နီဇူလိုင်-ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ

ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ
နီဇူလိုင်
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇

         ၂၀၁၇  ဇူလိုင်(၇)ရက်..။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အဦ ဟောင်း နေရာမှာ မျိုးဆက်အသီးသီးက ကျောင်းသားတွေ သွားရောက်စုရုံးကြပြီး (၅၅)နှစ်မြောက် ဆဲဗင်းဂျူလိုင် နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြတာကို သတင်းတွေထဲကနေ မြင်ရပါတယ်။
         မိုးတဖွဲဖွဲ။ သမဂ္ဂရင်ပြင်ထဲက ကိုအောင်ကျော်ကျောက်တိုင်မှာ ခွပ်ဒေါင်းအလံလွှမ်းပြီး အလေးပြု နေကြတဲ့ နုနယ်ပျိုမြစ်တဲ့ဒီနေ့မျိုးဆက်ကျောင်းသားကျောင်းသူတွေမြင်လိုက်ရတော့ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ကျော်က စစ်အာဏာရှင် ဗိုလ်နေဝင်းနဲ့အပေါင်းပါတွေရဲ့ လက်ချက်နဲ့ကျောင်းသားတွေ သွေးမြေကျခဲ့ သေ ဆုံးခဲ့ရတဲ့ ဇူလိုင်(၇)ဖြစ်ရပ်ကို မျိုးဆက်သစ်တွေဟာ မေ့မပစ်ကြဘူး။ သိနေကြတယ်။ သမိုင်းဝင်ကျောင်း သားသမဂ္ဂအဆောက်အဦကြီးကို  ဒိုင်းနမိုက်နဲ့ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တဲ့ဗိုလ်နေဝင်းနဲ့ အပေါင်းပါတွေကို  ရှုတ်ချဆန့်ကျင်နေကြတယ်။ ဒီအသိတွေကို..ကျောင်းသားမျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်း လာကြတယ်။ စစ်အာဏာရှင်တွေရဲ့ ကျောင်းသားထုတရပ်လုံးအပေါ်တင်ကျန်နေတဲ့သမိုင်းကြွေး သမိုင်း အမည်းစက်တွေဟာ ဘယ်လိုပဲဖုံးကွယ်ဖျောက်ဖျက်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူးဆိုတာကို သက် သေပြနေတာပါပဲ။

      စစ်အာဏာရှင်ကြီးဗိုလ်နေ၀င်းဟာ အခိုင်အမာတည်ဆောက်ထားတဲ့ သူ့ရာဇပလ္လင်ကို သွေးမြေကျ ခံပြီး အကြိမ်ကြိမ်ဆွဲလှုပ်ခဲ့တဲ့ ကျောင်းသားနဲ့ ပြည်သူလူထုကို ၁၉၈၈ ခုနှစ် သူ့ နန်းဆင်းမိန့်ခွန်းမှာ ... “စစ်တပ်ဆိုတာ.. ပစ်ရင်တည့်တည့်ပစ်တယ်..” လို့ လူမိုက်ကြိမ်း ကြိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့သာ ကြိမ်းတာပါ။ ဒီမိန့်ခွန်းထဲမှာပဲ..သူ့ရဲ့ စိတ်အတွင်းသဏ္ဍန်မှာ အမြဲချောက်လှန့်သွေးပျက်နေစေခဲ့တဲ့ “ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို.. ဘယ်သူဖြိုဖျက်ခဲ့သလဲ..”ဆိုတဲ့ သမိုင်းအမည်းစက်ကြီးက သူ့အပေါ် အရိပ်ထိုးနေတာကိုတော့ ကြောက်လန့်တကြား သွေးရူးသွေးတမ်းဖယ်ရှားဖို့ ကြိုးစားခဲ့တာကို  တွေ့ရပါတယ်။
       ၁၉၆၂ မှာကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို အစအနမကျန်အောင်ကိုဒိုင်းနမိုက်နဲ့ခွဲပြီး ဖြိုချ ဖျက်ဆီးနိုင်ခဲ့ပေမယ့် ကျောင်းသားမျိုးဆက်အဆက်ဆက်ရဲ့ မတရားမှုကို အာခံ ဆန့်ကျင်တတ်တဲ့ သမဂ္ဂ ဝိညာဉ်ကိုတော့  မဖြိုချမဖျက်ဆီးနိုင်ဘူးဆိုတာကို ဗိုလ်နေဝင်းနဲ့ အပေါင်းပါတွေဟာ သူတို့ရဲ့အခိုင်အမာ တည်ဆောက်ထားတဲ့ တပါတီအာဏာရှင်စနစ်ကျဆုံးကာနီးမှာ  သွေးပျက်စွာ နားလည်သွားကြပါတယ်။

ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့်အရေးအခင်း စတဲ့ကျောင်းသားအရေးအခင်းတွေနဲ့ ၁၉၈၈..၁၉၉၆..၂၀၀၇ စတဲ့ ကျောင်းသားလှုပ် ရှားမှုတွေတိုင်းမှာ ကျောင်းသားထုဟာ သူတို့မိခင်ကျောင်းသားသမဂ္ဂကြီးတည်ရှိခဲ့ရာ.သမဂ္ဂမြက်ခင်းပြင်(ရင်ပြင်နီ) ကြီးဆီကို  အမြဲ စုရုံးလာကြစမြဲ မဟုတ်လား။
        ဒါကြောင့် ဒီသမဂ္ဂမြက်ခင်းပြင်နေရာကြီးကို မထိရဲမတို့ရဲပဲ တံခါးပိတ်သော့ခတ်ထားခဲ့ကြတယ်။ တခြားအဆောက်အဦတခုခု ကို အစားထိုးဆောက်ဖို့လည်း မလုပ်ဝံ့အောင်..သမဂ္ဂကျိန်စာသင့်နေခဲ့ကြ တယ်။
 
၁၉၆၂ ဇူလိုင် ၈ ရက် သမဂ္ဂအဆောက်အဦကြီးကိုဖြိုဖျက်ခဲ့တာနဲ့ပတ်သက်ပြီး ကမ္ဘာကတောင် လေးစားရ တဲ့ ငြိမ်းချမ်းရေးဖခင်ကြီး သခင် ကိုယ်တော်မှိုင်းကလည်း…“သမဂ္ဂကြီးကို ဖြိုဖျက်နိုင်ပေမယ့် အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ မဖြိုဖျက်နိုင်ပါဘူး” လို့ သမိုင်းဝင် ပြောဆိုခဲ့တယ်မဟုတ်လား။ စစ်အာဏာသိမ်းစမို့ ဗိုလ်နေဝင်းနဲ့အပေါင်းပါတွေဟာ ဇက်ရဲ လက်ရဲသိပ်မရှိသေးတော့ ဝိုင်းဝန်း ကန့်ကွက် သံတွေကို အတန်အသင့်တော့ ရှိန်သွားပုံရပါတယ်။
         
ဒီနိုင်ငံရေးရာဇ၀တ်မှုတွေကိုအာရုံလွှဲဖို့ တောတွင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ငြိမ်းချမ်း
ရေး ဆွေးနွေးပွဲတွေလုပ်မယ်ဆိုတဲ့အသံတွေထွက်လာတယ်။ တောတွင်းလက်နက်ကိုင်တော်လှန်ရေး အင် အားစုတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြို့ ပေါ်ကို ဖိတ်ခေါ်တာတွေလုပ်လာပါတယ်။
 
ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုတွေနဲ့မရှေးမနှောင်းမှာပဲ ၁၉၆၂ မျိုးဆက်ကျောင်းသားတွေကိုချွေးသိပ်တဲ့ အနေနဲ့ ဗိုလ်မှူးကြီးသန်းစိန်ကတဆင့် သမဂ္ဂအဆောက်အဦကြီး ပြန်ဆောက်ပေးပါမယ်လို့ ကမ်းလှမ်းခဲ့ တယ်။
အဲဒီအချိန်မှာ ကျောင်းသားဦးရေကလည်း များနေပြီမို့ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို နဂိုပုံစံ မဟုတ်ပဲ သုံးထပ်ဆောက်ပေး မယ်လို့..ဗိုလ်နေ၀င်းတို့စစ်အုပ်စုက  ကမ်းလှမ်းတယ်။
       
သူတို့စစ်အာဏာရှင်အုပ်စုအနေနဲ့ မူလကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို  မူလအတိုင်း မရှိစေချင် မမြင်ချင်သူတွေ မဟုတ်လား။ တနည်းအားဖြင့် ပုံဖျက်ဖို့ကြိုးစားတဲ့သဘော..။ သူ့တို့သမိုင်းအမည်းစက်ကို ဖုံးဖိတဲ့သဘောပေါ့။ ဒါပေမဲ့ ၁၉၆၂ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေက လက်မခံခဲ့ပါဘူး။ မူလပုံစံအတိုင်းပြန်ဆောက်ပေးဖို့တောင်းဆိုတယ်။ နောက်ဆုံး ဗိုလ်နေဝင်းအစိုးရက မူလပုံစံအတိုင်း ပြန် ဆောက်ဖို့လိုက်လျောမယ်လို့ဖြစ်လာပါတယ်။ ကျောင်းသားခေါင်းဆောင်တွေက ဝမ်းသာအားရနဲ့ မူလပုံစံ ရဖို့  Estate  Engineer ရုံးမှာ..သွားစုံစမ်းကြတယ်။ အဲဒီရုံးက တက္ကသိုလ်ပရဝုဏ် တခုလုံးရဲ့မြေအောက် ရေပိုက်၊ ရေမြောင်းလမ်းနဲ့ ရေဆိုးပိုက်တွေရဲ့ပုံစံတွေရှိသလို အဆောက်အဦတိုင်းရဲ့ဆောက်လုပ်ရေးပုံစံ တွေကို ထိန်းသိမ်းထားရတဲ့ရုံးပါ။ ကျောင်းသားတွေကသွားစုံစမ်းတော့ ထူးဆန်းစွာတက္ကသိုလ်သမဂ္ဂ အဆောက်အဦပုံစံဖိုင်က ပျောက်ဆုံးနေပါသတဲ့။ 
 
အဲဒီခေတ်ကကျောင်းသားသမဂ္ဂခေါင်းဆောင်တွေရဲ့ ယူဆချက်ကတော့ ကျောင်းသားသမဂ္ဂကြီးကို ဗုံးခွဲတဲ့ ညကတည်းက အဆောက်အဦရဲ့ ပုံစံဖိုင်ကိုပါ တခါတည်းလက်စဖျောက်ကြပုံရတယ်လို့ ထင်ကြပါတယ်။ နောက်တော့ Estate  Engineer ရုံးက အဆောက်အဦ ပုံစံမိတ္တူကူးထားတာရှိသလိုလိုနဲ့ နောက်ပိုင်းမှာ သမဂ္ဂအဆောက်အဦပြန်ဆောက်ပေးမယ်ဆိုတဲ့ကိစ္စဟာလည်း အစအနပျောက်သွားခဲ့ပြန်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်မှာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အာဏာလက်ရှိ ဗိုလ်နေ၀င်းအစိုးရက တဖက်သတ်ဖျက်သိမ်းလိုက်ပြီး သူနဲ့ဆန့်ကျင်ဘက်အင်အားစုတွေ ကို လိုက်လံဖမ်းဆီး အကြီးအကျယ်နှိပ်ကွပ်လိုက်လို့ပါပ။ 
 
အဓိကဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေကတော့ မြို့ပေါ်မှာရှိတဲ့အတိုက်အခံနိုင်ငံရေး အင်အားစုတွေနဲ့ လက်ဝဲဆန်တယ်လို့သူတို့ယူဆတဲ့ ကျောင်းသားခေါင်းဆောင်တွေပဲပေါ့။ ကျောင်းသားခေါင်းဆောင်တွေအများစုဟာ တောခိုကြ၊ အဖမ်း ခံကြရနဲ့၊ ကျောင်းသားသမဂ္ဂပြန်လည်တည်ဆောက်ရေးဟာ မှေးမှိန်ပျောက်ကွယ်ခဲ့ရပြန်တယ်။
         
စစ်အာဏာရှင်တွေဟာ ကျောင်းသားသမဂ္ဂပြန်ဆောက်မပေးတဲ့အပြင် ကျောင်းသားသမဂ္ဂမြက်ခင်းပြင်မှာ ယာယီတည်ဆောက် ထားတဲ့သမဂ္ဂရုံးခန်းတဲအဆောက်အဦကလေးကိုပါမချန် ဘူဒိုဇာနဲ့ ထိုးဖျက် ပစ်ခဲ့ရပါ တယ်။ ဒါပေမဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောသလိုပဲ သမဂ္ဂဟာ အဆောက်အဦအကောင်အထည် အနေနဲ့ မရှိတော့ပေမယ့် ၁၉၆၂ ခုနှစ်ကနေ ယနေ့အထိ ကျောင်းသား မျိုးဆက်သစ်အဆက်ဆက် ရဲ့နိုင်ငံ ရေးလှုပ်ရှားမှုတိုင်းမှာ သမဂ္ဂဝိညာဉ်ဟာ ပြန်လည်နိုးထသက်ဝင်နေဆဲပါ။
     ဗိုလ်နေဝင်းနဲ့ သူ့အစွယ်အပွား စစ်အုပ်စုဟာ သူတို့တိုင်းပြည်ကို ချယ်လှယ်အုပ်ချုပ်ခဲ့သမျှ ကာလ အတွင်း ကျူးလွန်ခဲ့တဲ့ ကျောင်းသားပြည်သူတွေကိုသတ်ဖြတ်ဖမ်းဆီးမှုတွေနဲ့အတူ သမိုင်းဝင် ကျောင်းသား သမဂ္ဂအဆောက်အဦကြီးကို အကြမ်းဖက်ဖြိုချ ဖျက်ဆီးခဲ့တာတွေအတွက် သမိုင်းကြွေးရှိနေပါတယ်။ ဒါပေမဲ့ စစ်အုပ်စု အာဏာလက်ကိုင်ထားနေသမျှကာလပတ်လုံး ဒီသမိုင်းကြွေးကိုဆပ်ဖို့ စိတ်မကူးပဲ ဖုံးဖိ ထားခဲ့ကြတယ်။ သမဂ္ဂဆိုရင် အဆောက်အဦမပြောနဲ့ စကားလုံးနဲ့တောင်မကြားရဲအောင် သူတို့ကို ခြောက် လှန့်နေစေခဲ့တယ်။ တတ်နိုင်သမျှ သမဂ္ဂသမိုင်းကိုဖျောက်ဖျက်နိုင်ဖို့ကြိုးစားချင်ကြတာဟာ စစ်အုပ်စု အနွယ်ဝင်သားစဉ်မြေးဆက်ရဲ့ ဆန္ဒပါ။
       ကျူးလွန်သူ စစ်အုပ်စုက  သမဂ္ဂသမိုင်းကို ဖျောက်ဖျက်လိုပေမယ့် ခံခဲ့ရသူ ကျောင်းသားပြည်သူတွေ ဘက်ကတော့ လုံးဝမေ့ပျောက်မပစ်နိုင်ကြပါဘူး။ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ဖျက်သိမ်းဖို့ ပြည်သူလူ ထုက အစဉ်တစိုက်ထောက်ခံအားပေးဝန်းရံလာခဲ့တဲ့ ယုံကြည်တဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည် သူ့အစိုးရလက်ထက်မှာတော့ ဒီလိုသမိုင်းကြွေးတွေကို တရားမျှတစွာပြန်လည်ရယူနိုင်ဖို့ မျှော်လင်ခဲ့ကြ တယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတို့ကို နိုင်ငံရေးသိက္ခာထပ်ပေးခဲ့တဲ့ နိုင်ငံရေးသိမ်ကြီးတခုဖြစ်တဲ့ ဒီကျောင်းသားသမဂ္ဂကြီးကိုပြန်လည်တည်ဆောက်ရမယ်လို့ အတိုက်အခံဘဝ ကတည်းက  တဖွဖွ ပြောကြားခဲ့ဖူးပါတယ်။
      
 ၂၀၁၅  ရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကို တခဲတနက်မဲပေးခဲ့လို့ လွှတ် တော်အတွင်းမှာ မဲအများစုနဲ့ ပြည်သူ့အစိုးရတရပ်ကိုဖွဲ့နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ အများသိကြတဲ့အတိုင်းပဲ ၂၀၀၈ အခြေခံဥပဒေ မဖျက်သိမ်းနိုင်သေးသမျှပြည်သူကတခဲတနက်တင်မြှောက်လိုက်တဲ့အစိုးရဟာ မလူးသာ မလွန့်သာ အတော်ကို ရုန်းကန်နေရတဲ့အခြေအနေမှာပဲရှိနေသေးတာ ကို ပြည်သူအများစုက မျက်ခြေ မပြတ်ကြပါဘူး။ အတန်အသင့် နားလည် သည်းခံပေးနေကြရပါတယ်။
           ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ်လစီက ရှေ့ တန်းရောက် လာတာမို့ လူထုဟာ. သူတို့လိုလားချက်တွေ အပြည့်အဝမရသေးတဲ့အပြင် မချစ်သော်လည်း အောင့်ကာ နမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ ဆိုသလိုပါပဲ။ လူထု ကြီးတရပ်လုံးဟာ အထွေထွေဆင်းရဲကြပ်တည်း မှုတွေထဲကမလွတ်မြောက်နိုင်သေးပေမယ့် တိုင်းပြည်ကိုအဆင်းရဲဆုံးနိုင်ငံဖြစ်အောင် ချနင်းသွားသူတွေ ပြည်သူကျောင်းသားတွေရဲ့နှလုံးသွေးနဲ့ခြေဆေးခဲ့သူတွေ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုဖြိုချ ဖျက်ဆီးခဲ့ တဲ့ လက်သည်တရားခံစစ်စစ်တွေရဲ့ အမျိုးအနွယ်အစွယ်အပွားတွေဟာ တိုင်းပြည်ရဲ့ ဆီဦးထော ပတ်တွေကို အစားမပျက်။ လုပ်ပိုင်ခွင့် တွေမှန်သမျှ သူတို့တွေပဲ လက်ဦးမှုရမြဲရလျက်။

စည်းစိမ်မပျက် တလွှားလွှားလုပ်နေတာကိုပဲ မျက်စိထဲသဲဝင်သလို အမြင်နဲ့ခိုးလိုးခုလု ကြည့်နေရပါတယ်။
      ဒီလိုအခြေအနေမျိုးမှ သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ပြည်သူကရွေးကောက်ထား တဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရကနေ ကမကထလုပ်ပြီးပြန်လည်ဆောက်လုပ်ပေးမယ် ဆိုတဲ့သတင်းက ထွက်လာပါတယ်။ ပုံမှန်အခြေအနေဆိုရင်တော့ ဒါဟာ သိပ်ကို မင်္ဂလာရှိတဲ့သတင်းတရပ်ဖြစ်နိုင်ပါတယ်။
လူထုအစိုးရလက်ထက်မှာ..ပြည်သူကျောင်းသားတွေရဲ့  နစ်နာခဲ့သမျှ သမိုင်းကြွေးတွေ ပြန်ရတော့မယ်လို့ ထင်စရာပါပဲ။ ဒါပေမဲ့ ဒီသတင်းနဲ့အတူ တနွယ်ငင်တစင်ပါ မသင်္ကာစရာဆန်းစစ်ဝေဖန်စရာတွေက တပါ တည်း ကပ်ပါလာနေပါတယ်။

      ပြီးခဲ့တဲ့လအနည်းငယ်က တော်ဝင်နှင်းဆီမှာ NLD ပါတီက ဦးဆောင်ကျင်းပတဲ့ ကျောင်းသားသမဂ္ဂ အဆာက်အဦ ပြန်လည် တည်ဆောက်ရေးအစည်းအဝေးမှာ ဖိတ်သင့်ဖိတ်ထိုက်သူတွေမပါပဲ ခွဲချန်မှုတွေ ရှိတယ်ဆိုပြီး မကျေနပ်ကြလို့ဝေဖန်သံတွေလည်း ထွက်ခဲ့တယ်။ ဒီအစည်းအဝေးမတိုင်ခင် ကျောင်းသား သမဂ္ဂနဲ့ပတ်သက်ပြီး  အော့ကစ်ဟော်တယ် မှာပြုလုပ်တဲ့ပွဲမှာ ကျောင်းသားမျိုးဆက်အသီးသီးက ဆွေးနွေး ထားတဲ့ သဘောထားထုတ်ပြန်ချက်ရှိခဲ့ပါတယ်။ ဒီပွဲရဲ့သဘောထားထုတ်ပြန်ချက်မှာ ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေးဟာ အစိုးရတရပ်ပါတီတဖွဲ့က ကြီးကြပ်လုပ်ဆောင်ရမယ့်ကိစ္စမဟုတ်ဘူး။ ကျောင်းသားသမဂ္ဂကိစ္စကို  ကျောင်းသားတွေကပဲလုပ်ဆောင်ရမယ်။ ကျောင်းသားသမဂ္ဂတွေရပ်တည်ရေးကို  တရားဝင်အသိအမှတ်ပြုပေးရမယ်။ နောက် ကျောင်းသားသမဂ္ဂ အဆောက်အဦကို နေရာဟောင်းမှာ ပြန်မဆောက်ပဲ သင့်တော်တဲ့နေရာမှာ ကျောင်းသားမျိုးဆက်အားလုံး တိုင်ပင်ဆွေးနွေးပြီးမှဆုံးဖြတ်ကြမယ်ဆိုတဲ့သဘောထားတွေ ထုတ်ပြန်ထားခဲ့ပါတယ်။
     
ဒါပေမဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦပြန်လည်တည်ဆောက်ဖို့ကို NLD ပါတီကတာဝန်ရှိသူ တချို့က ရော ရန်ကုန်တိုင်း အစိုးရကရော ကျောင်းသားမျိုးဆက်အများစုရဲ့အသံကို လျှစ်လျူရှုပြီး သူတို့ပဲ ဆက် လက် ဆောင်ရွက်မယ်ဆိုတဲ့သဘောမျိုးတွေ ပြောဆိုလာပါတယ်။ ဒါ့အပြင် ရုပ်ပျက်ဆင်းပျက်အဖြစ်ဆုံး ကတော့ ကန့်ကွက်မှုတွေရှိနေတဲ့ကြားက..ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦနေရာ ဟောင်းထဲကို ညကြီးမင်းကြီးဝင်ရောက်ပြီး အဆောက်ဦတွေ အားချင်းဆောက်ဖို့လုပ်တဲ့ကိစ္စပါပဲ။
          ဝိုင်ဝန်းဝေဖန်ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာလို့  ရပ်လိုက်ရပေမယ့် သမဂ္ဂဟောင်းဖျက်ခံထားရတဲ့နေရာက သမိုင်းဝင် အချက်အလက်တချို့ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။
ဒါဟာ စေတနာသဘောရိုးနဲ့လုပ်ရပ်မဟုတ်တာကို စဉ်းစားဉာဏ်အတန်အသင့်ရှိသူတောင် သိနိုင်ပါတယ်။
          ၂၀၁၇ ဇူလိုင် (၃)ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှာထပ်မံကျင်းပခဲ့တဲ့ ကျောင်းသားသမဂ္ဂပြန် လည်တည်ဆောက်ရေးအစည်းအဝေးအပြီးမှာထွက်လာတဲ့သတင်းတွေကတော့ ပိုဆိုးလာပါတယ်။
ဒီအစည်းအဝေးမှာ ကျောင်းသားသမဂ္ဂအဆောက်အဦဆိုတဲ့  အခေါ်အဝေါ်အစား ဘက်စုံသုံးအဆောက် အဦလို့ သုံးနှုန်းထားတယ်။ နောက်..အဆောက်အဦပုံစံငယ်တွေထွက်လာပြီး ခုနှစ်ထပ်အဆောက်အဦ ဆောက်မယ်။ ပြည်ထောင်စုအစိုးရကနေ ငွေကျပ်ငါးဘီလျံ ချထားပေးတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ် လာပါတယ်။ နောက်တဆက်တည်း ဇူလိုင်လ (၉)ရက်သတင်းတွေမှာ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်း ကြီးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ကျောင်းသားသမဂ္ဂ အဆောက်အဦဟောင်းနေရာကို သွားရောက်ကြည့်တဲ့သတင်းတွေအရ လက်ရှိအစိုးရဟာ ကျောင်းသား သမဂ္ဂအဆောက်အဦပြန်လည်တည်ဆောက်ရေးကို မကြာမီကာလအတွင်းမှာ ကန့်ကွက်သံတွေကြားကပဲ သက်ဆိုင်ရာကျောင်းသားမျိုးဆက်အသီးသီးရဲ့ သဘောတူညီမှုကို အလေးမထားပဲ တည်ဆောက်သွား မယ်ဆိုတဲ့ပုံသဏ္ဍန်ပေါ်နေပါတယ်။
            ဘာလို့များ လက်ရှိအာဏာရအစိုးရဟာ ကျောင်းသားသမဂ္ဂပြန်လည်တည်ဆောက်ရေးကိုအခုလို အလောတကြီးလုပ်ဆောင် နေရသလဲ။ ဒီလုပ်ဆောင်ချက်တွေ နောက်မှာ..ပြည်သူလူထုသိခွင့်မရသေးတဲ့ ဘယ်လို ဖုံးကွယ်ချက်တွေ လက်ဝါးချင်းရိုက်မှုတွေရှိနေသလဲ ဆိုတာအထိ တွေးတောစရာတွေဖြစ်လာပါ တယ်။
              ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ခုလိုပြော ထားပါတယ်..။
          “တကသအဆောက်အဦပြန်လည်တည်ဆောက်ရေး အစည်းအဝေးကို ဇူလိုင်လ(၃) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ ခေါ်ယူကျင်းပခဲ့ပါတယ်။ ကျနော်တို့မတက်ရောက်ခဲ့ပါဘူး။ မတက် ရောက်ရတဲ့အကြောင်းရင်းကတော့ ဒီအစည်းအဝေးမှာ သမဂ္ဂ မျိုးဆက်အသီးသီးမစုံလင်နိုင်တာကြောင့် တကြောင်း၊ လက်ရှိတိုင်းပြည်မှာ ဒီထက်အရေးကြီးတဲ့ကိစ္စ ဥပမာ အခြေခံလူထုရဲ့စားဝတ်နေရေး၊ ရခိုင် အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတဲ့ကိစ္စတွေကို ပိုအလေးထားဖြေရှင်းဖို့လိုတယ်လို့ မြင်တာကြောင့် တကြောင်း ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အချင်းချင်းအငြင်းပွားစေတဲ့ ကိစ္စရပ်တွေကိုလည်း ရှောင်ရှားသင့် တယ်လို့လည်း မြင်ပါတယ်.” လို့ရေးသားထားတယ်..။
 
အမှန်ပါပဲ။ ဒီအစည်းအဝေးကနေ..…အချင်းချင်းအငြင်းပွားစေတဲ့ ကျောင်းသားညီညွတ်မှုကို ပြိုကွဲစေမယ့် ဂယက်တွေက အတော် ရိုက်ခတ်လာပါတယ်။
အထူးသဖြင့် လက်ရှိအစိုးရတာဝန်ရှိသူတွေရဲ့ အပြောအဆိုတွေမှာေ ကျာင်းသားထုအတွင်း သွေးကွဲစေ မယ့် သွေးခွဲတဲ့ အပြောအဆိုအပြုအမူတွေကို တွေ့လာရပါတယ်။ ဒါဟာ..ကျောင်းသားထုညီညွတ်ရေးကို အစဉ်တစိုက်ကြိုးပမ်းခဲ့သူတွေကို စိတ်ပျက်လက်ပျက် ဖြစ်စေနေပါတယ်။
   ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ဟာ...ကျောင်းသားထုရဲ့ ညီညွတ်မှုကို နည်းအမျိုးမျိုးနဲ့သပ်သျှို သွေးခွဲ ခဲ့တာဟာ မဆန်းပါဘူး။ သူတို့က သူတို့အာဏာတည်မြဲရေးအတွက်ဘာမဆိုလုပ်တတ်တဲ့ သိက္ခာမဲ့တဲ့ အုပ်စိုးသူတွေပါ။ ဒါပေမဲ့ လက်ရှိအစိုးရလို ပြည်သူက တခဲတနက်မဲပေးတင်မြှောက်ထားတဲ့အစိုးရလက် ထက်မှာတော့ ကျောင်းသားထုညီညွတ်ရေးကို ပြိုကွဲစေမယ့် အသုံးအနှုန်းအပြုအမူတွေ၊ ဘက်လိုက်မှုမျိုး တွေကိုတွေ့လာရတာ..တော်တော်ထူးဆန်းနေပါတယ်..။ မဖြစ်သင့်ပါဘူး.။ 
 
လက်ရှိအခြေအနေကိုတဆင့်ပြီးတဆင့် ရအောင်ကြိုးပမ်းယူခဲ့ရတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ဒီမို ကရေစီတိုက်ပွဲကာလတွေမှာ ကျောင်းသားထုရဲ့ ညီညွတ်တဲ့ အားတွေကိုယူခဲ့ရတာကို မမေ့သင့်ပါဘူး။
    ဒီအားတွေကြောင့် ဒီအဆင့်ကိုရခဲ့တာပါ။နောက်ပြီး လက်ရှိအစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က မလူး သာမလွန့်သာ အခြေအနေက ရုန်းထွက်လွတ်မြောက်ဖို့ဆိုရင်လည်းကျောင်းသားထုရဲ့ ညီညွတ်တဲ့အားကို ယူရဦးမှာပါ။ ကျောင်းသာထုရဲ့ ညီညွတ်တဲ့ အားနောက်မှာ ညီညွတ်တဲ့ပြည်သူလူထုရဲ့ အားတွေ ကပ်ပါ လာမှာပါ။ လက်ရှိပြည်သူ့အစိုးရဟာ ဒီမိုကရေစီရေးတိုက်ပွဲကို အဆုံးတိုင်အောင်မြင်ချင်ရင် စစ်ကျွန်ဖြစ်စေ တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လွတ်မြောက်အောင်ကြိုးစားရပါမယ်။ ဒီလိုအခြေအနေမှာ ကိုယ့်အင် ကိုယ့် အား ကိုယ့်အသည်းနှလုံးဖြစ်တဲ့ကျောင်းသားထုညီညွတ်ရေးကို ဖြိုခွဲမိရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း စွပ်သလို  ဖြစ်နေပါလိမ့် မယ်။

+++
       အမျိုးသားရင်ကြားစေ့ရေးကို မျက်နှာမူတယ်ဆိုတာဖြစ်ပြီးတဲ့သမိုင်းတွေကို ဖျောက်ဖျက်ပစ်ဖို့မဟုတ် ပါဘူး။ ကျူးလွန်သူနဲ့ကျူးလွန်ခံရသူတွေကြားမှာ ပြန်လည်ရင်ကြားစေ့နိုင်ဖို့သင်ပုန်းခြေနိုင်ဖို့အတွက် အမှန် တရားကိုတော့ ဖော်ထုတ်နိုင်ခွင့် အရင်ပေးရပါမယ်။ ဒါကြောင့် ကျူးလွန်သူ စစ်အစိုးရလက်ထက်က ကျောင်းသားသမဂ္ဂအဆောက်အဦကိုဖျက်ဆီးခဲ့တဲ့သမိုင်းတရားခံတွေကို အရေး မယူနိုင်တော့ရင်တောင် အနီးစပ်ဆုံး  ရှာဖွေဖော်ထုတ်နိုင်ခွင့်ပေးရပါမယ်။ စစ်အစိုးရအဆက်ဆကလက်ထက်  ရက်ရက်စက်စက်
 သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူစာရင်းတွေကို အတိအကျဖော်ထုတ်နိုင်ခွင့်ပေးရပါမယ်။
နောက်ကြောင်းပြန်အရေးမယူနိုင်ရင်တောင် သမိုင်းအမှန်တရားတွေကိုဖော်ထုတ်ခွင့်ပေးမှ ကျူးလွန်ခံခဲ့ရ သူနစ်နာခဲ့ရသူတွေဟာ တိုင်းပြည်ရှေ့ ရေးကို မျက်နှာမူပြီးသင်ပုန်းခြေဖို့ ကြိုးစားနိုင်မှာပါ။ ရင်ကြားစေ့နိုင် မှာပါ။ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို မိုးပျံအောင်ဆောက်ပေးလိုက်ရုံနဲ့ ပြီးသွားမယ့် ပြဿနာ မဟုတ်ပါဘူး။
    ကျောင်းသားသမဂ္ဂအဆောက်အဦကြီး  မရှိခဲ့တဲ့ (၅၅)နှစ်အတွင်းမှာ  ကျောင်းသားတွေရဲ့  သမဂ္ဂစိတ် ဓာတ်.. သမဂ္ဂ၀ိညာဉ်ဟာ တိုင်းပြည်အရေးတိုင်းမှာ ရှင်သန်လှုပ်ရှားနေခဲ့တာ မျက်မြင်ဒိဋ္ဌပါ။ အဓိကက အဆောက်အဦမဟုတ်ပါဘူး၊ သမဂ္ဂဝိညာဉ် အသက်ဝင်လှုပ်ရှားနိုင်အောင် ကျောင်းတိုင်းမှာ ကျောင်းသား သမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်တွေကို ကျောင်းသားထုက လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ခွင့်တွေ ပေးရ ပါမယ်။ စစ်အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေအတိုင်းလိုက်ပြီး ကျောင်းသားထုအတွင်း အစိုးရ စိတ်ကြိုက်လူမွေးပြီး သွေးခွဲတဲ့လုပ်ရပ်မျိုးကို လုံဝရှောင်ကြဉ်ရပါမယ်။
             အခုတော့..တွေ့မြင်ကြားသိနေရတဲ့သတင်းတွေအရ ပြည်သူနဲ့အတူလို့..ကြွေးကြော်နေတဲ့ ပြည်သူ့အစိုးရတရပ်နဲ့ ပြည်သူ့ ပါတီကြီးက တာဝန်ရှိသူတွေဟာ အဓိကကျတဲ့ကျောင်းသားသမဂ္ဂတွေ  တရားဝင်ရပ်တည်ခွင့်ပြုရေးကိုမလုပ်ဆောင်ပေးပဲနဲ့ ကျောင်းသားထုညီညွတ်ရေးကိုပြိုကွဲစေမယ့်အရိပ် အယောင်တွေရှိနေတဲ့ ဖြစ်ပေါ်နေတဲ့သမဂ္ဂအဆောက်အဦဆောက်လုပ်ရေးကို ဘာလို့များ အလောတကြီး ဦးဆောင်ဆောက်ဖို့ ကြိုးစားနေတာပါလိမ့်။ သွေးရိုးသားရိုးမှ ဟုတ်ပါ့မလား...။
            မပြေးသော်ကန်ရာရှိဆိုသလို…မြင်တွေ့နေရတဲ့အခြေအနေတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရင်ကြားစေ့ ရေး.ပေါ်လစီကို .ဒိုင်းသဖွယ်..အကာအကွယ်ယူပြီး..သမိုင်းပြစ်ဒဏ်တွေကနေ ကင်း လွတ်ခွင့်ရနေသေးတဲ့စစ်အာဏာရှင်ဟောင်းကြီးတွေရဲ့ မျိုးဆက်အဆွယ်အပွားတွေဟာ သူတို့ရဲ့ ဘိုးဘွား စစ်အာဏာရှင်ကြီးတွေ စိုးရိမ်တကြီး ကြိုးပမ်းခဲ့တဲ့လမ်းစဉ်အတိုင် သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက် အဦကြီးကို ပုံဖျက်ဖို့အခွင့်အရေးတွေရနေတာများလားလို့တောင် သံသယရှိမိပါတယ်။


Comments