တူမောင်ညို ● ဘုန်းကြီးလေးရဲ့ “အမြစ်- အညွှန့်ဖြတ်တရား” အစဉ်လက်ကိုင်ထား

တူမောင်ညို ● ဘုန်းကြီးလေးရဲ့ “အမြစ်- အညွှန့်ဖြတ်တရား” အစဉ်လက်ကိုင်ထား
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇

“နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။
နိုင်ငံတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။

ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ငံကို မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့စိတ်နှလုံးအေး ချမ်းမှုနဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေတဲ့သူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူတွေရဲ့ အမြစ်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွှန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်”
 [၁၉ ဇူလိုင် ၂၀၁၇ ရက်နေ့၊ နှစ် (၇၀) ပြည့် အာဇာနည်နေ့တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိက ဟောကြားသည့် တရားမှ ကောက်နုတ်ချက်]

ဖော်ပြပါတရားကောက်နုတ်ချက်ကို စဖတ်ရတော့ ပထမ သိပ်ကိုအံ့သြသွားတယ်။ တပြိုင်နက်ထဲမှာလည်း ဒီတရားသဘော ကိုလည်း ရေရေလည်လည် ခိုက်သွားပါတယ်။

တရားအနှစ်ချုပ်က နိုင်ငံနဲ့ပြည်သူ့အပေါ် “ဆိုးကျိုးဖြစ်စေတဲ့သူ၊ တိုးတက်မှုကိုအဟန့်အတားဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူ၊ အဲဒီ ရန်သူတွေရဲ့ အမြစ်နဲ့အညွန့်ကို ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်” တဲ့။ ဟောဟို ဒုဗ္ဗစ္စ၊ အလဇ္ဇီသင်္ကန်း ဝတ်နဲ့တော့ မိုးနဲ့မြေလို အပုံကြီးကွာပါတယ်။ ဘုန်းကြီးလေးက နံ့သာဆီမွှေးပါ။

ဘုန်းကြီးလေးက “အကြောင်းတရားနဲ့ အကျိုးဆက်၊ လူနဲ့အပြုအမူလုပ်ရပ်” တစုံလုံးကို ထင်ထင်လင်းလင်း ဟောကြားလိုက် တာပါပဲ။ အဲဒီကနေ ရှေ့တိုးပြီး ဆက်စဉ်းစားမိတာကတော့ ဒီလိုပါ။

ပထမအချက်က နိုင်ငံနဲ့ပြည်သူကို ဆိုးကျိုးဖြစ်စေတဲ့၊ အဟန့်အတားဖြစ်စေတဲ့ “အတွေးအခေါ်တွေ” ကိုလည်း ပြတ်ပြတ် သားသားအမြစ်ဖြတ် အညွန့်ချိုးပစ်ရမယ်ဆိုတဲ့ အချက်ပါ။

ဒုတိယအချက်က ဘုန်းကြီးလေးရဲ့ ချွန်မြတဲ့ ဒီတရားကို ၁၉၆၂ ကနေ ဒီကနေ့ နိုင်ငံနဲ့ပြည်သူအပေါ် ဗိုလ်ကျလွှမ်းမိုးခဲ့ကြသူ တွေ၊ ဆက်လက်ဗိုလ်ကျလွှမ်းမိုးနေတွင်ကျယ်နေတဲ့ အုပ်စုရဲ့ငယ်ထိပ်ပေါ်တည့်တည့်ကျတဲ့တရားဖြစ်တာမို့ စစ်အုပ်စုက ကြေနိုင်၊ ချမ်းနိုင်ကြမှာတော့ မဟုတ်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။

တတိယအချက်က ဘုန်းကြီးလေးရဲ့ ဒီတရားကို ဘုန်းကြီးလေးက မိခင်သဖွယ် လေးစားမြတ်နိုးချစ်ခင်တဲ့ ဒကာမကြီး ဒေါ် အောင်ဆန်းစုကြည်က ကြည်နူးကျေနပ်စွာ နှလုံးသွင်းနိုင်ပါ့မလားဆိုတဲ့အချက်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဘုန်းကြီး လေးဟောကြားတဲ့ တရားကိုယ်အရဆိုရင် “နိုင်ငံနဲ့နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူ/ အဟန့်အတားဖြစ်စေတဲ့သူတွေ” နဲ့ အတူယှဉ်တွဲ သင့်မြတ်နိုင်မယ့် တရားမဟုတ်လို့ပါပဲ။

စတုတ္တအချက်က ဘုန်းကြီးလေးက သူဟောတဲ့တရားနဲ့ပတ်သက်ပြီး ဟိုဝန်ကြီးချုပ်လို “တောင်းပန်မယ့်” လက္ခဏာတော့ မမြင်မိတဲ့အချက်ပါ။ တောင်းပန်စရာ ဘယ်လိုအချက်မှလည်း မတွေ့မိပါဘူး။

ဒီလိုပြောရတာက ဘုန်းကြီးလေးရဲ့ပိုင်းဖြတ်ချက် ခိုင်မာတည်ကြည်မှုနဲ့ပြတ်သားမှုကို ဖော်ပြခဲ့ဖူးတဲ့ဖြစ်ရပ်နှစ်ခုနဲ့ ယှဉ်ထိုး ကြည့်ပြီး  ပြောလိုက်တာဖြစ်ပါတယ်။

ပထမတခုက သုံးထပ်ကွမ်းလူရည်ချွန်၊ ဘာသာစုံဂုဏ်ထူးနဲ့ တနိုင်ငံလုံး ဒုတိယ (၁၉၈၄) ရရှိခဲ့တာတွေကို စွန့်လွှတ် ကျော ခိုင်းပြီး သာသနာ့ဘောင်ကို ဝင်သွားတဲ့ဖြစ်ရပ်ပါ။ ထိုစဉ်က ဘုန်းကြီးလေးအသက်ဟာ ၁၆ နှစ်သားပဲရှိပါသေးတယ်။

ဒုတိယတစ်ခုက ဘုန်းကြီးလေး ဇာတိဖြစ်တဲ့ ရေနံချောင်းမြို့က “ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူစာအုပ်” ကိစ္စဖြစ်ပါတယ်။ ဗိုလ်ချုပ်လက်ရေးမူစာအုပ်ကို (ဗိုလ်) ဦးခင်အောင်မြင့် (ယခင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ) က (သိမ်း) ယူသွားတာပါ။ ဒီ စာအုပ်ကို မူလပိုင်ရှင်ဖြစ်တဲ့ ရေနံချောင်းမြို့ကို ပြန်မပေးရင် ဘုန်းကြီးလေးကိုယ်တိုင်ဆန္ဒပြမယ်၊ ရေနံချောင်းမြေကိုလည်း ဘယ်တော့မှ ခြေချမည်မဟုတ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြားရစဉ်ကဖြစ်တယ်။ ဒီဖြစ်ရပ်ဟာ ၂၀၁၃ ခုနှစ်မှာဖြစ်ပွားခဲ့တာပါ။ (ဗိုလ်) ဦးခင်အောင်မြင့်က သူယူသွားတဲ့ “ဗိုလ်ချုပ်လက်ရေးမူစာအုပ်” ကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်လိုက်ရပါတယ်။

ဒီလို ထင်ရှားပြတ်သားတဲ့ လက်တွေ့သာဓကနှစ်ခုနဲ့ကြည့်လိုက်တော့ ဘုန်းကြီးလေးဟာ သူ့စကား၊ သူ့တရားကို ခိုင်မြဲတည် ကြည်တဲ့ ဘုန်းကြီးလေးဖြစ်တယ်ဆိုတာကို လေးစားစွာသတိပြုမိပါတယ်။ ယခုဟောပြောလိုက်တဲ့ “အမြစ်-အညွန့်ဖြတ် တရား” ကို၊ စွဲမြဲခိုင်မာစွာ စွဲကိုင်ရပ်တည်သွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

ဘုန်းကြီးလေးက နိုင်ငံနဲ့ပြည်သူ့ရန်သူရဲ့အမြစ်နဲ့အညွန့်ကို ဖြတ်ရမယ့်ဖက်ကိုတင်ဟောတာမဟုတ်ဘူး။ နိုင်ငံနဲ့ပြည်သူ့ အ ကျိုးကို ဖြစ်ထွန်းတိုးပွားစေအမြစ်နဲ့ အညွန့်အစဉ်သဖြင့် ရှင်သန်ခိုင်မာပြီး လန်းဆန်းဝေဆာနေအောင် ရေလောင်းပေါင်းသင် ပြုစုယုယနေရမယ်လို့လည်း တဆက်တည်း ဟောပြောညွန်ပြသြဝါဒပေးထားပါတယ်။

ဒီမှာ ဖျတ်ကနဲစဉ်းစားမိသွားတာက (ဗကသ) နဲ့ သမိုင်းဝင်တကသ အဆောက်အအုံကိစ္စဖြစ်ပါတယ်။

ကိုလိုနီခေတ်မှ ယနေ့ခေတ်အထိ အဆက်ဆက်သော ဖောက်ပြန်တဲ့ အုပ်စိုးသူ၊ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲစဉ်တွေမှာ တိုက်ပွဲရဲ့လှံသွားအခန်းက ပါဝင်ခဲ့ကြတဲ့၊ နိုင်ငံ့ရေသောက်မြစ်၊ နိုင်ငံအညွန့်အဖူးလို့ဆိုရမယ့် ကျောင်းသားလူငယ်တွေ အ ရေးကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အမြစ်ဖြတ်အညွန့်ချိုးသလိုမဖြစ်စေဖို့ သတိနဲ့ကိုင်တွယ်ဖို့ ဆိုတဲ့အချက်ပါပဲ။ အစိုးရရဲ့ ကိုင်တယ်ဆောင်ရွက်မှု (စေတနာ) ဟာ ကျောင်းသားထုအကြားမှာ သွေးမတိတ်/ဂိုဏ်းကွဲနေစေမယ့် ပဋိပက္ခမီးကို မပျိုးမိ စေဖို့၊ လောင်စာမီးပွားခြင်းမပြုမိစေဖို့ အဖက်ဖက်က ဆင်ခြင်စဉ်းစားပြီး ကိုင်တွယ်ရလိမ့်မယ်လို့ ယူဆပါတယ်။ ငါအာဏရ တုန်း၊ ငါ့နာမည်တွင်ကျန်စေရေး၊ ငါပေါ်ပြူလာဖြစ်ရေး ကျဉ်းကျဉ်းမြောင်းမြောင်း စဉ်းစားပြီး (တကသ) အဆောက်အအုံ ကိစ္စကို မကိုင်တွယ်စေချင်ပါဘူး။ (တကသ) အဆောက်အအုံကိစ္စဟာ (YBS) မော်တော်ယာဉ်လိုင်းကိစ္စမဟုတ်ပါဘူး။ ဒါ ကြောင့် မေတ္တာနဲ့သာအုပ်စိုးမယ်ဆိုတဲ့ အစိုးရအနေနဲ့ ဆင်ခြင်သတိနဲ့ ကိုင်တွယ်စေလိုပါတယ်။

ဗိုလ်နေဝင်းစစ်အုပ်စုဟာ ၁၉၆၂ ကနေ ၁၉၈၈ အထိ ဘုန်းမီးနေလတောက်ပခဲ့လေတော့ နိုင်ငံနဲ့ပြည်သူဟာ အဆင်းရဲဆုံး နိုင်ငံ (LDC) ဘဝနစ်မွန်းကျရောက်ခဲ့ပါတယ်။ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာလည်း ဆင်းရဲတွင်းက ရုန်းမထွက်နိုင် တဲ့အပြင် နိုင်ငံနဲ့ပြည်သူမှာ ဆင်းရဲနွံထဲ ဝါးကူလို့ ထပ်မံထိုးနှစ်ခံရပြန်ပါတယ်။ ဗိုလ်နေဝင်းစစ်အုပ်စုပဲဖြစ်ဖြစ်၊ (နဝတ-နအဖ) စစ်အုပ်စုပဲဖြစ်ဖြစ် ထားစရာမရှိအောင်ချမ်းသာကြွယ်ဝသွားပြီး နိုင်ငံနဲ့ပြည်သူတွေကတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေခဲ့ကြရတဲ့အဖြစ်ကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။

နိုင်ငံ့အမြစ်နဲ့အညွန့်ကို ချိုးဖြတ်နေသူတွေဟာ သူတို့ပါပဲ။ ၁၉၆၂ ကနေ စရေတွက်ရင် ရာစုနှစ်ဝက်ကျော် (၅၅ နှစ်) ကြာမြင့်ခဲ့ ပါပြီ။ အခုထိလည်း နိုင်ငံရဲ့အကျိုးစီးပွားအညွန့်အဖူးနဲ့ အရင်းအမြစ်မှန်သမျှဟာ သူတို့ ခြေဖဝါးအောက်မှာပါ။

နိုင်ငံဆိုတာလူမျိုးပေါင်းစုံပြည်သူတွေနဲ့ဖွဲ့စည်းထားတာပဲ မဟုတ်လား။ နိုင်ငံ့အကျိုးဆိုတာ လူမျိုးပေါင်းစုံပြည်သူတွေရဲ့ အ ကျိုး စီးပွားကလွဲပြီး တခြားမရှိပါဘူး။ မရှိအပ်ပါဘူး။ မရှိနိုင်ပါဘူး။ နိုင်ငံနဲ့လူမျိုးပေါင်းစုံပြည်သူတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူ၊ ပြည်သူ့ရန်သူ။ နိုင်ငံရန်သူ - ပြည်သူ့ရန်သူတွေနဲ့ ဘယ်လိုပြန်လည်သင့်မြတ်နိုင်မှာလဲ။

“ရန်သူမရှိ - မိတ်ဆွေသာရှိ” ဆိုတာဟာ “ပန်းနုရောင်စိတ်ကူးယဉ်မှု” သာဖြစ်ပါတယ်။ ဒါကို တချို့သော အချောင်သမားတွေ က သူတို့ အကျိုးစီးပွားအတွက် လိုသလို အသုံးချနေကြတာသာဖြစ်တယ်။

ညွှန်း
- ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပြုလုပ်သော နှစ် (၇၀) မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၌ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကဟောကြားတော်မူ သောတရားတော် (၁၉-၇-၂၀၁၇)

Comments