ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်လွန်း-Burma Storybook ကိုကြည့်ပါ၊ ငြိမ်းချမ်းရေးကဗျာ ဆရာ မောင်အောင်ပွင့်ကို ကမ္ဘာ့အဆင့်နဲ့ဂုဏ်ပြုပါ။


Burma Storybook ကိုကြည့်၍ ငြိမ်းချမ်းရေးကဗျာဆရာ
မောင်အောင်ပွင့်ကို ကမ္ဘာ့အဆင့်နဲ့ ဂုဏ်ပြုကြ
(မိုးမခ)၊ဇွန် ၁၄၊ ၂၀၁၇

ဒီနေ့ ဇွန် ၁၄ -၁၉ ရက်နေ့တွေမှာ ရန်ကုန်မြို့ဝဇီရာရုပ်ရှင်ရုံနဲ့ Junction City တို့မှာ လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်၊ လူ့အခွင့်အရေးနဲ့ စစ်ပွဲကင်းမဲ့တဲ့တိုင်းပြည်ဖြစ်ရေး (ငြိမ်းချမ်းရေး) တို့ အတွက် အာဏာရှင်အဆက်ဆက် ဖိနှိပ်ထားခြင်းခံရတဲ့တိုင်းပြည်မှာ ဘဝတလျှောက်လုံး ကလောင်ကိုင်ပြီး အာခံတော်လှန်ခဲ့တဲ့ ကဗျာဆရာမောင်အောင်ပွင့်ရဲ့ဘဝပုံရိပ် မှတ်တမ်းရုပ်ရှင် Burma Storybook ကို ပြသသွားမယ်လို့ ကြားသိရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။
ဆိုတော့ တလောလေးက ကျနော်လတ်တလောအခြေချနေထိုင်တဲ့ နယူးဇီလန်နိုင်ငံမှာ ဒီကားကို ၁၂ ကြိမ် မြောက် နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပွဲတော်အဖြစ် ဘယ်နေရာ ဘယ်မြို့ ဘယ်နေ့မှာ ပြသမယ်၊ မြန်မာ့ဒီမို ကရေးလှုပ်ရှားတက်ကြွသူများကို သိစေအပ်ပါတယ်ဆိုပြီး ဖေ့ဘွတ်နဲ့ အွန်လိုင်းမီဒီယာတခုကနေ ဆော်သြ တော့ ကိုယ်တိုင်လည်း စာရေးကောင်းပြီး စာပေကိုအထူးလိုက်စား နှစ်မြို့ပုံရှိတဲ့ လူလတ်ပိုင်းတယောက်က လှမ်းမေးလာပါတယ်။
ကဗျာဆရာအောင်ပွင့်ဆိုတာ တခါမှမကြားဖူးဘူးတဲ့။ နည်းနည်းမိတ်ဆက်ပေးပါအုံးလို့ဆိုလာပါတယ်။
သြော် ဟုတ်ပေသားပဲ။ သူဟာ ဘဝတလျှောက်လုံး ထောင်ထဲမှာလိုလိုနေခဲ့ရ၊ ပြီးတော့ အာဏာပိုင်တွေ ဖမ်းဆီးခံရမယ့်ဘေးက ပြေးရှောင်နေရ၊ နောက်ဆုံးထောင်ကျတဲ့ ၁၉၉၉-၂၀၀၅ ပြန်လွတ်လာတော့ မသေ ရုံတမယ် မြော့မြော့လေးအဖြစ်နဲ့သာ ပြန်ထွက်လာရတဲ့ အသက် ၇၀ ကျော် အဘိုးအိုတယောက်ဟာ ဒီနေ့ မျိုးဆက်သစ်လူငယ်လေးတွေကျက်စားရာ လူမှုကွန်ယက် စာမျက်နှာတွေဖြစ်တဲ့ ဖေ့ဘွတ်တို့၊ တွတ်တာတို့ နဲ့ အွန်လိုင်းမီဒီယာတွေရှိရာဆီကို အရောက်မှမလာနိုင်ခဲ့တော့ လူလတ်လူငယ်ပိုင်း (အထူးသဖြင့် ၈-လေး လုံး နောက်ပိုင်း လူလားမြောက်လာသူတွေ) အသိနည်းရတာပေါ့။ ပြီးတော့ နည်းပညာတသစ်ဆန်း ခုန်ပျံ လွှားနေမှုတွေကလည်း အကြောင်းတရား ဖြစ်မှာပေါ့။
ဒီတော့ စာနည်းနည်းရှည်မယ်ထင်တယ်။ Burma Storybook (မြန်မာပုံပြင်စာအုပ်) အကြောင်း နည်းနည်း ပါးပါးပြောချင်လို့ပြောနေပေမယ့် ကမ္ဘာကြီးတဝန်းလုံးက နိုင်ငံအားလုံးဆီကို လှည့်လည်ပြသနေရတဲ့ ထိပ် တန်းကမ္ဘာ့မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ တင်ပြလောက်ရတဲ့ ကဗျာမောင် အောင်ပွင့်အကြောင်းကိုတော့ နည်း နည်းပြောရမယ်လို့ထင်မိတယ်။
(ဆိုတော့ သိပြီးသူတွေ ကျော်သာဖတ်သွားရင်လည်း ဖြစ်ပါတယ်။ )
နောက်ဆုံးအကြိမ်ထောင်ကအထွက် ပြန်ဆုံကြပေါ့

ကဗျာဆရာမောင်အောင်ပွင့်ဆိုတာ မြန်မာ့လွတ်လပ်ရေးခေတ်ဦး ၁၉၄၈-၅၀  သူ ငါးနှစ်သားထဲက ညီ နောင်တွေအချင်းချင်း ခင်းခဲ့ကြတဲ့ ပြည်တွင်းစစ်မီးတောက်ထဲမှာ အမေပျောက်ခဲ့ရသူ၊ သူ့ဘဝ တသက် တာလုံး သူ့အမေအရွယ်တဦးတယောက် တနယ်နယ် တမြို့မြို့ တရွာရွာမှာ သားပျောက်ရှာနေတယ်လို့ ကြားရင် ကြားတဲ့နေရာကိုမျှော်လင့်ကြီးကြီးစွာနဲ့အပြေးသွား ရှာဖွေစုံစမ်းတတ်လေသူ အမိမဲ့သားကဗျာ ဆရာတယောက်ဆိုတာ ကဗျာလောကသားတွေကတော့ သိပြီးကြတာများပါတယ်
“ မှတ်မိနေတယ်ဗျာ၊ ကျနော်ငယ်ငယ်က ကျနော်တို့ရွာဘက်မှာ ကျနော့်အမေအရွယ်မိန်းမကြီး တယောက် ကိုစစ်သားတွေက ရန်သူ့ဒေါက်တိုင်လို့စွပ်စွဲပြီးသစ်ပင်တပင်မှာကြိုးနဲ့ချည်၊ ပြီးတော့ မီး ရှို့ပြီးသတ်ခဲ့တယ် ဗျာ၊ ပြီးတော့ တခြားတနေရာမှာလည်း ကျနော့်အမေအရွယ် မိန်းမကြီးက စစ် စခန်းတခုရှေ့လျှောက်မိ တော့ သင်္ကာမကင်းဖူးဆိုပြီး စစ်ဘက်က ပစ်သတ်တာတွေ ကြားရတယ်ဗျ၊ အဲဒီလိုအခါတိုင်း ကျနော့် အတွေးထဲ မြင်မိထင်မိတာက ကျနော့်အမေဟာလည်း ဒီလို အဖြစ်မျိုးနဲ့ပဲ လူ့လောကကြီးကနေစွန့်ခွာပြီး ကျနော်တို့ထားခဲ့လေသလားပေါ့”
၁၉၈၈- ၉၀ နှစ်များ၊ ကျနော်တို့ရဲ့အိပ်မက်ဖူးမဂ္ဂဇင်းတိုက်လေးရှိရာကို ခိုခိုနားနားရောက်လာချိန်များမှာ သူ ကျနော့်ကိုပြောပြတတ်တဲ့ ဘဝမီးလောင်မြေများအကြောင်း။
ဒါကြောင့်လည်း လူမမယ် ၅ နှစ်သား မိခင်ရင်ခွင်မဲ့ကလေးတယောက်ရဲ့အသိစိတ်နဲ့နှလုံးသားမှာ “ပြည် တွင်းစစ်” ဆိုတဲ့အပေါ် နာကျည်းဖွယ်၊ စက်ဆုပ်မုန်းတီးဖွယ်အဖြစ် ခံစားနားလည်ခဲ့ရင်း အရွယ်ရောက်လာ တော့ အဲဒီ့အတွက်အဖြေဟာ စစ်ပွဲတွေအကြွင်းမဲ့အဆုံးသတ်သွားစေမယ့် ငြိမ်းချမ်းရေးအယူအဆပဲ ဖြစ် လာတယ်လို့ ကျနော်က သူ့အပေါ်မြင်ပါတယ်။
ဒီ့အတွက်လည်း ဒီအမြင်ဒီအယူအဆကို ဘဝအသက်ဓာတ်လိုခံယူထားသူပီပီ သူ့ယုံကြည်ရာအတိုင်း သူ ကဗျာတွေရေးဖွဲ့ခဲ့သလို သူ့ဘဝနေထိုင်လုပ်ကိုင်မှုအားလုံးဟာလည်း ငြိမ်းချမ်းရေးအဓိပ္ပာယ်တွေနဲ့ချည်း လှုပ်ရှားပြုမူ နေထိုင်ခဲ့တာပါ။ အခြားတဖက်မှာက တိုင်းပြည်မှာ စစ်မီးတောက်တွေ တညီးညီးတောက် လောင်နေဖို့ စစ်မီးတွေကိုမပြတ်မွှေး၊ စစ်ပွဲကြီးတွေအမြဲခင်းထားနိုင်ကာမှ ဆွေ၇ ဆက်၊ မျိုး ၇ ဆက် စည်း စိမ်ဥစ္စာ အကျိုးစီးပွား ကြီးကြရလေတော့ ငြိမ်းချမ်းရေးဆိုတဲ့တရားဟာ သူတို့တွေအဖို့ ဓမ္မန္တရာယ်ပေါ့။ အဖျက်တရားပေါ့။ အဲဒီ့အခါ ငြိမ်းချမ်းရေး နှလုံးသားနဲ့ ကဗျာဆရာဟာ သူတို့အတွက် ရန်သူညှိုးဘက် ဖြစ် ခဲ့ရတာပေါ့။
လက်နက်ကိုင်ပြီး စစ်မီးတောက်ဖန်တီးသူတွေက ငြိမ်းချမ်းရေးဆိုတာဟာ သူတို့ရဲ့အာဏာနဲ့ သူတို့ရဲ့ လုပ် ပိုင်ခွင့်တွေ ဆုံးရှုံးလက်မဲ့သွားရခြင်းလို့သာ အမြင်ရှိလေတော့ ပြည်တွင်းစစ်မီးဟာ ယခုရာစု နှစ်ဝက်မက တိုင် တာရှည်တောက်လောင် ကျွမ်းမြေ့နေရတာမဟုတ်လား။ သူတို့ အတွက်တော့ စစ်ပွဲတွေဟာ စီးပွား ရေးပဲ။ လူ့အသက်တွေဟာ စစ်စီးပွားရေးအလိုရမ္မက်အတွက် စတေးခံ သက်သက်ပဲ။ 
အမေမဲ့သား၊ သားပျောက်အမေ၊ လူမစုံနိုင်တော့တဲ့ မိသားစုထမင်းဝိုင်း၊ ဒီအမြင်တွေနဲ့ကဗျာတွေ ရေး ဖွဲ့တဲ့၊ စစ်ပွဲကင်းမဲ့တိုင်းပြည်ဖြစ်ဖို့ ငတ်ငတ်မွတ်မွတ် တမ်းတမ်းတတတောင်းတတတ်တဲ့သူ့ကို စစ်အာဏာ ရှင်တွေဟာ (၁၉၆၇-၈)နဲ့ (၁၉၇၇-၈) တို့မှာ ပုသိမ်ထောင်နဲ့ အင်းစိန် ထောင်တို့မှာ ဖမ်းဆီးအကျဉ်းချခဲ့ပါ တယ်။ သူပြောနေကျစကားက ဆယ်နှစ်တကြိမ်ပုံမှန်အဖမ်း ခံနေရတာပေါ့ဗျာတဲ့။ ဆိုတော့ (၁၉၈၈) ဒီမို ကရေစီရေး လူထုအရေးတော်ပုံကာလကြီးမှတော့ အာဏာပိုင်များမဖမ်းဆီးသေးမီ သူက မူလတန်းပြ ဆရာမလေးဖြစ်တဲ့ ဇနီးဒေါ်နန်းညွန့်ရွှေ၊ လူမမယ်သား မောင်ကြီးငြိမ်းချမ်းနဲ့ သမီးလုံမငြိမ်းချမ်းတို့ကို ခွဲခွာပြီး အဝေးကို ရှောင်တိမ်းနေခဲ့ရ ရှာပါတယ်။
အော် သူချစ်တဲ့ သူမြတ်နိုးလိုလားတဲ့ ပြည်တွင်းစစ်ကင်းမဲ့ငြိမ်းချမ်းရေး၊ အေးအတူပူအမျှ ငြိမ်းချမ်းရေး၊ အဘသခင်ကိုယ်တောင်မှိုင်းမြင်ချင်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေးသည်သာ တခုတည်းသော သူ မြတ်နိုးတန်ဖိုးထားရာ။ ကြည့်၊ သားဦးကလေးမွေးတော့ မောင်ကြီး ငြိမ်းချမ်းတဲ့။
၁၉၇၈ -သမီးလေးမွေးတော့ …၊ သမီးလေးမွေးတော့ သူက အထက်ကဆိုခဲ့သလို အကျဉ်း ထောင်ထဲရောက်နေချိန်။ ချစ်ဇနီးဆရာမလေးနန်းညွန့်ရွှေက အကျဉ်းထောင်ထဲကို သမီးလှလှ ပန်းလှလှလေးကို နံမယ်ပေးလှဲ့လိုက်ပါအုံးအမှာပါးတော့ သံတိုင်တွေမှီကာ အတွေးတွေဝေ လျက် ညည အိပ်မရတော့ဘူးတဲ့။
“ကျနော့်ကို အက်စ်ဘီကအရာရှိက မေးတာဗျ၊ ကိုအောင်ပွင့် ခင်ဗျားခုတလော အရင်လို မဟုတ် မှိုင်လှ တွေလှချေလားဆိုတော့ ကျနော်အိပ်မပျော်တဲ့အကြောင်း သူ့ပြောပြမိတာပေါ့ဗျာ၊ သမီးလေးဖို့ နံမယ်ပေး အရွေးခက်နေတယ်ပေါ့”
“အဲဒီတော့ ..” ကျနော်က သူ့ရဲ့ရီဝေညှိုးဖျော့နေတဲ့မျက်နှာကိုကြည့်ရင်းစကားထောက်တော့..
“ အဲဒီ့မောင်က အရင်ရော ကလေးရှိလား၊ ဘာနံမယ်ပေးထားလဲ မေးသဗျ၊ ကျနော်က သားဦးလေး ရှိတာ၊ ပေးထားတဲ့နံမယ်က မောင်ကြီးငြိမ်းချမ်းဆိုတာပါ ပြောရတာပေါ့”
၁၉၈၈-၉ ကာလများ။ ဆရာမောင်အောင်ပွင့်က မွန်းကြပ်တဲ့ ရန်ကုန်မြို့ပြရဲ့အရိပ်မှာ အလိုရှိနေသူတွေ မြင်ကွင်းက လူလုံးပျောက်အောင်ဖျောက်ရင်းခိုလှုံနေရချိန် တရက်သားမှာ ကျနော်နဲ့ စကားစပ်မိရာက အိမ် လွမ်းနာကျနေတဲ့အချိန်လေးပေါ့။ သူကပြောနေရင်း မျက်လုံးအိမ်ထဲမှာခိုတွဲလာတဲ့ မျက်ရည်ကြည်ကို မျက် တောင်ပုတ်ချလိုက်ပြီး…
“ အကိုက မောင်ကြီးငြိမ်းချမ်းဆိုမှတော့ ညီမလေးက လုံမငြိမ်းချမ်းဖြစ်ရမှာပေါ့ဗျာ ဘာခက်လဲ ဆရာပွင့် ရယ်လို့ ဒီအက်စ်ဘီမောင်က ဖျတ်ခနဲပြောလိုက်တယ်ဗျာ။ ကျနော်လင်းခနဲဖြစ်သွားတယ်။ သမီးလုံမနံမယ် က အဲဒီလိုလေးနဲ့ဖြစ်လာတာ”
သြော် မောင်ကြီးငြိမ်းချမ်း …တဲ့။ လုံမငြိမ်းချမ်း…တဲ့။ မငြိမ်းချမ်းရှာတဲ့ ငြိမ်းချမ်းလေးတွေ။
သူ့ဘဝတလျှောက်လုံးလည်း မငြိမ်းမချမ်းတဲ့ငြိမ်းချမ်းရေး။
ကစားသေနတ်တောင် ဝယ်မပေးဖူးဘူး
၁၉၉၀- များလွန်တော့ အရွယ်ရောက်လာတဲ့ မောင်ကြီးငြိမ်းချမ်းက စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန် လို့ရတဲ့ အရပ်ကိုထွက်သွား။
၅ နှစ်သားအရွယ်က အမေ့ရင်ခွင်ပျောက်ခဲ့သူကဗျာဆရာဟာ အသက် ၅၀ အရွယ်မှာတော့ သား တယောက်က ရင်ခွင်ထဲကပျောက်ရှ အနှစ် ၂၀ မက။ သူက တတိယအကြိမ် ထောင်နှစ်ရှည် ကျခဲ့ရပြန်။
သူပြန်လွတ်လာတော့ ကျန်းမာရေးက ယဲ့ယဲ့။ လူပုံပန်းက နွမ်းဖတ်လျလျ။
အဲဒါ ကဗျာဆရာမောင်အောင်ပွင့်ဆိုတာပါပဲ။
….
အဖွင့်မှာပြောသလို Burma Storybook (မြန်မာပုံပြင်စာအုပ်) ကို နယူးဇီလန်က မြို့ကြီး ၂ မြို့ မှာပြတော့ နည်းနည်းခရီးလှမ်းပေမယ့် မဖြစ်မနေသွားရောက်ကြည့်ရှုခဲ့ပါတယ်။
အဲဒီ့လိုကြည့်တော့ ဘာခံစားရသလဲလို့မေးခဲ့ရင် ကျနော်ဂုဏ်ယူပါတယ်၊ အားတက်ပါတယ်၊ တက်ကြွပါ တယ်။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်ခေတ်အဆက်ဆက် ကမ္ဘာကြီးနဲ့သီးခြားကင်းလွတ်ပြီး နှစ် ရှည်အထီးကျန်ခံထားရတဲ့စစ်ဖိနပ်အောက်အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ဘဝကို ကလောင်လေးတချောင်း ကိုင်ပြီး  မင်းဆိုးမင်းညစ်တွေကို အာခံတော်လှန်ခဲ့တဲ့ အာဂကဗျာဆရာတယောက်ရဲ့စွန့်လွှတ်အနစ်နာခံမှု ကြီးစွာနဲ့တိုက်ပွဲဝင်မှုကို ကမ္ဘာကသိမြင်သွားကြမှာမို့ပါ။ ပြီးတော့ ယနေ့ ကမ္ဘာကြီးကတောင် မျက်စေ့လည် ချင်ချင်ဖြစ်နေတဲ့ ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အရပ်သားအစိုးရလက်ထက် မှာပါ ကျနော်တို့ စာပေသမားတွေ၊ ဂျာနယ်လစ်တွေ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်မရလို့  ဖမ်းဆီး ထောင်ချခံနေရချိန်မဟုတ်လား။ ဒီလိုအချိန်မှာ Burma Storybook ကနေ ကျနော်တို့ပဲ့တင်ထပ်ပြီး ပြောနို င်တာတွေ ပြောကြဖို့၊(မပြောနိုင်)က တနည်းမဟုတ်တနည်းနဲ့ ပြကြဖို့ လိုတယ်ထင်မိပါတယ်။ ကမ္ဘာကြီးက မျက်စေ့လည်နေတယ်လေ။ ဖားလိုခုန်မလား ငါးလိုကူးကြမလား ဖြစ်နေတာကို ဂဃနဏမှမသိကြတာ။
ပြီးတော့ မှန်တာပြောရရင် ကမ္ဘာကြီးက မြန်မာကိုသိပ်မသိဘူး၊ မြန်မာကဗျာ မြန်မာစာပေဆိုတာတော့ ဝေး ရောပေါ့။ မြန်မာကဗျာတွေက မြန်မာလူ့ဘောင်အဖွဲ့အစည်းကို ဘယ်လိုရိုက်ခတ်တယ် သြဇာသက်ရောက် မှုရှိတယ်ဆိုတာတွေကို မသိဘူးပေါ့။ မြန်မာကဗျာဆရာတွေရဲ့ သြဇာကိုအတိုဆုံးပြရရင် ကိုလိုနီနယ်ချဲ့ ဗြိတိသျှတို့လက်အောက်မှာနေရစဉ် အမျိုးသားလွတ်မြောက်ရေး၊ ကိုယ်ထီးကိုယ့်နန်းနဲ့နေရရေးတို့အတွက် လေးချိုးကဗျာကြီးတွေရေးသားခဲ့တဲ့ဆရာကြီးသခင်ကိုယ်တ်ာမှိုင်းဟာ မျက်နှာဖြူအစိုးရရဲ့ ရန်သူတော်နံ ပါတ် ၁ ဖြစ်ခဲ့တာမျိုးအထိ သြဇာကြီးသူဆိုတာ။
Burma Storybook မှတ်တမ်းရုပ်ရှင်က အဲဒါတွေကို ပြသချိန် မိနစ် ၁၂၁ မိနစ်အတွင်းမှာ တာ ဝန်ယူ ပြောပြသွားနိုင်ခဲ့ပါတယ်။ အမှောင်တိုက်ကြီးထဲမှာကာလတာရှည်နေခဲ့ရတဲ့ စစ်ဖိနပ်အောက်က ပြည်သူတို့ ရဲ့ လက်ရှိအခြေအနေကိုလည်း ပြကွက်တချို့တွေနဲ့ အမိအရလှစ်ဟပြလိုက်တာမျိုး တွေလည်း သတိထား မိပါတယ်။ ရိုက်ချက်တခုနဲ့တခုဟာ သာမန်ရုပ်ရှင်ဇာတ်လမ်းတခုလို တကွက်ချင်း ချိတ်ဆက်ပြထားတာ မျိုးမဟုတ်ဘဲ ကဗျာတပုဒ်ကိုဖတ်နေရသလို ကြည့်သူဖက်က အာရုံခံစားမှုပါးလျရင် ပါးလျသလောက် လှလှပပ ချိတ်ဆက်ပြထားတာတွေလည်း မြင်ရနိုင်ခံစားရနိုင်ပါတယ်။
ပြကွက်တွေမှာ တောင်ပေါ်တိုင်းရင်းသားဒေသတွေက လူမျိုးနွယ်စုတချို့ရဲ့ပြောင်းလဲသစ်လွင် ဖွံ့ဖြိုးတိုး တက်လာမှုမရှိသေးတဲ့ ခေတ်ဟောင်းလူနေမှုပုံစံပြ ဘဝများ။ လက်နက်ကိုင်တပ်များရဲ့အနိုင်ကျင့်ဗိုလ်ကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကြောက်ရွံ့ပြေးရှောင်နေရဆဲအဖြစ် မလုံခြုံသေးသောအဖြစ်များ။
အခွင့်ထူးခံလူချမ်းသာတွေရဲ့ ဒေါ်လာသိန်းချီတန်တဲ့ကားတစီး လူပုံအလယ်ကနေ အရှိန်ပြင်း ပြင်းနဲ့မောင်း ထွက်သွားတာကို ဆဲဆိုကျန်နေခဲ့တဲ့ သာမန်လူနေမှုဘဝထဲက အခြေခံကျကျ လူတစု။
ပြုတ်ပြက်လွင့်ထွက်သွားမလားထင်ရအောင် ခါယမ်းလွန်းထိုးလှုပ်နဲ့နေတဲ့ ရထားတတွဲပေါ်က အသက်ဘဝ တွေ၊ လျော့တိလျော့တွဲ မရေမရာမှုအတိနဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ် မေဘချစ် ပြည်သူလူထုဘဝများ။
ခေတ်နဲ့အညီ တိုးတက်လာတဲ့ လူမှုကွန်ယက် အသုံးအဆောင်ပစ္စည်းတွေ သုံးသူကသုံး၊ နတ်ကွန်း ကန္နား တွေ ခေါင်းငုံ့လျှိုးပြီး ကိုးသူကကိုး။ ကာလာအရောင်စုံတက်တူးအလှတွေ တကိုယ်လုံးမှာ ထိုးသူနေသူတွေ က ထိုး။ 
ဒါရိုက်တာ Petr Lom နှင့်ဇနီး Corinne van Egeraat
ဟုတ်တယ်။ တက်တူးထိုးခြင်းကိုခုံမင်ပုံရတဲ့ ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမလေးတဦးကတော့ အိုင် ဒီယာဟောင်းတွေ အမြင်ဟောင်းတွေကို ဆန့်ကျင်ပယ်လှန်ကာ ရဲဝံ့တဲ့အမြင်နဲ့ နားယဉ်ဖို့ခက်သေးတဲ့ စကားလုံးမြောက်မြောက်ကဗျာတပုဒ်ကိုရွတ်ဆိုလို့။
မြန်မာ့ရိုးရာသင်္ကြန်ဆိုတဲ့ပွဲမှာတော့ လွတ်လပ်ပွင့်လင်းလာတဲ့ လူ့ဘောင်အဖွဲ့အစည်းလို့ ခေါ်မလား၊ အမှောင်ထုထဲက ရုတ်တရက်လွတ်မြောက်လာတဲ့ အလင်းငတ်သူတွေလို့ပြောမလား.. ဒန့်စ်တွေ၊ တွစ်စ်ေ တွ၊ ရှိတ်တွေ တွန့်လိမ်ကောက်ကွေး ဗိုက်ပေါ် ဖင်လျှောတွေ။
ဒါ ကျနော်အာရုံထဲကျန်ခဲ့တာလေးတွေပါ။ ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်ကာလ အသံချဲ့စက်ကြီး ကားပေါ် ဖွင့်လျက် အန်အယ်လ်ဒီအလံတလူလူနဲ့ နယ်လှည့်ခရီးစဉ်ထွက်လာတာကို ပြတဲ့ပြကွက်အပြီး သိပ်မကြာ ခင်မှာ မီးပုံပျံလွှတ်ပွဲမှာ ငှက်ရုပ်ကြီးမိုးပေါ်ပျံတက်နိုင်အောင် မှိုင်းဝဝတိုက်၊ လွှတ်ချိန်လောက်ကိုက်ခါကျ တော့မှ မထင်မှတ်ဘဲ အဲဒီ့ငှက်ရုပ်ကြီး ဟုတ်ခနဲ တခဏချဉ်း မီးလောင် ပြုတ်ကျ၊ ဘာဆိုဘာမှပြန်မရတဲ့ပုံ။ ဒါ နိမိတ်ပုံပြကွက်တွေလား။
ဆရာမောင်အောင်ပွင့်က နိုင်ငံရေးအကျဉ်းစံဖြစ်ခဲ့ရတဲ့ဘဝသရုပ်ကိုပြောပြတာက လက်တမိုက် လောက်ရှိ တဲ့ နှီးဖျားလေးတခုကိုကိုင်ပြီး ပုရွက်ဆိတ်လေးတွေကို ဒီပေါ်တင်လိုက်ရင် သူတို့က ဟို ဘက်ထိပ်ကို လျှောက်သွားလိုက်၊ ဆုံးသွားတော့ ဒီဘက်ကိုပြန်လှည့်လာလိုက်။ ဆုံးသွားတော့ ဟိုဘက်ကိုတခါ …ဒီလိုနဲ့ တချိန်လုံး၊ ညအိပ်တယ်လည်း မရှိဘူး။ ဒါ နိုင်ငံရေးအကျဉ်း သားတွေအတွက်ရယ်ပဲလား။ လောကသံ သရာမှာ လျှောက်လှမ်းနေကြသူတွေ အားလုံးကရော ဘယ်လောက်ရှည်တဲ့ နှီးဖျားပေါ်မှာ အခေါက်ခေါက် လျှောက်လှမ်းကြမှာလဲ။
နောက်တခါ ထောင်အကြိမ်ကြိမ်ကျနေတဲ့ ခင်ပွန်းသည် ဆရာမောင်အောင်ပွင့်ရဲ့ ရှုမငြီးတဲ့ ချစ် ဇနီးရဲဘော် ဆရာမဒေါ်နန်းညွန့်ရွှေက “ အော် သူတို့လိုချင်တဲ့အခါ ခေါ်သွားတော့ ခေါ်သွား တယ်လို့မှတ်လိုက်တယ်။ သူတို့ပြန်လွှတ်ချိန်က လွှတ်လိုက်တယ်လို့ပဲမှတ်လိုက်တယ် ဒီလိုပါပဲ တဲ့ ” (စကားလုံးအတိအကျမမှတ်မိ) ဆိုတဲ့သဘော သူ့ရဲ့လောကဓံကို ခုခံတုံ့ပြန်ပုံကိုကြားရတော့ အတွင်းသိအချင်းသိချင်းမို့ ကျနော် တော် တော်ဆို့နစ်သွားခဲ့ပါတယ်။ ဒါဟာ အာဏာရှင်စနစ်အောက်မှာ ကျနော်တို့နေနေကြရတဲ့ မြန်မာပြည်သူ တွေရဲ့ဘဝ၊ အာဏာရှင်နဲ့သဘောထားမတူဘဲ ဆန့်ကျင်တွန်းလှန်နေသူတိုင်းရဲ့ပြယုဂ်အဖြစ် ကျနော်က ခံစားရတာမဟုတ်လား။
နိဂုံးပိုင်းမှာတော့ အနှစ် ၂၀ လောက် ကွဲကွာနေတဲ့ သားနဲ့ပြန်တွေ့ကြတဲ့အခန်း။

စိတ်လှုပ်ရှားခံစားမှုနဲ့ အတူ
ဘဝလုံးပေးဆပ်၊ တဘဝလုံးအနစ်နာခံ၊ တဘဝလုံး တော်လှန်ဆန့်ကျင်သူကြီးမှာ ၂၀၀၅ ခု ထောင်က ပြန်ထွက်လာတော့ ယဲ့ယဲ့သာရှိတော့။ ခန္ဓာကိုယ်က ပိန်လှီဖျော့တော့၊ အသံက တိုးယဲ့ယဲ့မပီမသ။ လက် တွေ ခြေတွေက တဆတ်ဆတ်တုန်ခါလျက်။
တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ လွတ်လပ်စွာပြောရေးဆိုခွင့်၊ လူ့အခွင့်အရေးတို့အတွက် တဘဝလုံး တဘဝ လုံး…။ ကျနော် ဖန်သားပြင်ပေါ်က သူ့ရုပ်လွှာကိုကြည့်ပြီး မျက်ရည်တွေတွေ ကျနေမိ။
လေဆိပ် လူအုပ်အုပ်ကြားမှာ သားကိုစောင့်နေတဲ့ အသက် ၇၀ အရွယ်ကဗျာဆရာအဘိုးအိုတဦးရဲ့ မှုန်ရီ ဝိုးဝါးမျက်လုံးအစုံ။ အဲဒီ့မျက်လုံးအစုံမှာ ကပ်ငြိနေတာက မျှော်လင့်ချက်နဲ့လက်ပနေတဲ့ အပြာရောင် မျက် ရည်ကြည်ကြည်များ။
ဆရာမောင်အောင်ပွင့်က အာဏာရှင်ကိုဆန့်ကျင်ဖို့ လက်နက်ကိုင်တော်လှန်ရေးတဲ့ဝင်သွားတဲ့အပေါ် သူ ပြောခဲ့တာတွေထဲမှာ “ကလေးထဲက သေနတ်ကစားစရာကိုတောင် ဝယ်မပေးခဲ့ဖူးဘူး” တဲ့။ ကလေးဘဝ ထဲက လက်နက်နဲ့မယဉ်ပါးစေချင်၊ လက်နက်ကိုအားမကိုးစေချင်ခဲ့တဲ့ ကဗျာဆရာဟာ သားပေါ်မြင်တဲ့ အမြင်ပါ။
ပြီးတော့ သူပြောသွားတဲ့အထဲမှာ စကားလုံးအတိအကျမမှတ်မိတော့ပေမယ့် ကျောင်းသားနဲ့ တပ်မတ်ာဆို တာ ဘယ်လိုမှဆက်စပ်ခံစားလို့ကိုမရဘူးဗျာတဲ့။ ဒါပေမဲ့ …ဒါပေမဲ့ ။
နှစ်ပေါင်း ၂၀ ဝေးနေတဲ့သားအဖနှစ်ယောက်၊ အာဏာရှင်ကိုဆန့်ကျင်ရာမှ နည်းနာမတူပေမဲ့ ရည်ရွယ်ချက် တူကြတဲ့သားအဖနှစ်ယောက်၊ သားနဲ့အဖေတွေ့ဆုံခန်းမှာ ဟိုးအဝေး ဥရောပ နိုင်ငံတခုမှာ အိမ်ထောင်ရက် သားကျနေတဲ့သားက သူ့အဖေ ကမ္ဘာ့လူ့အခွင့်အရေးဆုရှင်ကြီး၊ သူ့အဖေ သတင်းသမားလွတ်လပ်ခွင့် ဆု ရှင်ကြီးရဲ့နွမ်းလျမောပန်းဟန်နဲ့ ထိုင်နေတာကိုတမြေ့ မြေ့ကြည့်ပြီး ဘာမှပြောလို့မထွက်တော့ဘဲ အံကြိတ် ထိန်းထားတဲ့ကြားက မျက်ရည်တွေတဒီးဒီး စီးကျနေတဲ့မြင် ကွင်း။
နောက်တခန်းမှာတော့ မြစ်ပြင်ကိုကျောခိုင်းထားတဲ့ အဝေးရောက်သား မောင်ကြီးငြိမ်းချမ်းကို ပြပါတယ်။ မောင်ကြီးငြိမ်းချမ်းကလေးဘဝက သူ့အဖေကို အာဏာပိုင်တွေကဖမ်းသွားတဲ့အခါ သူငါးမျှားလေ့ရှိတာ လေးနဲ့ ချိတ်ဆက်ပြပါတယ်။“ ကျနော်က ငါးမျှားတဲ့အခါ ငါးမြန်မြန်ရပါစေ ငါးမြန်မြန်ရရင် အဖေ မြန်မြန် လွတ်မယ်ဆိုပြီး မျှားပါတယ်တဲ့။ ဒါပေမဲ့ ကံမကောင်းချင်တော့ ငါး တကောင်မှကိုမရဘူး” တဲ့။
ဒါကိုလည်း ကျနော်တော့ စိတ်ထိခိုက်တယ်။ ကလေးတယောက်ရဲ့အသိဉာဏ်နဲ့နုလုံးသားကို ဘယ် လောက် ညှဉ်းပမ်းနှိပ်စက်ရာရောက်သလဲ။ ဆက်စပ်စဉ်းစားတော့ သူ့ဖေဖေက ကစားစရာသေနတ်တောင် မဝယ်ပေးဖူးဘူးဆိုခဲ့ပေမယ့်…ကလေးဘဝက စိတ်ဒဏ်ရာကိုဘာနဲ့ကုစားမှ ပျောက်နိုင်မလဲဆိုတဲ့အဖြေက သေသေချာချာမရှိတဲ့လောကလေ။
ဒီတော့ ကျနော်က သားမောင်ကြီးငြိမ်းချမ်းနဲ့ရော အဖေဆရာပွင့်နဲ့ပါ ရင်ဘတ် ရင်ဘတ်ချင်း၊ ဘဝဘဝချင်း လွန်းတင်ကျစ်ထားတဲ့လူဆိုတော့ မျက်ရည်တွေတွေကျမိပါတယ်။ တကယ်က ဒီအဖေနဲ့ ဒီသားကြားမှာ လောက်မဟုတ်ဘူး။ ၁၉၈၈ - ကနေ ဒီနေ့ဒီအချိန်ထိ အာဏာရှင်ကို ဆန့်ကျင်ရင်း ရှင်ကွဲသေကွဲ အကွဲကြီး ကွဲခဲ့ကြတဲ့ အမေနဲ့သားအဖေနဲ့သား၊ အမေနဲ့သမီး၊ အဖေနဲ့သမီး အသီးသီးတွေအတွက်၊ ပြီးတော့ ရှိနေ မှန်းသိနေပါလျက်တိုင် မပေါင်းစည်းနိုင်ကြသေးသူများ၊ စာနာစိတ် နဲ့မျက်ရည်ရယ်ပါ။
Burma Storybook အဆုံးမှာ ဖင်လန်နိုင်ငံမှာ ကိုယ်ပိုင်မိသားစုဘဝလေးကိုတည်ဆောက် ရုန်းကန်နေရပုံ ကိုတဖက်၊ လှုပ်လှီလှုပ်နွဲ့ယိုင်ယွဲ့အိုမင်းနေတဲ့ဖခင်က သူချစ်တဲ့အမိပြည်မှာ သူယုံကြည်ရာအတိုင်း အသက် ရှင်သန်နေထိုင်နိုင်ဖို့ သူ့ဘဝချစ်ရဲဘော် ချစ်ဇနီးနန်းနဲ့ လျှောက်လှမ်းနေပုံလေးကို ပြသထားပါတယ်။
မှတ်တမ်းရုပ်ရှင်ရဲ့နိဂုံးကို မိုးကောင်းကင်ပေါ် အောင်အောင်မြင်မြင် လွှင့်ပျံတက်သွားတဲ့မီးပုံပျံကြီးကိုပြပြီး မီးပုံပျံကြီးတရွေ့ရွေ့တလူလူ လွင့်တက်သွားချိန်မှာ လွှတ်တင်နေကြသူတွေဆီက ဆရာမောင်အောင်ပွင့် ...ဆရာမောင်အောင်ပွင့်...ဆရာ မောင်အောင်ပွင့်ဆိုပြီး သံပြိုင်ရေရွတ်သံတွေကလည်း အထပ်ထပ်လွင့်ပျံ ပဲ့တင် နေပါတယ်။
သိပ်လှတဲ့ မြင်ကွင်းပါ။
ဒီမှတ်တမ်းကားကို မှတ်တမ်းရုပ်ရှင်လောကမှာ ဆယ်စု၂ စုနီးပါး စိုက်လိုက်မတ်တပ် ရပ်တည်ရိုက် ကူးနေတဲ့ ကမ္ဘာ့အဆင့် ဒတ်ခ်ျနိုင်ငံက ဒါရိုက်တာ Petr Lom နဲ့ဇနီး တွဲဘက် စီစဉ်ထုတ် လုပ်သူ Corinne Va Egeraat တို့က မြန်မာပြည်မှာ ၂ နှစ်လောက်အချိန်ယူပြီး ရိုက်ကူးထားတာပါ။ ကင်မရာရိုက် ချက်ကောင်းကောင်း၊ ကဗျာဆရာတယောက်ဘဝ မှတ်တမ်းမို့ လိုက်ဖက်အောင် တင်ပြပုံ၊ နိမိတ်ပုံ ကောင်းကောင်းတွေနဲ့ တင်ဆက်ထားတာပါ။ အထူးသဖြင့် အခြားမှတ်တမ်း ရုပ်ရှင်တွေနဲ့မတူ ခြားနား တာက ကဗျာဓာတ်၊ ကဗျာသဘော၊ ကဗျာနိမိတ်ပုံ၊ ကဗျာ အသံ၊ ကဗျာပုံရိပ်တွေချည်း အလင်းအမှောင် အရောင်အသွေးတွေနဲ့  အလေးထား ဖော်ဆောင်ပေးသွားတာပါ ပဲ။
Burma Storybook မှာ ကဗျာဆရာတွေရဲ့ကဗျာရွတ်သံတွေ၊  လက်ရှိမြန်မာပြည်နောက်ခံ သက်ဝင် ကားချပ်ရုပ်ပုံတွေကိုမြင်ရတော့ တိုင်းပြည်နဲ့ဝေးနေသူတယောက်အဖို့ ကိုယ့်လက် ကောက်ဝတ်က သွေး ကြော ကိုယ်ပြန်စမ်းမိလိုက်သလို၊ ကိုယ့်ရင်ဘတ်ပေါ် ကိုယ့်လက်ဖိကပ်ထားရင် ကြားနေရတဲ့တဒိတ်ဒိတ် သွေးခုန်သံတွေလို အသက်ဝင်လှပါတယ်။ လှတယ်ဗျာ။ တချို့အခန်းတွေဆို မူရင်းအလင်းအမှောင် အတိုင်း သဘာဝကျကျရိုက်ပြထားတော့ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက် လူမှုဘဝသရုပ်ကိုများ တမင်ပြချင်လေသလားထင်ရအောင် ခပ်မှိုင်းမှိုင်း၊ ခပ်အုံ့အုံ့နဲ့။ မွန်းကျပ်သလိုလို မောသလိုလိုအဖြစ်နဲ့။ တခုခု ဒါမှမဟုတ် အားလုံး ဘာမှမရသလိုလိုမျိုးနဲ့။
ရုပ်ရှင်အပေါ်ခံစားမှုကိုတော့ ဒီလောက်ပဲပြောပါရစေတော့။
နောက်ပြောလိုတာက Burma Storybook ဟာ မှတ်တမ်းရုပ်ရှင်ဆိုတဲ့အတိုင်း ဇာတ်လမ်း ဇာတ်အိမ်တွေ လုပ်ယူတည်ဆောက်ထားတာမျိုးမရှိပေမယ့် ကဗျာဆရာဘဝစစ်စစ်ကိုက ဘာမှ ထပ်ဖန်တီးစရာ မလို တော့အောင်ပြည့်စုံနေတာမို့ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများဟာ ဘာမှ သိပ်ကြိုးစားရမယ်လို့ မထင်ချင် စရာပါပဲ။ ဆရာမောင်အောင်ပွင့်ဘဝကိုယ်၌က ဇာတ်လမ်းကြီးမဟုတ်လား။ ဒါပေမဲ့ ကျနော်တို့ကြည့်ခဲ့ရတဲ့ ပြပွဲနေ့မှာ Burma Storybook ဖြစ်လာဖို့ မြန်မာပြည်မှာ ၂ နှစ်ကျော်ကြာရိုက်ကူးခဲ့တဲ့ရိုက်ချက်တွေကို ပြန် တည်းဖြတ်ရွေးချယ်ကြရာမှာ အတိုင်ပင်ခံအဖြစ်ပါဝင်ခဲ့တဲ့ Jean Tsien နဲ့တွေ့တော့ သူပြောပြတာက “ရိုက်ချက်တိုင်းလိုလိုက ကောင်းလွန်းတော့ ဘယ်အရာကိုယူလို့ ဘယ်အရာကိုဖယ်လိုက်ရမလဲဆိုတာ တော်တော်ကိုပဲ ဆုံးဖြတ်ရခက်ခဲခဲ့ပါတယ်” တဲ့။
ဟုတ်တယ်။ အဲဒီ့ရုပ်ရှင်ကိုရိုက်ကူးနေတဲ့ကာလမှာ မြန်မာကဗျာတွေ အများကြီးရရှိ ရိုက်ကူးခဲ့ရတယ်လို့ ဒါရိုက်တာ Petr Lom နဲ့ ဓာတ်ပုံအနုပညာသမား Dana Lixenberg တို့ က ဆိုပါတယ်။ သို့သော်လည်း Jean Tsien ပြောခဲ့သလိုပါပဲ၊ ကဗျာတွေ လူတွေအားလုံး ခြုံမိငုံမိအောင်တော့ ရုပ်ရှင်က မလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုရုပ်ရှင်ထဲမှာမပါဝင်တဲ့ ကဗျာတွေအတွက် အကောင်းဆုံး သူတို့စီစဉ် စဉ်းစားလုပ်ပေးထားတာက Hard Cover နဲ့ ဓာတ်ပုံပါ ကဗျာစာအုပ်အုပ် ၁၀၀၀ ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ စီစဉ်ထားပါသတဲ့၊ အဲဒီ့ စာအုပ်ကို မေ ၂၈ ရက်က ကမ္ဘာပေါ်မှာ အထင်ရှားဆုံး နိုင်ငံတကာကဗျာစာပေအနုပညာပွဲတော် (နယ်သာ လန် ) မှာ စပြီး ဖြန့်ခဲ့တယ်လို့ဓာတ်ပုံအနုပညာသမား Dana က ပြောဆိုထားပါတယ်။
ဆိုတော့မြန်မာနိုင်ငံမှာ Burma Storybook  ရိုက်ကူးစဉ် ပါဝင်ခဲ့ကြတဲ့လူတွေအတွက်တော့ ကြည်နူး ဂုဏ် ယူစရာ ဖြစ်ရမယ့်အပြင် ကိုယ့်ဘဝမှာ မှတ်မှတ်ရရ ဂုဏ်ယူသိမ်းဆည်းထားရမယ့် စာအုပ်တအုပ်ဖြစ်လာ မယ်လို့ ထင်ပါတယ်။
နောက်ထပ်ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ Burma Storybook ကိုစီစဉ်ရိုက်ကူး ထုတ်လုပ်သူ တွေက ဒီမှတ်တမ်းကားကို အနယ်နယ်က မြန်မာပြည်သူလူထုကြားပျံ့ပျံ့နှံ့နှံ့ရောက်ရှိဖို့အတွက် အခမဲ့ရုပ်ရှင်ရုံလေး တွေအဖြစ်နဲ့ ပြသဖို့တောင် ကြိုးစားနေကြပါတယ်။ ဒီကားကို အနည်းဆုံး လူ ၂ သန်းခန့် ကြည့်နိုင်ဖို့ျှော်မှန်းထားတယ်လို့ ပြောပါတယ်။ အဲ့ဒီ့အတွက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးက ကူညီမယ်လို့ လည်း သိရပါတယ်။
ဆရာမောင်အောင်ပွင့် ပဲ့တင်

ကျနော်နိဂုံးချုပ်ပါ့မယ်။ နယူးဇီလန်ကို ၁၂ ကြိမ်မြောက်နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပွဲတော်အတွက် မှတ် တမ်းကားပေါင်း ၆၉  ကားရောက်လာရာမှာပါဝင်ခဲ့တဲ့ Burma Storybook က အခြားကားများနဲ့မတူ တမူ ထူးတာတခု လုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဒါက ရုပ်ရှင်ကြည့်လာတဲ့ မြန်မာ့အရေးလေ့လာသူ၊ စိတ်ဝင်စားသူ များအတွက်  ဆရာမောင်အောင်ပွင့်က စကားလက်ဆောင်တခု(လူမှုကွန်ယက်ကတဆင့်) ပါးပေးလာတာ ကို ကျနော်က ကီဝီပရိတ်သတ်တွေဆီ ပြန်ပေးလိုက်နိုင်ပါတယ်။ အဲဒါ့က
 “ ငြိမ်းချမ်းရေးဆိုတာ ကိုယ့်ရင်ထဲက စတယ်လို့ ကျနော်ယုံကြည်စွဲမြဲတယ်”
မောင်အောင်ပွင့်
“The origin of peace is from one`s heart, this is always i believe in.”-
Maung Aung Pwint
-      ဆောင်းပါးဖြစ်မြောက်ရေးကူညီပေးတဲ့ နယူးဇီလန်နိုင်ငံ၊ ဟမ်မီလ်တန်မြို့ ကြက်ခြေနီအဖွဲ့မှ ကိုစောခွန်မှိုင်းကို ကျေးဇူးတင်ကြောင်းပါ။
ခင်လွန်း