ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ

ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ
(မိုးမခ) ဇွန် ၃၊ ၂၀၁၇

အပူသံလျှပ်​​တွေက ​လေထုထဲမှာမီးညွှန့်​မီး​တောက်​များလို တရိပ်​ရိပ်​တက်​​နေသည်​။ ​မေလသည်​ အပူပြင်းဆုံးကာလလည်း ဖြစ်​၏။ လမ်းတလျှောက်​ ​ဝဲယာမှသစ်​ပင်​ငယ်​များသည်​လည်း အရိုးကျဲကျဲ၊ သွားချဲချဲနှင့်​လူရိုးစုများရပ်​​နေသလား ​အောက်​​မေ့ရသည်​။ တချို့သစ်​ပင်​များက​လည်း ပုရစ်​ဖူးသစ်​ရွက်​​လေးများ ​ခေါင်းပြူ နေကြ​လေပြီ။ ​​လေပူများက တကိုယ်​လုံးကို ပွတ်​တိုက်​ဆွဲ​နေ၏။ ဒီလို​နေပူပြင်းပြင်းမှာ  မိုင်​နှစ်​ဆယ်​​ကျော်​​ဝေး​သောခရီးကို ဆိုင်​ကယ်​စီးပြီးသွားရသည်​မှာ အမှန်​တကယ်​ပင်​ပန်းသည့်​အလုပ်​လည်းဖြစ်​သည်​။ ​ကွေ့ပတ်​လိမ်​လည်​​နေသည့်​လမ်းနှင့်​ တသားတည်းကျ​အောင်​ ​မောင်းနှင်​​နေရသည်​မှာ ငယ်​ငယ်​က ပုရွက်​ဆိတ်​​ကြောင်း လိုက်​ကြရသလို။ တခါတလေ ခက်​ခဲသည်​။ လက်​ညှိုးက​လေးဖြင့်​​ထောက်​ကာလိုက်​​သော ပုရွက်​ဆိတ်​​ကြောင်းက လွဲ​ချော်​ပါမူ ဒူးငါးချက်​​ခေါက်​ခံရမည်​ထက်​မပို။ ယခုလိမ်​လည်​​ကွေ့ဝိုက်​​သော လမ်းကို​ချော်​သွားပါက ​သေ​လေမလား။ ကျိုးသွား​လေမလား။ တခုမဟုတ်​ တခု​သေချာ​ပြီးသား။ ကတ္တရာ​စေးသုတ်​လိမ်းထား​သော လမ်းကလည်း ​​နေအပူရှိန်​​​ကြောင့်​ ကားဘီး၊ ဆိုင်​ကယ်​ဘီးများ ​ဗျစ်​​ဗျစ်​စုတ်​​အောင်​ပင်​ မြည်​​နေသည်​။ တချို့ကုန်​တင်​ကားကြီး​တွေ ​မောင်း သွားလျှင်​ ကားဘီးရာများက အစင်းလိုက်​ထင်​ကျန်​​နေရစ်​သည်​။ တင်းမာ​နေသည့်​လမ်းကလည်း ထက်​ခြမ်းကွဲသွား​တော့ မည့်​ အလား။ သွား​နေကျလမ်းဖြစ်​​သော​ကြောင့်​ ဘယ်​​နေရာမှာ ချိုင့်​ရှိမရှိကိုလည်း အလွတ်​ရ​နေပြီ။ သို့​သော်​ ဘယ်​​နေရာမှာ ကားကြီးကားငယ်​ ဘွားခနဲ​တွေ့မည်​ကို မသိနိုင်​။ ထို့​ကြောင့်​ ​ဖြေး​ဖြေးမှန်​မှန်​သာ ​မောင်းရသည်​။

အရင်​က အခု​လောက်​ထိ ကားမရှုပ်​။ အခု​တော့ လက်​ပံ​တောင်းစီမံကိန်းထဲမှ ကားကြီးများကလည်း သတ်​မှတ်​​မြေမှာသာမက လမ်းမ​ပေါ် ရထားတွဲများလို ​တွေ့ရသည်​။ ပြတ်​သည်​မရှိ။ အရင်​လ​တွေထဲကပဲ စီမံကိန်းဆိုင်​ရာကား​တွေ လယ်​ယာ​တွေထဲ ဖြတ်​​မောင်းကြတာနှင့်​ ပတ်သက်​ပြီးလည်း အဓိကရုဏ်းဖြစ်​ပွားခဲ့​သေးသည်​။  အရင်​က​တော့ ဒီလမ်း​ဘေးဘီ​တွေမှာ ​ယာခင်း​ တွေရှိခဲ့သည်​။ သစ်​ရိပ်ဝါးရိပ်​ရံနံ့ ရှိသည်​။ ​တောသူ​တောင်​သားတို့၏ ​ချွေးနံ့၊ ထွန်​ယက်​​နေ​သော ယာခင်း၏​မြေသင်းနံ့များဖြင့် ချစ်​စရာ​ကောင်းခဲ့သည်​။ လယ်​ခင်း ယာခင်းနှင့်​ ပနံရ​သော တဘူးဘူး၊ တပဲပဲနွားမြည်​သံများလည်း ထုံမွှန်း​နေခဲ့ဖူးသည်​။  လမ်း​ဘေးဘီ​တွေမှာ သိုး​တွေဆိတ်​​တွေနှင့်​အတူ ​လေးခွ​လောက်​စာလွယ်​အိတ်​များဖြင့်​ က​လေးငယ်​များကိုလည်း ​တွေ့ရ တတ်​ သည်​။ နွားဖြူ နွားဝါ အ​ရောင်​စုံဖြင့်​ နှင်​တံ တ​မြှောက်​​မြှောက်​ တက်​တ​ခေါက်​​ခေါက်​ မ​မောမပန်း ထွန်​ယက်​​နေ​သော ​တောသူ​တောင်​သား​တွေ၏အရိပ်​များသည်​ အခု​တော့ လွင့်​ပြယ်​သွားခဲ့​လေပြီ။ မိုးထဲ​လေထဲ အားတခဲခဲ စိုက်​ခဲ့ကြသည်​ ယာခင်းသီးနှံ​ပင်​​တွေ အားလုံးအာဏာတခု​အောက်​ ​သေဆုံးသွားခဲ့​လေပြီ။ ​​နေလာရာ မျက်​နှာမူ​နေတတ်​သည့်​ ရှူမငြီး​နေကြာ ပန်း ခင်းကြီး​တွေ ဘယ်​များငို​နေမည်​မသိ​တော့။  ​တခေါ်တ​မျှော်​ ဟီး​နေ​သော ​ပြောင်းခင်း​တွေဆီ ​ကော်​​ဇောပျံ​တွေလို ဝဲပျံလာတတ်​သည့်​ ဇရက်​ (ဆက်ရက်)၊ စာက​လေး၊​ ကျေးအုပ်​​တွေ ဘယ်အရပ်​ကို ခိုမှီး​တော့သည့်​မသိ။

အခု​တော့ လမ်း​ဘေး ဝဲ ယာနှစ်​ဖက်​ ဘယ်​ကိုကြည့်​ကြည့်​ ထိပ်​ကွက်​​ထားသည့်​ ​တောင်​ကတုံး​တွေ၊ မျက်​စိတဆုံး ​ပြေး မလွတ်​နိုင်​​သော ​မြေသားရဲရဲ​တွေက ​တောင်​​တွေထဲကယို​သည့်​​သွေး​တွေလို။ ​အဲ့ဒီအရာ​တွေက ဖြတ်​သွားဖြတ်​လာရင်း မျက်​လုံးထဲလာဟပ်​​နေ​သော မြင်​ကွင်းသက်​သက်​။  အဲ့ဒီစည်းရိုးအတွင်း​တွေထဲ ၊ ကျွံ​နေ​သည့်​နယ်​နိမိတ်​ထဲ ကျမ ဘယ်​​တော့ မှ ​စေ့​စေ့ မကြည့်​ရဲခဲ့ပါ။ ကြည့်​ဖို့အားအင်​​တွေလည်း မရှိခဲ့​။ အဲ့ဒီပြုန်း​နေသည့်​ ​တော​တွေ၊ ​ကော​နေသည့်​ယာ​တွေအနား​ရောက်​သည်​နှင့်​ ကျမတကိုယ်​လုံး အင်​အား​တွေဆုတ်​ယုတ်​သွားတတ်​သည်​။ ဆိုင်​ကယ်​ဦးထုပ်​မှန်​ကာ​အောက်​က ကျမမျက်​နှာသည်​လည်း ​သွေးစုပ်​ခံရသလို ဖြူဖတ်​ဖြူ​ရော်​ ဖြစ်​​နေပါလိမ့်​မည်​။ အဲ့ဒီ​ဘေးကို​ရောက်​တိုင်း ကျမကိုယ်​ကျ​မ ယုံကြည့်​ချက်​မရှိခဲ့။ အားငယ်​စိတ်​​တွေ ၊ သိမ်​ငယ်မှု​တွေ၊ ခံပြင်းမှု​တွေ၊  ရွံရှာမှု​တွေနှင့်​အတူ ရှက်​လို့မဆုံး​တော့​ပေ။ နှ​မြောတသသစိတ်​က ​ဝေဒနာလူးထားသည့်​ အဆိပ်​မြားစိုက်​၀င်​ခံ​နေရသလို။ က​လေး ၊လူကြ်ီးမ​ရွေး အဲဒီမြားထိမှန်​ခဲ့လိမ့်​မည်​။ အဲ့ဒီခံစားမှု​တွေက ​ဒေသခံလူတိုင်းမိခံရသည့်​ မိုးခါးပါပဲ။ အဲ့ဒီခံစားနာကြင်​မှုက အဲ့ဒီဇုန်​က​လေးအနား ဖြတ်​သွားဖြတ်​လာပြုမိတိုင်း မလွှဲမ​ရှောင်​နိုင်​​သော အရာတစ်​ခုဖြစ်​သည်​။

ဒီ​​တောညှို့ညှို့ ​တောင်​တန်းဟာ ဒီ​ဝန်းကျင်​အနီးနားကလူ​တွေအတွက်​ ​ဂုဏ်​ယူစရာ၊ အားထားရာ၊ မှီသင်းစရာသာမက  ပြည်​သူအားလုံး အတွက်​လည်း ဂုဏ်​ယူစရာ​ဒေသဝန်းကျင်​က​လေး ဖြစ်​၏။ ဒီ​တော​တောင်​က​လေးကိုမှီ၍ မျှစ်​ချိုးသူရှိမည်​။ အင်​ဥ​ကောက်​သူရှိမည်​။ ဟင်းရွက်​ခူးသူရှိမည်​။ ထင်​​ခြောက်​​ခွေသူရှိမည်​။ ဒီ​တောဒီ​တောင်​ကို ခိုမှီး​နေကြရသည့်​ တိရစ္ဆာန်​၊ လူများစွာရှိသည်​။ အခု​တော့ ​ဒီ​နေရာဝန်းကျင်​က​လေးမှာ ယမ်းစိမ်းနံ့​တွေ ထူမွှန်​ခဲ့ဖူးသည်​။ မျက်​ရည်​​ပေါင်းများစွာ လူး​ပေခဲ့ဖူးသည်​။ ​ကြွေး​ကြော်​သံများစွာ ​ပျောက်​ရှခဲ့ဖူးသည်​။ ဝိညာဉ်​​တွေလွင့်​ခဲ့ဖူးသည်​။  တသက်​တကိုယ်​ ဖက်​တွယ်​မှီသင်းခဲ့​သော ဘိုးဘွာပိုင်​လယ်​ယာများသည်​ ဘဝ​ကူး​ပြောင်း သွားခဲ့ကြ​လေပြီ။ ​တောပြုန်းသည့်​အခါ ​တောကိုမှီသင်း​သော သတ္တဝါ များစွာ​သေဆုံးခဲ့သည်​။ လယ်​ပြုန်းယာပြုန်း​​သည့်​အခါ၌လည်း လယ်​ကိုယာကိုမှီသင်းရှင်​သန်​ကြရ​သော လူ​​တွေ၏ဘ၀ များ စွာလည်း ​သေဆုံးခဲ့ကြမည်​မှာ မုချဧကန်​။ ​ဒီဝန်းကျင်​သည်​ ​မျှော်​လင့်​ချက်​​ပေါင်းများစွာ ​ပျောက်​ရှသွားခဲ့​သော ​နေရာက​လေးလည်း ဖြစ်​သည်​။

ဟိုအရင်​လို ​တောရိပ်​​တောင်​​ငွေ့မရှိ​တော့၍လား ဒီဝန်းကျင်​က​လေးက မျက်​စိတစ်​ဆုံးအပူသံလျှပ်​​တွေ တွန့်​ထ​နေသည်​။ ပုသိမ်​ မုံရွာလမ်းဆုံမ​ရောက်​မီ​ လမ်း၏လက်​ယာဘက်​၌ စွန့်​ပုံထား​သော ကားဘီးအခွံများက မုန့်​လက်​​ကောက်​​တွေ သွန်​ချထားသလို။

ဒီတာယာဘီးခွံတလုံးကိုပင်​ သိန်း (၇၀) တန်​သည်​ဟု သိရသည်​။ ဤမျှတန်​ဖိုးများ​သော တာယာဘီးများအစ စက်​ကိရိယာ​မြောက်​မြားစွာအဆုံး ​နေ့ညမပြတ်​ နှစ်​ဆယ်​​လေးနာရီမရပ်​မနား စီမံကိန်းကိုလုပ်​​ဆောင်​​နေခြင်းဖြင့်​ သံယဇာတများ၏တန်​ဖိုးကို မ​တွေးဝံ့တော့။ နှစ်​ငါးဆယ်​ စီမံကိန်းသည်​ တစ်​နာရီ၊ တစ်​မိနစ်​မျှပင်​ ​မှေးစက်​ခြင်းမရှိ။ နှစ်​ငါးဆယ်​လုံးလုံး ​နေ့ညမအိပ်​မနား ကား​တွေ​ပြေးလွှား​နေကြပါလိမ့်​မည်​။ စက်​ကို​မောင်းနှင်​​နေ​​သော အလုပ်​သမားများကမူ သံပတ်​​ပေးထား​သည့်​ စက်​ရုပ်​​တော့မဟုတ်​။ ​ငွေ​ပေးထားသည့်​ လူသား​တွေဖြစ်​သည်​။ ​နေ့ဂျူတီ ညဂျူတီမှာ တ​ယောက်​ဆင်း တ​ယောက်​တက်​နှင့်​ လဲ လှယ်​ကာ ကားများ​က​တော့ ရုန်းကန်​ပြေးလွှား​နေဆဲ။ စီမံကိန်းသည်​ ကြက်​သီးအလိမ်းလိမ်းထဖွယ်​​ကောင်းလှသည်​။

မိ​ကောင်းဖခင်​ဆိုတာ အမိ​ကောင်းမှ အဖကိုခင်​ကြောင်း စာအုပ်​တစ်​အုပ်​မှာ ဖတ်​ဖူးသည်​။ အခုလည်း ပြည်​ကိုမချစ်​၍ သယံဇာတကို မခင်​တွယ်​​ခဲ့​လေသလားဟု ​ရောက်​မိ​ရောက်​ရာ ​​ကောက်​ချက်​ချမိ၏။ လူတယေက်​​ကောင်းစာဖို့အတွက်​ လူတယောက်​ ပျက်​လင့်​​ပေးရသည်​ဟု သိခဲ့ရသည်​။ လူနည်းစု​ကောင်းစားဖို့အတွက်​ ​တောဖြို​တောင်​ဖျက်​ခံရမည်​ဟု မဖတ်​မမှတ်​ခဲ့ဘူးပါ။ နိုင်​ငံတ​ခုမှာ ပြည်​သူကိုချစ်​မည့်​ အစိုးရသာ လိုအပ်​ပါသည်​။ အာဏာကိုချစ်​​သော အစိုးရကိုမူ အလိုမရှိပါ။ ပြည်​သူကိုချစ်​လျှင်​ တိုင်းပြည်​ကိုလည်း ချစ်​ပါလိမ့်​မည်​။

လူတိုင်းလူတိုင်းမှာ မိတ်​​​​​​ကောင်း​ဆွေသင်္ဂဟာသည်​ မရှိမဖြစ်​လိုအပ်​သည်​ဟု ထင်​ပါသည်​။ မိတ်​​ဆွေ​ကောင်းမရှိသူသည်​ ဆွံ့အနား မကြား သူနှင့်​ တူလိမ့်​မည်​ထင်​ပါသည်​။ ​နောက်​ ပတ်​ဝန်းကျင်​​ကောင်း လိုအပ်​သည်​ဟု လူတိုင်း​ပြောတတ်​ကြသည်​။ အဲ့ဒီစကားက ကျယ်​လည်းကျယ်​ပြန့်​သည်​ဟု မြင်​မိသည်​။  အိမ်​နီးနားချင်းမှာ လက်​​ဆော့တတ်​သည့်​ ​ဗီဇရှိသူ ကေ​လး၊ လူကြီးရှိလျှင်​ပင်​ သူသူကိုယ်​ကိုယ်​ အလစ်​မ​ပေးရဲ။ အဲဒါလည်း ဝန်းကျင်​မ​ကောင်းခြင်းဖြစ်​သလို ပထဝီအ​နေအထား ချို့ယွင်းပျက်​စီးရာ​နေရာ​ဒေသသည်​လည်း ၀န်းကျင်​မ​ကောင်းခြင်းဖြစ်​မည်​။ ကျမတို့ တဦးချင်းမှာပင်​ မိတ်​​ဆွေ​ကောင်း၊ ဝန်းကျင်​​ကောင်းလိုအပ်​သလို ကျမတို့နိုင်​ငံလည်း မိတ်​​ဆွေ​ကောင်း ၊ အိမ်​နီးချင်းဝန်းကျင်​​ကောင်းလိုအပ်ပါလိမ့်​မည်​။  ဒါ​ကြောင့်​ ကျ​မတို့တ​တွေသည်​ မိခင်​နှင့်​တူ​သော ဖခင်​နှင့်​တူ​သော အစိုးရကို အာသာငမ်းငမ်း ငတ်​မွတ်​​နေခဲ့ကြရသည်​။ ​မျှော်​လင့်​ချက်​များစွာဖြင့်​ ရင်တမမ ဘုရားတသသ။  ပစ္စုပ္ပန်​၌ အသက်​ရှူတိုင်း ရှူတိုင်းမှာပင်​ ​လေးလံ​နေရသည်​။

အခု​လော​လောဆယ်​မှာ​တော့ ​တောပြုန်းယာပြုန်း​နေသည့်​ ဝန်းကျင်​က​လေးသည်​ အပူရိပ်​များတရိပ်​ရိပ်​ တွန့်​ထ​နေသည်​။ ဟိုးနှစ်​များဆီကထက်​ ဒီဝန်းကျင်​ဇုန်​က​လေးက ပူပြင်းသည်​ထင်​သည်​။  ကြည့်​​လေရာ ​ရေဆာ​နေရပြီ။ ​မောဟိုက်​​နေရပြီ။

နေပူပူပြင်းပြင်းထဲက ကိုယ်​ခန္ဓာသည်​ မီးမြိုက်​သလိုခံစားရသည်​။ ​လေပူများပွတ်​တိုက်​ခံ​နေရသည့်​ အ​ရေပြားမှာ ကြက်​သီးများ တဖျန်းဖျန်း ထ​နေသည်​။ မျက်​၀န်းအိမ်​ကမူ ​မြင်​မြင်​သမျှ ​ဝေဝါး​နေခဲ့​တော့၏။