ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ

  လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ
(မိုးမခ)  ဇွန် ၉၊ ၂၀၁၇

ရဲဘော်ကျော်ဆိုင် (ကိုနိုင်ဝင်းဆွေ) သို့ အမှတ်တရ ...


ကိုနိုင်ဝင်းဆွေကို ကျွန်မ ရန်ကုန်မှာနေစဉ်ကတည်းကကြုံဘူး ဆုံဘူးပေမဲ့ ခင်မင်ရင်းနှီးခဲ့ရ အလုပ်အတူတူလုပ်ကိုင်ခဲ့ရတာ ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုရုံးတို့ အရှေ့မြောက်စစ်ဒေသတို့ ရုံးစိုက်တဲ့ပန်ဆန်း (ယခုပန်ခမ်း) မှာပါ။
                        
အသားမဲ ရဲဆင်သကိုးတဲ့။ ပြောလည်း ပြော၊ ရယ်လည်းရယ်နေတဲ့ ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့် (ဗိုလ်မှူးချစ်ကောင်းဇနီး) ကိုကျွန်မက ဘယ်သူ့ကိုပြောတာလည်း ဒေါ်ဒေါ်လို့မေးတော့  အသားမဲမဲကို စပို့ရှပ်လက်တို အနီရဲရဲဝတ်ထားတဲ့ လူတ ယောက်ကို မေးငေါ့ပြပါတယ်။ အဲဒါစာရေးဆရာ နိုင်ဝင်းဆွေလို့ ဆက်ပြောပါတယ်။ ၁၉၇၂ - ၇၄ ကျွန်မ လက်ထောက် ဆရာဝန်အဖြစ် အရှေ့ပိုင်းဆေးရုံမှာ တာဝန်ထမ်းနေစဉ်က ကျွန်မအတွက် ဆေးရုံကပေးထားတဲ့တိုက်ခန်းလေးမှာ ဒေါ်ဒေါ် ကသမီးလေး (၂) ယောက်နဲ့လာနေတုန်းက အဖြစ်အပျက်ပါ။ နောက်မြေနီကုံးညဈေးမှာ စာအုပ်ဆိုင်လေးဖွင့်ထားတဲ့ ကျွန်မမောင် (၂) ယောက်နဲ့ သူ့ကိုတွဲသွားတွဲလာလုပ်နေတာလည်းတွေ့ဘူးပါတယ်။ မြောင်းမြလမ်းအိမ်ကိုခေါ်လာတာ လည်းတွေ့လိုက်မိပါတယ်။

ကျွန်မက အဲဒီတုန်းက သူ့ဝတ္တုတိုလေးတွေရှုမဝ ထဲမှာတော့ ဖတ်ဘူးပါတယ်။ နောက်ပိုင်းမှာ အိုရန်ဟိုင်းရဲ့တေးသံဆိုတဲ့ ဘာသာပြန်စာအုပ်ဖတ်ဖြစ်ပါတယ်။ သူနဲ့ စာရေးဆရာနောက်တဦးနဲ့အတူ တွဲဘာသာပြန်ထားတာပါ။ သူက အဲဒီတုံးက စာရေးဆရာလှဆွေ (ကိုမိုး) နဲ့ တတွဲတွဲပါ။ တောထဲလည်းအတူတူ တတွဲတည်းရောက်လာကြပါတယ်။

၁၉၇၈-၇၉ ကာလလောက်မှာ သူတို့ ပန်ဆန်းရောက်လာကြပါတယ်။ပါတီရဲ့အနှစ် (၄ဝ) ပြည့် အခမ်းအနားများအတွက် ပြင် ဆင်ချိန်နဲ့တိုးပါတယ်။ ဗဟိုက အဲဒီနေ့ကိုဂုဏ်ပြုတင်ဆက်ဖို့ မိုးသောက်ကြယ်နီဆိုတဲ့ ကဇာတ်ကြီးအတွက်ပြင်ဆင်နေတဲ့ကာလပေါ့။ ပါတီသမိုင်းကို ကဗျာများ ခေတ်အဆက်ဆက်ပါတီသီချင်းများ ယိမ်းအကများ သရုပ်ဖေါ်ဇာတ်ကွက် ဇာတ် လမ်းကလေးများ စတာတွေနဲ့ အလွန့်ကိုခမ်းနားကြီးကျယ်စွာပြင်ဆင်ခဲ့ကြပါတယ်။ ကိုကျော်ဆိုင်အတွက်ကတော့ တကယ့်ပွဲကြီးပွဲကောင်းနဲ့တိုးတာပါ။ တတ်သည့်ပညာမနေသာဆိုသလိုပဲ ကဏ္ဍအတော်များများမှာ ဝင်ပါနေတာတွေ့ရပါတယ်။ ကဗျာတွေ စာညွှန့်တွေရွတ်ဆိုရတဲ့နေရာတွေမှာလည်းတွေ့ရသလို ဇာတ်ဝင်ခန်းတချို့မှာလည်းတွေ့ရပါတယ်။ သူရဲ့ အဓိက ဇာတ်ဝင်ခန်းကတော့ (အအောင်မြင်ဆုံးလို့လည်း ဆိုနိုင်ပါတယ်။)  သမုဒ္ဒယဘုမ္မာပြဇာတ်မှာ ဟတ္တိဗလ အဖြစ်သရုပ် ဆောင်ချက်ပါပဲ။ သူက သူပါဝင်ရမဲ့အပိုင်းတွေ ရွတ်ဆိုရမဲ့ကဗျာတွေကို အပြတ်ကိုလေ့ကျင့်ကျက်မှတ်တာပါ။ သူတို့အုပ် တွေက စပယ်တောဆိုတဲ့စခန်းမှာနေတာပါ။ မြို့ပေါ်ကရောက်လာခါစ ရဲဘော်တွေ မြို့ပေါ်မြေအောက်တာဝန်ပြန်သွားရမဲ့ရဲဘော်တွေထားတဲ့စခန်းပါ။ ဗမာရဲဘော်အများစုပေါ့။ ထုံးစံအတိုင်း အပြောင်အနောက်အလွန်သန်ကြပါတယ်။ သူလေ့ကျင့် နေတာတွေ ချောင်းမြောင်းကြည့်ရှုကြပြီး ညနေပိုင်းလမ်းလျှောက်ထွက်ချိန် ဝင်လည်တဲ့စခန်း (ဥပမာ ကျွန်မတို့ဆေးရုံ ဆေး ကျောင်း) တွေမှာ သူ့ပုံစံပြန်လုပ်ပြနဲ့ တအုံးအုံး တသောသောဖြစ်ကြပါတယ်။ ဒါကို သူပြန်ကြားတော့ အတော်စိတ်ဆိုးတယိ ဆိုလို့ ကျွန်မတို့တတွေ အတော်ဘရိတ်အုပ်လိုက်ရပါတယ်။

သူက စိတ်ဆိုးတာမြန်လည်းမြန်လွယ်လည်းလွယ်သလောက် စိတ်ပြေတာလည်း လွယ်ပါတယ်။ အခြေခံစိတ်က အလွန် ဖြောင့်ပါတယ်။ ပုဂ္ဂိုလ်ရေးမာနမကြီးဘူးလို့ဆိုနိုင်ပေမဲ့ အနုပညာမာနကတော့ အထိမခံနိုင်တာတွေရှိပါတယ်။ နောက်ပိုင်း ပါတီတွင်းကိစ္စများမှာ အဲဒီဖေါ်ပြချက်တွေ တွေ့ရပါတယ်။ သူက ပါတီတွင်းအနိဌာရုံတွေတွေ့လာတော့ သူ့ဆောင်းပါးတွေထဲ ထည့်ရေးပါတယ်။ ဒါကို ဗဟိုကခွင့်မပြုတော့ သူကစိတ်ဆိုးပြီးဘာစာမှမရေးပဲ ကာလတပိုင်းနေဖူးပါတယ်။



တကယ်တော့ ကွန်မြူနစ်ပါတီဝင်တွေမှာလိုက်နာရမဲ့ သံမဏိစည်းကမ်းများရှိပါတယ်။ ဥပမာ စည်းရုံးရေးစည်းကမ်းဆိုပါစို့။ကျွန်မတို့သက်ဆိုင်ရာ ကလပ်စည်းတွေမှာ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့် ခေါင်းဆောင်တွေအပေါ်ထင်မြင်ချက်တင်ခွင့် တွေရှိပါတယ်။ သက်ဆိုင်ရာခေါင်းဆောင်တာဝန်ခံများက အဆင့်ရှိစွာဖြေရှင်းပေးရပါတယ်။ ဒါကို ဒီမိုကရေစီဗဟိုချုပ်ကိုင်မှု လို့ခေါ်ပါတယ်။
သဘာဝကျစွာဘဲ အဲဒီသက်ဆိုင်တဲ့ခေါင်းဆောင်များရဲ့အရည်အချင်းပိုင်းနဲ့ အရည်အသွေးပိုင်း (ဒါကပိုအရေးကြီးပါတယ်) ပေါ်မှာတော့ အများကြီးတည်ပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်မတို့မကျေနပ်ရင် အဆင့်ဆင့် ဗဟိုအထိ ဆက်စာတင်နိုင်ပါတယ်။ကလပ်စည်းပြင်ပမှာတော့ ပြောခွင့်မရှိပါဘူး။ ဒါကို ကိုကျော်ဆိုင်က အစာမကြေဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာ ဒါတွေက အကျိတ်အခဲတွေဖြစ်လာတာပါ။ အဲဒီကာလ ပါတီတွင်းလေထုကလည်း မသန့်မရှင်း ညစ်နွမ်းနေပါတယ်။

ကျွန်မကတော့ သူနဲ့ဆက်ဆံရတဲ့အပိုင်းတွေအပေါ်မှာ သဘောကျမိတာတွေရှိပါတယ်။ ကျွန်မ ဗဟိုဆေး ကျောင်းဆင်းပွဲ တခုမှာ ကြုံခဲ့ရတဲ့အဖြစ်အပျက်တခုရှိခဲ့ပါတယ်။ ဆေးကျောင်းဆင်းပွဲတွေမှာ နေ့ပိုင်းမှာ ကျောင်းဆင်းပွဲကျင်းပပြီး သင် တန်းဆင်းသူများကို အောင်လက်မှတ်များပေးအပ်ပြီး ညပိုင်းမှာတော့ ပဒေသာကပွဲ ကျင်းပလေ့ရှိပါတယ်။ အဲသလိုကျောင်းဆင်းပွဲတပွဲရဲ့ကပွဲအတွက် ပြင်ဆင်နေရတဲ့ကာလကပါ။ ထုံစံအတိုင်း ဆရာမကြီးဒေါ်ငွေကတာဝန်ခံပြီးပြင်ဆင်နေတာပါ။ ပါတီကကျင်းပနေကြအခန်းအနားများမှာ ပါဝင်နေကြအတိုင်း ယိမ်းများ တပင်တိုင်အကများ လူမျိုးစုအကများ တခန်းရပ် ပြဇာတ်ကလေးများ စသဖြင့်ပဒေသာကပွဲအတွက် လိုအပ်သမျှအကုန်ပါပါတယ်။ နောက်ဆုံး ပိတ်ပြဇာတ်ရှည်ကြီးအတွက် တော့ ဆရာမကြီးက ဇာတ်ညွှန်းရေးပေးဖို့ ကိုကျော်ဆိုင်ကို တာဝန်ပေးထားပါတယ်။ သူကလည်း ဆေးကျောင်းဆင်းပွဲနဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းတပုဒ်ရှာထားတယ်။ အစွမ်းကုန်ရေးပေးမယ်လို့ ကတိပြုထားပါတယ်။

သူဇာတ်ညွှန်းရေးပြီးတော့ ဆရာမကြီးနဲ့ကျွန်မကို လာပြပါတယ်။ သူအကောင်းဆုံးရေးပေးမယ်လို့ ဂတိပြုထားတဲ့အတိုင်း ဇာတ်လမ်း ဇာတ်အိမ်က ပြောစရာမရှိပါဘူး။ တော်လှန်ရေးစိတ်ဓာတ်အရရော ဆေးလုပ်ငန်းလုပ်နေတဲ့ ရဲဘော်များအတွက် ရော အတော်ကောင်းပါတယ်။ ဇာတ်လမ်းအမည်ကတော့ ဖေဖေချစ်တဲ့သမီးတဲ့။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွင်းက သားအဖ (၂) ယောက်အကြောင်းပါ။ တော်လှန်ရေးသမားကြီး ရဲ့ဘဝသရုပ်ဖေါ်ရာမှာရော၊ အဲဒီရဲဘော်ကြီးရဲ့သမီးလေး (တော်လှန်ရေးတပ်ဖွဲ့တွင်းက သူနာပြုမလေး) ရဲ့လုပ်ငန်းတွင်းဘဝပုံဖေါ်ရာမှာရော အတော်သန်မာပြည့်စုံပါတယ်။ ဇာတ်ရဲ့အထွဋ်အထိပ်အခန်းကတော့ အဲဒီရဲဘော်ကြီး တိုက်ပွဲဒဏ်ရာ ရပြီး ကျဆုံးခါနီး သမီးသူနာပြုလေးကို တော်လှန်ရေးတာဝန်ကိုဆက်ထမ်းဖို့ နိုင်ငံရေးတရားဟောတဲ့အခန်းပါပဲ။

ကျွန်မရော ဆရာမကြီးရောဇာတ်လမ်းကိုကြိုက်သွားကြပါတယ်။ ဒီမှာတင် သူကတောင်းဆိုချက်တခုတင်လာပါတယ်။ အဲဒီ တော်လှန်ရေးသမားကြီးနေရာမှာ သူသရုပ်ဆောင်ရမှဖြစ်မယ် တဲ့။ ကျွန်မကလည်း ကျွန်မပါပဲ။ ကိုယ့်ဟာ ကိုယ်ကိုသတိ မထားမိခင် အို ဘယ်ဖြစ်မှာလဲ။ ခင်ဗျားက အိုဗာအက်ကြီး။ (မှတ်ချက်။ overact အမူအရာလွန်သူ)  လို့ ပြောထွက်သွား ပါတယ်။

ဒီတင်သူက ကျွန်မရှေ့ချထားတဲ့ သူ့ဇာတ်ညွှန်းစာမူကို ဘာမပြောညာမပြောဇတ်ကနဲဆွဲယူပြီး ကျွန်မတို့အိမ်ခန်းက ခပ် သုတ်သုတ်ထွက်ချသွားပါတော့တယ်။ ဆရာမကြီးက ကျွန်မကိုဆူလိုက်တာလေ။  စကားပြောရင် တုတ်ထိုးအိုးပေါက်ပြောတတ်တာကြီးကို မပြင်နိုင်ဘူး။ အခု ဘယ်လိုလုပ်တော့မလဲ။ အချိန်ကလည်း ကပ်နေပီ။ နောက်တပုဒ်ဘယ်လိုရှာရမလဲ။  ဆိုပြီးတော့။ ကျွန်မလည်း ကိုယ့်အပြစ်နဲ့ကိုယ်။ သူ့နောက်ကပဲ သူတို့စပယ်တောစခန်းကိုလိုက်သွားပြီး တောင်းတောင်းပန်ပန်နဲ့ပြန်ခေါ်လာရပါတယ်။ ခင်ဗျားဇာတ်လမ်း ခင်ဗျားကြိုက်သလိုသာစီစဉ်ပါ။ ကျွန်မ ဘာမှဝင်မပြောတော့ပါဘူးလို့ ပြော တော့၊ သူက ဒီလိုတော့လဲမဟုတ်ပါဘူးလေ။ ခင်ဗျားတို့နဲ့သက်ဆိုင်တဲ့ ဆေးပညာပိုင်းဆိုင်ရာတွေမှာတော့ မသင့်တော် တာတွေပါနေရင် ပြောရမှာပေါ့တဲ့။ အဲလို သူကနှိမ်ချစရာရှိရင်လည်း နှိမ်ချတတ်ပါတယ်။ သူက အဲသလို စိတ်ပြေတာမြန်တာ။ ဒါကိုပဲကျွန်မတို့တတွေက သူ့အပေါ်သဘောကျမိတာ။ ချစ်မိတာ။

ဒါပေမဲ့ ကျွန်မက (ကိုယ့်ပါးစပ်ကိုယ် မယုံတာကြောင့်) ဇာတ်တိုက်တာတောင် သွားမကြည့်ပါဘူး။ ဆရာမကြီး ဒေါ်ငွေဦးစီးနေ တာဖြစ်လေတော့ စိတ်ချရတာလည်းပါပါတယ်။ နောက်ဆုံး ဝတ်စုံပြည့်လေ့ကျင့်တဲ့နေ့ရောက်မှပဲ ကြည့်ဖြစ်ပါတယ်။ အ တော် အဆင်ပြေပါတယ်။ သိပ်ပြင်စရာမရှိပါဘူး။

အဲ တကယ့်ပွဲနေ့ရောက်တော့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ရုံးနဲ့ ဘောလုံးကွင်းအကြားဆောက်ထားတဲ့ ခန်းမကြီး (တာ့ လီထန်) အတွင်း ဗဟိုရုံးက  ခေါင်းဆောင်တွေ ဌာနအသီးသီးကရဲဘော်တွေ မိသားစုတွေ ကလေးတွေ ထရပ်ကားတစီးတိုက် ပျော်ပျော်ပါးပါးကြီး ဆင်းချလာပါတယ်။ စစ်ဒေသကခေါင်းဆောင်များ ရဲဘော်များကလည်း အားကျမခံ အင်တိုက်အားတိုက်လာအားပေးကြပါတယ်။ ပန်ဆန်းမြို့နယ်က အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ ခေါင်းဆောင်တွေ ပြည်သူ့စစ်တွေ ရွာကေဒါ တွေ ဒေသခံတိုင်းရင်းသားပြည်သူလူထုတွေ အုံးအုံးကျွက်ကျွက်နဲ့ စည်သလားမပြောပါနဲ့တော့။ ရှေ့တန်းကင်းစခန်းအသီးသီး ရဲဘော်များတောင်ပါပါတယ်။ (သူတို့က အလှည့်ကျလာရတာပါ။) အဲဒီခန်းမကြီးကလည်း လူပရိသတ် ထောင်ချီဆန့်ပါတယ်။

ပြည်သူ့တပ်မတော်သီချင်းနဲ့ပဒေသာကပွဲအခန်းအနားကြီးကိုဖွင့်လှစ်ပြီးနောက် သင်တန်းဆင်းကျောင်းသူ ကျောင်းသားများ အားလုံးက ဗဟိုဆေးကျောင်းဆင်းသီချင်းကို စုပေါင်းသီဆို တင်ဆက်ကြပါတယ်။  မောင်လှဝင်း (မြင်းခြံ) ရဲ့လက်ရာပါ။

သီချင်းလေးကတော့ ....
မျက်ရှုကြေးမုံရိပ်သွင် ပြုစုယုယမြှင့်တင် ပြည်သူအကျိုးသည်ပိုးကာပင် ကျေးဇူရှင် အို မိခင်  (ဆရာဝန် ပညာတွေသင် မိခင် ရဲ့ အေးမြရင်ခွင် မိခင်ရဲ့နွေးထွေးရင်ခွင်  ဆေးပညာကိုသင်၊  ကျွန်တော်/ကျွန်မတို့ အတောင် အလက်စုံလင် ပျံသန်းတော့မယ် တိုက်ပွဲခွင်။) ၂

တာဝန်မတူ  သြော် ဒေသကွဲပေမဲ့ အလံတလက်ထဲအောက်မှာပင် ဆေးအပ်ကိုင်စွဲ တိုက်ပွဲ နွှဲမယ်ထာဝစဉ်         (ဆေးအိတ်ကို လွယ်လို့ပင် လူထုထဲဆင်းဖို့ပြင် သေနတ်ကိုင်စွဲ ဆေးအိတ်လွယ် ရှေ့တန်းခွင်ဝင်မယ်ပြင်) ၂

တာဝန်မတူ ... နွှဲမယ်ထာဝစဉ်။
(ဗက်သွန်းစိတ်ဓာတ်ရင်ထဲတွင် နှလုံးဖြူစိတ်ဓာတ်မွန်မြတ်ရင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်။) ၂
(ပြည်သူအကျိုး သည်ပိုးထာဝစဉ်) ၂
တာဝန်မတူ .... နွှဲမယ်ထာဝစဉ်။
(ဆရာဝန်ပညာတွေသင် .... တိုက်ပွဲခွင်) ၂
ပျံ သန်း တော့ မယ် တိုက်ပွဲ ခွင်။

ပြီးတော့ဇက်တိုက်ဆိုသလို  လူမျိုးစုအကတွေ ယိမ်းတွေ အခန်းအမျိုးမျိုးခွဲပြီး မရိုးအောင်တင်ဆက်ပါတော့တယ်။ ဆရာမ ကြီးဒေါ်ငွေရဲ့လက်ရာ ဆီးမီးကွက်အကမှာတော့ လက်ခုပ်သံတဖျောင်းဖျောင်း လက်ခေါက်မှုတ်သံတရွှီရွှီနဲ့။ (တလောက သတင်းကွန်ရက်မှာတက်လာတဲ့ အဆိုတော်ချမ်းချမ်းရဲ့သီချင်းဗီဒီယိုအခွေတခုထဲက ဆီးမီးကွက်အကနဲ့ နင်လား ငါလား ပါပဲ။)

ဒေါက်တာရမ်းကု ဟာသပြဇာတ်တိုလေးထဲက ဇာတ်ဝင်ခန်းများ (ဒေါက်တာကဗိုက်ခွဲပြီး ဖိနပ်စုတ်ကြီးထုတ်လာတဲ့အခန်းတို့ သွားမှားနုတ်မိတဲ့အခန်းတို့) အတွင်း တရုံလုံး တဝေါဝေါနဲ့။သဘောကျလိုက်ကြတာ။ ဒေါက်တာရမ်းကုအဖြစ်သရုပ်ဆောင်တဲ့ ရလလဖအဖွဲ့ကဆေးကျောင်းလာတက်နေတဲ့ မောင်ထွန်းအမူအရာကလည်း (အထူးသဖြင့် မျက်နှာပေးက) ပိုင်သလား မပြောနဲ့။

ဆေးရုံမှာတာဝန်ကျတယောက် ၂ယောက်လောက်ပဲထားခဲ့ပြီးဆေးရုံလုံးကျွတ်ပွဲခင်းထဲရောက်နေတဲ့ ကျွန်မတို့တတွေမှာလည်းပျော်တပြုံးပြုံး မော်မဆုံးပေါ့။

ဒါနဲ့ပဲနောက်ဆုံး ပြဇာတ်ရှည်ကြီးအလှည့်ရောက်လာပါတော့တယ်။ ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေ ဆေး ကျောင်းသင်တန်းတွေ ပျောက်ကျားတိုက်ပွဲခန်းတွေ ရှေ့တန်းဆေးအဖွဲ့ခရီးစဉ်တွေနဲ့ အဆင်ကိုချောနေပါတော့တယ်။ ပရိသတ်ကြီးကလည်း ဇာတ်ကြီးထဲမျောပါသွားပြီး ငြိမ်ကြည့်နေပါတယ်။ နောက်ဆုံးပိတ်အိတ်နဲ့ လွယ်စရာပဲကျန်ပါတော့ တယ်။ နောက်ဆုံးခန်း (ဇာတ်သိမ်းခန်း) ထွက်လာပါပြီ။ ရဲဘော်တယောက်က ရင်ဘတ်ကသေနတ်ဒဏ်ရာကို လက်နဲ့အုပ် ကိုင်ထားပြီး လဲနေတဲ့ သေအံ့မူးမူး တော်လှန်ရေးသမားကြီး (ကိုကျော်ဆိုင်) ကို ပွေ့ထားပါတယ်။ ဘေးမှာက အဲဒီတော်လှန် ရေးသမားကြီးရဲ့သမီး သူနာပြုဆရာမလေးက ဒူးထောက်ထိုင်နေပြီး တရှုံရှုံ့ငိုနေပါတယ်။ ဇာတ်အမြင့်ဆုံးအခန်း တော်လှန် ရေးသမားကြီးက သူ့ရဲ့မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို သမီးလေးကို ဆက်ထမ်းဆောင်ဖို့ပြောတဲ့အခန်း။ ကဗျာလိုလို စာညွှန့်လိုလို သူစိတ်ကြိုက်ရေးထားတဲ့အပိုင်း။

အားလုံးရင်တွေမ ပြီးကြည့်နေစဉ်မှာပဲ မျက်လုံးမှေးပြီးလှဲနေတဲ့ ကိုကျော်ဆိုင်က ဆတ်ကနဲကောက်ရပ်လိုက်ပြီး မိုက်ဆွဲချထားတဲ့ဇာတ်စင်ရှေ့အလယ်လောက်ထိလျှောက်လာပြီး သူ့စာတွေ ရွတ်ပါတော့တယ်။ စာရွတ်လို့ဆုံးသွားတာနဲ့ ဒိုင်းက နဲပြန်လှဲချပြီး သေပြလိုက်ပါတော့တယ်။ အဲဒီခေတ်က မိုက်ကိုကိုယ်လည်ပင်းမှာဆွဲထားတာတို့ နားနောက်ချိတ်ထားတာတို့ မပေါ်သေးဘူးလေ။ ဇာတ်စင်အပေါ်ကနေ ဆွဲချထားရတာ။ ကိုကျော်ဆိုင်က သူ့အကယ်ဒမီရှော့ လို့ဆိုတဲ့အခန်းအတွက် သူအပိုင်ရေးထားတဲ့ ကဗျာ ပရိသတ်မကြားရမှာစိုးလို့ လုပ်ပုံများလေ။

တော်ပါသေးရဲ့။ဇာတ်ခုံပေါ်ကကားလိပ်တွေကြား ဒါရိုက်တာလုပ်နေတဲ့ဆရာမကြီးက ဒါမျိုးကြုံဘူးထင်ပါရဲ့။ သူလှဲ လည်း အိပ်လိုက်ရော ကားလိပ်လည်းချပစ်လိုက်ပါတယ်။ မရှေးမနှောင်းမှာပဲ ကားလိပ်ပြန်ပွင့်လာပြီး ကျွန်မတို့အခန်း အနားတွေ အပိတ်မှာဆိုတတ်ကြတဲ့ စည်းကမ်းကြီး (၃) ရပ် သတိပြုရန် (၈) ချက်သီချင်းကို ပွဲမှာပါသူတွေအားလုံး ဝိုင်းဝန်းသီဆိုကြ ခေါင်းဆောင်တွေ စင်ပေါ်တက်နှုတ်ဆက်ကြ ပရိသတ်တွေကလည်း ရုံးရုံးနဲ့ထပြန်ကြနဲ့။ အခုန ဘာမှမဖြစ်လိုက်သလိုပါပဲ။

ကိုကျော်ဆိုင်ကြီးကိုတော့ အဲဒီနောက်ဆုံးခန်း လူအုပ်အလယ်မှာ သွားအကုန်လုံးပေါ် ပြုံးဖြီးဖြီးကြီးတွေ့လိုက်ရပါတယ်။ ကဲ ကျွန်မသူ့ကို အိုဗာအက်ကြီးလို့ပြောတာ လွန်သလား။ ပန်ဆန်းရွှေရောင်ကာလများအတွင်းက အဖြစ်အပျက်တချို့ပါ။

လှကျော်ဇော
၁ဝ၊ ၅၊ ၂ဝ၁၇။