ဇော်အောင် (မုံရွာ) ● လျှပ်စစ်ဓာတ်အားဝယ်ယူခြင်းနဲ့ ဓာတ်အားပေးစက်ရုံ

ဇော်အောင် (မုံရွာ) ● လျှပ်စစ်ဓာတ်အားဝယ်ယူခြင်းနဲ့ ဓာတ်အားပေးစက်ရုံ
အမေရိကန်ကုမ္ပဏီများနဲ့ အိန္ဒိယအစိုးရရဲ့ နိုင်ငံရေးအဂတိအရှုပ်တော်ပုံ
(Political Corruption by US Companies, Dabhol Power Station DPS)
(မိုးမခ) ဇွန် ၁၂၊ ၂ဝ၁၇

● နိဒါန်း
လျှပ်စစ်ဆာငတ်နေတဲ့ မြန်မာလုပ်ငန်းရှင်များအတွက် တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနိုင်ငံများထံမှ ရောင်းချဖို့ကမ်းလှမ်းထားခြင်းကို မြန်မာအစိုးရနဲ့ ဆွေးနွေးနေတာ၊ ကြိုဆိုလိုက်ပါတယ်။ လျှပ်စစ်တယူနစ် ကျပ်၂ဝဝ၊ ၃ဝဝ၊ ၄ဝဝ၊ ၅ဝဝ ကုန်ကျ နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒုက္ခများစွာ ရောက်နေပါတယ်။ အဆိုးဆုံးကတော့ လျှပ်စစ်မရလို့ မြန်မာ ကုန်ထုတ် လုပ်ငန်းအားလုံး ရှုံးချည်းနေတဲ့အခြေအနေပါ။  တခြားနိုင်ငံ လျှပ်စစ်ကို မိတ်ဆွေနိုင်ငံအဖြစ် မှီခိုသင့်ရင် မှီခိုရပါတယ်။ တတ်နိုင်ရင် ပတ်ဝန်းကျင် နိုင်ငံအားလုံးက ဝယ်ရပါမယ်။ စာချုပ်ကိုတော့ အဂတိတွေမရှိဖို့ သတိထားရပါမယ်။ တရုတ်၊ လာအို၊ အိန္ဒိယတွေမှာ ရေအားလျှပ်စစ်တွေ ပိုလျှံနေပါတယ်။ တရုတ်က ဝယ်ရမှာတော့ ကိုယ့်လျှပ်စစ် ကိုယ်ပြန်ဝယ်ရတာပဲ။

အကြီးစား လျှပ်စစ်ဓါတ်အားစက်ရုံ ဆောက်ချင်ရင်၊ ၁ဝဝ % ဂျပန်ကုမ္ပဏီကိုပေးလိုက်တာက အကောင်းဆုံး ဖြစ်ပါတယ်။ မြန်မာအစိုးရကို ယုံကြည်စိတ်ချ လာချိန် အကြီးစား ဓါတ်အားစက်ရုံများအတွက် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု အစစ်များ True FDI Loan ရောက်ရှိလာတော့မှာပါ။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ စိတ်ဓါတ်တွေ ပြောင်းလဲဖို့အစိုးရသစ်က အထူးလုပ်ဆောင်နေပါတယ်။ ဘတ်ဂျတ် အသုံးပြုခြင်းနဲ့ အခွန်ကောက်ခြင်းအလုပ်ကြီး ၂ ခုမှာ စာရိတ္တကောင်းရုံတင်မက၊ လုပ်ငန်းကျွမ်းကျင်တဲ့ ပညာရှင်များက ပူးပေါင်းလုပ်ဆောင်နေကြတာ အားရစရာကောင်းပါတယ်။ မြန်မာနိုင်ငံ လျှပ်စစ် အလွန်ဆာငတ်နေပါတယ်။  World Wide Fund for Nature – WWF  မြန်မာရုံးရဲ့ စွမ်းအင်ဆိုင်ရာ မန်နေဂျာ ကိုရွှန်းစိုဦးက  “မြန်မာနိုင်ငံမှာ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ အတွက် အဓိက Master Plan က စာမူကြမ်းအဆင့်မှာပဲ ရှိနေသေးတယ်။ မြန်မာနိုင်ငံမှာ ဦးတည်ချက်မရှိသေးတဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေကလည်း နည်းနည်းတန့်သွားစေတယ်။ ပြည်သူတွေမှာလည်း အစိုးရက ဘာလုပ်မယ်ဆိုတာ သေသေချာ ချာ မသိကြတော့ဘူး" လို့ ပြောပါတယ်။ Barons Machinery and Engineering ကုမ္ပဏီကတော့ JICA က ရေးဆွဲထားသည့် မဟာစီမံကိန်းနှင့် ဝန်ကြီးဌာနမှ စွမ်းအင်မဟာစီမံကိန်းများရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ လျှပ်စစ်သုံး စွဲမှု ၂ဝ၁၇ မေလ ၂၃ ရက်မှာ  အမြင့်ဆုံး ၃,ဝ၇၅ မဂ္ဂါဝပ် သုံးစွဲခဲ့ပါတယ်။ လက်ရှိ ရေ အားလျှပ်စစ်စက်ရုံ ၂၆ ရုံ၊ သဘာဝဓာတ်အားပေးစက်ရုံ ၂၇ ရုံနှင့် အကြီးစားကျောက်မီးသွေးဓာတ်အားပေးစက်ရုံတစ်ခုရှိကာ စုစုပေါင်း လျှပ်စစ် ဓာတ်အား (စက်တပ်ဆင်ဓာတ်အား) ၅,၂၃၅ မဂ္ဂါဝပ်ရှိနေပါတယ်။

နိုင်ငံတော်အကြီးအကဲတွေ လက်ရှိဖြစ်ပျက်နေတဲ့ လျှပ်စစ်စီမံကိန်းကြီးတွေမှာ ဘယ်လိုစီစစ်မလဲ။ လူကြီးတွေ သိပြီးသား အဖြစ်အပျက်အချို့ကို ဖေါ်ပြလိုပါတယ်။ မြန်မာနိုင်ငံလျှပ်စစ် စီမံကိန်းတွေမှာ ကျောက်မီးသွေးသုံးမလား၊ ဆိုတာထက် ပိုအရေးကြီးတဲ့ Political Corruption / Negligence ဖြစ်ရပ်တွေပါ။ IPP ဓါတ်အားကုမ္ပဏီ၊ အစိုးရနဲ့ လူထုအဖွဲ့အစည်း ဒီသုံးခုက အချေတင်ဖြစ်နေချိန်မှာ ဝိသမစီးပွားရေးအုပ်စုတစ်ခုက အမြတ်ထုတ်သွားတာမျိုး သတိထားရပါမယ်။ ပရိုဂျက် နှောင့်နှေးမှု ဖြစ်လာရင်လဲ ကုန်ကျစရိတ်တွေ ၂ ဆ၊ ၃ ဆ ပိုကုန်သွားတတ်ခြင်းကိုလဲ ပရိုဂျက်ကိုင်ဖူးသူတွေ သိပြီးသားပါ။

● အိန္ဒိယ၊ Maharashtra ဒတ်ဟောဓါတ်အားပေးစက်ရုံ
လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ထောက်ခြင်း ပရိုဂျက်အကြီးတွေမှာ အိန္ဒိယနိုင်ငံ မဟာရာရှထရာပြည်နယ် Maharashtra ဒတ်ဟောဓါတ်အားပေးစက်ရုံ (အိန္ဒိယကုမ္ပဏီ) Dabhol Power Station အဖြစ်အပျက်ကတော့ သင်ခန်းစာကြီးတခုပဲ ဖြစ် ပါတယ်။ အိန္ဒိယနိုင်ငံနဲ့အမေရိကန်နိုင်ငံ အစိုးရ ၂ ခု၊ လျှပ်စစ်ဓါတ်အားပရိုဂျက်ကြီးဖြစ်ပြီး၊ အမေရိကန်ဘက်က အင်ရွန် Enron, ဂျင်နရယ်အီလက်ထရစ် General Electric GE, ဘက်ခ်ျတဲလ် Bechtel ကုမ္ပဏီကြီး (၃)ခု ပူးပေါင်းပါဝင်တယ်။

အိန္ဒိယဘက်ကတော့ ထုံးစံအတိုင်း ပြည်နယ်အစိုးရပိုင်တဲ့ကော်ပိုရေးရှင်း Maharashtra Power Development Corporation ဖြစ်ပါတယ်။ စာချုပ်စတင်စဉ်က အိန္ဒိယအကြီးဆုံး ဝန်ကြီးချုပ်နဲ့ အမေရိကန်ကအကြီးဆုံး သမ္မတကလင်တွန်၊ နောက်သမ္မတ ဂျော့ဘွတ်ခ်ျတို့က လက်မှတ်ထိုး တာဝန်ယူခဲ့ကြလို့ အလွန်စိတ်ချရတဲ့ စီမံကိန်းကြီးလို့ သတ်မှတ်ရမှာဖြစ်ပါ တယ်။ Enron ကုမ္ပဏီကပရိုဂျတ်ဝီမံခန့်ခွဲပြီး၊  GE စက်ပစ္စည်းတွေရောင်း  ဘက်ခ်ျတဲကုမ္ပဏီက ဆောက်လုပ်ရေး တာဝန် ယူပါတယ်။

ပရိုဂျတ် အမှတ် (၁)  740 MW ဓါတ်အားပေးစက်ရုံကို ကုန်ကြမ်းလောင်စာ Naphtha ကိုသုံးမယ်။ 1992 စတင်ပြီး 1999 အထိ ၇နှစ်ကြာမယ်။ ပြီးရင် ပရိုဂျက် အမှတ် (၂) 1200 MW ဓါတ်အားပေးစက်ရုံကို ကုန်ကြမ်းလောင်စာ LNG သုံးမယ်။ ပထမပရိုဂျက် စာချုပ်ပြီးတာနဲ့ အလုပ်သမား၊ အင်ဂျင်နီယာပေါင်း ၁၅ဝဝဝ (တသောင်းခွဲ) နဲ့ ဆောက်လုပ်ရေးကြီး စတင်ပါ တော့ တယ်။

ဆောက်လုပ်ရေးကာလအတွင်းမှာပဲ ဓါတ်အားအရောင်းအဝယ်စာချုပ် Power Purchase Agreement PPA အတွက် တိတ်တဆိတ်ညှိနှိုးကြပါတယ်။ ကုန်ကျစရိတ်အတွက် ချေးငွေကို ဓါတ်အားပေးစက်ရုံက အသုံးပြုတဲ့ပြည်သူလူထုဆီက ရ ငွေနဲ့ ပေးရမှာဖြစ်ပါတယ်။  ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုမရှိပဲ ဆွေးနွေးညှိနှိုင်းရင်း ပြဿနာပေါ်လာပါတယ်။  လျှပ်စစ် ဝယ်ယူမဲ့ ပြည်နယ်အစိုးရက DPS ကုမ္ပဏီဆီက တယူနစ် ရူပြား ၄.၆ရ Rs. 4.67/kwh နဲ့ ဝယ်ရမယ်။ ပြီးတော့ ပြည်နယ် အစိုးရက ပြည်သူတွေကို တယူနစ် ရူပြား ၁.၈၉ Rs. 1.89/kwh နဲ့ အရှုံးခံပြီး ရောင်းရမယ့်အခြေအနေဖြစ်နေပါတယ်။ အခု မြန်မာနိုင်ငံမှာလည်း ရန်ကုန်အစိုးရက ကုမ္ပဏီတွေက တယူနစ် ၁၅ဝ ကျပ်နီးပါးနဲ့ဝယ်ပြီး၊ ပြည်သူလူထုကို တယူနစ် ၃၅ ကျပ်နဲ့ ပြန်ရောင်းနေရသလို ဖြစ်နေပါတယ်။ အိန္ဒိယအစိုးရရဲ့ သီးခြားလွတ်လပ်တဲ့ လျှပ်စစ်ဈေးနှုန်း သတ်မှတ်မှုအရ ပြည်သူ လူထုကို လျှပ်စစ်ရောင်းဈေးက အသေဖြစ်ပါတယ်။ ဒါက ကမ္ဘာနိုင်ငံများရဲ့ ပေါ်လစီဖြစ်ပါတယ်။

ပရိုဂျတ် အမှတ် (၁) ၁၉၉၉ မှာ ပြီးလို့ ဓါတ်အားထုတ်လုပ်ပေမဲ့ အခက်ခဲများကြောင့် ရပ်လိုက်၊ လည်လိုက်နဲ့ဖြစ်နေပါတယ်။ လျှပ်စစ် ဈေးနှုန်းကလည်း စာချုပ်အရပြောင်းလဲပြီး ဈေးကြီးပေးရတော့ ပြည်နယ်အစိုးရက ဓါတ်အားခငွေမပေးပဲထားပါတယ်။ အမေရိကန်ကုမ္ပဏီက အမေရိကန်အစိုးရကို တိုင်တန်းတော့ အမေရိကန်အစိုးရ ထိတ်တန်းပုဂ္ဂိုလ်များဖြစ်တဲ့ Colin Powell, Dick Cheney, Christina B.Rocca and Alan Larson စတဲ့ပုဂ္ဂိုလ်များ လာရောက်ညှိနှိုင်းရပါတယ်။ တနည်းအားဖြင့် ဖိ အားပေးပါတယ်။ စာချုပ်ချုပ်စဉ်က အမေရိကန်ကုမ္ပဏီများက တဖက်သတ်စာချုပ်နဲ့ ချေးငွေကို ဒေါ်လာသန်းပေါင်းများစွာကို အိန္ဒိယဗဟိုအစိုးရ ထိပ်တန်းခေါင်းဆောင်များက လက်မှတ်ထိုးခဲ့လို့ ဖြစ်ပါတယ်။

ချေးငွေရမယ်ဆိုတော့ အမေရိကန်ကုမ္ပဏီကြီးများရဲ့ ဖိအားနဲ့လာပ်ထိုးမှုမျိုးစုံအရ လက်မှတ်ထိုးလိုက်ပြီး၊ ဆောက်လုပ်ရေး ပြဿနာမျိုးစုံအရ ချေးငွေပမာဏ အများကြီးပိုကုန်သွားရခြင်းရဲ့  အကျိုးအဆက်ကို မဟာရာရှီထရာ ပြည်နယ်အစိုးရက ခါး စည်းခံရမဲ့အခြေအနေ ဖြစ်နေပါတယ်။ ချေးငွေသုံးစွဲမှုကိုလဲ ပွင့်လင်းမြင်သာမှုမရှိပဲ အစိုးရပုဂ္ဂိုလ်များစွာ အဂတိများနဲ့ ရှုပ် ထွေး ညှိနှိုင်းခဲ့ရပါတယ်။

၅ နှစ်လုံးလုံး လျှပ်စစ်မထုတ်နိုင်ပဲ၊ ရပ်ထားရတဲ့ ဓါတ်အားထုတ်တဲ့ကုမ္ပဏီ DPC၊ အမေရိကန်ကုမ္ပဏီကြီး (၃) ခု၊ အမေရိကန် အစိုးရ၊ အိန္ဒိယဗဟိုအစိုးရနဲ့ အိန္ဒိယပြည်နယ်အစိုးရ ဆွေးနွေးကြပြန်တယ်။  ပြည်နယ်အစိုးရကို ဈေးကြီးကြီးနဲ့ လျှပ်စစ်ဝယ် ဖို့ ပြည်နယ်အစိုးရက လက်မခံပါ။ လျှပ်စစ်ကို မဝယ်ပဲ ထားပါတယ်။ ၂ဝဝ၁ မေလမှာ အမေရိကန်ပွဲစားကုမ္ပဏီ အင်ရွန် Enron အကြောင်းအမျိုးမျိုးကြောင့် ဒေဝါလီ Bankruptcy ခံသွားပါတယ်။ ဒိတော့မှာ ကျန်တဲ့ အမေရိကန်ကုမ္ပဏီ(၂)က အိန္ဒိယလျှပ်စစ်ဓါတ်အားကုမ္ပဏီ DPC ကိုဝယ်ပြီး၊ ငွေထပ်အကုန်ခံ၊ စက်တွေကိုပြန်လဲလှယ်၊ ပြင်ဆင်လိုက်ပါတယ်။ ပြီး တော့ ၂ဝဝ၆ ခုနှစ်မှာ ဓါတ်အားပေးစက်ရုံကို အရင်လိုကုန်ကျစရိတ် မကြီးတော့ပါ ဆိုပြီး၊ အိန္ဒိယအစိုးရကို အတင်းအကြပ် ပြန်ရောင်းလိုက်ပါတယ်။

နောက်ဆုံးတော့ ကုန်ကျစရိတ်ကြီးလှတဲ့ အမေရိကန် လျှပ်စစ်ဓါတ်အား စက်ရုံကြီး အိန္ဒိယဗဟိုအစိုးရ လက်အောက် ရောက်သွားပါတယ်။ ဈေးကြီးတဲ့ လျှပ်စစ်ဓါတ်အားကို ပြည်နယ်အစိုးရက ပြည်နယ်အစိုးရနဲ့ အိန္ဒိယမီးရထား တို့ကို လျှော့ဈေးနဲ့ အတင်းဝယ်ခိုင်းရပါးတယ်။ နှစ်စဉ် အစိုးရက အကြီးအကျယ် အရှုံးပြနေပါတယ်။ မျှော်မှန်းသလို သတ်မှတ်ထား တဲ့ တယူနစ်ရောင်းဈေးထက် ၂ ဆလောက်ပိုကုန်နေတဲ့ ဓါတ်အားပေးတဲ့စက်ရုံကြီး ရပ်လို့လဲမဖြစ်၊ အရှုံးခံပြီး လည်ပတ်နေဆဲ ဖြစ်ပါတယ်။

ဒါကတော့ ဒီမိုကရေစီ ဖက်ဒရယ်အစိုးရကို အမေရိကန်ကုမ္ပဏီကြီးများက ဈေးကြီးကြီးနဲ့စက်ပစ္စည်းတွေရောင်း၊ ဈေးကြီးကြိးနဲ့ဆောက်လုပ်ရေးလုပ်ပေး၊ ဒေါ်လာသန်းထောင်နဲ့ချီ အကြွေးတင်သွားပါတယ်။ ဈေးကြီးကြီးနဲ့ပြုပြင်ထိန်းသိမ်းရေးစရိတ်လဲ ကုန်ပါဥိးမယ်၊ ဒီတော့ လျှပ်စစ်ဓါတ်အား တယူနစ် ဈေးကြီးကြီးနဲ့ဖြစ်နေပါတယ်။ အနိုင်ကျင့်တဲ့ ချေးငွေဖြစ်ပါတယ်။ အိန္ဒိယအစိုးရကတော့ အနှစ်၃ဝ၊ အနှစ်၎ဝ အကြွေးတွေ ပေးဆပ်သွားနေဆဲ ဖြစ်ပါတယ်။

ပါကစ္စတန် ဥပမာတခု..။
၂ဝဝ၈ ခုနှစ်၊ ပါကစ္စတန်နိုင်ငံမှာ Nandipur Power Project မှာတော့ 425MW ဓါတ်အားစက်ရုံကို ကန်ဒေါ်လာ ၅၇၄သန်း (Rs 23 billion) စာချုပ်ခဲ့ပါတယ်။ တရုတ်ကုမ္ပဏီ China Dongfang Electric Corporation ရဲ့ စာချုပ်ကို ပါကစ္စတန် အစိုးရ ပုဂ္ဂိုလ်များ မသိနားမလည်မှု၊ ဝန်ကြီးဌာနများနမော်နမဲ့ နှောင့်နှေးမှု တွေကြောင့် ၂နှစ်စောင့်ခဲ့ရလို့ ၂ဝ၁၅ မှပြီးဆုံးပါတယ်။  ကန်ဒေါ်လာသန်းပေါင်း ၁၄ဝဝ (Rs. 57.38 billion) မူလထက်၂ ဆကျော် ပိုကုန်ကျသွားခဲ့ပါတယ်။ ဒီတော့လည်း လျှပ်စစ် ကို ၂ ဆမက ဈေးကြီးကြီးသွားရတယ်။ ဈေးမကြီးစေချင်ရင်၊ အစိုးရပိုက်ဆံ၊ ပြည်သူလူထုပိုက်ဆံပဲ နှစ် ၄ဝ လောက် ဆုံးရှုံးရ ပါတယ်။

● ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ သြစတြေးလျား ဥပမာများ
IPP Independent Power Production ပုဂ္ဂလိက လျှပ်စစ်ဓါတ်အားစက်ရုံများကို ခွင့်ပြုခြင်းကြောင့်၊ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီတွေ ဖက်စပ်ပေါင်းပြီး၊ နိုင်ငံတော်ဘဏ္ဍာတွေကို နှစ် ၄ဝ၊ ဈေးကြီးတဲ့ လျှပ်စစ်ဓါတ်အား ဝန်ထုတ်ကြီး ပြည်သူလူထု ခံစားနေရပါတယ်။ လွန်ခဲ့တဲ့ နှစ်၂ဝ ဖိလစ်ပိုင်နိုင်ငံက စစ်အာဏာရှင် သမတမားကို့စ်၊ အင်ဒိုနီးရှားနိုင်ငံက စစ်အာဏာရှင် သမတဆူဟာတို ၊ သူတို့အုပ်ချုပ်ချိန် စစ်အာဏာကို အလွဲသုံးပြီး၊ လျှပ်စစ်ဖက်စပ်ထုတ်တယ်။ တယူနစ် ကန်ဒေါ်လာ၅ဆင့် ပဲပေးရမယ်၊ ပြည်သူလူထုနဲ့အစိုးရကို သွေးဆောင်ပြီး ဓါတ်အားစက်ရုံများကို ဈေးကြီးကြိးနဲ့ တည်ကြတယ်။ လာပ်ငွေတွေ အစိုးရကိုပေးတယ်။ တစ်ကျပ်ဆိုပြီးရောင်းတယ်၊ တကယ်ဝယ်ပြီးတော့ ၃ကျပ်လောက် ကျသင့်နေတယ်။ ပြည်သူကို မပြပဲ ဖွက်ထားပြီး၊  စက်ရုံတကယ်လည်ပတ်တော့၊ အစိုးရကို ဈေးကြီးကြီးနဲ့ လျှပ်စစ်ဝယ်ခိုင်းတယ်။ အရင်အစိုးရလူကြီးတွေ မသိ နားမလည်လို့ဖြစ်စေ၊ သိရက်နဲ့မတတ်သာလို့ဖြစ်စေ၊ လာပ်စားလို့ဖြစ်စေ လက်မှတ်ထိုးပေးလိုက်ရတဲ့ IPP လျှပ်စစ်ပရိုဂျတ် တွေကြောင့် ဖိလစ်ပိုင်၊ သြစကြေးလျား နိုင်ငံသားတွေ လျှပ်စစ် တယူနစ် ၂၄ဝကျပ် 20cents per unit အလွန်ဈေးကြီးပေး နေရပါတယ်။ အင်ဒိုနီးရှားအစိုးရက ကြားဝင်ပံပိုးလို့ 11cents တဝက်ဈေးဖြစ်သွားပါတယ်။  ဒီလို IPP အမြတ်ထုတ်ခံရတဲ့ အကြောင်းကို စင်ကာပူနေရှင်နယ်တက္ကသိုလ် NUS၊  Lee Kuan Yew School of Public Policy, National University of Singapore မှာ ပါမောက္ခနှစ်ယောက်ဖြစ်တဲ့ Xun Wu and Priyambudi Sulistiyanto တို့က မှတ်တမ်းတင်၊ စာတန်းပြု စုထားပါတယ်။

http://www.darryljarvis.com/uploads/2/2/6/9/22690064/ipp_debacle1.pdf

● မြန်မာနိုင်ငံလျှပ်စစ်ဈေးနှုန်း
အရှေ့တောင်အားရှ နိုင်ငံတွေမှာ တယူနစ် ၇ဝ-၂၆ဝကျပ် (6 cents to 20 cents per unit) ကောက်ခံပါတယ်။ မြန်မာ နိုင်ငံကတော့ ၃၅-၁၅ဝကျပ် ဖြစ်လို့ အစိုးရအရှုံးများတာနေပါတယ်။ ဈေးနှုန်းပြင်မယ် အစိုးရက ကြေငြာထားပါတယ်။ မြန်မာလျှပ်စစ်ဈေးနှုန်းကတော့ ကုမ္ပဏီကြီးများကို သက်သာစေပြီး၊ လျှပ်စစ်မပြက်စေလို့ တရားမျှတမှုမရှိပါယ။ တောင်ကိုး ရီးယားနိုင်ငံက တယူနစ်ဈေးနှုန်းကတော့…US cents per unit.
5.1 @ 0-100 kWh/M
10.5 @ 101-200 kWh/M
15.7 @ 201-300 kWh/M
23.5 @ 301-400 kWh/M
34.9 @ 401-500 kWh/M
59.3 @ 501- kWh/M ဆင်းရဲသား၊ မီးလင်းရုံသုံးရင် ဈေးအလွန်ချိုပေးထားပါတယ်။ အဲကွန်း၊ ရေပူရေအေး များများသုံးသူကို ၅ဆအထိ ဈေးကြိးထားပါတယ်။
https://en.wikipedia.org/wiki/Electricity_pricing
.
မြန်မာအစိုးရက အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ NECM ဖွဲ့ပြီး ဝန်ကြီးဌာနဆိုင်ရာများနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း MES, ပြန်ပြည်မြဲစွမ်းအင်အသင်း REAM, ဘူမိဗေဒအသင်းတို့နဲ့ ချိုးခြံချွေတာရေး၊ ကျောက်မီးသွေး၊ ရေနံသဘာဝ ဓါတ်ငွေ့၊ ဘူမိအပူစွမ်းအင်၊ ပြန်ပြည့်မြဲစွမ်းအင် (နေ၊ လေ၊ ရေ၊ ဇီဝ)၊  လျှပ်စစ်နဲ့ အနုမြူစွမ်းအင် အဖွဲ့များနဲ့ လုပ်ကိုင်နေတာ စည်းဝေးခေါ်လိုက်၊ မှတ်တမ်းထုတ်လိုက်နဲ့ အလွန့်အလွန်နှေးကွေးစွာ လုပ်ဆောင်နေပါတယ်။ လွှတ်တော် လျှပ်စစ်စွမ်းအင် ကော်မတီအဖွဲ့ကလည်း မေ ၂ဝ၁၇ မှာ ဂျပန် Chioda Corporation နဲ့ ကျောက်မီးသွေးဓါတ်အားပေးအကြောင်း လာရှင်းပြ တာပဲ တွေ့ရပါတယ်။ အဓိက တာဝန်ရှိတာကတော့ လျှပ်စစ် ဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ ၂ဝ၁၄ မှာ လျှပ်စစ်ဥပဒေကို ပြဌာန် ပြီး ဝက်ဆိုဒ် http://www.moep.gov.mm မှရနိုင်ပါတယ်။ ဝက်ဆိုဒ်မျာတော့ ဖွဲ့စည်းပုံပဲတွေ့ရပြီး အခြားအချက်တွေ မတင်ပြထားပါဘူး။

ရန်ကုန်နဲ့မြို့ကြီးများမှာ လျှပ်စစ်မီး မှန်လာတာလဲ အံ့သြစရာ တိုးတက်မှုဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က ညဆိုမီးပျက် ရင် နေအိမ်တိုင်းက ဓါတ်အားစက် မီးခိုး၊ ဆူညံသံ သက်သာသွားပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေတော့ လျှပစစ်မရသူများ အရှုံးပြနေပါတယ်။ ကျေးရွာများကတော့ ဆိုလာပြားနဲ့ပဲ မီးထွန်းပေမဲ့ ရေတင်ပန့်ကိုတော့ အင်ဂျင်နဲ့ပဲမောင်းရပါတယ်။ အင်ဂျင်စွမ်းအားနဲ့ စက်မှုလယ်ယာကို ပြောင်းနေပြီဖြစ်ပါတယ်။  မြန်မာ့ဦးဆောင် သီလဝါစက်မှုဇုံက စက်ရုံကြီးတွေလဲ လျှပ် စစ်မငြိမ်လို့ အခက်ခဲကြုံနေပါတယ်။ မြို့နယ်များမှာတော့ လျှပ်စစ် ၂ဝဝ ဗို့ဆိုတာ ၅ဝ ၊ ၁၅ဝ လောက်ပဲ ရှိနေဆဲ၊ ထရန် စဇွန်မာ၊ အင်ဗတ်တာ ဈေးကွက်ကလဲ ကောင်းနေဆဲ ဖြစ်ပါတယ်။

တရုတ်ကိုရောင်းတဲ့ ရွှေဓါတ်ငွေ့နဲ့ ကျောက်ဖြူ၊ မန္တလေး၊ တောင်သာနှင့် ရေနံချောင်း သဘာဝဓါတ်ငွေ့  ဓါတ်အားပေးစက် များက ၄ဝဝ မဂ္ဂါဝပ် ထုတ်နေပါတယ်။ ကျောက်မီးသွေးထက် ကုန်ကျစရိတ် ၂ဝ%လောက် ဈေးကြီးပေမဲ့ တနှစ်၊ နှစ်နှစ် အတွင်း လည်ပတ်နိုင်တဲ့အတွက် ရင်းနှီးမြှတ်နှံသူ ရှာဖို့ပဲ လိုပါတယ်။ အမေရိကန်အစိုးရ eia ဝက်ဆိုဒ်က လျှပ်စစ် ၂ဝ၁၅ တယူနစ် ထုတ်လုပ်စရိတ်(အရင်းနှီး)+ပြုပြင်ထိန်းသိမ်းစရိတ်+လောင်စာဆီ = စုစုပေါင်း (Mills per KWh, 1 mills = USD 0.1 cent)တွက်ချက်ပြထားပါတယ်။  ညူးကလီယာ (၁၁.၁၇+၇.ဝ၆+၇.၄၈=၂၅.၇၁)၊ ကျောက်မီးသွေး (၅.၁၆+ ၅.၄၂+၂၆.၇ဝ=၃၇.၂၆)၊ ရေအား (၈.၃၇+၅.ဝ၂+ဝ=၁၃.၄၂)၊ ဓါတ်ငွေတာဘိုင် (၂.၃၄+၂.၆၈+၂၈.၂၂=၃၃.၂၄) ဖြစ်တဲ့ အတွက် အရေအားလျှပ်စစ်က ဈေးအသက်သာဆုံး၊ ဓါတ်ငွေတာဘိုင်က ရင်းနှီးစရိတ်အနည်းဆုံး ဖြစ်ပါတယ်။ အမေရိ ကန်မှာ လျှပ်စစ်ထုတ်ရင်၊ ကုန်ကျစရိတ်က တယူနစ်ကို ၃ဆင့် 3cents လောက်ပဲရှိပါတယ်။
https://www.eia.gov/electricity/annual/html/epa_08_04.html

● နိဂုံး (သုံးသပ်ချက်)
မြန်မာနိုင်ငံကို နိုင်ငံခြား လျှပ်စစ်ကုမ္ပဏီကြီးများက အလားတူ တဖက်သတ်ငွေချေးစာချုပ်များနဲ့ လျှပ်စစ်စီမံကိန်းတွေ လုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ခေါင်းဆောင်ညံ့လို့ တိုင်းပြည်မွဲခဲ့ပါတယ်။  အရည်သွေးညံ့ တာဘိုင်စက်ကြီးတွေ တဖက်သတ် စာချုပ်နဲ့ ရောင်းသွားတာ ရှိသလို၊ တာဘိုင်စက်အကောင်းစားတွေကို ဈေးကြီးကြီးနဲ့ ရောင်းသွားပြီး၊ အကျိုးမရှိလို့ ဖျက်သိမ်း ရပ်တံ့လိုက်တဲ့ ဓါတ်အားစက်ရုံတွေလဲ မနည်းတော့ပါဘူး။ စစ်အာဏာရှင် ဦးနေဝင်းကတော့ နိုင်ငံတကာချေးငွေ ပြန်မဆပ်နိုင်လို့ မြန်မာနိုင်ငံကို ၁၉၈၇ ခုနှစ်မှာ လူမွဲနိုင်ငံအဖြစ်၊ ဒေဝါလီ Bankrupcy ခံခဲ့ပါတယ်။ တဖက်သတ် စာချုပ်ကြီးတွေမှာ တရုတ်ကုမ္ပဏီများရဲ့ မြစ်ဆုံလျှပ်စစ်စီမံကိန်း၊ ကြေးနီစီမံကိန်း၊ ရွှေဓါတ်ငွေစီမံကိန်း တွေက နာမည်ကြီး ပါတယ်။ စစ်အာဏာရှင်အစိုးရများနဲ့ သမတဦးသိန်းစိန် အစိုးရကို တရုတ်ကုမ္ပဏီများက တဖက်သတ်စာချုပ်တွေနဲ့ ချေးငွေ မျိုးစုံ ပေးခဲ့ပါတယ်။ ၂ဝ၁၇ အစိုးရသစ်အဖို့သင်္ခန်းစာတော့ ယူပြီး ပြုပြင်ပြောင်းလဲနေပါတယ်။ အကျင့်စာရိတ္တ စည်းကမ်း ထိန်းသိမ်းခြင်းက အားနည်းနေပါသေးတယ်။ ၂ဝ၁၆-၂ဝ၁၇ ဘတ်ဂျတ်မှာလည်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ၂၄%နဲ့ စီမံဘဏ္ဍာ ပြီးရင် ဒုတိယအများဆုံး ငွေသုံးနေပါတယ်။ မြန်မာအစိုးရ ကောင်းလာတော့ တရုတ်ကုမ္ပဏီတွေလဲ ကောင်းလာပါတယ်။

ယခုအချိန်မှာ ချေးငွေနဲ့လျှပ်စစ်ပရိုဂျက် ကြီးများကို စီမံခန့်ခွဲရင် သေချာပေါက် အဂတိလိုက်စားမှုတွေ ဖြစ်လာမှာပါ။ လက်ရှိ ကမ္ဘာ့ ဘဏ်၊ အာရှဘဏ်၊ တရုတ်နိုင်ငံ လျှပ်စစ်ပရိုဂျက် အသေးတွေတောင် မြန်မာပြည်ပရိုဂျက်တွေ ပြသနာတွေ ရှင်းနေရပါတယ်။ ပြည်တွင်း၊ ပြည်ပ လူငယ်ပညာရှင်များစွာ နည်းပညာ ပျိုးထောင်ပေးဖို့မြန်မာအစိုးရ စီစဉ်နေပါတယ်။ တရုတ် အိန္ဒိယ တွေလို၊ အစိုးရလျှပ်စစ်ကော်ပိုရေးရှင်းကို ၂ပိုင်း၊ ၃ပိုင်း ခွဲပြီး၊ အများပိုင်ကုမ္ပဏီလုပ်ရင်လဲ လုပ်ရပါမယ်။ အကောင်းဆုံးကတော့ ဆာငတ်နေတဲ့ ကြီးမားတဲ့ပရိုဂျက်များကို ဂျပန်အစိုးရ၊ JICA တို့နဲ့ပဲ လုပ်ဆောင်ခြင်းက ရေရှည်ပါ။ လောလောဆယ်တော့ လျှပ်စစ်ဓါတ်အားကို လျှပ်စစ်ကို တရုတ်၊ အိန္ဒိယ၊ လာအိုနိုင်ငံများထံမှ ဝယ်ယူခြင်းက အကောင်း ဆုံးဖြစ်ပါတယ်။  ရန်ကုန်မှာ လျှပ်စစ်ဓါတ်အားကုမ္ပဏီများက ဈေးကြီးကြီးနဲ့ စာချုပ်နှစ်ရှည်အကြပ်ကိုင်ရောင်းတာ ဝယ်ယူနေ တာထက် လျှပ်စစ်ဝယ်သုံးခြင်းက ပိုပြီးတွက်ချေကိုက်မှာပါ။

မကြာခင်မှာ စွမ်းအင် Master Plan နဲ့ လျှပ်စစ်ဥပဒေကြမ်းကို လွှတ်တော်ကအတည်ပြုပြီး ဘယ်လိုလုပ်ရမလဲ အကောင် ထည်ပေါ်လာမှာပါ။ မြန်မာနိုင်ငံကတော့ ရေအားသံယံဇာတ အလွန်ပေါပါတယ်။  အရင်းအနှီး ချေးငွေရရင် ဈေးသက်သာတဲ့ ရေအားလျှပ်စစ် အမြောက်အများလုပ်နိုင်ပါတယ်။ တပ်မတော်က အာဏာဆုပ်ကိုင်မှု လျှော့လိုက်မှပဲ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှတ်နှံမှုများစွာ ဝင်လာကြပါမယ်။  လျှပ်စစ်ဈေးချိုသွားရင် စားသောက်ကုန်တွေလဲ အရည်သွေးမြင့်ပြီး၊ အလုပ်ကိုင် လည်း ပေါများလာဖို့အရမ်း မျှော်လင့်နေပါတယ်။
 

ဇော်အောင်(မုံရွာ)
၁၁.ဇွန်.၂ဝ၁၇