တူမောင်ညို - စိန်ခေါ်နေတဲ့ သူရဗိုလ်အောင်ကို


တူမောင်ညို - စိန်ခေါ်နေတဲ့ သူရဗိုလ်အောင်ကို 
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၇
“သူရဗိုလ်ရွှေမန်းနဲ့ သူရဗိုလ်အောင်ကို” တို့အပေါ် ကြံ့ဖွံ့ပါတီအုပ်က အခဲမကြေမှုက ကြာလေကြီးလေဖြစ်ပုံရပါတယ်။ လော လောဆယ်တော့ သူရဗိုလ်အောင်ကိုအပေါ် မဲနေကြပုံပေါ်တယ်။ သာသနာရေးဝန်ကြီးတာဝန်ကနေ ထွက်ပေးဖို့အထိ ဒီဂရီမြှင့်ထားတာ တွေ့ရတယ်။ ဒီဂရီအတိုးအမြှင့်က နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေရဲ့သဘောထားနဲ့ လိုအပ်ချက်အပေါ်မူတည်ပုံရတယ်။

စစ်တပ် ကတော့ မြဝတီသတင်းစာကနေ သူရဗိုလ်ရွှေမန်း ကို “အထဲမှာ လောက်အတိပြီးတဲ့ သဖန်းသီးပုပ်”လို့ ဆဲပြီးတဲ့ နောက်ပိုင်း တရားဝင်ဆဲတာ မကြားရ၊ မဖတ်ရတော့ပါဘူး။ “သူရနှစ်ဖော်”ကို ဗိုလ်နေဝင်းရဲ့ ဘမျိုးဘိုးတူမြေးမိုက်တွေက အဘိုးဂုဏ် အမျိုးဂုဏ်နဲ့အညီ ဆိုရှယ်မီဒီယာကနေလှိမ့်ပြီးဆဲပါတယ်။

ဒီမှာတင် စစ်အုပ်စုရဲ့အတွင်းသဘောကို လှစ်ခနဲ မြင်လိုက်ရပါတယ်။

ဘယ်စစ်အုပ်စု (ဟောင်း/သစ်)ပဲဖြစ်ဖြစ် သူတို့လက်အောက်က လူတွေကို သူတို့အမှုတော်ထမ်းကြတဲ့ သစ္စာခံကျွန်ယုံတွေ လို့သာ သဘောထားတယ်။ သူတို့အပေါ်ကနေ အခြားတပါးသို့ သစ္စာသွေ၊ သစ္စာတိမ်း၊ သစ္စာယိမ်း၊ သစ္စာဖောက်ပြီဆိုရင် ခါးခါးသီးသီး မိုက်မိုက်ရိုင်းရိုင်းတုန့်ပြန်တဲ့ ဓလေ့ပါပဲ။

စစ်အုပ်စုဟောင်း/သစ်ဟာသူတို့ကိုယ်သူတို့ ပဒေသရာဇ်အရှင်သခင်တွေလို ပြုမူကြတယ်။ သူတို့ အုပ်စိုးမှုအာဏာသက်ရှည် ကြာလာလေတော့၊ သူတို့ရဲ့ ဒီလိုမိုက်မဲ သိမ်ဖျင်းတဲ့ အကျင့်စရိုက်ဆိုးတွေဟာ အစွယ်လို၊ ချိုလို၊ အမြှီးလိုထွက်လာတာ ဘယ်ဆန်း လိမ့် မှာလဲ။ သူတို့ကလွဲရင် ကျန်တဲ့တပ်ဗိုလ်တပ်သားတွေအပေါ် အစေခံတွေ၊ ကျေးကျွန်တွေလိုသာ သဘောထားတာတော့ ထင်ရှားပါ တယ်။

သူတို့အပေါ် သစ္စာရှိရင် နေရာပေးမယ်၊ အရာထားမယ်၊ မြှောက်စားမယ်။ သစ္စာဖောက်ရင် အရာချမယ်၊ ထုတ်ပယ်မယ်၊ ရစရာမရှိအောင် သိက္ခာချမယ်။ အစွယ်ချိုးပစ်မယ်။ ဒီအချက်ကို စစ်တပ်ထဲက တိုင်းချစ်ပြည်ချစ် စစ်ဗိုလ်စစ်သားတွေလည်း သိကြ၊ မြင် ကြမှာပါ။ ကွက်ကွက်ကွင်းကွင်း မြင်စေ၊ သိစေ၊ သဘောပေါက်စေချင်ပါတယ်။

စစ်အုပ်စု ဟောင်း/သစ်ဆိုတာ တပ်မတော်ကို ဂုပ်ခွစီးပြီး သူတို့အကျိုးစီးပွား(အာဏာ+ဥစ္စာ) ထာဝစဉ်ခိုင်မြဲတည်တံ့ရေး အတွက် ပြည်သူလူထုနဲ့ရန်တိုက်ပေးခဲ့တာ၊ ရန်တိုက်ပေးနေတာဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ စစ်အုပ်စုဟောင်း/သစ်အပေါ် သစ္စာစောင့် သိခဲ့ကြသူတွေထဲက သူတို့အပေါ် သစ္စာသွေ၊ သစ္စာတိမ်း၊ သစ္စာယိမ်း၊ သစ္စာဖောက်တဲ့အခါ၊ အာဏာခွာရာတိုင်းလာတဲ့အခါ စစ်အုပ်စု ဟောင်း/သစ်က ဘယ်လို ပြုမူတတ်သလဲ၊ ဘယ်လိုပြုမူလေ့ရှိသလဲဆိုတဲ့ ပြစရာသာဓကတွေကလည်း အနီးအဝေးသမိုင်းမှာ ဒုနဲ့ဒေးပါ။

တပ်မတော်သားတိုင်းအနေနဲ့ မိမိသစ္စာစောင့်သိနေတာ တိုင်းပြည်နဲ့လူထုအပေါ်မှာလား၊ စစ်ဗိုလ်ချုပ်တစ်စု အပေါ်မှာလား၊ မိမိကာကွယ်ရမှာ တိုင်းပြည်နဲ့လူထုရေရှည်အကျိုးစီးပွားလား စစ်ဗိုလ်ချုပ်တစ်စုနဲ့ သူတို့ မိသားစု စည်းစိမ်ဥစ္စာ တည်တံ့တိုးပွားရေးလား ဆိုတာကို ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြား၊ ကြည်ကြည်လင်လင် ကြည့်တတ်မြင်တတ်ဖို့ သိပ်လိုအပ်ပါတယ်။

“သူရနှစ်ဖော်” ကို “ ကြံ့ဖွံ့ပါတီ၊ စစ်အုပ်စုနဲ့ဗိုလ်နေဝင်းအဆွယ်အပွားတွေ” က စိတ်တူကိုယ်တူ သုံးပွင့်ဆိုင်ပေါင်းပြီး ဆော်နေ ကြတာဖြစ်တယ်။ “သင်္ကန်းဝတ်တွေ” ကနေ “မယ်သီလတွေ” အထိ တဆင့်တက် ကူးစက်လာနေတယ်။ ဒီလုပ်ရပ်က သူတို့ အတ္တကိုယ် ကျိုးစီးပွား ကွက်ကွက်ကလေးအတွက် ဘာသာသာသနာကို မိုက်မိုက်ကန်းကန်း ခုတုံးလုပ်အသုံးချနေပါတယ်။

သူတို့ဟာ အတ္တကိုယ်ကျိုးဆိုတဲ့ အမိုက်အမှောင် ဖုံးကွယ်နေကြပြီး အသိကန်း၊ အမြင်ကန်းနဲ့ (ဘာမဆို) ဘာမဆို လုပ်မယ့် သူတွေဖြစ်ပါတယ်။ အခု သာသနာရေးဝန်ကြီးကို ထွက်ခိုင်းနေပါတယ်။ ထွက်မပေးရင် အသက်ရန်မရှာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ သူတို့မှာ ထာဝရအကျိုးစီးပွားကွက်ကွက်သာရှိပြီး သူတို့ထာဝရအကျိုးစီးပွားကို ရန်မူမယ်ဆိုရင် ထာဝရရန်သူဖြစ်သွားမှာသေချာပါတယ်။

စစ်အုပ်စုဟောင်း/သစ်ရဲ့ ဓလေ့စရိုက် တစ်ကွက်တစ်ကွင်းကို မြင်သမျှ တင်ပြခဲ့ပြီးပြီ။

သူတို့တပည့်သားမြေးများ၊သူတို့ခြေသည်းလက်သည်းများရဲ့ရပ်ကျော်ရွာသိဆဲဆို၊ ပုတ်ခတ်၊ နုတ်ထွက်ခိုင်းနေတာတွေ အပေါ် “သူရဗိုလ်အောင်”က ဘယ်လို တုန့်ပြန်နေသလဲ ၊ “ သူရဗိုလ်အောင်ကို” ရဲ့တုန့်ပြန်မှုကနေ ဘယ်အချက်ကိုတွေ့မြင်သိရှိရသလဲ။

ပထမအချက် “ ဒေါ်အောင်ဆန်းစုကြည်” ကို အလွန် အားကိုးအားထားပြုပြီး တုန့်ပြန်လိုက်တာတွေ့ရတယ်။

[ခိုင်လုံတဲ့ အကြောင်းပြချက် သက်သေသက္ကယ အထောက်အထားမရှိပါဘဲလျက်နဲ့ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီး ကို နှုတ်ထွက်ပေးဖို့တောင်းဆိုတယ်။ဒီရာထူးက သူတို့ခန့်ထားပေးတာမဟုတ်ဘူး။ ပြည်သူလူထုက ရွေးချယ်တင်မြှောက် တဲ့ ဒီမိုကရေစီခေါင်းဆောင်က ခန့်ထားတာဝန်ပေးတဲ့ရာထူးဖြစ်တယ်။ သူတို့အော်တိုင်း ထွက်ဖို့အကြောင်း လုံးဝ မရှိဘူး လို့ ပြောချင်တယ်]တဲ့။

ဒုတိယအချက်က သာသနာရေးဝန်ကြီး တာဝန်ယူပြီး “ အလဲအထပ်လုပ်မယ်ဆိုတဲ့ စိန်ခေါ်ချက်” ဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒထုတ်ဖော်တယ်ဆိုတာ အလဲအထပ် အလောင်းအစားကိစ္စမှ မဟုတ်တာ။ “ ပြည်သူတွေကိုများများ မစည်းရုံးရဘူး တပတ်လောက်စည်းရုံးလိုက်ရင်ရတယ်၊ မီဒီယာတွေကနေ ပြည်သူတွေ စည်းရုံးလိုက်ပါ့မယ်။ ” ဆိုတဲ့အချက်က ဒေါ်အောင်ဆန်းစုကြည် ကို အလွန်အကျွံအားကိုးအားထားပြုနေတာ ပေါ်လွင်ထင်ရှားစေတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။

ဒီအချက်က ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောထားတဲ့ “ဥပဒေနဲ့ညီညွတ်တဲ့ပြည်သူ့ဆန္ဒ” ဆိုတဲ့ စကားကို သူရဗိုလ်အောင်ကို သတိလက်လွတ်ဖြစ်သွားသလား/ တမင်တကာ အမှုမထားတာလား။ နောက်တစ်ချက်က မီဒီယာတွေခမျာ “မေတ္တာနဲ့အုပ်စိုးမယ်”ဆိုတဲ့ ဒီချုပ်ပါတီအစိုးရနဲ့တပ်မတော်ရဲ့ လက်စွဲတော် “ပုဒ်မ ၆၆ (ဃ)” ဆိုတဲ့ ဝရဇိန်လက်နက်ဘေးအန္တရာယ်ကို ချိန်ဆနေကြရပါတယ်။

တတိယအချက်က “၂၀၀၈ အခြေခံဥပဒေ ပြင်ပေးမလား - ပိုင်ဆိုင်မှုရှိတာလေး နိုင်ငံတော်လှူသွားမယ် - စိန်ခေါ်တယ်” ဆို တဲ့ ကိစ္စ။

တကယ်တော့ “စိန်ခေါ်တယ်” ဆိုတာ ကိုယ့်ဘက်က တစ်ဖက်လူကို အလဲအကွဲ ထိုးနိုင်တဲ့ အခြေအနေ အကြောင်းအချက် အသာအလွန်ကိုယ့်ဘက်မှာ ရှိနေလို့ (သို့မဟုတ်) ဆတူရှိနေလို့သာ စိန်ခေါ်ကြတာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ မိုက်မဲတာ ဖြစ်ချင်ဖြစ်၊ မဖြစ်ရင်တော့ လုပ်ပွဲ/လိမ်ပွဲတစ်ခုပဲဖြစ်မှာပေါ့။ ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားချင်တာမျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့။

ဒီစကားပြောတာမှာ သူရဗိုလ်အောင်ကိုဟာ “စကားနိုင်လုပြီး” (ဒါမှဟုတ်) တစ်ဖက်က ဒီလိုမလုပ်နိုင်ဘူး (၂၀၀၈ အခြေခံ ပဒေ ပြင်ပေးမှာ မဟုတ်ဘူးဆိုတာ တထစ်ချသိနေလို့ ) ဆိုတာသိလျက်နဲ့ တမင်ပြောတာလည်းဖြစ်နိုင်ပါတယ်။

စတုတ္တအချက်က “တစ်သိန်းနည်းသေးရင်။ ပြည်သူတစ်သန်းနဲ့ဆန္ဒထုတ်ဖော်မယ်။ တစ်သန်းနည်းသေးရင် တစ်နိုင်ငံလုံး ထွက်ပြီးတော့မှ ၂၀၀၈ အခြေခံဥပဒေပြင်ပေးဖို့ ဆန္ဒထုတ်ဖော်မယ်။ ပြင်ပေးမလား။” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် မေနဲ့ ဇွန်လအတွင်းမှာ ဒီချုပ်ပါတီက ဦးဆောင်ပြုလုပ်ခဲ့တဲ့ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” လက်မှတ်ရေးထိုးဆန္ဒ ပြု တဲ့လှုပ်ရှားမှုကိုသူရဗိုလ်အောင်ကို အမှတ်ရသင့်ပါတယ်။ အဲဒီတုန်းက တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း (၃၀၁) မြို့နယ်ကနေ လက်မှတ်ပေါင်း ငါးသန်းနီးပါး (၄၉၅၃၀၉၃) လက်မှတ်ရေးထိုးဆန္ဒပြုခဲ့ကြပါတယ်။ အဲဒီလက်မှတ်တွေကို ဒီချုပ်ပါတီက ဦးဉာဏ်ဝင်းနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ဦးကိုကိုကြီးတို့ လက်မှတ်ရေးထိုးပြီး ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်နာယက (ထိုစဉ်က သူရဦးရွှေမန်း) ထံတင်ပြခဲ့ကြပါတယ်။ သူရဦးရွှေမန်းက အဲဒီ ပြည်သူ့ဆန္ဒ ငါးသန်းနီးပါးကို စိမ်းစိမ်းပြတ်ပြတ် ပယ်ချခဲ့ပါတယ်။

သူရဦးအောင်ကိုက ဒေါ်အောင်ဆန်းစုကြည် အားကိုးပြီး အခုလို စိန်ခေါ်လိုက်တာကို ဒေါ်အောင်ဆန်းစုကြည်ကရော ဘဝင် ကျပါ့မလား။ ဘဝင်ကျပါ့မလားဆိုတာကို မေးရတာ အောက်ပါအခြေခံအကြောင်း ၃ ချက်နဲ့မေးရတာပါ။

၁။ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို ပထမဦးစားပေးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီချုပ်ပါတီက ကိုင်စွဲထား တယ်ဆိုတဲ့ အချက်

၂။ “နိုင်ငံတော်အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကို လည်းလိုက်နာပါမည်” လို့ ကျမ်းသစ္စာဆိုထားတဲ့အချက်

၃။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီထိပ်သီးများက စစ်တပ်ငြိုငြင်မယ့် အပြောအဆို၊ အပြုမူအရေးအသားမှန်သမျှ ဝေရာမဏိ ရှောင်ကျဉ်ပါ၏ လုပ်နေတဲ့အချက်

သူရဗိုလ်အောင်ကိုရဲ့ “စိန်ခေါ်ချက်” ကို အထက်မှာတင်ပြခဲ့တဲ့ အချက် ၃ ချက်နဲ့ တိုက်ဆိုင်ကြည့်လိုက်တော့ စကားလုံး သက်သက် စိန်ခေါ်ချက်သာဖြစ်နေလိမ့်မယ်ဆိုတာ သိသာမြင်သာနေပါတယ်။ ဒီချုပ်ပါတီဘက်က လော်ဘီသမားတွေကလည်း သူရဗိုလ်အောင်ကိုရဲ့ “စိန်ခေါ်ချက်” ဟာ “မဆိုင်တဲ့ အပေါက်ဂလိုင်နဲ့ခေါက်တာ၊ တပ်မတော်နားရွက်ကို တံတွေးဆွတ်တာ” ဆိုပြီး စိတ်ဆိုး၊ အပြစ်တင်၊ အပြစ်မြင်နေကြလေရဲ့။ (တချိန်တခါတုန်းက “နုရင်ဘတ်ခုံရုံးကိစ္စ” သတိရမိသေးတယ်)

နောက်ဆုံးတစ်ချက်မေးလိုက်ချင်တာက သူရဗိုလ်အောင်က “စိန်ခေါ်” နေတာက သူ့ကို ဝန်ကြီးကနုတ်ထွက်ပေးဖို့ ဆန္ဒပြ နေကြတဲ့ လူတချို့နဲ့ သင်္ကန်းဝတ်တစ်သိုက်ကို ဦးတည်တာလား။ သို့တည်းမဟုတ် ကာချုပ်၊ စစ်တပ်နဲ့ ကြံ့ဖွံ့ပါတီကိုပဲလားဆိုတဲ့ အချက် ပါပဲ။
0