ကျော်မောင် (တိုင်းတာရေး) ● ထိုင်၍ရသော ခုံများ


ကျော်မောင် (တိုင်းတာရေး) ● ထိုင်၍ရသော ခုံများ
(မိုးမခ) ဇွန် ၂၈၊ ၂ဝ၁၇

● နိဒါန်း
စားသောက်ဆိုင်တစ်ဆိုင်ဆိုင်တွင် မိတ်ဆွေ တစ်ယောက်ယောက်နှင့် အမှတ်မထင်တွေ့လျှင် ထိုတစ်ယောက်မှ သူထိုင်နေ သော စားပွဲဝိုင်းရှိထိုင်ခုံတွင် လာထိုင်ပါဦးလားဟု စကားစမြည်ပြောရန် ထိုင်ခုံနေရာပေးလေ့ရှိသည်။ “မတ်တပ်ကြီးရပ်မနေ ပါနဲ့၊ ရော့ ဒီမှာခုံ၊ လာထိုင်စမ်းပါကွာ၊  ကြည့်မကောင်းပါဘူး” ဟုလည်း ပြောကြဆိုကြသည်။ ထိုင်ခုံဆိုသည်မှာ လူတို့အတွက် ပေါ်ပေါက်လာသော အသုံးအဆောင်ပစ္စည်းဟု မှတ်ယူပါသောကြောင့် ထိုင်ခုံနှင့်ပတ်သက်၍ တွေ့ကြုံမှတ်သားထားမိသည် များကို ပြန်လည်မျှဝေအပ်ပါသည်။

● စားသောက်ဆိုင်တွင် ထိုင်ခုံ နေရာဦးခြင်း၊ နေရာပေးခြင်း

စားသောက်ဆိုင်သို့ နေ့လည်စာ သွားစားဖို့ ပြင်သောအခါ အချိန်မှာ ဆယ့်တစ်နာရီခွဲကျော်နေပြီဖြစ်သည်။ မွန်းတည့်ချိန် ဆယ့်နှစ်နာရီဆိုသည်နှင့် ထိုင်စရာနေရာ တစ်နေရာရဖို့ အတော်ခက်ခဲလှသည်။ အနီးအနားရှိ စက်ရုံအလုပ်ရုံများ ရုံးများရှိ ဝန်ထမ်းများ အစုလိုက် အဖွဲ့လိုက် တဖွဲဖွဲရောက်လာတတ်သည်။ နှစ်ယောက်မှသည် လေးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ ဖြစ်ကြသည်။ ထိုသို့အဖွဲ့နှင့် လာရောက်ကြသူများတွင် တစ်ယောက်က ထိုင်ခုံနေရာဦးသည့်သဘောဖြင့် ထိုင်နေရစ်ကာ ကျန်သူများက ထမင်းဟင်းများ သွားဝယ်ကြသည်။ ထမင်းဟင်းဗန်းကိုင်ကာ အဖွဲ့ထဲမှ တစ်ယောက်ပြန်ရောက်လာသောအခါ နေရာဦးထားသောသူသည် ထိုင်နေရာမှ ထကာ သူ့အတွက် အစားအသောက်သွားဝယ်ရသည်။

တခါတလေတွင် စောင့်နေရစ်သောသူအား တခြားအဖွဲ့များက “ဒီနေရာ ထိုင်လို့ ရပါလားဗျာ”

“ဒီနေရာ ထိုင်လို့ ရပါလားရှင်” ဟု လာရောက်မေးမြန်းသည်များ ရှိတတ်သည်။ တယောက်တည်း လာရောက်စား သောက်သူ များ၊ နှစ်ယောက်တစ်ဖွဲ့ လာရောက်စားသောက်ကြသူများဖြစ်သည်။ ထိုင်ခုံလေးခုံရှိ၍ လေးယောက်ထိုင်နိုင်သော စား သောက်ဝိုင်းတွင် နေရာဦးထားသူသည် နှစ်ယောက်စာအတွက်သာဖြစ်ပါက ထိုင်ခုံရှာနေသောသူသည် ကျန်ထိုင်ခုံလွတ် နှစ်လုံးတွင် အခွင့်တောင်းကာ ဝင်ရောက်ထိုင်စားလေ့ရှိသည်။

ထို့ကြောင့် နေရာလွတ် ရှိသလား၊ ဒီထိုင်ခုံ ဟိုထိုင်ခုံက လွတ်သလားဟုသေချာစေရန် ထိုင်ခုံလွတ်နားတွင် ထိုင်နေသူအား “ဒီနေရာ ထိုင်လို့ ရပါလားဗျာ” ၊ “ဒီနေရာ ထိုင်လို့ရပါလားရှင်” ဟု မေးကာ ထိုင်၍ ရ မရ အခွင့်တောင်းခြင်းဖြစ်၏။ အဖွဲ့အ တွက် နေရာဦးထားရသူသည် ခဏ ခဏ လာမေးသည်ကို မဖြေလိုပါလျှင် သူ့တွင်ပါသော တစ်သျှူးစက္ကူထုပ်ဖြစ်စေ၊ ကား စီး ရထားစီးရာတွင်သုံးသော ငွေဖြည့်ကဒ်ကဲ့သို့သော ကဒ်မျိုးဖြစ်စေ တစ်စုံတစ်ခုကို စားပွဲပေါ်တွင် ချထားခြင်းဖြင့် စုံစမ်း မေးမြန်းမှုများမှ ရှောင်ကွင်းနိုင်လေ့ရှိကြသည်။

တချို့အဖွဲ့များမှာ နေရာရသောအခါ တပါတည်းယူလာသော ကိုယ်ပိုင်သောက်ရေဗူးများကို စားပွဲပေါ်တင်ထားလိုက်ကြပြီး နှစ်သက်ရာ စားသောက်ဆိုင်များတွင် အစားအသောက်များ မှာယူရန် တန်းစီကြလေ့ရှိသည်။ သောက်ရေဗူးများအား စား သောက်ဆိုင်သို့ ယူလာကြခြင်းမှာ နေရာဦးခြင်းတွင်သာမက ထမင်းဟင်းစားသောက်ရင်း ရေသောက်နိုင်သောကြောင့်ဖြစ်ပုံရသည်။ ထိုင်ခုံနေရာဦးရန် မည်သူ့ကိုမှ စောင့်နေစေခြင်း မရှိစေဘဲ ရေဗူးများ၊ ခေါက်ထီးများ၊ တခါတရံတွင် တစ်သျှူး စက္ကူထုပ်များ ချထားလိုက်ခြင်းဖြင့် ခုံနေရာကို ခေတ္တပိုင်ဆိုင်ကြောင်း လာရောက်စားသုံးသူအချင်းချင်း အသိပေးလေ၏။ နောက်ပိုင်းတွင် တစ်သျှူးစက္ကူထုပ်များဖြင့် နေရာဦးခြင်းကို မပြုလုပ်ကြရန် သတင်းဌာနများမှတဆင့် နှိုးဆော်ခြင်း ပြုကြရ လေသည်။ တချို့မှာလည်း ထိုတစ်သျှူးစက္ကူထုပ်လေးများကို ယူလိုက်ကာ နေရာဦးသည့်အရာဝတ္ထုမရှိတော့သော စားပွဲ ဝိုင်းတွင် ခပ်တည်တည်ပင် ဝင်ရောက်ထိုင်ကြလေသည်။ စက္ကူထုပ်ဖြင့် နေရာဦးထားခဲ့သူရောက်လာသောအခါ ဝင်ရောက် ထိုင်နေသူအား ဒေါသထွက်ဖို့လည်းခက် ပြောရဆိုရမှာလည်း ခက်သည့်အပြင် လက်ထဲတွင်လည်း ထမင်းဟင်းပန်းကန် (သို့မဟုတ်) ဗန်းကိုင်ထားသည့်အတွက် ကြာကြာမကိုင်လိုသည့်အတွက် ထိုင်စရာနေရာကို အပူတပြင်းရှာဖွေရလေသည်။

နေ့လည်စာစားသူများသည် ထမင်းဟင်းများ ဝယ်ယူသုံးဆောင်ပြီးသောအခါ ကော်ဖီ လက်ဖက်ရည် အအေးစသည်တို့ သောက်တတ်ကြသေးသည်။ ဆိုင်များတွင် လူကျနေချိန်နှင့် ကြုံသည့်အခါတွင်ပင် ထို ကော်ဖီ လက်ဖက်ရည် အအေးများကို ဇိမ်ခံကာ စကားစမြည်ပြောဆိုကြရင်း သောက်တတ်ကြသောသူများ ရှိကြသည်။ ထမင်းစားရန်အတွက် ထိုင်ခုံနေရာရှာ နေသူများကလည်း ထိုသူများ ထလိမ့်နိုး ထလိမ့်နိုးဖြင့် ခပ်လှမ်းလှမ်းမှ မတ်တပ်ရပ်ကာ စောင့်နေရလေသည်။ အေးအေး ဆေးဆေး သောက်နေကြသူတို့ နေရာမှထသောအခါမှ နေရာဦးနိုင်ကြလေသည်။

စားသောက်ဆိုင်များတွင် လာရောက်စားသုံးသူများမှ “ထိုင်ကြပါ၊ ဒီမှာလာထိုင်ကြပါ၊ ကျနော်တို့ ကျမတို့ စားသောက်ပြီး ပါတော့မယ်” ဟု ပြောဆိုနေရာပေးခြင်းမှာ မရှိသလောက် ရှားပေသည်။ ရှားသည်ဟုဆိုသည့်အတွက် လုံးဝမရှိပါဟု ပြော ခြင်း မမည်သောကြောင့် တခါတရံတွင် စားသောက်ခြင်းကိစ္စကို အလျင်အမြန်အပြီးသတ်ကာ “ထိုင်ကြပါ ထိုင်ကြပါ” ပြော၍ နေရာမှ ဖယ်ပေးခြင်းမျိုးပြုလုပ်ကြသူများကို တွေ့ကြုံရသည့်အခါ ထိုသူတို့လုပ်ရပ်အတွက် အလွန်ပင် ကြည်နူးဝမ်းသာ၍ ၎င်းတို့အပေါ် ကျေးဇူးတင်မိလေသည်။

● ဘတ်စ်ကားပေါ်တွင် ထိုင်ခုံနေရာပေးခြင်း
ဘတ်စ်ကားပေါ်တက်လိုက်သည်နှင့် ထိုင်ခုံလွတ်ကို မျက်စိဖြင့် ဝေ့ဝိုက်ကာ ရှာရသည်။ နေရာလွတ်တွေ အများကြီးရှိကြောင်း တွေ့ရသည်။ ကားဂိတ်စပြီး နောက်တစ်မှတ်တိုင်မှ စီးသောကြောင့်ဖြစ်သည့်အပြင် ခရီးသည်ကလည်း မများသောကြောင့် ဖြစ်မည်ထင်သည်။ မှတ်တိုင်တစ်တိုင်ပြီးတစ်တိုင် ရပ်သောအခါ တက်စီးခရီးသည်မှာ တဖြည်းဖြည်းများလာပြီး ထိုင်ခုံလွတ် တွေမှာလည်း တစတစ နည်းပါးလာရလေသည်။

ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ ဒဏ်ရာအနာတရဖြစ်ထားသူများ၊ နေထိုင် မကောင်းပုံရသည့်သူများ ကားပေါ်တက်လာသောအခါ ခရီးသည်အတော်များများသည် သူတို့၏ထိုင်ခုံများမှ ထကာ “ထိုင် ကြပါ ထိုင်ကြပါ”ဟု ပြုံးရွှင်ပြောဆိုကာ လိုလိုလားလားနေရာပေးတတ်ကြသည်။

“ထိုင်ကြပါ” ဟုပြောလျှင် အပြောခံရသူတချို့မှာ “ဟာ နေပါစေ ရပါတယ် ထိုင်ပါဗျာ၊ ထိုင်ပါရှင် ကိစ္စမရှိပါဘူး” ဟု ပြုံးပြုံး ရွှင်ရွှင်ပြန်ပြောကာ ထိုင်ခုံတွင် ထိုင်ဖို့ ငြင်းဆန်လေ့ရှိသောကြောင့် ထိုင်ခုံနေရာပေးချင်သူသည် ထိုင်ကြပါဟု အတင်းကာ ရောပြောဆိုခြင်းမပြုဘဲ ထိုင်နေရာမှ အသာအယာထလိုက်ကာ ဘတ်စ်ကား၏ တခြားဘက်အပိုင်းတွင် မတ်တပ်သွားရပ်လေ့ရှိကြသည်ကိုတွေ့ရလေ့ရှိသည်။ ဝမ်းမြောက်ဖွယ်ရှိလေစွ၊ အတုယူဖွယ်ကောင်းလေစွ။ ထိုဖြစ်ရပ်များကို ကားစီးရင်း ရထားစီးရင်း တွေ့မိသောအခါ သာဓုခေါ်မိပါသည်။ အထူးတလည်ပြုလုပ်ကြခြင်းမျိုးမဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်ဓလေ့တစ်ခုအနေဖြင့် ကျင့်သုံးနေကြသည်ကို တွေ့ရ မှတ်သားရပါသည်။ ကိုယ်တိုင်ကြုံသောအခါတွင်လည်း ထိုင်ခုံတွင်ထိုင်စီးဖို့ လိုအပ် သည့်သူများအတွက် ထိုကဲ့သို့ လိုက်လံပြုမူခြင်းဖြင့် နေရာထိုင်ခင်းပေးတတ်ခြင်းတည်းဟူသော အကျင့်ဓာတ်ကို မိတ္တူ ကူးသကဲ့သို့ ကူးယူမိပါသည်။

● ထိုင်ခုံနေရာတွင် မထိုင်စေလိုခြင်း
တခါတွင် တစ်နာရီခွဲမျှကြာမြင့်အောင် ရထားစီးပြီးသွားရသည့်နေရာသို့သွားရာ ရထားပေါ်တွင် ကြုံခဲ့ရသည်မှာ ဤသို့ဖြစ် သည်။

စနေနေ့ မွန်းလွဲပိုင်းဖြစ်သောကြောင့် ရထားတွဲထဲတွင် ခရီးသည် သိပ်မရှိ။ ရှိသည့်ခရီးသည်များမှာလည်း အဘိုးအို တယောက်မှလွဲ၍ အားလုံးမှာ ထိုင်စီးနေကြသည်သာဖြစ်သည်။ လွတ်သောထိုင်ခုံတွင် ဝင်ထိုင်ပြီး အဘိုးအိုအား အကဲခတ် ကြည့်မိပါသည်။ သူသည် ထိုင်ခုံနှစ်ခုံရှေ့တွင် ရထားလက်ရန်းတိုင်ကို ဘယ်ဘက်ဖြင့်ကိုင် ညာဘက်ဖြင့် လက်ရန်းကွင်းကို ကိုင်ကာ မတ်တပ်ရပ်နေခြင်းဖြစ်သည်။ ထိုင်ခုံတွင် ဝင်ရောက်ထိုင်ခြင်းမပြု။ ရထားဘူတာများ ဆိုက်၍ ခရီးသည်များ အ တက် အဆင်း ပြုလုပ်ကြသည်တွင် တက်လာသောခရီးသည်များသည် ထိုထိုင်ခုံနှစ်ခုံတွင် ထိုင်ချင်သောကြောင့် ရှေ့မှ အနည်းငယ်ဖယ်ပေးပါရန် အဘိုးအိုအား အခွင့်တောင်းသည့်ပုံစံပြုလုပ်ကြသည်။ အဘိုးအိုမှ မည်သို့မှ မတုန့်ပြန်သောကြောင့် မကျေမချမ်းဖြစ်သွားရပြီး တခြားတွဲများသို့ လျှောက်သွားကာ ထိုင်ခုံရှာကြရလေသည်။

ထိုသို့ ဘူတာများဆိုက်တိုင်း ရထားတွဲထဲဝင်လာသူတိုင်းသည် အဘိုးအိုရှေ့တွင်ရှိနေသော ထိုင်ခုံနှစ်ခုံတွင် ထိုင်လိုသော ကြောင့် ကြည့်သွားကြသော်လည်း ရှေ့တွင်ကာထားသောအဘိုးအိုကြောင့် ထိုင်ခွင့်မရရှာကြ။  ခရီးသည် အနည်းငယ်များ လာသောအခါ ခရီးသည်သစ်တချို့မှာ မတ်တပ်ရပ်စီးကြရလေသည်။ ဘေးနားဝန်းကျင်နှင့် မျက်နှာချင်းဆိုင်ရာတွင် ထိုင်နေ ကြသော ခရီးသည်များကလည်း ထိုင်ခုံနှစ်ခုံရှေ့တွင် မတ်တပ်ရပ်ကာ သူလည်းမထိုင် တခြားသူလည်း မထိုင်စေလိုသော အဘိုးအိုအား မျက်စပစ်ကာ ပွစိပွစိပြောကြကုန်၏။ အဘိုးအိုကား မည်သူ့ကိုမျှ ဂရုမစိုက်သကဲ့သို့ သူ့အတွေးနှင့်သူသာ ရှိလေသည်။

ဘူတာတစ်ဘူတာဆိုက်၍ အဘိုးအိုဆင်းသွားသောအခါ ထိုင်ခုံနှစ်ခုံရှေ့တွင် မည်သူမျှမရှိတော့။ ခရီးသည်တယောက် သည် လက်ကိုင်ဖုန်းပြောနေရင်း ထိုနေရာသို့ လျှောက်လာကာ ဝင်ထိုင်မည်ကဲ့သို့ ပြုလိုက်၏။ မျက်နှာချင်းဆိုင်ထိုင်ခုံမှ ခရီးသည်တစ်ယောက်က ထိုလူအား လှမ်းတားလိုက်သည်ကို မြင်လိုက်ရသော်လည်း နောက်ကျသွားလေသည်။ ထိုပုဂ္ဂိုလ် လည်း ထိုင်ပြီးသောအခါမှ ထိုင်ခုံတွင် ကော်ဖီကဲ့သို့သော အရည်များရှိနေကြောင်း သိရလေသည်။ ထိုသောအခါမှ ဆင်း သွားသော အဘိုးအိုသည် နေရာမပေးချင်၍မဟုတ် ထိုနေရာသည် ညစ်ပေနေသောနေရာဖြစ်ခြင်းကြောင့် မထိုင်စေလိုသော စေတနာဖြင့် တားဆီးနေခြင်းသာဖြစ်ကြောင်း ခရီးသည်များ သဘောပေါက်သွားကြလေသည်။

● ထိုင်ခုံနေရာရွေးချယ်ခြင်း
ထိုင်ခုံနေရာသည် အရေးပါသည်။ ဘတ်စ်ကားစီးသော် အပြင်ဘက်ရှုခင်းများကို ကြည့်လို၍ ကားပြတင်းပေါက်နားရှိထိုင်ခုံတွင် ထိုင်လိုသည်၊ ကြမ်းတမ်းသောလမ်းများကို သွားသည့်အခါ ကားဆောင့်ခြင်းမရှိစေရန် ကားရှေ့ပိုင်းတွင် ထိုင်လိုသည်၊ သူငယ်ချင်းများနှင့် လွတ်လွတ်လပ်လပ် ဆူညံညံ ပြောဆိုလို၍ ကားနောက်ပိုင်းတွင် ထိုင်လိုသည် စသည်ဖြင့် နေရာရွေး ကြပြန်သည်။

ရုပ်ရှင်ရုံတွင် ရှေ့ဆုံးတန်းသည် လူကြည့်အနည်းဆုံးဖြစ်ပြီး နောက်ဆုံးတန်းသည် လက်မှတ်အရင်ဆုံးရောင်းကုန်သော အတန်းဖြစ်သည်။ အကယ်၍ လူများကို ရုပ်ရှင်ရုံတွင် ရုပ်ရှင်အလကားကြည့်စေသည်ဆိုပါစို့။ ရုံဝင်ခ ပေးရန်မလို၊ ကြိုက် သောနေရာတွင် ထိုင်ကြပါဟု ပြောပါလျှင် မည်သည့်နေရာများကို ရုပ်ရှင်ကြည့်ပရိသတ်သည် အလုအယက် ယူကြပါ မည်နည်း။

အငြိမ့်ပွဲ၊ ပြဇာတ်ပွဲ၊ စတိတ်ရှိုးပွဲမျိုးဆိုပါလျှင်မူ ပြောင်းပြန်ဖြစ်ပေမည်။ မင်းသား မင်းသမီးများ အဆိုတော်များ ဇာတ်ဆောင် များကို အနီးကပ်မြင်နိုင်ရန် ရှေ့ဆုံးတန်းမှ ကြည့်ချင်ကြပေလိမ့်မည်။ ရှေ့ဆုံးခုံများသည် နောက်ဆုံးခုံများထက် ရောင်းအား ပိုကောင်းမည်ဖြစ်သည်။

● ထိုင်ခုံပြောင်းထိုင်ကြခြင်း
ထိုင်ခုံပြဿနာသည် ကလေးများ ကျောင်းစတက်သောအခါကပင် ပေါ်ပေါက်ကြသော ပြဿနာတစ်ရပ်လည်း ဖြစ်သည်။ “ဆရာမရယ် ကျနော် ကျမသား၊ ကျနော် ကျမသမီးကို ရှေ့ဆုံးတန်းမှာ ထိုင်ခိုင်းပါနော်” ဟု ကျောင်းလာအပ်သူ မိဘများက တောင်းဆိုသည်ကို ကြားဖူးကြပေလိမ့်မည်။ တချို့မှာ ကိုယ်တိုင်ပင် သားသမီးများအတွက် အရေးဆိုဖူးကြပေမည်။ ဆရာ ဆရာမများမှာ ထိုင်ခုံနေရာလိုမျိုး ထိုထိုကိစ္စရပ်များအတွက် ခေါင်းခဲမခံ။ ကျောင်းတက်ရက်တိုင်းတွင် ကလေးများအား ထိုင်နေသောထိုင်ခုံတန်းမှ တတန်းချင်းစီအလှည့်ကျ နောက်ဆုတ်ထိုင်ခိုင်းလိုက်ခြင်းဖြင့် ပြဿနာကို ပြေလည်စေသည်။
တနလာင်္နေ့တွင် ရှေ့ဆုံးခုံ၌ ထိုင်ရသော ကျောင်းသူ ကျောင်းသားများသည် အင်္ဂါနေ့ ကျောင်းတက်သောအခါ ဒုတိယ ခုံတန်းသို့ ပြောင်းရွှေ့ထိုင်ရပြီး၊ ဒုတိယခုံတန်းရှိ စာသင်သားများသည် တတိယခုံတန်းသို့ ပြောင်းရခြင်းဟူ၍ တတန်းစီ တတန်းစီ ဆင်းပေးသောစနစ်ဖြစ်လေသည်။ နောက်ဆုံးခုံတန်းတွင် ထိုင်သူများက ရှေ့ဆုံခုံတန်းသို့ ရောက်ခြင်းဖြင့် စာသင်ခန်းထဲတွင် ထိုင်ခုံနေရာနှင့်ပတ်သက်၍ အဘယ်ကျောင်းသူကျောင်းသားမှ အထူးအခွင့်အရေးမရစေဘဲ တန်း တူညီမျှဖြစ်စေ၏။ ယခုထက်တိုင် ကျင့်သုံးနေဆဲဖြစ်မည်ဟု မျှော်လင့်မိသည်။ ကောင်းမွန်သော ကျောင်းခန်းတွင်းသုံး စနစ် တခုဖြစ်သောကြောင့်ပင်။

● ထိုင်ခုံမှသိနိုင်သော အရည်အချင်း
ထိုင်ခုံတစ်လုံး၏ အစွမ်းမှာ အံ့မခန်းဖြစ်သည်။ ထိုင်ခုံတွင် ထိုင်မိသူသည် ထိုင်မိလိုက်သည်နှင့် တပြိုင်နက် သက်သာခြင်း တည်းဟူသော အကျိုးကို ဦးဆုံးခံစားရ၏။ မတ်တပ်ရပ်နေသောအခါ ခြေထောက်နှစ်ချောင်းသည် တကိုယ်လုံးကို ထမ်း ထားသကဲ့သို့၊ ထောက်တည်ရာပြုထားသကဲ့သို့ဖြစ်သောကြောင့် ထိုင်ခုံတွင် ထိုင်လိုက်သောအခါ ထိုဝေဒနာသည် သက် သာသွားပေသည်။

ထိုင်ခုံအမျိုးအစား ကောင်းသည် သင့်သည် ဆိုးသည်မဟူ၊ ထိုင်ခုံတစ်လုံးတွင် ထိုင်ခွင့်ရသောသူသည် ထိုင်ခုံတွင် ထိုင်ရ ခြင်းအရသာကို ခံစားသွားရသည်တွင် ထိုထိုင်ခုံတွင်ပင် ဆက်လက်ထိုင်ချင်ကာ မည်သည့်အလုပ်မှ မည်မည်ရရ မလုပ် တော့ဘဲ ထိုင်ခုံတွင် ထိုင်နေရခြင်းတည်းဟူသော ထိုင်ရခြင်းအရသာကို မက်မောနေပါက ထိုသူသည် ထိုင်ခုံ၏ မာယာ တောတွင် မျောပါသွားသောသူတယောက် ဖြစ်သွားတတ်ပေသည်။

ထိုင်ခုံလိုအပ်သော တခြားသူများအတွက် “ထိုင်ကြပါ ထိုင်ကြပါ” ဟူသော စကားမျိုးအား ထိုသူမျိုးများထံမှ ကြားခွင့်ရနိုင်မည် မဟုတ်ပါချေ။

ထိုင်ခုံသည်သာ အသိဉာဏ်ရှိသောအရာတခုဖြစ်မည်ဆိုပါက သူ့တွင် လာရောက်ထိုင်နေသော လူပုဂ္ဂိုလ်အမျိုးမျိုးတို့၏ စိတ်နေသဘောထား အပြုအမူအမျိုးမျိုးတို့ကို မှတ်တမ်းတင်ထားနိုင်ပေလိမ့်မည်။

● နိဂုံး
“ထိုင်ပါခင်ဗျာ၊ ထိုင်ပါရှင်” ဟူသော အသုံးအနှုန်းသည် ယခုထက်ပိုမိုအသုံးပြုနေကြဖို့၊ အသုံးဝင်လာဖို့ မျှော်လင့်မိသည်။ အများနှင့်သက်ဆိုင်သော ထိုင်ခုံများသည် လိုအပ်သောသူများအတွက် အသုံးဝင်စေချင်မိသည်။

ပျက်စီးခြင်းမရှိသော ထိုင်ခုံတိုင်းသည် ထိုင်၍ရသော ခုံများ ဖြစ်ကြသည်။ ပျက်စီးနေသောထိုင်ခုံများမှာလည်း ပြင်လိုက်သော အခါ အတန်အသင့်ကောင်းမွန်သွားပြီး အသုံးပြုခံဖို့ အဆင်သင့်ဖြစ်နေတတ်သည်။ ခြွင်းချက်အနေဖြင့် ထိုထိုသော ထိုင်ခုံ များတွင် ထိုင်မည့်သူသည် ထိုင်ခုံ၏ တန်ဖိုးကို သိတတ်သောသူဖြစ်ဖို့သာလိုလေသည်။ ဤနေရာတွင် ထိုင်ခုံ၏ တန်ဖိုးဆို သည်မှာ ငွေကြေးဖြင့် သတ်မှတ်ထားသည်ကို ဆိုလိုခြင်းမဟုတ်ပေ။

ထိုင်ခုံတန်ဖိုးကို သိတတ်သောသူတို့သည် ထိုင်ခုံတွင် ထိုင်ခွင့်မရလျှင်လည်း အရေးမကြီး၊ ထိုင်ခွင့်ရသောအခါတွင်လည်း ထိုင်ခုံတွင် ထိုင်ရသည့်အကျိုးနှင့်လျော်ညီစွာ ကောင်းကျိုးအထွေထွေကို ရရှိအောင်ဆောင်ရွက်တတ်ခြင်း၊ လိုအပ်သောသူ ဘေးပတ်ဝန်းကျင်တွင် ရောက်ရှိလာပါက ထပေးကာ နေရာပေးရန်အတွက်လည်း တုံ့ဆိုင်းခြင်းမရှိခြင်း၊ တန်ဖိုးရှိသော ထိုင် ခုံတွင် ဝင်ရောက်ထိုင်ရပါလျှင်လည်း ထိုထိုင်ခုံတွင် ထိုင်နိုင်သောအရည်အချင်းနှင့် ပြည့်စုံသောကြောင့် ဝင်ထိုင်ရန် မဝံ့မရဲ မဖြစ်ခြင်း၊ ထိုင်ခုံဆိုသည်မှာ အသုံးဝင်ရန် သုံးနိုင်သည့် အရာပစ္စည်းတခုဟု သဘောထားခြင်းဖြင့် ထိုင်ခုံများ၏ တန်ဖိုးကို မြှင့်တင်ပေးသောသူဖြစ်ခြင်းတည်းဟူသော အရည်အချင်းများနှင့်ပြည့်စုံသူများဖြစ်ကြသည်သာ ဖြစ်လေသည်။

illustration : Marina Povalishina