အပိုင်းကို ကောက်နုတ်ပြီး ဆက်စပ်ဆွေးနွေးတင်ပြပါရစေ။

ဒေါ်အောင်ဆန်းစုကြည်က “ပင်လုံစာချုပ်” ထက် “ပင်လုံစိတ်ဓာတ်” ကို ပဲယူရမယ်လို့ ဆိုပါတယ်။ “ပင်လုံစိတ်ဓာတ်က အင်မတန်ကျယ်ပြန့်တယ်၊ သဘောတူညီချက်က နဲနဲကျဉ်းတယ်” လို့လည်း ဆိုပါတယ်။ ပင်လုံသဘောတူညီချက်ထဲမှာ ပါ ဝင်လက်မှတ်ထိုးခဲ့ကြတဲ့  တိုင်းရင်းသားတွေက  “ကချင်၊ ချင်း၊ ဗမာနဲ့ ရှမ်း” တို့လောက်ပဲ ပါဝင်တာဖြစ်ပါတယ်။ ဒါကြောင့် “ပင်လုံစာချုပ်” ကို မျက်မှောက်ကာလရှုဒေါင့်ကနေကြည့်ပြီးပြောရင် အမှန်ပဲ “ကျဉ်း” နေပါတယ်။

ဒါဆို အင်မတန်ကျယ်ပြန့်တယ်ဆိုတဲ့ “ပင်လုံစိတ်ဓာတ်” က ဘာလဲ။ ဒါကို အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ရှင်းလင်းဖွင့်ဆိုပြသင့် တာပါ။ သို့မဟုတ် ဒီချုပ်ပါတီက ရှင်းလင်းဖွင့်ဆိုပြသင့်တာဖြစ်ပါတယ်။

ကျနော်လေ့လာ၊ နားလည်၊ ယူဆထားတဲ့ “ပင်လုံစိတ်ဓာတ်” ကတော့ ဒီလိုဖြစ်ပါတယ်။ “ပင်လုံစိတ်ဓာတ်” ကို သီးခြားစီ ခွဲထုတ်မရတဲ့ ဦးတည်ချက် ၂ ရပ် နဲ့ ပေါင်းစပ်ထားတာတွေ့ရပါတယ်။

ပထမဦးတည်ချက်က ဗြိတိသျှနယ်ချဲ့သမားရဲ့သွေးခွဲမှု ပရိယာယ်ကို တိုက်ဖျက်ရေးဆိုတဲ့ ဦးတည်ချက်။

ဒုတိယဦးတည်ချက်က တောင်တန်းဒေသနဲ့ပြည်မ တန်းတူသွေးစည်းပြီး ပြည်ထောင်စုကို တည်ဆောက်သွားမယ်ဆိုတဲ့ ဦး တည်ချက်တို့ပဲ ဖြစ်ပါတယ်။

အဲဒီ ဦးတည်ချက် ၂ ရပ်ကို “ပင်လုံစိတ်ဓာတ် (ဝါ) ပင်လုံစာချုပ်” ရဲ့ အသက်ဝိဉာဉ်လို့ ကျနော်အနေနဲ့ လေ့လာမှတ်သား ယူဆထားပါတယ်။ ဒီဦးတည်ချက် ၂ ရပ်အနက် “ဗြိတိသျှနယ်ချဲ့သမားရဲ့သွေးခွဲမှုပရိယာယ်ကို တိုက်ဖျက်ရေး” ဆိုတဲ့ ပထ မ ဦးတည်ချက် [(ဒိုမိုနီယံလက်မခံ)၊ တောင်တန်းနဲ့ပြည်မ အတူတကွလွတ်လပ်ရေး (လုံးဝလွတ်လပ်ရေး)] ရရှိခဲ့သော်လည်း ဒုတိယဦးတည်ချက်ဟာ ဒီကနေ့အထိ သမိုင်းရဲ့ ကြွင်းကျန်ပြဿနာအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

၁၉၄၈ မှာ အာဏာရလာတဲ့အစိုးရကလည်း ဒီပြဿနာကို ပြီးပြတ်ပြေလည်အောင် မဖြေရှင်းခဲ့ပါဘူး။ အဲဒီနောက် ၁၉၆၂ ခုနှစ်မှာ နိုင်ငံရေးအာဏာဟာ စစ်အုပ်စုလက်ထဲကိုကျရောက်သွားခဲ့တာ ယနေ့အထိတိုင်ပါပဲ။ ယနေ့ကာလမှာတော့ စစ် အုပ်စုဟာ “၂၀၀၈ အခြေခံဥပဒေ”  ဆိုတာနဲ့ စစ်အုပ်စုရဲ့ အရပ်ရပ်အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ထားပါတယ်။

အဲဒီလို သမိုင်းမှာ မဖြေရှင်းနိုင်ဘဲ။ (တောင်တန်းဒေသနဲ့ပြည်မ တန်းတူသွေးစည်းပြီး ပြည်ထောင်စုကို တည်ဆောက်သွား မယ်) ဆိုတဲ့ မူလသဘောတူညီချက်/ဦးတည်ချက်ကနေ သွေဖီဖောက်ဖျက်ပြီး တပြည်ထောင်စနစ်သာဖြစ်ခဲ့တယ်။  တန်းတူ သွေးစည်း တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့  မပြီးပြတ်ခဲ့တဲ့ ပြဿနာဟာ (ဗိုလ်ချုပ်အောင်ဆန်း လက်ထက်က နေ ) သမိုင်းရဲ့အကွေ့အချိုးတခုမှာ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းရမယ့်အနေအထားကို ရောက်ရှိလာပါတယ်။

အခုလက်ငင်းရင်ဆိုင်နေရတာကလည်း “တန်းတူပြီးသွေးစည်းညီညွတ်သော ပြည်ထောင်စု” ကို ဘယ်လိုတည်ဆောက်ကြ မလဲဆိုတဲ့ ပြဿနာပါပဲ။ ခွဲမထွက်ဘူးဆိုတဲ့ ကတိ/အာမခံချက် အရင်ပေးမှသာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရနိုင်မယ် လို့ အကြပ်ကိုင်တာခံနေရပါတယ်။ ဈေးဆစ်တာခံနေရပါတယ်။ တချို့က ပေးသခိုက်၊ ရသလောက်ယူထားဆိုပြီး ညာသံပေး တောခြောက်နေကြပါတယ်။ နှပ်ကြောင်းပေး ကျုံးသွင်းနေကြပါတယ်။ တချို့ကလည်း ခွဲထွက်ရေးအန္တရာယ်နဲ့ ခြောက်လှန့်နေပါတယ်။

ခွဲတာမကောင်း/ခွဲတာမကြိုက်ရင်မခွဲအောင် ဘယ်လိုဖြောင့်မတ်တည်ကြည်တဲ့ အခြေခံမူတွေလိုအပ်သလဲ။ ဒါတွေကို အာ ဏာ အပြည့်အဝချုပ်ကိုင်ထားသူတွေ (သို့မဟုတ်)  အာဏာ (ဝါ) လုပ်ပိုင်ခွင့် အချို့ကို ခွင့်ပြုချက်နဲ့ရရှိထားသူတွေဘက်က တည်တည် ကြည်ကြည်နဲ့ အဆိုပြုကြရမှာ မဟုတ်ပါလား။ ပြန်ပေးဂိုဏ်းလုပ်ဟန်နဲ့ ရော့ပတ္တမြား- ရော့ နဂါးလုပ်နေတာ မျိုးကတော့ မသင့်တော်ပါဘူး။

ဒီနေရာမှာ ရှမ်းပြည်ခွဲထွက်ခွင့်တောင်းတာနဲ့ပတ်သက်ပြီး ဦးထွန်းမြင့်(တောင်ကြီး) ရဲ့စာအုပ်ထဲကနေ ဆီလျော်တာအချို့ကို မူရင်းဖော်ပြချက်အတိုင်း ကောက်နုတ်တင်ပြချင်ပါတယ်။

(ကောက်နုတ်ချက်)
Right of Secession ဆိုတဲ့ ခွဲထွက်ခွင့်ကို မြန်မာပြည်မခေါင်းဆောင်များအများစုက မလိုလားကြပါဘူး။ မြန်မာနိုင်ငံဟာ သေးသေးကလေး ခွဲထွက်ခွင့်ပေးလို့ ခွဲထွက်ကုန်ကြရင် မြန်မာနိုင်ငံဟာ ဘာကျန်တော့မှာလဲပေါ့။ သူတို့ စိုးရိမ်ကြတာလည်း သဘာဝကျပါတယ်။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပေါ့။ နယ်ချဲ့အန္တရာယ်၊ နယ်ချဲ့ပယောဂတွေကလည်း ဒုနဲ့ဒေးရှိနေတယ် မဟုတ်လား။
 
ဒါပေမဲ့ ကျွန်တော်တို့က ခွဲထွက်ခွင့်တောင်းတာဟာ ခွဲထွက်ချင်လို့ တောင်းတာမဟုတ်ဘူး။ လူနည်းစု လူမျိုးငယ်တွေရဲ့ ရသင့်တဲ့ အခွင့်အရေးအနေနဲ့ တောင်းကြတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ စံနမူနာအနေနဲ့ ဆိုဗီ ယက်ယူနီယံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကိုသေချာလေ့လာထားကြပါတယ်။ မတ်၊ အိန်ဂျဲ၊ လီနင်၊ စတာလင်တို့ရဲ့ လူနည်းစုပေါ် သဘောထားပေါ်လစီတွေကိုလည်း လေ့လာမှတ်သားကြပါတယ်။

လူမျိုးစု၊ လူမျိုးငယ်တွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး (Autonomy) နဲ့ ခွဲထွက်ခွင့် (Right of Secession) ဆိုတဲ့ အချက် နှစ်ချက်ဟာ မရမနေတောင်းဆိုရမယ့်အချက်လို့ ခေါင်းထဲမှာ သံမှိုနှက်ထားသလို စွဲနေတဲ့အခါလည်းဖြစ်ပါတယ်။

အစည်းအဝေးမှာ ကျွန်တော်တို့ အကြိတ်အနယ်ဆွေးနွေးကြတဲ့အခါမှာ ဗိုလ်ချုပ်က ကျွန်တော်တို့ဘက်က မားမားရပ်တည်ပြီး

“ခွဲထွက်ခွင့်ကို ပေးထားရမယ်၊ မခွဲထွက်ချင်အောင်လုပ်ပြရမှာက ကျုပ်တို့ရဲ့တာဝန်၊ ပေါင်းပြီးမှခွဲထွက်လာချင်တယ်ဆိုရင် တော့ ကျုပ်တို့ ဗမာတွေသောက်သုံးမကျလို့ပဲ” လို့ ပြောကြားခဲ့ပါတယ်။ အလွန်သဘောထားမြင့်မြတ်ပြီး မှတ်သားစရာလည်း အလွန်ကောင်းတဲ့စကားဖြစ်ပါတယ်။ ဗိုလ်ချုပ်က ဒီလိုပြောလိုက်တော့မှ ခွဲထွက်ခွင့်ကို မလိုလားတဲ့ပုဂ္ဂိုလ်တွေ လက်လျှော့ ကုန်ကြပါတယ်။

[၂၁ ရာစုပင်လုံမှာတော့  “ခွဲမထွက်ရကိစ္စ” အငြင်းအခုန်ဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က “အခုဆွေးနွေးရင်လည်း အဖြေထွက်မယ့်ကိစ္စမဟုတ်တဲ့အတွက်ကြောင့် နောက်မှပဲ အချိန်ယူဆွေးနွေးမယ်ဆိုပြီး အဆုံးသတ်ခဲ့တယ်” တဲ့။ ဗိုလ်ချုပ် လို မားမားမတ်မတ် မရပ်ခဲ့ဘူးပေါ့။  ဤကား စကားချပ်]

ပြီးတော့ ဗိုလ်ချုပ်က ဆက်ပြောပါသေးတယ်။

“ခွဲထွက်ခွင့်ရှိတယ်ဆိုပြီး အခု ပေါင်း၊ အခု ခွဲလုပ်ရင်လည်း မကောင်းဘူး။ ကျုပ်တို့ လွတ်လပ်ရေးရပြီးရင် တိုင်းပြည်ပြန် လည်ထူထောင်ရေးလုပ်ငန်းတွေ အလုပ်လုပ်စရာအများကြီးရှိတယ်၊ ငါးနှစ်စီမံကိန်း နှစ်၊ ဆယ်နှစ်လောက်တော့ ပေါင်း ကြည့်ကြပါ။ ဒါမှလည်း ကျုပ်တို့ဗမာတွေရဲ့စေတနာကို ခင်ဗျားတို့သိမယ်၊ အဲဒီနောက် မကြိုက်ရင် ခွဲပေါ့”

ကျွန်တော်တို့ လူမျိုးစုတွေဘက်ကလည်း ဗိုလ်ချုပ်ရဲ့ အရင်းခံရိုးသားတဲ့ မေတ္တာ၊ စေတနာတွေကို နားလည်သဘောပေါက် နေကြလို့၊ “ဆယ်နှစ်လောက်တော့ ပေါင်းကြည့်ပါ” ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ဆန္ဒကို အလွယ်တကူ လက်ခံခဲ့ကြပါတယ်။ ဒါကြောင့် လည်း အခြေခံဥပဒေမှာ

“ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးများကို အသုံးမပြုရ” ဆိုတဲ့ ပုဒ်မ  ပါဝင်လာခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ရပလခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလခေါင်းဆောင်တွေအပေါ် နှစ်နှစ်ကာကာကြီး ယုံကြည်စိတ်ချခဲ့ကြပါတယ်။ ဖဆပလထဲမှာ လက်ယာဖောက်ပြန်ရေးသမားတွေရှိနေပေမဲ့ ဗိုလ်ချုပ်ဦးစီးတဲ့ လက်ဝဲသမား တွေက အများလို့ ယူဆခဲ့ကြပါတယ်။ ဗိုလ်ချုပ်ရဲ့စေတနာကို နည်းနည်းမှသံသယမရှိခဲ့တဲ့အပြင် နှစ်ပေါင်းများစွာ အင်္ဂလိပ် လက်အောက်ကလွတ်မြောက်ဖို့ တိုက်ပွဲဝင်လာခဲ့ကြတဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်တွေဟာ ကျွန်တော်တို့ ရှမ်းအစရှိ တဲ့ လူမျိုးစု၊လူမျိုးငယ်တွေအပေါ် ဘယ်လိုနည်းနဲ့မှ လူမျိုးကြီးစိတ်၊ လူမျိုးကြီးဝါဒ ထားကြမှာမဟုတ်ဘူးလို့လည်း ယုံကြည် ခဲ့ကြပါတယ်။

နိုင်ငံရေးအရ ခွင့်ထွက်ခွင့်ဆိုတာဟာ အမှန်တော့ လူမျိုးစု၊ လူမျိုးငယ်များက မိမိတို့ရဲ့အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ဖို့အတွက် တောင်းဆိုခြင်းသာဖြစ်ပါတယ်။ လူမျိုးကြီးတွေက လူမျိုးငယ်တွေအပေါ် စိုးမိုးခြယ်လှယ်မှုပြုကြမှာကို စိုးရိမ်ပြီး လူမျိုးကြီးဝါဒမပေါ်လွင်အောင် တားမြစ်တဲ့အနေနဲ့ ကာကွယ်တဲ့အခွင့်အရေး (Safeguard) တစ်ရပ်အဖြစ် သတ် မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ခွဲထွက်ခွင့်ပေးထားပေမယ့်လို့ တကယ်တမ်း မပူးပေါင်းနိုင်တော့တဲ့အခါ လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ခွဲထွက်သွားတဲ့ နိုင်ငံ တွေလည်းရှိပါတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံက တိုက်ပွဲဝင်ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံ အဖြစ် ထူထောင်ခဲ့တဲ့ ဖြစ်ရပ်မျိုးလည်းရှိပါတယ်။

ခွဲထွက်ခွင့်ဆိုတာ တကယ်တော့ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းချက် ရှိတာ ၊ မရှိတာနဲ့ သိပ်ပြီးမဆိုင်ပါဘူး။ သင့်သင့်မြတ်မြတ် ပေါင်းသင်းနေထိုင်ခြင်းသာ အဓိကဖြစ်ပါတယ်။

“မခွဲထွက်ချင်အောင် လုပ်ပြရမှာက ကျုပ်တို့ရဲ့တာဝန်၊ ခွဲထွက်ချင်လာတယ်ဆိုရင် ကျုပ်တို့ ဗမာတွေသောက်သုံးမကျလို့ဘဲ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သစ္စာစကားဟာ အလွန်လေးနက်ပြီး အင်မတန်တန်ဖိုးရှိတဲ့စကားဖြစ်ပါတယ်။

“ဥပဒေဆိုတာ လူကလုပ်တာ၊ ဘုရားဟော မဟုတ်ဘူး၊ လူလုပ်တဲ့ ဥပဒေကို လူက ပြန်ပြင်နိုင်ရမှာပေါ့”

“ဘုရားဟော ” ဆိုတဲ့ စကားလုံးကို ဗိုလ်ချုပ်က (Gospel Truth) လို့ အင်္ဂလိပ်လို ညှပ်ပြီး ပြောသွားပါတယ်။ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်စွဲကြည်ညိုနေလို့လား မပြောတတ်ဘူး။ ဗိုလ်ချုပ်ပြောသမျှ ဆိုသမျှစကားတွေဟာ မှတ်သား စရာတွေချည်းဖြစ်နေပါတယ်။

အထက်ပါ ကောက်နုတ်ချက်များဟာ  (“ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့်အုတ်တစ်ချပ်” စာအုပ်)  - စာမျက်နှာ ၄၄၆ - ၄၄၇ - ၄၄၈ ကနေ မူရင်း အတိုင်းကောက်နုတ် ကူးယူဖော်ပြထားတာပါ။

အခုလည်း တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တစိုက်မတ်မတ် တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားတွေဟာ ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ တချိန်က ဗိုလ်ချုပ်အပေါ်ထားရှိခဲ့ကြတဲ့ ယုံကြည်မှုမျိုး၊ လေးစားမှုမျိုးနဲ့ မျှော်လင့်အားထားခဲ့ကြတာပါ။

ဒေါ်အောင် ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သမိုင်းခေတ်ကာလခြင်း မတူခြားနားတာတော့ မှန်ပါတယ်။  တချိန်က တန်းတူသွေးစည်းတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားကို ဦးတည်တိုက်ခိုက်ခဲ့ကြရပြီး။ အခုလို ၂၁ ရာစုကာလမှာတော့ အဓိက ဦးတည်တိုက်ဖျက်ပစ်ရမယ့်ဦးတည်ချက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေး မှုဘက်ပေါင်းစုံမှာ စစ်အုပ်စုက ချုပ်ကိုင်လွှမ်းမိုးထားမှုကို အကုန်အစင်ဖယ်ရှားပစ်ဖို့ပဲမဟုတ်ပါလား။ ဒီလို စစ်အုပ်စုရဲ့ ချုပ်ကိုင်လွှမ်းမိုးထားမှုကို အကုန်အစင်ဖယ်ရှားပစ်နိုင်မှသာ တန်းတူပြီးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကို တည့်တည့်မတ်မတ် ဦးတည် နိုင်မှာဖြစ်ပါတယ်။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်သူ အားလုံးရဲ့ အလယ်ဗဟိုမှာထားပြီးစေ့စပ်ညှိနှိုင်းဖြန်ဖြေသူလိုလို ရပ်တည် ပြောဆိုနေသော်လည်း “၂၁ ရာစု ပင်လုံစင်မြင့်” ပေါ်ကနေ အပေးအယူလုပ်နေတဲ့ (Package deal) ဆိုတာမှာတော့ စစ် အုပ်စုနဲ့ တသဘောထားထဲ၊ တလေသံထဲဖြစ်နေတာကတော့ ဘယ်လိုမှ မဆီမလျော်ပါဘူး။

ခွဲထွက်ခွင့် (Right of Secession) နဲ့ပတ်သက်ပြီး တချိန်က ဗိုလ်ချုပ်အောင်ဆန်းရပ်တည်ခဲ့တဲ့သဘောထားနဲ့ ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရပ်တည်နေတဲ့သဘောထားဟာ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်လို ကွဲပြားခြားနားနေတာ တွေ့ရပါတယ်။

ညွန်း
- ဂျူလိုင်လ ၁၇ ရက်နေ့ UNFC စည်းလုံးညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီခေါင်းဆောင်များအား တွေ့ဆုံရာ တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့သော မှတ်သားဖွယ်ရာ မိန့်ခွန်းနှင့် ဆွေးနွေးချက်များ။

- ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့်အုတ်တစ်ချပ်- ဦးထွန်းမြင့် (တောင်ကြီး) [ပထမအကြိမ်၊ ၂၀၁၆ သြဂုတ်၊ လောက သစ် စာအုပ်တိုက်]

- မြန်မာ့အလင်းသတင်းစာ (၂၉- ၅ -၂၀၁၇)

Photot credit : crisis group