ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● နယ်စည်းမထား ဓားသမားများ

မင်းကိုနိုင် ● နယ်စည်းမထား ဓားသမားများ
(မိုးမခ) ဇွန် ၁၄၊ ၂ဝ၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“အမေရေ ဟိုဘက်အခြမ်းက လူတွေလာကုန်ပြီ။ ဓားတွေကိုင်ပြီး လာနေကြပြီ လုပ်ပါဦး”။

ကျနော့်အော်သံကြောင့် အမေခမျာထိပ်ပျာပြီး ထလာ၏။ လွန်ခဲ့သောရက်ပိုင်းကပင် လမ်းဟိုဘက်အခြမ်းနှင့် ဒီဘက်အခြမ်း ကလေးကိစ္စ ခွေးကိစ္စနှင့် အခန့်မသင့် ဖြစ်ခဲ့မဟုတ်လား။ ခု ဓားတွေကိုင်ပြီး လာနေကြပြီဆိုတော့။

“ဟဲ့…ဘယ်နှစ်ယောက်လောက်ရှိလဲ”

အမေ့ အမေးကြောင့် ကျနော်သေချာရေကြည့်သည်။

“ ငါးယောက်၊ ခြောက်ယောက် အမေ၊ အားလုံး ဓားတွေ ကိုင်လာတယ်”

“ဟဲ့ တားကြပါဦး။ ဒီလူနဲ့ လူတွေ ဖြစ်စရာလား”

ကျနော်တို့သားအမိအသံကြောင့် ဆွမ်းကျွေးအတွက် ချက်ပြုတ်ရန် ပြင်ဆင်နေသူအားလုံး ထရပ်ကြည့် လိုက်ကြသည်။ ကျနော်တို့အိမ်ရှေ့ ဟိုဘက်အခြမ်းမှ မိန်းမပျိုတစ်စု၊ ဒီဘက်အခြမ်းမှ အလှူပွဲအတွက်ကူလုပ်ပေးရန် ကြက်သွန်လှီးဓား ကိုယ်စီဖြင့် အေးအေးချမ်းချမ်း လျှောက်လာနေသည်ကိုသာ မြင်ကြရသည်။

“တယ်…ဒီကောင်လေး နောက်တီးနောက်တောက်၊ ငါလုပ်လိုက်ရ ၊ လန့်လိုက်တာ”

အိမ်နံဘေးမှ အလှူရှင်အဒေါ်ကြီး ကျနော့်အားဆုံးမတော့မည့်ပြင်သည်တွင် .. ကျနော် တခစ်ခစ်ရယ်လျက် လှစ်ခနဲ ပြေးလေပြီ။ ကျနော်အော်လျက် ရှင်းသေးသည်။

“ကျနော် မဟုတ်တာပြောလို့လား၊ ဟိုဘက်အခြမ်းကလူတွေ ဓားကိုယ်စီကိုင်လာတယ်လေ”
*-*-*-*-*

တစ်နှစ်ထက် တစ်နှစ် အပြိုင် ပို၍ပူပြင်းလာသောနွေကို ငြူစူစိတ်ဖြင့် ကျနော်ယခု အိမ်ပြတင်းကို ကျော်ကြည့်မိသည်။ ဒီ အရပ်သည် ကျနော်ငယ်ဘဝက သီးပင် စားပင် အရိပ်ရပင်စုံခဲ့သောအရပ်မှ ဟုတ်ပါ့လေစ။ ဝန်းကျင်ကြည့်လိုက်တိုင်း ယခင် ထီးရောင်စုံမိုးပေးခဲ့သော အပင်ကြီးများနေရာတွင် ကန်ထရိုက်တိုက်ခေါ် ကွန်ကရစ်တုံးမြင့်မားကြီးတွေက အစားဝင်လာ သည်။ မိုးတွင်းဆို ကျန်ာတို့ကလေးတစ်သိုက် ဒေါင်းငါးကလေးတွေနှင့်အတူ ဆင်းဆော့ခဲ့ကြသော ရေကြည်မြောင်းမှာလည်း ယခုတော့ ဗွက်ပုပ်များဖြင့်သေနေပြီ။ ဟိုမှာ ဘွားဘွားတို့နောက်ဖေးက ပင်မှည့်ပင်ကြီးနေရာ၊ ဒါက ကြီးကြီးမြင့်တို့ခြံရှေ့က ပန်းလိမ္မော်ပင်လေးတွေ တန်းစီနှုတ်ဆက်နေကျနေရာ စသဖြင့် စိတ်မှန်းဖြင့် လွမ်းရုံသာ။ ထိုင်နေရာတွင်မှာ ပလက်ဖောင်း အပေါက်အပြဲများ၊ လျှံကျနေသည့် အမှိုက်ပုံးများက ကျနော့်ကို မဲ့ရွဲ့ပြနေသလို မြင်ရသည်။

ကျနော်နှင့်လမ်းသား သူငယ်ချင်းများစုဖွဲ့ပျိုးခဲ့သော စံပယ်ရုံကလေးတွေရှိရာ သစ်သားခုံကလေးတွေ ရှိရာကိုကွက်ကြည့်မိပြန် သည်။ ယခင်ဆောင်းညတွေမှာ မြူတဝှေ့နှင်းငွေ့ငွေ့ထဲ ကျွန်တော်တို့ ဂီတပန်းတွေ ပွင့်ဝေခဲ့သည်။ ထိုနေရာခုတော့ မူလီ အသေစုပ်ထားသည့် မီးစက်ကြီးက တဒုန်းဒုန်းမြည်လျက် သူ့ပိုင်နက်ဖြစ်ကြောင်း စစ်ကြေညာနေပြီ။

မြင်ကွင်းတွင် ခြောက်သွေ့ရုံမက အသံတွေပါ မိတ်ဖက်မဆို ရန်လိုနေသည့် ဤနေရာသည် ကျနော့်ငယ်ဘဝ ရပ်ရွာ မဟုတ်ပါလေစ။
*-*-*-*-*-*-*

နေ့လည်ကျရင် မျှော်စင်မှာဆုံကြမယ်ဟု လျှို့ဝှက်သတင်း ကျနော်ရခဲ့ပြီ။ မှန်ပြောင်းကိုယူ၍ ကျနော် တိတ်တဆိတ်ရွှေ့ရန် ပြင်ရသည်။ မျှော်စင်ပေါ်အတားအဆီးမရှိ ရောက်ဖို့လိုသည်။ မျှော်စင်ဆိုတာက အရှေ့ရပ်ကွက်ထဲရှိ လဲမှို့ပင်ကြီးကိုဆိုလိုတာ ကျနော်တို့ကလေးချင်း သိပြီးသား။ ထိုလဲမှို့ပင်ကြီးမှာ လက်ဖနောင့်နှစ်ဖက်ပူးပြီး လက်ဆယ်ချောင်းခပ်ကွေးကွေးထောင်ထားသည့်နှယ်၊ ကျနော်တို့ကလေးတွေ တက်ချင်တိုင်းတက်နိုင်သည့် သဘောကောင်းလှသော အပင်ကြီး။

ထိုလဲမှို့ပင်ထိပ်ဖျားမှ မျှော်ကြည့်လျှင် ရွှေတိဂုံစေတီကိုပင် ဖူးမြင်နိုင်သည်။ ကျနော်တို့က ဖလင်လိပ်များကို မှန်ပြောင်းလို လုပ်ပြီး ကင်းစင်လုပ်ကစားနေကျနေရာ။ မှို့သီးစိမ်းများသီးချိန်ဆိုလျှင် နီးရာအလုံးဆွဲခူး၊ ထက်ပိုင်းချိုးပြီး အစေ့နုနုကို နတ် သုဒ္ဓါလို မြုံ့နေကျ။

မျှော်စင်ပေါ်စုဖို့ လျှို့ဝှက်ချိန်းဆိုရတာကလည်း အကြောင်းရှိသည်။ ရက်ပိုင်းအလွန်က ဦးကျင်ဝှက် တောင်ယာနံဘေးမှ ဇောင်းလျားပင်ပေါ် ကျနော့်သူငယ်ချင်းတွေ တက်ခူးစားနေကြစဉ် အရပ်ထဲမှ ဦးကျော်မြင့်ဆိုသူ လူကြီးကမိသွားပြီး နှစ် ယောက်လုံး ကုပ်ပိုးကဆွဲ အိမ်တွေဆီပို့ကာ အစားတစ်လုပ်အတွက် ပြုတ်ကျနေမှာစိုးလို့ ဖမ်းပို့တာဟုဆိုကာ အပ်နှံခဲ့သေး
မဟုတ်လား။

မိဘတွေအားလုံးက ဒါမျိုး (ဦးကျော်မြင့်လုပ်ရပ်မျိုး) ကို ကျေးဇူးတင်ရုံမက နောက်တွေ့ရင်တီးထဲ့လိုက်စမ်းပါ ကိုကျော်မြင့် ရယ်ဟု ပြန်အပ်ခဲ့သေး။ ကျနော်တို့ ကလေးတစ်သိုက်မှာ ဦးကျော်မြင့်ကို အခဲမကြေ၊ ကိုယ့်ဟာကိုယ်မနေတဲ့လူကြီး၊ သူ့စိတ် ဆိုးနေချိန်မှာ ၂၄ နာရီမပြည့်လိုက်ပါ။ နောက်နေ့တွင် ဦးကျော်မြင့်ကိုယ်တိုင် ဇောင်းလျားသီးမှည့်ဝင်းဝင်းတွေခူး၍ ကျနော် တို့အား တစ်ဝကျွေးခဲ့သည်မဟုတ်ပါလား။

“စားကြစမ်း ငါ့ကောင်တွေ၊ ငါက မင်းတို့ပြုတ်ကျမစိုးလို့ပါဟ။ အောက်ကခူးလည်းရတာပဲ ငါ ကိုကျင်ဝှက်ကိုပြောထားပြီးပြီ။မင်းတို့ကြိုက်သလောက် တံချူနဲ့ခူးလို့ရတယ် ဟုတ်ပြီလား” ကျနော်တို့မှာ ပါးစပ်တစ်ဝိုက်မှာ သစ်သီးရည်ရွှမ်းတွေ စီးကျ လာနေတာ မသုတ်နိုင်ပဲ၊ ဇောင်းလျားသီး ပလုတ်ပလောင်းဖြင့် ခေါင်းညိတ်ပြခဲ့ရသည်။ သစ်သီးဆိုတာလူကြီး ခူးပေးတာ ထက် ကိုယ်တိုင်စွန့်စားခူးစားရတာက ပိုချိုကြောင်းတော့ မရှင်းပြဝံ့ပါ။

ဘာပဲဖြစ်ဖြစ် ဦးကျော်မြင့်ကို ကျေးဇူးတင်ကြောင်း ပြသရန်သူအပါအဝင် လူကြီးတွေဖောက်လုပ်နေသည့် ကြက်တောင် ရိုက်ကစားကွင်းကို ပေါက်တူးပြေးဆွဲ မြေညှိကူညီခြင်းဖြင့် ကျနော်တို့ တပျော်တပါးတုံ့ပြန်ခဲ့ကြပါသည်။
*-*-*-*-*-*-*

ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏ အားသာချက်ကို စာမေးပွဲရာသီများတွင် ပိုတွေ့နိုင်သည်ဟု ကျနော်မှတ်မိပါသည်။ ကလေး တွေက စာစုကျက်ကြ၊ လူကြီးတွေက ဟင်းခွက်တွေထွက်ပြီးပို့ကြ။ သူ့ကလေး ကိုယ့်ကလေးမှမဟုတ်ပါ။ ကလေးမရှိသည့် အိမ်ကလည်း ဟင်းတစ်မယ်တော့ ချက်ပို့ပါသည်။ အမေ့ဗိုက်ထဲရောက်ကတည်းက ဒီလမ်းသား၊ ဒီအရပ်သားဖြစ်လာ တဲ့ကလေး၊ အူဝဲငိုကတည်းက အနှီးလဲပေးခဲ့ရတဲ့ကလေးတွေဆိုတော့ သွေးသားရင်းဖြစ်ခြင်း မဖြစ်ခြင်းက အကြောင်းတော့ မဟုတ်ပါ။

သည်ကလေးတွေ၏ ရယ်သံငိုသံက အားလုံး၏ကိုယ်စား အသံဖြစ်နေတော့၊ သည်ကလေးတွေ၏အောင်မြင်ခြင်း၊ ကျရှုံး ခြင်းက သည်ရပ်ကွက်ကလေး၏ မြင့်မားခြင်း၊ နိမ်ပါးခြင်းပဲဟု အားလုံးက နားလည်ထားပုံရပါသည်။
*-*-*-*-*-*-*-*

မနေ့က ထမင်းစားခါနီးမှ ကြက်သွန်နီကုန်နေမှန်းသိသည်။ စားရမည့် ဟင်းလျာကလည်း ကြက်သွန်နီက အဓိကမပါ မဖြစ်အမျိုးအစား။ မီးဖိုခန်းမှ ယောင်ယမ်းခေါင်းလှည့်ကာ၊ ဘေးဘီကိုကြည့်မိသည်။

ဟိုတုန်းကလို ဟိုဘက် ဒီဘက်အိမ်မီးဖိုထဲ စွပ်ခနဲဝင် ငရုတ်သီးလက်တစ်ဆုပ်၊ မဆလာ တစ်ထုပ်ချေးကြ၊ ဆပ်ကြရနိုင်သည့် အခြေအနေမျိုး မဟုတ်တော့ပါလား။

ကန်ထရိုက်တိုက်နံရံတွေက အရာရာကိုခြားစေလိုက်ပြီ။ သူ့ဘက်မှာလည်း တိုက်နံရံ၊ ကိုယ့်ဘက်မှာလည်း တိုက်နံရံ။ နောက်ဖေးလှေကားဆိုတာကလည်း သေမင်းထောင်ခြောက်လို ခံစားနေရသည့်နေရာ ကော်နဲ့ကပ်ထားသလား၊ တွယ်ချိတ် နဲ့ ချိတ်ထားသလား မယုံရဲသည့်နေရာ။

မြောင်းပုပ်ကျဉ်းညပ်တွေ ပိတ်ဆို့နေသည့် တိုက်လမ်းကြားဆီ၊ ကျနော် မရမက ခေါင်းထုတ်ကြည့်မိပါသည်။ ယခင်က ဒီနေ ရာတွေမှာ မျက်နှာဝင်းထရံသာရှိသည်။ ပုဏ္ဏားရိပ်ပင်လေးတွေ၊ သစ်ပြားရောင်စုံကလေးတွေ၊ အချို့ဆင်တူ၊ အချို့ အဆင် ကွဲ၊ ဒါလည်း အားလုံးသည် ရင်ခေါင်းအမြင့်ထက်မကျော်၊ အတွင်းအပြင် တိုးလျှိုးမြင်နိုင်သည်သာ။

ရှေ့ကသာ အလှပြင်ထားသော ထိုစဉ်က အိမ်ခြံဝန်းများ၏ ဘေးခြံစည်းရိုးများကို ကြည့်ပါ။ ကျနော်တို့ကလေးတွေ ဆော့ ရင်း တိုးရင်း အပေါက်တွေကျယ်လာ၊ ကစားရတာ မလွတ်မလပ်ဆိုကာ ဟိုဖဲ့ ဒီဖဲ့လုပ်ရင်း၊ စည်းရိုးကို မသိမသာဖြုတ်ကြသည်။

ကြာလာသော် လူကြီးတွေက မနေနိုင်မကြည့်နိုင်တော့။ နင်တို့ဒီလောက်တောင်ချစ်နေကြရင် စည်းရိုးထားမနေနဲ့တော့ဆိုကာ တဗျစ်တောက်တောက်ငေါက်ရင်း နှစ်ဖက်ဘေးခြံစည်းရိုးတွေ ကိုယ်တိုင်ဖြုတ်ပေးလိုက်ကြသည်။ ကျနော်တို့ ပျော်ကြပုံများ မှတ်မိသေးတော့။ ပုဆိုးဟောင်းတစ်ထည်ကိုအလံထူလျက် ချီတက်အောင်ပွဲခံခဲ့ကြသည်။ ဟိုဘက် ဒီဘက် ခုနှစ်အိမ် အတားအဆီးမဲ့ ကူးနိုင်ကြပြီ။

အချိန်မရွေး ဖြတ်ပြေးနိုင်ကြပြီ။ အီးယူ (EU) ခေါ်ဥရောပသမဂ္ဂဝင်နိုင်ငံများ အပြန်အလှန် ဗီဇာမလိုသည့်ကိစ္စကျနော်တို့ ဆင်ခြေဖုံးစည်းရိုးများထက် အများကြီးနောက်ကျတာ သေချာဂုဏ်ယူချင်ပါသည်။
*-*-*-*-*-*-*-*

ကြက်သွန်နီတစ်လုံးလောက်ရရင် ကောင်းမှာပဲဟူသည့်တောင့်တချက်မှဆက်၍ ကျနော့်မျက်စိထဲ မနက်ခင်း ဟင်းပေါင်းတစ် ခွက်ကို မြင်လာသည်။ အိမ်နီးချင်းတွေဆီက ဟင်းအကျန်တွေ အားလုံးဇလုံကြီးဖြင့်လိုက်စု၊ မနက်ကျတော့ ဟင်းပေါင်းချက် စားရသည့် အရသာမျိုး ယခု ကန်ထရိုက်တိုက်များတွင် တမ်းတမရနိုင်တော့။

တိုက်ခန်းများရှေ့ လုယက်ရပ်ကြသည့် ကားတွေ ဟွန်းတတီတီ တီး၍ ငြူစူနေကြသူများကြား ဘယ်လိုဟင်းကျန်တွေ လိုက် စုရပါ့။

တကယ်တော့ နံဘေးခြံစည်းရိုးမရှိသည့် နယ်စည်းမထားဆင်ခြေဖုံးအရပ်ကလေးသို့ ရောက်လာသော ကန်ထရိုက်တိုက်ကြီး များသည် လာခြင်းကောင်းသည်ဟု ကျနော်မခံစားရပါ။ ဒီကိစ္စမှာ ကျနော် ရှေးရိုးစွဲဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။

ဘုံလှေကားမှအစ သံကြိုးအထပ်ထပ်သော့တွေ ခတ်ထားရသော မယုံသင်္ကာမှုများမှာ ယခင်နှယ်စည်းမထား ဆင်ခြေဖုံး ခေတ်က အိမ်ကြိုအိမ်ကြား ဖြတ်ပြေးရင်း ခွေးဆွဲ၊ သံညိဒဏ်ရာလောက် မလှပဟုခံစားရပါသည်။

တိုက်ရှေ့မှာ ကြုံသလို ပိတ်ဆို့ရပ်ထားသော ဈေးကြီးကားရောင်စုံများကြည့်ရင်း တစ်အိမ်တစ်ခွက်ပို့ခဲ့ကြသော စာမေးပွဲ ရာသီဟင်းခွက်များလောက်မှ မတင့်တယ်ဟုလည်း တွေးမြင်မိပါသည်။

တိုက်လှေကားထဲ မရှောင်သာ မျက်နှာချင်းဆိုင်မိသည့်တိုင် နှုတ်ဆက်ရနိုး၊ အကဲခတ်ရနိုး ဖြစ်မိရင်း တစ်အိမ်က ဖျားနာလျှင်
တစ်အိမ်ကလာပို့သော ကွမ်းရွက်ပြုတ်ရည် ပန်းကန်လုံးများကို လွမ်းလှသည်။

ဟိုတလောဆီကတော့ ဟိုတိုက်ခန်း ဒီတိုက်ခန်းမှ ဆွမ်းကျွေးလား ဘာလား၊ လူအဝင်အထွက် တွေထဲမျက်နှာစိမ်းပဲ တွေ့နေရသည်။

တစ်ခါတလေတော့ ငယ်ငယ်တုန်းကလို ဟိုဘက်အခြမ်းက လူတွေ၊ ဓားတွေကိုင်လာနေကြတာကြည့်ပြီး ကြည်နူးချင်သား။ ကိုယ့်အိမ်မှာ သဒ္ဓါဆွမ်းလေး ကျွေးချင်သည်ကိုး။

ဒါပေမဲ့ ဓားတွေကိုင်လာကြမှာက "မက်ထရိုပိုလီတန်" ကန်ထရိုက်တိုက်တွေ့ရှေ့ ကားပါကင်လုရင်းဖြစ်ကြသည့် ရန်ပွဲတွေပဲ ဖြစ်ပါလိမ့်မည်။

ကျနော် မြင်ချင်သည်က “ နယ်စည်းမထား ဆင်ခြေဖုံးဆီက ကြက်သွန်လှီး ဓားသမားများ” ကိုသာ။

မင်းကိုနိုင်
[ခေတ်ရနံ့မဂ္ဂဇင်း၊ မေလ၊ ၂ဝ၁၇]