မြဇင်ယော် ● နေရာမှားတဲ့ အထားအသို


မြဇင်ယော် ● နေရာမှားတဲ့ အထားအသို
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၇

(၁)
လက်​ထဲက စာအိတ်​​လေးဟာ ကျွန်​မရဲ့​မျှော်​လင့်​ချက်​ကို ရိုက်​ချိုးပစ်​လိမ့်​မယ်​လို့ မ​တွေးခဲ့မိဘူး။ စာအိတ်​ထဲက အမှတ်​စာရင်းစာရွက်​​လေးဟာ သားအ​ပေါ်ထားတဲ့ ကျွန်​မယုံကြည်​ချက်​ကို သံသယပွား​စေလိမ့်​မယ်​လို့ မထင်​ခဲ့မိဘူး။ မ​တောင်းခိုင်းမိရင်​လည်း ​ကောင်းသားပဲ သားရယ်​...။ အခု အမှတ်​စာရင်းရလာ​တော့ သားအ​ပေါ် တခါမှ စိတ်​မပျက်​ဖူးတဲ့ ဒီအ​မေ စိတ်​ပျက်​ခဲ့ရပါ​ပေါ့ သား​ရေ...။

(၂)
၉ တန်းအထိ စာ​တော်​ခဲ့တဲ့ ကျွန်​မ သားအ​ဖေကို​တွေ့​တော့ ပညာ​ရေးတပိုင်းတစနဲ့ ခိုးရာလိုက်​​ပြေးခဲ့တယ်​။ သူလည်း သူ တတ်​တဲ့ ပန်းရံပညာနဲ့ လုပ်​​ကျွေးရှာပါတယ်​။ ကျန်းမာ​ရေးမ​ကောင်းရှာတဲ့ သူ့အ​မေကြီးကို ​ဆေးကုရတာရယ်​၊ စားဝတ်​​နေ​ရေးရယ်​ဆို​တော့ သူရှာတာနဲ့တင်​ မ​လောက်​ဘူး။ ကျွန်​မလည်း အလုပ်​လုပ်​ခဲ့ရတယ်​။

ပညာမစုံတဲ့ကျွန်​မ ဘာလုပ်​တတ်​မှာလဲ။ အဝတ်​လိုက်​​လျှော်​ရတာ​ပေါ့။ လုပ်​ခါစက​တော့ ရှက်​လိုက်​တာ​လေ။ မိဘအိမ်​ပြန်​ဖို့​တောင်​ စိတ်​ကူးမိတယ်​။ အို...မိဘကို ဒီ​လောက်​ဒုက္ခ​ပေးရ ​တော်​​ရော​ပေါ့ လို့​တွေးပြီး ပင်​ပန်းဆင်းရဲမှုကို ခါးစည်းခံခဲ့ပါတယ်​။ ကိုယ်​ဝန်​ရလာ​တော့ ​ဆေးခန်းသွားပြီး ကိုယ်​ဝန်​​ဆောင်​​စောင့်​​ရှောက်​မှု မခံယူနိုင်​ခဲ့ဘူး။ ​နေ့​ရွှေ့ ည​ရွှေ့နဲ့ ​မွေးရက်​နီးလာတဲ့ အထိပဲ။

သားအ​ဖေ အလုပ်​ခွင်​မှာ ငြမ်းပြုတ်​ကျလို့ ဆုံးပါးသွား​တော့ သား​လေး ​မွေးပြီးခါစ။ ​ယောက္ခမကြီးက စိတ်​ဆင်းရဲမှုဒဏ်​​တွေနဲ့ ​ရောဂါသည်းလာ။ သားအ​ဖေရတဲ့ ​လျော်​​ကြေး​ငွေနဲ့ကြိုးစားပြီးကု​ပေမယ့်​ သား​လေး ၃ လ အရွယ်​မှာ သူ့သား​နောက်​ လိုက်​သွားရှာတယ်​။ ကျွန်​မ​တော့ ကျွန်​မသား​လေးနဲ့ နှစ်​​ယောက်​တည်း​ပေါ့။

သွေးနုသားနု ကျွန်​မ သွား​လေရာ သား​လေးကို​ခေါ်သွားပြီး အလုပ်​လုပ်​ရပါတယ်​။ အရင်​က ​တွေ့ခဲ့ရတဲ့ ဆင်းရဲမှု​တွေဟာ အခုနဲ့ယှဉ်​လိုက်​​တော့ မ​ပြောပ​လောက်​​တော့ဘူး။ ခင်​ပွန်းသည်​​ရော ​ယောက္ခမမိဘ​ရော မရှိ​တော့တဲ့အချိန်​မှာ အသက်​ရှူရတာ​တောင်​ ပင်​ပန်းတယ်​။ သား​လေးများ ​နေထိုင်​မ​ကောင်းဖြစ်​ပြီဆိုရင်​ ​နေစရာကိုမရှိဘူး။

သား​လေးကို ကျွန်​မလို ပင်​ပင်​ပန်းပန်း အလုပ်​မလုပ်​ရ​အောင်​ ကြိုးစားမယ်​ဆိုတဲ့ စိတ်​သာမရှိခဲ့ရင်​ ကျွန်​မဆိုတာ လူ့​လောက မှာ မရှိနိုင်​​တော့ဘူး။ သား​လေးက ကျွန်​မခွန်​အားပါ။ သား​လေးကို ပညာတတ်​ကြီးဖြစ်​​အောင်​ လုပ်​မယ်​ဆိုတဲ့ စိတ်​ကူးနဲ့ တတ်​နိုင်​သမျှ ပိုက်​ဆံ​လေး​တွေ စုရတာ ကျွန်​မအတွက်​ အား​ဆေးပါ။

သား​လေး ​ကျောင်းစတက်​တဲ့​နေ့က ကျွန်​မဘဝမှာ အ​ပျော်​ဆုံးပဲ။ သား​လေး ပညာတတ်​ကြီးဖြစ်​ဖို့ ပထမ​ခြေလှမ်း​လေ။ ပညာတတ်​ကြီးဖြစ်​လာခဲ့ရင်​ ပင်​ပင်​ပန်းပန်း ပိုက်​ဆံမရှာရ​တော့ဘူး။ ​နောင်​​ရေးစိတ်​​အေးရပြီဆိုတဲ့ အ​တွေး​ပေါ့။

မကြာပါဘူး။ သား ဆရာမအိမ်​ အဝတ်​သွား​လျှော်​​တော့ ဆရာမက ​ပြောပြတယ်​။ သူများတွေ "က" ​ရေး​နေပြီ။ သားက "ဝ" မဝိုင်းတတ်​​သေးဘူးတဲ့။ ကျွန်​မ ဘာပြန်​​ပြောရမှန်း မသိ​တော့ဘူး။ ဆရာမက စိတ်​မညစ်​ဖို့၊ က​လေးကိုမဆူဖို့၊ အားတဲ့အချိန်​မှာ သူ့အိမ်​ပို့​ပေးဖို့နဲ့ သူ စာ​ရေးကျင့်​​ပေးမယ့်​အ​ကြောင်း ​ပြောပါတယ်​။ တ​ကယ်​​တော့ သား​လေးအ​ပေါ်မှာ ဆရာမရဲ့ ​ကျေးဇူး​တွေက အများကြီးပါ။
                    
ဘယ်​လိုပဲ သက်​ဆိုင်​ရာ ဆရာဆရာမ​တွေက ​စေတနာနဲ့ ကြိုးစား​ပေး​ပေမယ့်​ သား​လေးဟာ ၄ တန်း​ရောက်​တဲ့အထိ မြန်​မာစာတန်း​အောင်​ မဖတ်​တတ်​​သေးဘူး။ ၈ တန်း​ရောက်​​တော့ အစိုးရစစ်​တဲ့။ သား​လေး ဘယ်​​အောင်​မှာလဲ။ ကျ​တာ​ပေါ့။ ကျွန်​မလည်း သား​လေး သူငယ်​တန်းတုန်းက ဆရာမဆီသွားပြီး ငိုမိတယ်​။ ဆရာမက "အဲ့ဒါ​ကောင်းသွားတာ​၊ စာ​ကြေတာ​ပေါ့၊ စိတ်​မညစ်​ပါနဲ့၊ သားကို မဆူပါနဲ့" တဲ့။ ဆရာမ ​ပြောလိုက်​မှပဲ စိတ်​သက်​သာသွားတယ်​။ သား​လေး စိတ်​မညစ်​​အောင်​ ဘယ်​လို​ပြောရမလဲ ဆိုတာပဲ စဉ်းစားရတယ်​။

ဒါ​ပေမယ့်​ ကျွန်​မကပဲ ကံ​ကောင်းတာလား၊ သားကပဲ ကံဆိုးတာလားမသိဘူး။ ၈ တန်းကျတဲ့သူ​တွေကို ကုစားစာ​မေးပွဲ ပြန်​အ​ဖြေခိုင်းတယ်​။ သား​လေး ​အောင်​သွားပါ​လေ​ရော။ ကျွန်​မအတွက်​​တော့ တနှစ်​စာ ​ကျောင်းစားရိတ်​ သက်​သာသွား​ပေမယ့် ဆရာမ​ပြောသလိုဆို စာ​ကြေပါ့မလား။

၉ တန်း​ရောက်​​တော့ ​ဘောဂတွဲ ယူတယ်​တဲ့။ သားက မြန်​မာလို ​ရေးထားတာကို ဖတ်​​တော့ဖတ်​တတ်​​နေပြီ။ စာလုံး​ပေါင်းမှန်​​အောင် ​ပြန်​မ​ရေးတတ်​​သေးဘူး။ အင်္ဂလိပ်​လို သင်​ရတဲ့ ကျန်​ ၄ ဘာသာလည်း မရပါဘူး​လေ။ ကျူရှင်​ယူချင်​တယ်​​ပြောလို့ ထား​ပေးလိုက်​တယ်​။ ကိုးတန်း​တော့ ​အောင်​သွားပါတယ်​။
             
ဆယ်​တန်း​ရောက်​​တော့ နှစ်​စကတည်းက ကျူရှင်​ထားရပါတယ်​။ ​ကျောင်းနဲ့ ကျူရှင်​ နှစ်​ခုလုံးက ဆရာဆရာမ​တွေက သား​လေး စာမလိုက်​နိုင်​တဲ့အ​ကြောင်း၊ ​အောင်​နိုင်​​ခြေမရှိ​ကြောင်း အမြဲသတိ​ပေးပါတယ်​။ အစမ်းစာ​မေးပွဲရမှတ်​​တွေလည်း ပြ တယ်​။ သား​လေးအ​ကြောင်းသိတဲ့ ကျွန်​မက သားကို စိတ်​မပျက်​ဖို့၊ ဇွဲမ​လျှော့ဖို့၊ ဝီရိယထားဖို့ အား​ပေးရုံပဲ တတ်​နိုင်​ပါတယ်​။

သားအ​ပေါ်ထားတဲ့ ကျွန်​မ​မျှော်​လင့်​ချက်​ကိုလည်း သားသိ​အောင်​ ​ပြော​ပေးရတယ်​။ သားဟာ နှစ်​ချင်း​ပေါက်​ မ​အောင်​နိုင်​ဘူးဆိုတာ သိ​ပေမယ့်​ ကျွန်​မ စိတ်​မပျက်​ပါဘူး။ ပညာ​ရေးကံနည်းတဲ့ သားမို့ သူများ​တွေထက်​​တော့ အချိန်​ပိုကြာမှာ ​သေ ချာတယ်​။ ကျွန်​မ ကြိုးစားပြီး အလုပ်​လုပ်​ရုံ​ပေါ့။

အားလုံးထင်​ကြတဲ့အတိုင်း သား​လေး စာ​မေးပွဲကျပါတယ်​။ ​အောင်​စာရင်းထွက်​တဲ့​နေ့က သား​လေး မျက်​နှာမ​ကောင်းဘူး။ "သား​လေး စိတ်​မပျက်​ပါနဲ့၊ ဒီနှစ်​မ​အောင်​ရင်​ ​နောက်​နှစ်​​ပေါ့၊ ငါ့သားကို အ​မေက မ​အောင်​မချင်းထားမှာ" လို့ ​ပြော​ပေးရတယ်​။ ကျွန်​မ စိတ်​မညစ်​ဘူးဆိုတာ သားကို သိ​စေချင်​လို့ပါ။

ပြဿနာက သားကစတာ။ စာရွက်​ ၁ ရွက်​လာပြလို့ ကြည့်​မိတယ်​။ "သား အမှတ်​စာရင်း​လေ အ​မေ၊ ​ဘောဂ ၁ ဘာသာပဲ ကျတာ။ ကျန်​တာ​တွေ ၆၀ ​ကျော်​၊ ၇၀ ​ကျော်​​တွေချည်းပဲ" တဲ့။ ကျွန်​မ အ​မေပဲ။ သိပ်​​ပျော်​တာ​ပေါ့။ "အစမ်းစာ​မေးပွဲတုန်းက အမှတ်​​တွေနဲ့​တော့ ကွာပါ့၊ ​တော်​လိုက်​တာ ငါ့သား၊ အ​မေ အားရှိတယ်​၊ ​နောက်​နှစ်​ ​အောင်​ကို​အောင်​မှာ ကြိုးစား ငါ့သား " လို့ ဝမ်းသာအားရ ​ပြောပြီး သား​နေတဲ့ကျုရှင်​က နှစ်​ကျအတန်းကိုတက်​ဖို့ သွားအပ်​ရပါတယ်​။

ဆရာကြီးနဲ့​တွေ့​တော့ သားအမှတ်​စာရင်းကို ပြလိုက်​တယ်​။ ဆရာကြီးက အံ့သြပြီး "မဖြစ်​နိုင်​ဘူးဗျာ" တဲ့။ ကျွန်​မ ​ထောင်း ခနဲ စိတ်​ဆိုးမိတယ်​။ "ဒီစာရွက်​က စာစစ်​ဌာနက ထုတ်​​ပေးတာမဟုတ်​ဘူးဗျ၊ ဘယ်​ကရတာလဲ " တဲ့။ ကျွန်​မက မသိ​ကြောင်း ​ပြောပြရပါတယ်​။ "ကျွန်​​တော်​ ​တောင်း​ပေးမယ်​၊ ရရင်​ ခင်​ဗျားကို အ​ခေါ်လွှတ်​လိုက်​မယ်​"။

သြော်​...ဆရာကြီးရယ်​။ ဆရာဖြစ်​​နေပြီး သားကို ဒီ​လောက်​​တောင်​ မယုံကြည်​ဘူးလား။ သားက လိမ်​​ပြော​နေတယ်​ ထင်​တာ လား။ ကျွန်​မသားက လုံးဝ မလိမ်​တတ်​ပါဘူး။ အမှတ်​စာရင်း ရမှ ဆက်​​ပြောကြတာ​ပေါ့ ဆရာကြီး။

(၃)
စာအိတ်​ကိုင်​ထားတဲ့ ကျွန်​မလက်​ဟာ ​တော်​​တော်​တုန်​​နေတယ်​။ ဒါ မျက်​စိနဲ့ မြင်​နိုင်​တဲ့​နေရာမို့။ နှလုံးကိုသာ မျက်​စိနဲ့ မြင်​ရမယ်​ဆိုရင်​ လက်​ထက်​ပိုတုန်​​နေတာ ​တွေ့ရမှာပါ။ ဖွင့်​ပြီး ချက်​ချင်း မကြည့်​ဝံ့ဘူး။ မနည်း အားယူရတယ်​။ အမှတ်​စာရင်း ဟာ သား​ပြောသလို ဖြစ်​မှာလား။ ဒါမှမဟုတ်​ သား ဆရာကြီး ထင်​သလိုများ ဖြစ်​​နေမလား။ ကျွန်​မကြည့်​လိုက်​တဲ့အချိန်​မှာ ဆရာကြီးက ကြည့်​ပြီး​နေပြီ။ ကဲ ကျုပ်​ မ​ပြောဘူးလားဆိုတဲ့ မျက်​နှာ​ပေးနဲ့ကြည့်​​လိုက်​ပြီး မျက်​နှာညှိုးသွားရှာတယ်​။ ​သြော်​  သူလည်း ဆရာပဲ။ စိတ်​မ​ကောင်းဖြစ်​ရှာမှာ​ပေါ့။

ကျွန်​မက​ရော...။ ရုပ်​သာရှိပြီး နာမ်​မရှိတဲ့ ဗြဟ္မာ့ဘုံကိုများ ​ရောက်​​နေသလား။ ပတ်​ဝန်းကျင်​ကိုလည်း သတိမထားမိဘူး။ ဆရာကြီး ပါးစပ်​လှုပ်​​နေတာ မြင်​ရတယ်​၊ ဘာ​တွေ​ပြော​နေလည်း မကြားရ​တော့ဘူး။ ဘာသာစုံကျလို့၊ အများဆုံးမှ ၂၇ မှတ်​ထဲရလို့ မဟုတ်​ဘူး။ သား ပညာ​ရေးအ​ခြေအ​နေ ကျွန်​မသိတာပဲ။ အမှတ်​စာရင်း​ကြောင့်​​တော့ မတုန်​လှုပ်​ဘူး။ သားဟာ ဘာ့​ကြောင့်​ ညာ​ပြောရတာလဲ အဲ့ဒါကို တုန်​လှုပ်​တာ။

နေ့စဉ်​ရက်​ဆက်​ ပညာတတ်​ကြီး ဖြစ်​ရမယ်​ဆိုတဲ့ ကျွန်​မစကား​တွေက သားကို ညာ​စေတာလား။ စာလုပ်​​နေရင်​ပြီး​ရော သား အရွယ်​နဲ့ သင့်​​တော်​တဲ့ အိမ်​အလုပ်​က​လေး​တွေကို​တောင်​ တာဝန်​မယူခိုင်းခဲ့တဲ့ ကျွန်​မက သားကို လှည့်​ဖျား​စေတာ လား။ စားကြိုးစားဖို့ကလွဲရင်​ ကျန်​တာ ဘာမှသင်​မ​ပေးခဲ့တဲ့ ကျွန်​မက ဟန်​​ဆောင်​ ဖုံးကွယ်​တတ်​​အောင်​ လုပ်​ခဲ့တာလား။ အမှတ်​စာရင်းကို လိမ်​ခဲ့တဲ့သား ကြီးလာလို့ လိမ်​ညာတဲ့သူဖြစ်​သွားရင်​ ဘယ်​လိုလုပ်​မလဲ။

ပညာ​ရေးအားနည်းတဲ့သားကို စိတ်​မပျက်​ဖူးတဲ့ ဒီအ​မေ သားလိမ်​တာ ခံရ​တော့ ရင်​ထဲ တစစ်​စစ်​ နာကျင်​ရတယ်​။ ​သေချာ စဉ်း၏စားကြည့်​​တော့ ကျွန်​မဖြစ်​​စေချင်​တာ ဒီပုံစံ မဟုတ်​ခဲ့ဘူး။ စာမတတ်​လို့ ဘဝမဆုံးဘူး။ ရိုးသား​ဖြောင့်​မတ်​မှု မရှိရင်​ ကျွန်​မသား​လေး ဘဝဆုံးလိမ့်​မယ်​။

ပင်​ပင်​ပန်းပန်း ပိုက်​ဆံရှာရင်​ ရှာရပါ​စေ။ စာရိတ္တ မဆင်းရဲ​စေချင်​ဘူး။ ကြည့်​စမ်း...သားကို ဒီလိုစကားမျိုး​တွေ ဘာ​ကြောင့်​မ​ပြောပြခဲ့မိပါလိမ့်​။ ကျွန်​မ မှားတာပဲ။ ပညာတတ်​ကြီးဖြစ်​ရမယ်​ဆိုတဲ့ စကား​တွေက သားကို ​ချောင်​ပိတ်​မိ​စေခဲ့တာ။ ကျွန်​မကိုယ်​တိုင်​ သားအ​ပေါ် တကယ်​​မျှော်​လင့်​တာဘာလဲ အခုမှ သ​ဘော​ပေါက်​မိတယ်​။

သားကို စကားပြန်​ပြင်​​ပြောရမယ်​။ အဓိကကို ​နောက်​ချန်​ထားပြီး သာမညကို ​ရှေ့တန်းတင်​မိတဲ့ ဒီအ​မေကို ခွင့်​လွှတ်​ဖို့နဲ့ ရိုးသားကြိုးစားဖို့၊ အရှိကို အရှိအတိုင်းလက်​ခံဖို့က အဓိကလို့။ အ​ရေးမကြီးတဲ့ကိစ္စ​တွေအတွက်​ အ​ရေးကြီးတဲ့ စိတ်​ဓာတ်​​လေးမပျက်​စီးပါ​စေနဲ့လို့။         ။

မြဇင်​​ယော်
0