သွေး (စစ်ကိုင်း) ● ကျပ်ခေတ်


သွေး (စစ်ကိုင်း) ● ကျပ်ခေတ်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇

ရင်ထဲမှာ ပြည့်ကျပ်နေတဲ့စကားလုံးတွေ
ဖုံးကွယ်ခံ အမှန်တရားဟာ နေရာကျဉ်းကျပ်လို့
ငါတို့အသက်ရှူရတာ ကျပ်တယ်။

လမ်းတွေပေါ် ကားတွေ တနေ့တခြား ပိုကျပ်လာ
စားဝတ်နေရေးတွေ ပိုပြီးကျပ်လာတဲ့အခါ
ရှင်သန်ခြင်းနေ့စွဲတွေလည်း ကျပ်လာခဲ့။

အလုပ်မပါတဲ့ အပြောတွေ ပြည့်ကျပ်နေတဲ့မြို့ပြမှာ
စိတ်တွေ ကျဉ်းကျပ်နေမိတာ ဆန်းသလား။

ထမင်းနှစ်နပ် နှပ်မှန်ဖို့ ကြိုးစားနေရတဲ့ ကျပ်ဘဝ
လက်ဖက်ရည် မှန်မှန်သောက်နိုင်ဖို့တောင် ရုန်းကန်နေရတဲ့ ကျပ်ဘ၀မှာ
ခိုအိမ်လောက်တောင် မပိုင်ရတဲ့
နေရေးထိုင်ရေးက ကျပ်လွန်းတော့
အသေကျပ်တဲ့မြို့ပြလို့ ပြောကြတာ မှားသလား။

အဲသလို
ဖြတ်သန်းနေရတဲ့ ခေတ်ကြီးကို ချောင်းကြည့်နေရင်း
ကျပ်ပြီးရင်းကျပ်လာတဲ့ ကျပ်တည်းမှုနဲ့
ကျပ်ခေတ်ဟာ အောင်လံတလူလူ လွှင့်ထူလို့ … … …။

သွေး (စစ်ကိုင်း)
၂ ဒီဇင်ဘာ၊ ၂၀၁၆
၂၂း ၃၀ နာရီ

Comments