ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၁၅)

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၁၅)
(အတုအယောင်တွေကို ငေးမောရင်းအချိန် ကုန်ကြမည်လား)
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၇

၂၁ ရာပင်လုံ (ဒုတိယအစည်းအဝေး) မှာ “ ဒီချုပ်ပါတီအစိုးရ၊ လွှတ်တော်၊ တပ်မတော်” တို့ တက်ညီလက်ညီ ဝိုင်းပြီး ကျုံး သွင်းကြတာပဲ။  မျှော်လင့်ထားသလို “သားကောင်” က ကျုံးထဲမဝင်တဲ့အတွက်  ပွဲပျက်မသွားအောင် အတိုင်ပင်ခံက ပွဲဝင် ထိန်းပေးပြီး နောက်တချိန်သို့ ရွှေ့ဆိုင်းလိုက်ကြရတယ်။ အဲဒီဖြစ်ရပ်ကနေ အချက် ၃ ချက်မြင်ရပါတယ်။

ပထမဆုံးမြင်ရတဲ့ အချက်က “အစိုးရ၊ လွှတ်တော်၊ တပ်မတော်” တစ်သဘောထဲကိုင်စွဲထားတယ်ဆိုတဲ့ (Package deal) ကို (NCA) လက်မှတ်ထိုးထားတဲ့ “တိုင်းရင်းသားတွေ” ကတောင် ဘယ်လိုမှ ခံတွင်း မတွေ့နိုင်ဘူး၊ လက်မခံနိုင်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။

“မြောက်ပိုင်းအင်အားစုတွေ” ကတော့ NCA မဟုတ်တဲ့သီးခြားလမ်းကြောင်းကို စင်ပြိုင်တင်ပြနေကြတယ် မဟုတ် လား။ ဒီကိစ္စနဲ့ပတ်သက်ပြီး  ဒေါ်အောင်စုကြည်နဲ့ ဒီချုပ်ပါတီအစိုးရက (အသံမပြုသေးတာလား/အသံ မထွက်ဝံ့တာလား/ထွက်စ ရာ ဘာအသံမှမရှိတာလား --- ဆိုတာတော့ မသိပါဘူး) မည်သို့မျှ ပြောဆိုခြင်း မရှိသေးသော်လည်း “ကာချုပ်” နဲ့ စစ်တပ် ဘက်ကတော့ “အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ် --- ဆိုတာတွေကို ခွဲထွက်ရေးလမ်းစဉ် ”  လို့ သတ်မှတ်ယူဆကြောင်း တဖက်သတ်စွပ်စွဲတိုက်ခိုက်ထားတယ်။ ၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေးဖွင့်ပွဲ) စင်မြင့် ပေါ်ကနေ “ကာချုပ်” ကိုယ်တိုင်က ရင့်ရင့် သီးသီးပြောဆိုတာဖြစ်ပါတယ်။

ငါတို့သွားတဲ့လမ်းအတိုင်းလိုက်ပါလျှောက်လှမ်းကြ၊ မသွေဖီကြနဲ့၊ NCA စာချုပ်ပါ “နိုင်ငံရေးလမ်းပြမြေပုံ” ဟာ “ပြည်ထောင်စု ရဲ့ထွက်ရပ်လမ်း” ပဲလို့ပြောနေတာဟာ အပေါ်စီးယူပြီး တဖက်သတ် ပြောနေတာသာဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ကို လျှောက် လှမ်းဖို့ လမ်းကြောင်းတစ်ခုတည်းသာ ရှိတာမဟုတ်ပါဘူး။ “လိုလျှင်ကြံဆနည်းလမ်းရ” ဆိုတာလို သွေးရိုးသား ရိုးတန်းတူရည်တူဆွေး နွေးညှိနှိုင်းဖို့သာ လိုအပ်တာပါ။ ဒီလိုညှိနှိုင်းနိုင်ရင် ပြေလည်နိုင်မယ့် နည်းလမ်းအသွယ် သွယ်ပေါ် လာမှာပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်က “အာဃာတတွေ၊ နာကြည်းချက်တွေ၊ အနာတရတွေကိုပဲ အာရုံထားနေမယ်ဆိုရင် ခြေထောက်မှာ သံလုံးဆွဲပြီး လမ်းလျှောက်တဲ့သူလို ဖြစ်နေမှာပါ” လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခြေထောက်မှာ ဆွဲခံထားရတဲ့ တကယ့် သံလုံးတွေဟာ “၂၀၀၈ အခြေခံဥပဒေ၊ တပ်ငြိမ်းမူ ၆ ရပ်နဲ့ NCA လမ်းကြောင်း” ဆိုတဲ့ သံလုံးတွေတပ်ထားတဲ့ သံခြေကျင်း ပဲဖြစ်ပါတယ်။ အဲဒီသံလုံးသံခြေကျင်းတွေကြောင့်ပဲ ခရီးမတွင်တာပါ။ ဒါတွေကိုဝေဖန်ဖို့ သုံးသပ်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က ပျက်ကွက် နေပါတယ်။  ဒီလို ဆွဲဆိုင်း ချုပ်ကိုင်ထားတဲ့အရာတွေရှိနေတဲ့အကြားမှာ “ဒီချုပ်ပါတီအစိုးရ၊ လွှတ်တော်၊ တပ်မတော်” တစ်သဘောထဲ ကိုင်စွဲထားတယ်ဆိုတဲ့ (Package deal) ဟာ တိုင်းရင်းသား တွေကို ထပ်မံအကြပ်ကိုင်ဖို့အတွက် ခေါင်းနဲ့လည်ပင်းကို စွပ်ပေးလိုက်တဲ့ ကရိယာတွေပဲဖြစ်ပါတယ်။ “ခွဲမထွက်ဘူး” ဆိုတဲ့ ကတိနဲ့အာမခံချက်ပေး တခြားအရာတွေရမယ်ဆိုတဲ့ သဘောထားဟာ အကြပ်ကိုင်မှု စစ်စစ်ဖြစ်ပါတယ်။

စာရေးဆရာကျော်ဝင်းကတော့ “တိုင်းရင်းသားတွေ” တလျှောက်လုံးကိုင်စွဲတောင်းဆိုလာတဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဆိုတာ ကို “စကားလုံးမှပေးသောစိတ်ခံစားမှုကြောင့်” လို့ သရုပ်ဖျက်ပြီး သေးသိမ်းအောင် စော်ကားလိုက်ပါတယ်။ “ကျော်ဝင်း”တို့ အထိုင်နဲ့ ကျောမှီ ထားတာက “၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စု” ဖြစ်တယ်။ ဒီတော့ ကျော်ဝင်းတို့ ပါးစပ်က ဒီလိုစကားတွေ ပြောနေ တာဘာမှမဆန်းဘူး။ ဂွင်ဆင်ထားတဲ့ ကျုံးထဲမဝင်တာ ကျော်ဝင်းက ကြိတ်မနိုင်ခဲရမဖြစ်နေပုံပဲ။ “နောက်မကျ သေးဘူး” လို့ နှပ်ကြောင်း ဆက်ပြီးပေးနေတုန်း ဖြစ်ပါတယ်။

ကျော်ဝင်းတို့လမ်းက “၂၀၀၈ အခြေခံဥပဒေ” ထဲက ပုဒ်မ ၂၆၁ ကိုပြင်ဆင်ပြီး ဇယား (၂) တိုးချဲ့ဖို့ပဲ။ ဒီနေရာမှာ လက်ရှိ ပြန်ကြားရေးဝန်ကြီးဖြစ်နေတဲ့ ဒေါက်တာဖေမြင့်  - ပြည်သူ့အရေးဂျာနယ်မှာရေးသားခဲ့တဲ့ “အတ္တနောမတိ” ကို အလျဉ်းသင့် လို့ ကောက်နုတ်ဖော်ပြပါရစေ။
“သို့သော် လောကကြီးမှာ သစ်ပင်ကြီးကတစ်မျိုး၊ သူ့အကိုင်းအခက်တွေက တစ်ဘာသာဖြစ်နိုင်ပါ့မလား။ အင်ပင်၊ ကညင်ပင် က ကျွန်းကိုင်း၊ ပျဉ်းကတိုးကိုင်းထွက်နိုင်မလား။ မြန်မာတစ်မျိုးသားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရဘဲ လူမျိုးစုတိုင်းရင်းသားများရဖို့ ဖြစ်နိုင် မလား။ နိုင်ငံတော်၏အခြေခံမူများ အပါအဝင် အခန်း ၁၅ ခန်းကို မပြင်ဘဲ မာတိကာမှာပင် ထည့်သွင်းမထားသည့် နောက်ဆက်တွဲ ဇယားများကို ပြင်ရုံဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းနိုင်မည်လား။

ကျွန်တော်တို့သည် အတုအယောင်တွေ ကို ငေးမောရင်းအချိန် ကုန်ကြမည် လား။ ဝမ်းနည်းစရာ၊စိတ်ပျက်စရာ၊ရှက်စရာ”
ဟူ၍ဖြစ်ပါတယ်။

စစ်အုပ်စုအကျိုးစီးပွားဆိုတဲ့ပင်စည်ပင်မကြီးနေ “ဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဋ္ဌာန်ခွင့်” စတဲ့ အကိုင်းအခက်တွေ ထွက်နိုင်ပ့ါမလား၊ “သင့်မြတ်ရေးဂါထာတော်ကြီး” သက်စေ့ရွတ်ဖတ်နေရုံနဲ့လည်း အစို့အညှောက်ထွက်လာဖို့ လမ်းမမြင်မိပါ ဘူး။

တချိန်က “အယ်ဒီတာဖေမြင့်”ဟာ အခုတော့ “ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး” ဖြစ်လာခဲ့ပြီ။ သူဝန်ကြီး ဖြစ်လာ ပြီဆိုတော့ “စာနယ်ဇင်းလွတ်လပ်ခွင့်” ဆိုတဲ့ ကိုင်းကလေးများ ထွက်ပြူလာနေပြီလား။ ဦးဝင်းထိန်က မီဒီယာတွေကို “ကျီးကန်းတွေလို မအာနဲ့” လို့ နင်ပဲငဆပြောနေတယ် မဟုတ်ပါလား။ “အယ်ဒီတာဖေမြင့်” ငြီးတွားသလိုပဲ ကျနော် ငြီးတွားပါရစေ၊“ကျွန်တော်တို့သည် အတုအယောင်တွေကို ငေးမောရင်း အချိန်ကုန်ကြမည်လား။ ဝမ်းနည်းစရာ၊ စိတ်ပျက် စရာ၊ ရှက်စရာ” ။

 ဒီတော့ ကျော်ဝင်းတို့ သဘောထားအနှစ်ချုပ်က“ကိုယ်ပိုင်အုပ်ချုပ်ခွင့်” (Autonomy) ပဲယူကြ။ တိုင်းရင်းသားတွေတလျှောက် လုံး တောင်းဆိုလာတာ“ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ပဲလို့ ပုံသဏ္ဌာန်နဲ့အနှစ်သာရကိုပါ သေးကျုံ့ပစ်လိုက်တယ်။ နွားမရွံ့ပိတ် လုပ်နေကြတယ်။

တနည်းအားဖြင့် တိုင်းရင်းသားတွေရဲ့ အစဉ်အဆက်တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတဲ့ “တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး သမိုင်းလှုပ်ရှားမှု” ကို သိမ်းကျုံးစော်ကားပုတ်ခတ်လိုက်တာဖြစ်တယ်။ ဒီလုပ်ရပ်တွေကို အထူးသဖြင့် ရှမ်းနိုင်ငံရေးသမား တွေက ပိုပြီး နာကြည်းကြမှာ အမှန်ပဲ။

ဒါ့အပြင် ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကို “ပြည်တွင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Internalself-determination)နှင့် “ပြည်ပကိုယ်ပိုင် ပြဌာန်း ခွင့်”(External self-determination) အဖြစ် ကိုးကားခွဲခြားပြလိုက်ပြီး၊ ဒါဟာ တိုင်းရင်းသားတွေထဲမှာ အုပ်စုနှစ်စုကွဲ ထွက် သွားအောင် အချိုသပ်သလိုလိုနဲ့သပ်လျှိုပေးနေတယ်။ ကျော်ဝင်းလောက် မပါးနပ်သူကတော့ ရဲထွန်း (သီပေါ) ဖြစ်တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်း နဲ့ ခွဲထွက်လိုက ခွဲထွက်ပိုင်ပွင့် (၁၉၄၇ အခြေခံဥပဒေ အခန်း ၁၀ ပုဒ်မ ၂၀၁၊ ၂၀၂) ဆန့်ကျင်ဖို့၊ သြဇာချဖို့ “လီနင်နဲ့ ဆိုဗီယက်ယူနီယံ” ကနေ အစချီနေတယ်။

တကယ်တော့ ကျော်ဝင်းနဲ့ ရဲထွန်း (သီပေါ) တို့ရဲ့လုပ်ရပ်ဟာ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး) အစရှိတဲ့ (ရပလ) ခေါင်းဆောင်များကြိုးပမ်းခဲ့ကြတဲ့  ပင်လုံစာချုပ်ဖြစ်ပေါ်ရေး၊ စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်ရေးသမိုင်းရေးလှုပ်ရှားမှုတွေကို တံတွေးနဲ့ ထွေးနေတာ၊ မိုက်မိုက်ကန်းကန်းအိုးမဲသုတ်နေတာသာဖြစ်ပါတယ်။

 (Package deal) ကို “ ဒီချုပ်ပါတီအစိုးရ၊ ဒီချုပ်လွှတ်တော်၊ တပ်မတော်” တို့က တစ်သဘောထဲရှိနေကြချိန်မှာ ကျော်ဝင်းနဲ့ ရဲထွန်း(သီပေါ)တို့ရဲ အာဘော်တွေ တရားဝင်ဖြန့်ဖြူးခွင့်ရနေတာ ဘာမှမဆန်းပါဘူး။ တကယ်တော့ ကျော်ဝင်းတို့၊ ရဲထွန်း (သီပေါ) တို့ရေးသား ပြောဆိုနေတာတွေဟာ စစ်အုပ်စုရဲ့အာဘော်ကို သူတို့ကိုယ်ပိုင်စကားလုံးအသုံးအနှုန်းလေးတွေ၊ လေ့လာမှုတွေ ဖြည့်စွက်ပြီး ပဲ့တင်ထပ်တာ၊ ထုတ်ဖော်ပြောဆိုရေးသားကြတာသာဖြစ်ပါတယ်။ သခင်တင်မြတို့ ၊မောင်စူး စမ်းတို့ ၊ ကိုကိုမောင်ကြီး (ဦးချစ်လှိုင်) တို့ ဗိုလ်နေဝင်း စစ်အုပ်စုနဲ့ (မဆလ) ကို အကျိုးပြုခဲ့ကြသလို ကျော်ဝင်းတို့၊ရဲထွန်း(သီပေါ)တို့က အဲဒီအမွှေကို ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ဆက်ခံကြတာဖြစ်ပါတယ်။

ကျော်ဝင်းတို့၊ရဲထွန်း (သီပေါ) တို့ကတော့ ရှက်စရာတွေကို အရှက်ကင်းမဲ့စွာရေးသားပြောဆိုနေပါတယ်။ ဒီလိုအာဘော်တွေ ကို အစိုးရပိုင်သတင်းစာက စင်တင်ဖြန့်ဖြူးပေးနေပါတယ်။

“နိုင်ငံတော်၊ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ ပြည်ထောင်စု၊ ယဉ်ကျေးမှု ” စတာတွေကို အာဏာရအုပ်စိုးသူတွေကပဲ လိုအပ်ရင် လိုအပ်သလိုစိတ်ကြိုက်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတာပါ။“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”ဆိုတဲ့စကားရပ်အပေါ်မှာလည်းဒီလိုပါပဲ။ တချိန်က “ဖက်ဒရယ်” ဆိုတာ“ပြည်ထောင်စုဖြိုခွဲရေး/ခွဲထွက်ရေး”နဲ့အဓိပ္ပာယ်ချင်းတူတူပဲလို့၊ သရုပ်ဖျက်ခဲ့ကြတာလည်း (အထူးသဖြင့်)စစ်အုပ်စုနဲ့စစ်အာဏာရှင် အုပ်စိုးသူတွေပဲမဟုတ်လား။ အခုတော့ သူတို့က “ဖက်ဒရယ်” ဆိုတာ “ခွဲမထွက်ရ” လို့ အဓိပ္ပာယ်ဖွင့်နေကြပြန်တယ်၊ အကြပ်ကိုင်နေကြတယ်။

ဒုတိယအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်အစိုးရအပေါ်မှာ“တိုင်းရင်းသားတွေ”မျှော်လင့်ထားတဲ့ အနာဂတ်ဖက်ဒ ရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ အချက်ဟာ အစိုင်အခဲအဖြစ် မတည်ရှိတော့ဘူးဆိုတဲ့အချက်။  

တတိယအချက်ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်စီစဉ်ညွန်ကြားတဲ့ “၂၁ ရာစု ပင်လုံညီလာခံ”ဆိုတဲ့ ဇာတ်ကားကြီး ဟာ  ပေရှည်ဇာတ်မျောနေအုံးမှာဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။

ညွှန်း
ဖေမြင့် - အတ္တနောမတိများ ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၆၊ စာမျက်နှာ ၃ - မှ
Photo credit : Independent