ဘာတေးလစ်တနာ – ၁၉၈၈ မှ ၂၀၁၁။ ပေါက်ဖေါ်လား အားပေးအားမြှောက်လုပ်နေတဲ့ ဖောက်သည်လား


ဘာတေးလစ်တနာ – ၁၉၈၈ မှ ၂၀၁၁။ ပေါက်ဖေါ်လား အားပေးအားမြှောက်လုပ်နေတဲ့ ဖောက်သည်လား
တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ – ဆွေမျိုးပေါက်ဖော် တင်မကသော (၅)

(သိန်းမြင့် ဘာသာပြန်)
မိုးမခ၊ ဇွန် ၆၊ ၂၀၁၇


၁၉၈၈ နွေရာသီ မြန်မာပြည် ကို ပတ်လည်ဝိုင်းနေတဲ့နိုင်ငံရေး  လှိုင်းဂယက်တွေ အလယ်က သိပ်အရေးမပါလှဘူးလို့ ထင်ရတဲ့  အဖြစ်အပျက်တခု ကနေ တရုပ်မြန်မာ ဆက်ဆံရေးမှာ အလွန်အမင်းအရေးပါလှတဲ့ အလှည့်အပြောင်းတခုကိုဖြစ်စေခဲ့ပါတယ်။

၁၉၈၈ ဩဂုတ် ၆ရက်၊ မြန်မာ တနိုင်ငံလုံးကို အကြီးအကျယ် ထိခိုက်စေမယ့်  အထွေထွေ သပိတ်ကြီးမမှောက်မီ နှစ်ရက်အလို၊  လူထု ဆန္ဒပြပွဲများကြောင့်ရန်ကုန်မြို့ကြီး နေ့တိုင်းတုန်လှုပ်ချောက်ခြား နေရချိန် မှာ၊ တရုပ်နဲ့ မြန်မာ နိုင်ငံ နယ်စပ်အကြား တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ကိုခွင့်ပြုတဲ့ စာချုပ်ကို တရုပ် နဲ့ မြန်မာတို့ လက်မှတ်ရေးထိုးတဲ့ သတင်း ရန်ကုန်က အစိုးရသတင်းစာများမှာ ပါလာပါတယ်။ ဒါကိုဖတ်မိတဲ့ လေ့လာသူ အများစုကြီးကတော့ ပြုံးမိကောင်းပြုံးမိပါလိမ့်မယ်။ ကျန်တဲ့ တကမ္ဘာလုံးက အစိုးရဟောင်း ရဲ့ နောက်ဆုံးနေ့များ လို့သူတို့ထင်ထားတဲ့ ဖြစ်ရပ်များကို စောင့်ကြည့်နေကြချိန်မှာ၊ တရုပ်က သူ့ရဲ့ နှစ်ဘက်လွှကစားနည်း ကို ဆက်လက်ကစားနိုင်စွမ်းအပေါ်လောင်းကြေးထပ်လိုက်တာပါပဲ။ နယ်စပ် က လူမျိုးစု သူပုန်များအပေါ် သမိုင်းကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ချည်နှောင်မှုများနဲ့ ဩဇာလွှမ်းမိုးအောင်
လုပ်ထားတဲ့တချိန်တည်းမှာ ရန်ကုန် မှာ ဘယ်အစိုးရပဲတက်တက် ဆက်စပ်ပတ်သက်နိုင်အောင် ဘယ်သူဘက်မှ မလိုက်ထားတဲ့နည်းလမ်းနဲ့ ချဉ်းကပ်ထားဖို့ပါပဲ။

အစောပိုင်း ၁၉၈၅စက်တင်ဘာ ၂ရက်ကတည်းက ဘေဂျင်းရီဗျူးစာစောင်က ဆောင်းပါးတပုဒ်မှာ၊ တရုပ်ဟာသူတို့ရဲ့ရည်ရွယ်ချက်ကို ဖေါ်ပြခဲ့တာ လုံးဝသတိမထားမိခဲ့ကြပါဘူး။ ခေါင်းစဉ်က၊ " အနောက်
တောင်ဘက်သို့ လမ်းဖွင့်ခြင်း၊ ကျွမ်းကျင်သူတယောက်၏ အမြင်၊ " ဖြစ်ပါတယ်။ ရေးသူ က ဆက်သွယ်ရေး ဒု ဝန်ကြီးဟောင်း "ပန်ကျိ"ပါ။ ဆောင်းပါးမှာ တရုပ် ဟာ မြန်မာ ကိုဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာဘက်ကို ကုန်သွယ်နိုင်ဖို့ ထွက်ပေါက် ရှာတွေ့နိုင်ခြေရှိမရှိ ကို  အကြမ်းဖျင်းရေးသားထားတာပါ။ 'ပန်' က မြန်မာ နိုင်ငံ က မီးရထား လမ်းဆုံးမြို့တွေဖြစ်တဲ့ မြစ်ကြီးနား နဲ့ မြန်မာပြည်အရှေ့မြောက်က လာရှိုး တို့ကိုတရုပ်ကုန်စည်တွေ တင်ပို့ရာမှာ ဖြစ်နိုင်ခြေရှိတဲ့ ပြွန်ပေါက်တွေအဖြစ် ဖေါ်ပြထားပေမယ့်၊ လမ်းကြောင်းနဲ့ သက်ဆိုင်တဲ့
နယ်စပ်ဒေသ အားလုံးက မြန်မာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိတာကို မဖေါ်ပြပဲ လက်ရှောင်ပါတယ်။

ထိုကာလ က တရုပ်မြန်မာ နယ်နိမိတ် ၁၃၇၅မိုင်အရှည် အားလုံးနီးပါးကို အမှန်တကယ်ထိန်းချုပ်ထားတာက ဗကပ ရယ်၊ တရုပ်ပြည်နဲ့ နိုင်ငံရေး သို့မဟုတ် လူမျိုးရေး သို့မဟုတ် နှစ်မျိုးလုံး ဆက်စပ်နေတဲ့ ပြည်နယ်မဲ့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများရယ်ပဲဖြစ်ပါတယ်။ ၁၉၆၀ ခု နယ်နိမိတ် သဘောတူညီချက် ရပြီးနောက်မှာ တရုပ်-မြန်မာ ပူးပေါင်း အဖွဲ့ ဟာနယ်နိမိတ်တလျောက် နယ်ခြားကျောက်တိုင်များစိုက်ထူ သတ်မှတ်တာ နှစ်နိုင်ငံ နယ်စပ်တလျောက်လုံး စိုက်ထူပြီးတယ်ဆိုပါတယ်။ နောင် နှစ်နှစ်ဆယ်ကျော်အကြာ
ဒီကျောက်တိုင်များ လဲပြို သွားတော့ ၁၉၈၅ခုမှာ သဘောတူညီချက်အသစ်နဲ့ အညီ ကျောက်တိုင်သစ်များ ထပ်စိုက်ထူပါတယ်။ ဒီတကြိမ်မှာတော့ တရုပ်က ဆုံးဖြတ်ပေးတဲ့နေရာမှာစိုက်ရတဲ့နယ်ခြားကျောက်တိုင်များ ဟာ နယ်စပ် သူပုန်စစ်အခြေစိုက်စခန်းများနဲ့ ဝေးရာ လယ်ကွင်းပြင်များ တောတွင်းကွင်းပြောင်များမှာ အဆင်ပြေ သလိုစိုက်ထူခဲ့ရပါတယ်။

၁၉၈၇ အစောပိုင်းမှာ မြန်မာအစိုးရဟာ နယ်စပ်တလျောက်မှာရှိတဲ့  ဗကပ အခိုင်အမာ စခန်းအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရာမှာ တရုပ်ပြည်ထဲဖြတ်သွားတဲ့ ဒဏ္ဍာရီထဲက ဗမာလမ်းမကြီး ရှိရာအလွန်ဖွံဖြိုးစည်ကားလာတဲ့ နယ်စပ်မြို့ ပန်ဆိုင်း( ကြူ ကုပ် ) ကိုလည် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ယဉ်ကျေးမှု တော်လှန်ရေး ပြီးကတည်းက ပေါ်လစီပိုင်းမှာ အံဩစရာကောင်းအောင်ပြောင်းလဲလာတဲ့ တရုပ်ပြည်ဟာ ဗမာပြည်ဈေးကွက်ကို စတင်ထိုးဖောက်ပါတယ်။ ဗမာပြည်တွင်းမှာ ပို့ထားတဲ့ကျယ်ပြန့်တဲ့
စီးပွားရေး ထောက်လှမ်းအစီရင်ခံတဲ့ စနစ်နဲ့ ထိုးဖောက်တာပါ။
အိမ်တွင်းစက်မှုလုပ်ငန်းများကထုတ်လုပ်လိုက်တဲ့ဗမာထုတ်ကုန်များကို ဝယ်ယူနိုင်တဲ့အခြေအနေ၊ ထိုင်း၊မလေးရှား၊ စင်္ကာပူ အိန္ဒိယ  စတဲ့ အိမ်နီးချင်း နိုင်ငံများနဲ့မှောင်ခို ကုန်သွယ်ရေးရဲ့သဘော သဘာဝ နဲ့ ပမာဏ စတာတွေကို ဒီထောက်လှမ်းရေးကွန်ယက် က စောင့်ကြည့်မှတ်သားပါတယ်။ ထို့နောက်မှာတော့ တရုပ်ဟာ ဈေးကွက်လိုအပ်ချက်အပေါ့်မူတည်ပြီး သူ့နိုင်ငံပိုင်စက်ရုံများကနေ ကုန်ပစ္စည်းများ ထုတ်လုပ်ပေးခြင်းဖြင့် တုန့်ပြန်နိုင်ပါတယ်။ အသေအချာ စိစစ်ရွေးချယ်ထားတဲ့ ကုန်ပစ္စည်း အမယ်၂၀၀၀ကျော်ဟာ ဗမာဈေးကွက်ထဲ ကို အပြည့်အလျံ ဝင်ရောက်လာတယ်လို့ သတင်းများ ကဆိုပါတယ်။ တရုပ်လုပ် လူသုံးကုန်ပစ္စည်းများဟာ အခြားအိမ်နီးချင်းနိုင်ငံများ ကထုတ်လုပ်တဲ့ ကုန်ပစ္စည်းများထက် ဈေးသက်သာ
အောင် ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ထားတာတင်မကပဲ၊ မြန်မာဒေသတွင်း ထုတ်ကုန်များ ထက်လည်း.ပိုဈေးတော်နေပါတယ်။

၁၉၈၉ မတ်-ဧပြီ မှာ လူအများအံဩသွားရတဲ့အဖြစ်တခုဖြစ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူ နစ်ပါတီလက်နက်ကိုင်တပ်ရဲ့ အောက်ခြေက တောင်ပေါ်သားလူမျိုးစုတွေပုန်ကန်ပြီး ပါတီရဲ့မော်ဝါဒီပညာတတ် ခေါင်းဆောင်များကို တရုပ်ပြည်ထဲ မောင်းနှင်ထုတ်လိုက်လို့ပါပဲ။
အယူအဆဟောင်းများကိုဖက်တွယ်ထားတဲ့ ဗကပရဲ့ ကြီးရင့်နေပြီဖြစ်တဲ့ ပညာတတ်ခေါင်းဆောင်ပိုင်း နဲ့ ဗကပ တပ်အတွင်း အဓမ္မ စုဆောင်းသိမ်းသွင်းခံရလို့ ရောက်လာတဲ့ အသေခံတိုက်နေရတဲ့ တောင်ပေါ်သား တပ်သားတွေအကြား နှစ်များစွာ တအုံနွေးနွေး ဖြစ်နေခဲ့တဲ့မကျေနပ်မှု ကနေ ဒီပုန်ကန်မှု ဖြစ်ပွားခဲ့တာပါ။
ရန်ကုန်မှာရှိတဲ့ အစိုးရကလည်း ဒီပုန်ကန်မှု ကို လိမ္မာပါးနပ်စွာနဲ့ အလျင်အမြန် အခွင့်ကောင်းယူပါတယ်။ အိုမင်းသွားတဲ့ ဗကပ ရဲ့ ပြာပုံထဲ ကပေါ်ထွက်လာတဲ့ တပ်အသစ်ရဲ့ ခေါင်းဆောင်သစ်များကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီး၊ သူတို့ရဲ့ - ၁၉၆၈မှ ၁၉၇၈ အတွင်း တရုပ်ထံမှ ရခဲ့တဲ့- အလွန်အင်အားများပြားတဲ့ လက်နက်ခဲယမ်းများကို အခြားသူပုန်အုပ်စုများထံ မရောက်ရန် ထိန်းသိမ်းထားခဲ့လျင်၊ သူတို့အနေနဲ့ကြိုက်တဲ့ လုပ်ငန်းလုပ်နိုင်ကြောင်း၊ မီးစိမ်းပြလိုက်တာပါ။
မြန်မာပြည်ရဲ့ ဗဟိုချက်မ မှာ စစ်အစိုးရအတွက် အလွန်အရေးကြီးတဲ့ ချိန်းခြောက်မှုတွေကိုရင်ဆိုင်ဖြေရှင်းနေရချိန်မှာရန်ကုန်အစိုးရ ကိုစစ်ရေး အရအပြင်းထန်ဆုံးချိန်းခြောက်နေမှု ကို ပြေငြိမ်းနိုင်ခဲ့ပါတယ်။အကျိုးဆက်ကတော့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဟာ အစွမ်းကုန်ဖွံ့ဖြိုး လာခဲ့တာပါပဲ။

( ဆက်လက်ဖေါ်ပြပါမည်)