ဆောင်းဝေ (နတ်မောက်)- ကြားရတဲ့အတိုင်း


ကြားရတဲ့အတိုင်း 
ဆောင်းဝေ (နတ်မောက်)
(မိုးမခ)  ဇူလိုင် ၂၊ ၂၀၁၇


ကြားရတဲ့အတိုင်းဆို သူဟာ
နိုင်ငံတခုစာအိပ်မက်မက်ပြီးမှ
ရွာတရွာစာနဲ့အခန်းတခုသာဖြစ်သွားခဲ့ရတာ တဲ့
ချောင်းမြောင်းတွေကိုလက်ထဲကိုင်ပြီး ပင်လယ်ဆီသွားချင်ခဲ့တာ တဲ့
ကမ္ဘာကြီးဟာ ငါ့ဆီဘယ်တော့မှရောက်လာမှာမဟုတ်တော့ဘူးဆိုပြီး
အခန်းထဲသူ့ကိုယ်သူ ကျိုးကြေစောင်တထည်လိုပုံထားခဲ့သတဲ့ ။

သူနေထိုင်ဖူးတဲ့မြို့တွေ မှတ်သားခဲ့တဲ့နာမည်တွေ
အခြားသူတွေကိုမလေးစားတာဟာလည်း အန္တရာယ်ပဲ
ခုသူ့နှလုံးရေပိုက်ခေါင်းထဲ ရေညှိတွေကပ်နေပြီ
သူ့စိတ်အရေပြားတွေ မှိုတွေစွဲကပ်နေပြီ တဲ့
အချစ်အကြောင်းဟာ
အဆိပ်ပါတဲ့လေထု အဆိပ်မျိုထားတဲ့ငါး
အဲဒီငါးရိုးကသူ့ကိုစူးစူးသွားနေတော့ လည်ချောင်းမှာသွေးမရှိတော့ဘူးလို့ပြောတယ်
ကြားရတဲ့အတိုင်းဟာ
ဖောင်စီးရင်းရေငတ်ပြီး မေးပါများစကားမရခဲ့
လုံးချေထားတဲ့စာရွက် ကျောက်တုံးရဲ့မျက်ရည်ပဲ
ရယ်စရာတွေပြတ်လုံးတွေကတောင် သူ့ကိုပြန်ခြောက်လှန့်နေပြီး
သူ့သွေးသားများကလည်း သူ့ခရီးကိုတွန်းကန်တော်လှန်နေပြီ တဲ့ ။

ကြားရတဲ့အဆိုင်းဆို
လေထဲပျံနေတဲ့ငှက်က သူ့ကိုတောင်ပံနဲ့လှမ်းရိုက်နေပြီး
အခန်းအပြင်ဘက်နေရောင်က အခန်းထဲကသူ့အသားကိုလှမ်းစားနေတယ်လို့ထင်နေတယ်
သစ်ပင်တွေရဲ့မိုးရာသီအရောင်ဟာ သူ့အပေါ်အင်အားအပြည့်နဲ့စိမ်းပြနေပြီး
ကျဉ်းနေတဲ့လမ်းကလည်း သူ့ကိုသွားလို့မရအောင်လုပ်ထားတယ် တဲ့ ။

တချိန်ကဘာတွေစိုက်ပျိုးခဲ့သလဲ
ခု ချိုမြိန်နေသလား မွှေးမြနေသလား
လေကသယ်ယူလာတဲ့တရား သူ့ရှေ့ကိုရောက်နေပြီ
ကြားရတဲ့အတိုင်းဟာ
သီချင်းတွေ တပုဒ်ပြီးတပုဒ်အမြန်ပြောင်းဖွင့်နေရင်း
မပျော်ရွှင်မှုကိုခုတင်အောက်ထိုးထည့်လို့
ဘယ်အရာကိုမှမကြိုက်တော့တာလည်း အန္တရာယ်ပါပဲ ။

ကြားရတဲ့အတိုင်းဆို
ပညာရေး စီးပွားရေး လူမှုရေးနဲ့ မိုဘိုင်းလ်ဖုန်းမျက်နှာပြင်
သူဟာအမြဲဆန္ဒပြဖို့ပြင်ဆင်ထားပြီး
ဆန္ဒပြစရာမရှိရင်
ဆန္ဒပြမယ့်သူ့ရည်ရွယ်ချက်ကို ဆန္ဒပြန်ပြတယ်
စစ်ပွဲတွေမှာ အမှန်နဲ့အမှားမရှိ အရှုံးနဲ့အနိုင်ပဲရှိတယ် တဲ့
နိုင်ငံရေးဆိုတာ အာဏာကိုတည်ဆောက်ခြင်းပဲ တဲ့
လူဆိုတာ အိပ်မက်နဲ့မျှော်လင့်ချက်တွေရှိနေမှ ပျော်ရွှင်ဖို့ကောင်းမှာပေါ့
ပြတင်းပေါက်ကိုဖွင့်လည်း
ဘာရှုမျှော်ခင်းမှ သူ့မျက်လုံးရှေ့မရှိတော့တဲ့အခါ
လူသေအလောင်းတွေလမ်းလျှောက်တဲ့ရုပ်ရှင်ကို စီဒီစက်ထဲထည့်လိုက်တယ်
ကြားရတဲ့အတိုင်းဆို
သူထွက်ပြေးဖို့သိမ်းထားတဲ့လမ်းတွေကတောင်
သူ့ဆီက ပြန်ထွက်ပြေးသွားပြီတဲ့
ကြားရတဲ့အတိုင်းဆို
ဆူဆိုက်လုပ်တဲ့နေ့ဟာ သူ့ဘဝစတင်တဲ့နေ့ပဲ တဲ့ ။

ဆောင်းဝေ (နတ်မောက်)
24.6.2017

Comments