ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် ● အသုံးချ ဗဟုသုတ

ကိုသန်းလွင် ● အသုံးချ ဗဟုသုတ
(မိုးမခ) ဇွန် ၈၊ ၂၀၁၇

(၁)
ဒြပ်ဝတ္ထု အခြေခံအမှုန်များ၏ သဘာဝကိုနားလည်ရန်အတွက် အမှုန်အရှိန်မြှင့်စက် (Particle accelerator) များကို တည် ဆောက်ကြရပါသည်။ ဒေါ်လာသန်းပေါင်းများစွာကုန်ကျသော ထိုပရောဂျက်များအတွက် ဘတ်ဂျက်ချပေးပါရန် မေတ္တာရပ်ခံ လာသူ ရောဘတ်ဝီလဆင်ဆိုသူကို အမေရိကန် ကွန်ဂရက်လွှတ်တော် ကော်မတီက ၁၉၆၉ခုနှစ်က မေးခွန်းတခုမေးခဲ့ပါသည်။

အခုတည်ဆောက်မဲ့ အမှုန်အရှိန်မြှင့်စက်က “ဆိုဗီယက် ရုရှားတွေကို တိုက်တဲ့နေရာမှာ အထောက်အကူပြုမှာလား” ဟု မေးသည်။ “ကျွန်တော်တို့ရှာနေတဲ့ ဗဟုသုတတွေက တိုင်းပြည်ရဲ့ဂုဏ်သိက္ခာအတွက်ပါ။ စစ်တိုက်တာကို တိုက်ရိုက် အကျိုးမပြုနိုင်ပါ။ ဒီစက်ကြီးကိုတည် ဆောက်ခြင်းအတွက် ကျွန်တော်တို့နိုင်ငံဟာ  တကယ် ကာကွယ်ထိုက်တဲ့နိုင်ငံတခုဖြစ် လာပါလိမ့်မယ်” ဟု အဖြေပေးခဲ့သည်။

ကျွန်တော်တို့ရှာဖွေနေကြသော ဗဟုသုတများသည် ကျွန်တော်တို့ကို အကျိုးပြု၊ မပြုနှင့် ကျွန်တော်တို့၏ ကျောင်းများ၊ တက္ကသိုလ် စာသင်ခန်းများတွင် ဘာတွေကိုသင်ကြားပို့ချသင့်သလဲဟု မေးစရာဖြစ်လာပါသည်။ အချက်၊ အလက်၊ ဗဟု သုတဆိုရာတွင် အသုံးကျခြင်း၊ မကျခြင်းဟူ၍ ရှိသလားဟုမေးစရာ ဖြစ်လာပါသည်။

(၂)
တခါကကျွန်တော့်ဇာတိ စာသင်ကျောင်းကဖိတ်၍ အထက်တန်းကျောင်းသားကလေးငယ်များ၏ ဟောပြောပွဲတခုသို့ တက် ရောက်ခဲ့ရပါသည်။ ကျောင်းသားများကို “ဘယ်သိပ္ပံပညာရှင်ကို မင်းတို့သဘောအကျဆုံးလဲ” ဟု ကျွန်တော်ကမေးမိပါသည်။ အများစုက “အိုင်းစတိုင်း” ဟု ဖြေမှာဘဲ မျှော်လင့်နေမိချိန်တွင် မာကိုနီဟု ဖြေကြပါသည်။ “ဝိုင်ဖိုင်” ဟုလည်း အော်သံကြား လိုက်ရသည်။

ကျွန်တော်တို့အထက်တန်းကျောင်းသားဘဝ ကပြဌာန်းထားသော “Seven Inventors” စာအုပ်တွင် မာကိုနီ၏ အကြောင်း ပါပါသည်။  “ မာကိုနီ ကဘာတွေတီထွင်ခဲ့လို့လဲ “ ဟု မေးရပါသည်။ သူတို့က ရေဒီယိုဝါယာလက် စက်တွေထွင်ခဲ့တာလေဟု ဖြေကြပါသည်။

ကျွန်တော်က မာကိုနီမှာ ဝါယာလက်စက်သဘောတရားကို တွေ့ရှိခဲ့သူမဟုတ်ကြောင်း James Clerk Maxwell ဆိုသူက လောကတွင် လျှပ်စစ်သံလိုက်လှိုင်း (Electro Magnetic wave)  ဆိုတာတွေ့ ရှိနိုင်တယ်ဟု အဆိုပြုခဲ့ ကြောင်း၊ Heinrich Hertz ဆိုသူကထိုလျှပ်စစ်လှိုင်းများရှိနေသည်ကို သင်္ချာနည်းဖြင့် တွက်ထုတ်ပြခဲ့ကြောင်း၊ မာကိုနီက ထိုလှိုင်းများ၏ ထုတ် လွှင့်စက်၊ ဖမ်းယူစက်တို့ကို လုပ်ခဲ့ခြင်းသာဖြစ်ကြောင်း သူမရှိရင်လဲ တယောက်ယောက်က တွေ့မှာဘဲ၊ သူထွင်ခဲ့တဲ့စက် Coherer ဟာ အခုလူတွေက မသုံးကြတော့ကြောင်း ပြောမိသည်။ ဗဟုသုတ တခုဟာ ဘယ်လိုလက်တွေ့အသုံးဝင်လိမ့်မယ်ဆိုတဲ့ တွေးတောချက်တွေဟာ သိပ္ပံပညာရှင်တို့အဖို့ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားလေ့မရှိကြောင်းတွေကို ပြောမိပါ သည်။ ဝါယာလက်စ် စက်ပေါ်လာရခြင်းမှာ လျှပ်စစ်လှိုင်းတွေ ရှိနိုင်တယ်ဟူသော အယူအဆကြောင့်သာဖြစ်ကြောင်း၊ သို့ သော်လည်း မက်စဝဲလ်နှင့် ဟတ်စ်တို့ကို လူသိနည်းလှပါသည်။

သိပ္ပံကို လိုက်စားသူတို့က သူတို့သိလိုစိတ် (Curiosty)  ဆန္ဒကြောင့်သာ စူးစမ်းလေ့လာကြခြင်းဖြစ်ကြောင်း၊ သူတို့စိတ်တွင် ဘာတွေအသုံးချ၍ ရကောင်းရဲ့ဟုတွေးလေ့မရှိကြောင်းပြောမိသည်။

ယနေ့ခေတ်တွင် လျှပ်စစ်ဓါတ်မရှိလျင် ကျွန်တော်တို့ဘဝများမှာ ဘယ်လောက်ခက်ခဲမည်ဆိုသည်ကို သိနိုင်ကြ ပါသည်။ မိုက်ကယ်ဖါရာဒေး (Michael Faraday) မှာ ပန်းပဲဆရာတယောက်၏သားဖြစ်ပြီး ငယ်စဉ်က စာအုပ်ချုပ်လုပ်ငန်းတခုမှာ အ လုပ်လုပ်ရပါသည်။ ၁၈၁၂ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် သူငယ်ချင်းတယောက်က ခေါ်သောကြောင့် ဆာဟန်ဖရီဒေဗီ ၏ ဓါတုဗေဒဘာသာရပ် ဟောပြောပွဲတခုကို တက်ရောက်နားထောင်ခဲ့ပါသည်။
သူကကြားရသမျှကို မှတ်စုစာအုပ်တွင်ရေးပြီး ပါမောက္ခကြီးကိုသွားပြရာမှ သူ၏ ဓာတ်ခွဲခမ်းလက်ထောက် အလုပ်ကို ရခဲ့ပါသည်။ ၁၈၂၅ခုနှစ်တွင် ဒါရိုက်တာဖြစ်လာပြီး ၅၄နှစ်ကြာ Royal Society တွင် အလုပ်လုပ်သွား ပါသည်။ ၁၈၄၁ခုနှစ်တွင် ကွိုင်ဝါယာခွေတစ်ခု အနီးတွင် သံလိုက်တုံးတစ်ခုကို ရွေ့လျှားပေးသောအခါ ဝါယာ ၏ခွေအတွင်း၌ လျှပ်စစ်စီးကြောင်းစီးဝင်သွားသည်ဟု သူတွေ့ရှိခဲ့ပါသည်။ သတင်းထောက်များက “ခင်ဗျားရဲ့ လျှပ်စစ်စီးကြောင်းက ဘာအသုံးကျမှာလဲ” ဟု မေးခဲ့ကြသည် “သူက မွေးလာခါစ ကလေးလေးတယောက်ကရော ဘာများအသုံးကျသလဲဗျာ” ဟု ပြန်မေးခဲ့သည်။ လျှပ် စစ်ကို တွေ့ရှိချိန်မှလူတို့အသုံးပြုနိုင်သည်အထိ အနှစ်တရာခန့်ကြာခဲ့ပါသည်။ ယခုခေတ်တွင်မူ လျှပ်စစ်ဓါတ် အသုံးဝင် ပုံများကို ပြည့်စုံအောင်မည်သူမျှ ဖေါ်ပြနိုင်မည် မဟုတ်ပါ။

အဆိပ်ဓါတ်ငွေ့ဆိုသည်ကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်က သမိုင်းဆရာ ပလင်နီ (Pliny) ဆိုသူသည် မီးတောင် ပေါက်ရာ၌ ဆာလဖါဒိုင်အောက်ဆိုက်ငွေ့သင့်၍ သေခဲ့ရပုံအကြောင်းမှစတင်၍ ကျွန်တော်တို့ သိကြရပါသည်။ ဓါတ်ခွဲ ခန်းများတွင် ကလိုရင်းဓါတ်ငွေ့ကို သန့်စင်အောင် ခွဲထုတ်ကြခြင်းမှာ စစ်ပွဲများတွင် အသုံးပြုရန် အတွက်ရည်ရွယ်ရင်း မ ဟုတ်ပါ။ Mustard ဓါတ်ငွေ့ကိုရှာဖွေတွေ့ရှိကြပုံများမှာလည်း ထိုနည်းနှင်နှင်ပင်။

သဘာဝကြီး၏ တည်ဆောက်ပုံလျှို့ဝှက်ချက်များကို သိလိုကြသူ သိပ္ပံပညာရှင်များက စူးစမ်းလေ့လာ အဖြေရှာ ကြသည်။ သူတို့သည် ပြသနာရှင်းသွားလျင် ဘယ်လိုအကျိုးရှိမည်ဆိုခြင်းထက် မိမိတို့သိလိုမှုအာသာဆန္ဒကို ဖြည့်ဆည်းဘို့ ကြိုးစား ကြခြင်းသာ ဖြစ်ပါသည်။ ထိုတွေ့ရှိချက်များက ကမ္ဘာကြီးကို ပို၍ နေချင့်စဘွယ်ဖြစ်အောင် ပြောင်းလဲပေးတတ်ကြပါသည်။

လေယာဉ်ပျံကို ရိုက်ညီနောင် (Wright Brothers) တို့က တီထွင်ကြချိန်တွင် ခရီးတာကို တိုစေအောင်၊ ခရီးဝေး ကိုသွား နိုင်အောင် တီထွင်ကြခြင်းဖြစ်ပါသည်။ သို့သော် လူတို့၏နှလုံးသားမှာ အဆိပ်သင့်ပြီး ဦးနှောက်တွင် မကောင်းသော စိတ်များ လွှမ်းမိုးသွားသောအခါ ကောင်းကင်၌ ပျံသန်းနေကြသော လေယာဉ်ပျံကြီးများသည် လွန်စွာအန္တရာယ်ကြီးသော လူသတ် လက်နက်ကြီးများ ဖြစ်လာကြပါသည်။

ကာဗွန်နှင့် နိုက်တြိုဂျင် ပေါင်းစပ်ခြင်းကြောင့် ဘင်ဇင်း၊ ဂရစ်စလင်း စသည့် ကွန်ပေါင်းများ ဖြစ်လာကြသည်။ ထို ကွန် ပေါင်းများမှ သုတ်ဆေးများ ဖြစ်လာကြသလို၊ အဲဖရက်နိုဘယ် ကပေါက်ကွဲစေတတ်သောဒိုင်းနမိုက်ကို တီထွင်ခဲ့ပါသည်။ မိုင်းတွင်းများတူးဖော်ခြင်းလုပ်ငန်း၊၊ တောင်ကိုဖြတ်၍ လမ်းဖေါက်ရန် ဥမှင်လှိုဏ်ခေါင်းတူးဖေါ်ခြင်း၊ ဘိလပ်မြေကုန်ကြမ်း အတွက် တောင်ကြီးများကိုဖြိုချခြင်း စသည်ဖြင့် ဒိုင်းနမိုက်မှာ အသုံးဝင်ခဲ့ပါသည်။

ထိုနည်းတူ နိုင်ငံရေးသမားများနှင့် စစ်သားများလက်သို့ ဒိုင်းနမိုက်များရောက်သွားသောအခါ လူတို့၏အသက် ပေါင်းများ စွာကို တပြိုင်နက်ထည်းသေစေနိုင်သော လက်နက်များဖြစ်လာကြပါသည်။

အတမ်တို့တွင် နျူးကလီးယပ်ကို အီလက်ထရွန်များက ဝိုင်းပါတ်နေကြသည့်ပုံစံကို မီလီကင်၊ ရူးသားဖို့ဒ်၊ Neil Bohr တို့က လေ့လာ၍ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ခဲ့ကြပါသည်။ သီအိုရီသဘောကိုလည်းတွေးဆခဲ့ကြပါသည်။ ထိုအတမ်များအတွင်းမှ ကြီးစွာသော စွမ်းအင်များ ထွက်လာနိုင်ကြောင်းကို မိုက်တနာ၊ ဟန်းနှင့် ခထရပ်မင်း အစရှိသည့် ပညာရှင်များက ဖေါ် ထုတ်ခဲ့ကြပါသည်။ မင်ဟန်တန် ပရောဂျက်ဖြင့် အနုမြူဗုံးထုတ်လုပ်သော စက်ရုံကြီးများ တည်ဆောက်ခဲ့ကြပါသည်။ အ တမ်နှင့် နျူးကလီးယပ်၏ တည်ဆောက်ပုံကို လေ့လာကြသော ပညာရှင်များမှာ ဤမျှ အင်အားကြီးသောလက်နက်များကို တချိန်တွင် ထုတ်လုပ်ကြလိမ့်မည်ဟု တခါမှတွေး တောမိကြမည်မထင်ပါ။

၁၈ရာစုနှစ်၏ အကျော်ကြားဆုံး သင်္ချာတီထွင်မှုကို Non Euclidian Geomerty ဟု ခေါ်ပါသည်။ ဂေါက်စ် (Gauss) က တီထွင်ပါသည်။ သူက သူ့လက်ရာများကို ဘယ်သူမှစိတ်မဝင်စားဘူးဟု ယူဆခါ ၂၅နှစ်ကျော် စာရွက်တွေကို သိမ်းထား ခဲ့ပါသည်။ သူ၏အခြေခံသင်္ချာသဘောတရားများကို မသိရလျင် အိုင်းစတိုင်းသည်လည်း သူ၏ ရီလေးတီဗီတီသီအိုရီ ကို တွေ့ရှိနိုင်စရာ အကြောင်းမရှိပါ။

ကျွန်တော်တို့တက္ကသိုလ်ရောက်စက သင်ခဲ့ကြရသော Group Theory မှာလည်း မည်သူမှ စိတ်ဝင်စားရန် မကောင်းသော သင်္ချာသီအိုရီတခုသာ ဖြစ်ခဲ့ပါသည်။ ယနေ့ခေတ် ကွမ်တမ်မက္ကင်းနစ်မှ Spectroscopy ဘာသာ ရပ်မှာ ဤ Group Theory ကို အခြေခံရပါသည်။

အိုင်းစတိုင်းကိုယ်တိုင်က သူ၏ ဂျင်နရယ်သီအိုရီကို ရေးသားခဲ့စဉ်မှာ ထိုသဘောတရားများကိုသုံး၍ ယခု GPS Global Positioning System စနစ်ပေါ်လာလိမ့်မည်ဟု ဘယ်လိုမှ မသိနိုင်ပါ။ ကျွန်တော်တို့ ဟန်းဖုန်းများတွင်ပါသော ဖုန်း၏ တည်နေရာကို ရှာပေးသည့် GPS စနစ်မှာ ဂျင်နရယ်ရီလေးတီဗီးတီ သီအိုရီသဘောတရားကိုအခြေ ခံရပါသည်။

(၃)
လူတို့၏ အမုန်းတရား တို့သည်လူ့ယဉ်ကျေးမှုကြီးတရပ်လုံးကိုဖျက်ဆီးနိုင်ပါသည်။ လောကကြီးရပ်တည်နိုင်ခြင်း မှာထိုအမုန်းတရားများကလူအားလုံးကိုလွှမ်းမိုးမသွားသောကြောင့်ဖြစ်ပါသည်။စိတ်ကောင်းရှိသူများက မိမိ စိတ်ကျေနပ်မှုအတွက် အနုပညာကိုဖန်တီးရန်ဖြစ်စေ၊ ဗဟုသုတတိုးပွားရန်ဖြစ်စေ တချိန်မဟုတ် တချိန် ကြိုးပမ်းတတ်ကြပါသည်။ ထိုကောင်းမြတ်သောအရာများကိုဖန်တီးရန် ရှုပ်ထွေးသောလောကကြီး နှင့် ခေတ္တ ခဏဖြစ်စေ ကင်းကွာအောင်နေတတ်ကြရပါသည်။ လူတို့၏ဒုက္ခနှင့် ပင်ပမ်းသောစိတ်ကို ပြေလျှော့စေရန် ကျိုးပမ်းကြခြင်းလည်းဖြစ်ပါသည်။

ကမ္ဘာကြီးသည်အမြဲတစေ စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းလောက်အောင်စိတ်ရှုတ်စရာကိစ္စများနှင့်ပြည့် နေ တတ်ပါသည်။ သို့တိုင်ကဗျာဆရာများ၊ အနုပညာရှင်၊ သိပ္ပံပညာရှင်များသည် လူတို့ကိုဒုက္ခဖြစ်စေမည့်အရာများ ကိုရှောင်ရှားရန်နည်းလမ်းအသွယ်သွယ်ကို အမြဲကြံဆနေတတ်ပါသည်။

အသိဥာဏ်ဖွံ့ဖြိုးစေရန်၊ အမြင်ကျယ်ပြန့်စေရန် အချို့ကြိုးပမ်းအားထုတ်မှုများသည် ကိစ္စများစွာတို့၌ ရုတ်တရက် အကျိုး ကျေးဇူးကို မမြင်နိုင်ကြပါ။

ယနေ့ကမ္ဘာကြီးမှာ စားသုံးသူတို့၏ကမ္ဘာကြီးဖြစ်ရာလူ့အသုံးဆောင် အသစ်များဖန်တီးရေး ထုတ်လုပ်ပြီးသား အရာများပိုမို ကောင်းမွန်ရေးကိုဦးစားပေးရသောအချိန်ဖြစ်သည်။ ထို့ကြောင့်တက္ကသိုလ်များတွင်ကုန်ထုတ်လုပ်ရေးကို ဦးစားမပေးသော သင်ရိုးညွှန်တမ်းများသည် ပေါ်ပြူလာမဖြစ်သည်ကိုတွေ့ကြရသည်။

အတတ်ပညာဆိုသည်မှာ ကောင်းသည် ဆိုးသည်ကိုဝေဖန်ရန်ခက်ခဲတတ်သည်။ သမိုင်းဖြစ်ရပ်များတွင် လူတို့ ရည်ရွယ် ထားသလိုမဟုတ်ဘဲ ကြိုတင်မမျှော်မှန်းနိုင်သော ဖြစ်ရပ်များဖြင့်ပြည့်နှက်နေပါသည်။ ထို့ကြောင့် တက္ကသိုလ်တွင် လိုက်စားရန်ဘာသာရပ်ရွေးချယ်ရာတွင်မိမိစိတ်ဝင်စားရာ ဘာသာကိုသာရွေးချယ်ပါဟု သာ တိုက်တွန်းလိုက်ရပါသည်။

ကိုသန်းလွင်
Ref: Usefulness of Useless Knowledge by Abraham Flexner, 1939 Booklet.