စံပယ် ● နေခြည်လည်းရပါစေ၊ မြေဆီလည်း ဝပါစေ

စံပယ် ● နေခြည်လည်းရပါစေ၊ မြေဆီလည်း ဝပါစေ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇


၂၀၀၄ ခုနှစ် အစမှာပေါ့။

မှော်ဘီ GTC ( Government Technology College) ကို တာဝန်ကျတယ်ဆိုတော့ ပျော်တာလည်းမဟုတ်၊ စိတ်ညစ်တာလည်း မဟုတ်တဲ့ စိတ်လှုပ်ရှားမှုတမျိုးနဲ့အတူ ဒတ်ဆန်း မှော်ဘီကားသေးလေး စီးပြီး တာဝန်သတင်းပို့ ဖို့ လာခဲ့ပါတယ်။

ကားသေးလေးက မှော်ဘီမြို့ထဲမှာတင် ဂိတ်ဆုံးသွားတော့ ဆက်ရန်ကျန်သေးတဲ့ GTC ကျောင်းတော်ကို သွားဖို့ ကားစောင့် နေတုန်း ၅၃ ဆိုတဲ့ ဘတ်စ်ကားကြီး ထိုးဆိုက်လာပါတယ်။ ကားဂိတ်ကလူတွေက ဘောလုံးကားလာပြီ တက်တက်၊ GTC ကိုရောက်တယ်ဆိုလို့ တက်လိုက်ရင်း မျက်လုံးတချက်ဝေ့လိုက်တော့ ကျောင်းသူ၊ ကျောင်းသား အရွယ်တသိုက်ကို ကား နောက်ဖက်မှာ မြင်မိသည်။

ထိုင်စရာနေရာမရှိလို့ မတ်တတ်ရပ်လိုက်ရင်း ဘာလို့ ဘောလုံးကားလို့ ခေါ်ပါလိမ့် တွေးလိုက်မိတယ်။ စပါယ်ယာလေးကို GTC ရောက်ရင်ပြောပါလို့ ဆိုလိုက်ချိန်မှာ နဘေးကထိုင်ခုံက အမျိုးသမီးက ဝမ်းသာသွားပုံနဲ့ တို့လဲ GTC ဆင်းမှာတဲ့။ ဒီလိုနဲ့ ကျမတို့ရဲ့ ခရီးဆုံးကို ရောက်ချိန်မှာ စပါယ်ယာလေးက ကျယ်ကျယ်လောင်လောင်သတိပေးလိုက်ပါတယ်။

“ရေအိုးစင် --- ရေအိုးစင်ရောက်ပြီ ၊ GTC ဆင်းမယ့်အန်တီတို့ ရောက်ပြီ ” တဲ့။

၂ ယောက်သား အချင်းချင်းမိတ်ဆက်ပြီး ဆေးပြယ်လွင့်လွင့် ဆိုင်းဘုတ်ပေါ်က မှော်ဘီအစိုးရနည်းပညာကောလိပ်ဆိုတဲ့ စာတမ်းလေးကိုဖတ်ရင်း ကျောင်းဝင်းထဲ ဝင်ခဲ့ကြပါတယ်။ ကားပေါ်ကအတူတူဆင်းလာတဲ့ ကျောင်းသားအုပ်ထဲက မိန်းက လေးငယ်က ပြုံးပြရင်း စပ်စုရှာတယ်။

တီချယ်တို့က ဆရာမတွေလားတဲ့။ ကျမတို့လည်း ဝမ်းသာစွာနဲ့ပဲ ဟုတ်တယ်သမီးရေ သူက ရူပဗေဒ (သိပ္ပံဌာန) သွားမှာ ဆရာမက IT ဌာနကိုဆိုတော့ ကျောင်းသူလေးက ခုန်ဆွ ခုန်ဆွနဲ့ သမီးက IT ကျောင်းသူတဲ့။

ပထမဆုံးတွေ့ခဲ့ရတဲ့ IT ကျောင်းသူ အေးသန္တာဖြိုးရဲ့ လမ်းညွှန်မှုနဲ့ ကျမတို့လည်း ဆရာမကြီးရုံးခန်းမှာသတင်းပို့ပြီး ဌာန အသီးသီးကို ချောချောမောမော ရောက်ခဲ့ပါတယ်။

မိုးရာသီမို့လားမသိ ဖားပေါက်စလေးတွေ အများကြီး လမ်းမှာတွေ့ရပါတယ်။ လယ်မြေဟောင်းတွေမို့ ရွှံ့တွေကလည်း စီးပိုင် နေတာပါပဲ။

သူတို့ စုံတွဲက ကျမတို့ကို မှော်ဘီကျောင်းမှာ ပေါတဲ့ အကောင်ဘလောင်တွေအကြောင်း ဖောက်သည်ချသွားပါသေးတယ်။ အခု ဖားပေါက်စပဲရှိသေးသတဲ့။ နောက်ရက်တွေဆို မျှော့ကြီးတွေလဲရှိတယ်။ မြွေလည်းပေါတယ်တဲ့။ မျက်စိသူငယ်၊ နားသူ ငယ် ဆရာမ (၂) ယောက်မှာ သူတို့ စုံတွဲခြောက်သမျှကို အသည်းတယားယားနဲ့ ခေါင်းလေးတညိတ်ညိတ်ပေါ့။ တကယ် လည်း မြွေပေါတဲ့ နေရာပါ။
@@@

ဒီလိုနဲ့ ကျမစတင်ရောက်ရှိခဲ့တဲ့ မှော်ဘီ နည်းပညာကောလိပ်၊ နောင်ကျ နည်းပညာတက္ကသိုလ် (မှော်ဘီ) ဆိုသော ရပ်ဝန်း လေးမှာ ၂၀၀၇ ခုနှစ်ထိ အမှတ်တရ ရှိခဲ့တာလေးတွေကို စာစီကြည့်ပါတယ်။

ပထမဆုံး သတိရမိတာကတော့ လယ်ကွင်းနံဘေးက စာသင်ခန်းလေးပါ။ ကျမရောက်တဲ့ အချိန် IT Major ရဲ့ အတန်း အကြီးဆုံးက B.Tech 3rd Year ပါ။ သူတို့ အတန်းလေးဟာ မှော်ဘီကျောင်းရဲ့ တိုးချဲ့ဆောင် အစွန်ဆုံးမှာပါ။

IT ဆိုတာ “ငအ” လို့ အင်္ဂလိပ်စာလုံးကို မြန်မာ font ပေါ်စေတဲ့ အနေနဲ့ ရီစရာပြောလေ့ ရှိပါတယ်။ ကျမ စတွေ့ရတဲ့ သူတို့ လေးတွေက ပထမဆုံးတွေ့ချိန်မှာပဲ ကျမကို ပညာစမ်းကြပါတယ်။ကျမလည်းသူတို့ရဲ့ အစမ်းသပ်ခံရင်း “ငအတို့ဆရာမ” ငတုံးမဖြစ်အောင် အတော်ကြီးကို ကြိုးစားခဲ့ရပါတယ်။

မှော်ဘီကျောင်းကို ရောက်စမှာ ကျောင်းအုပ်ကြီးကစလို့ ဌာနတွင်းက ဆရာ၊ ဆရာမတွေအမြင်မှာတော့ ကျမကို ဝန်ကြီး တိုက်ရိုက်ကိုင်တွယ်တဲ့ ဌာနကနေ ပြောင်းလာသူမို့ ဝန်ကြီးလွှတ်လိုက်တဲ့ စပိုင် (spy) လို့ ထင်နေကြပုံပါ။

ကျောင်းကလူတွေ စပိုင်ထင်ရတဲ့အကြောင်းက ကျမ မရောက်ခင် တစ်လနီးပါးလောက်ကမှ IT ဌာနရဲ့ စက်ခန်းထဲက ကွန် ပျူတာ (၅) လုံးသူခိုး ခိုးခံလိုက်ရလို့ပါပဲ။ ကျောင်းပိုင်ပစ္စည်းပျောက်တာမို့ ပြဿနာက ဝန်ကြီးရုံးထိရောက်သွားတာကြောင့် ဖြစ်ပါတယ်။

ကျမက ဝန်ကြီးရုံးကနေပြောင်းလာသူမို့ အားလုံးက ခပ်ရှိန်ရှိန် ဆက်ဆံကြပါတယ်။ (တကယ်တော့ ဝန်ကြီးက အမြင် မကြည်လို့ သင်ကြားရေးကိုလွှတ်ဆိုပြီး ပြစ်ဒဏ်ထိထားသူပါ။ အဲဒီတုန်းက ဝန်ကြီးက နည်းပညာကောလိပ်တွေကို မဲဇာလို့ ထင်မှတ်ထားသူပါ။ စာသင်တာဝါသနာပါတဲ့ ကျမအတွက် စိုင်ကော်ခြုံပေါ်ရောက်တာလား၊ သေချင်တဲ့ကျားတောပြောင်း လားတော့ မသိတော့ပါဘူး။)

ကျမလဲ လူရှိန်ခံရနည်းလားဆိုပြီး “မီးစင်ကြည့်က” ရတော့တာပေါ့။

ခရီးရောက်မဆိုက်ပါပဲ၊ IT ကျောင်းသူတွေ အိမ်သာထဲ စာကပ်လို့ဆိုပြီး ကျောင်းအုပ်ကြီးရုံးခန်းမှာ စတင် ပြဿနာရှင်း ရပါ တယ်။ ကပ်တဲ့စာက ကျောင်းအုပ်ကြီးကို ကဗျာစပ်ထားတာလေ။ ဘုန်းတော်ဘွဲ့ဆိုရင်တော့ ကျောင်းမဂ္ဂဇင်းတွေ ဘာတွေ ထည့်နိုင်မှာပါ။ ခုတော့အိမ်သာထဲ ကပ်တယ်ဆိုတော့ ဌာနမှူးက ရှင်းပါပေါ့။ (တရားခံရှာပြီး ကျောင်းအုပ်ကြီးထံအပ်ပါတဲ့)။

‘ငအတို့ဆရာမ’ လည်း လေချိုသွေးရပါတော့တယ်။ တရားခံရှာ အပြစ်ပေးတာတွေလုပ်ရင် ပြဿနာက ပိုကြီးကျယ်သွား နိုင်ပါတယ်။ ဒီကိစ္စကို ကျောင်းအုပ်ကြီးအနေနဲ့ မသိလိုက်ဖာသာထားလိုက်တာ ပိုကောင်းမှာပါ။ နောက်ထပ် ကဗျာတွေထပ် မစပ်အောင် ကျမ တာဝန်ခံပါတယ်ဆိုပြီး ကျောင်းသားတွေကိုတော့ မင်းတို့ကဗျာဟာ အိမ်သာထဲလောက်မှာပဲ ကပ်ရတဲ့ ပုဂ္ဂိုလ်ရေးမဖြစ်စေနဲ့။ ဒီထက်အဆင့်မြင့်တဲ့ကဗျာတွေ ကြိုးစားစပ်ပါ။ နံရံကပ်စာစောင်တွေ၊ ကဗျာစာအုပ်လေးတွေ လုပ်ကြ တာပေါ့လို့ ပြောခဲ့ပါတယ်။

တကယ်တော့အဲဒီအချိန်က နံရံကပ်စာစောင်လုပ်ဖို့မပြောနဲ့ “နာရီတစ်လုံးကောက်ရသည်။ IT ဌာနလာယူပါ” ဆိုတဲ့စာ ကပ်မိတာတောင် ကျောင်းအုပ်ကြီးရုံးခန်း အသိမပေး ခွင့်မတောင်းပဲ ကပ်မိလို့ ခေါ်ဆူခံရတာလည်း ရှိခဲ့ဖူးပါတယ်။

မီးစင်ကြည့်ယုံမက ကွန်ပျူတာခန်းထဲ ဖယောင်းတိုင်မီးပါ ထွန်းလိုက်ရပါသေးတယ်။ ကျောင်းအုပ်ကြီးက ကွန်ပျူတာတွေ ပြန်တွေ့ဖို့ ယတြာခြေတာပါ။ ဌာနက ဆရာငယ်လေးတွေက လုံးဝ လက်မခံ။ အခြေအနေကတော်တော်တင်းမာခဲ့ ပါတယ်။ နောက်ဆုံး စက်ခန်းထဲမှာ ဘုရားစင်ရှိတဲ့ အတွက် မြတ်စွာဘုရားကို ဆီမီးပူဇော်တယ်သဘောထားကြစို့ ဆိုပြီး ဘုရားအ ကျယ်ကြီးရှိခိုး ရင်း စိတ်မောမောနဲ့ အားလုံးကို မေတ္တာတွေ အူလှိုက်သည်းလှိုက်ပို့လိုက်မိပါတယ်။

နောက်ပိုင်းမှာတော့ IT ဌာနက ဆရာ၊ဆရာမတွေဟာ မောင်ရင်းနှမ မိသားစုတွေလိုဖြစ်ခဲ့ရပါတယ်။ ကျမအတွက် ဘယ် တော့မှမမေ့နိုင်တဲ့ လုပ်ဖော်ကိုင်ဘက်တွေပေါ့။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်တွေနဲ့ စကားနိုင်တွေလုရင်း မျက်ရည်တွေကျ လိုက်၊ ဌာနထဲမှာ ကော်ဖီတွေဖျော်သောက်ရင်း တဟားဟားရီလိုက်။ တပည့်တွေကလည်း ကိုယ်ထူကိုယ်ထ စာကြည့်တိုက် လေးထောင်၊ ဆရာတွေကလည်း ပံ့ပိုးနဲ့၊ ကျောင်းပွဲလေးတွေ မှာ လည်း အားလုံးဝိုင်းပြီး စည်စည်ကားကားလုပ်နိုင်ခဲ့ပါရဲ့။

IT လူရွှင်တော်တွေဟာ ‘စတား’ တွေပါပဲ။ မှတ်မိပါသေးတယ်။ ကိုချစ်ခွန်းတို့အဖွဲ့ရဲ့ ဟာသပျက်လုံးတွေ။ ဆရာ၊ ဆရာမတွေ စတိုင်လုပ်ပြရာမှာ ဆရာမဒေါ်သူဇာနိုင်ရဲ့ပုံ ပီပြင်လွန်းလို့ ကျောင်းသားတွေ တဝါးဝါးပွဲကျ။ အဆိုပိုင်း၊အကပိုင်းတွေမှာလည်း မခေကြသူတွေ မနည်းမနောပါပဲ။ ဇွန်သဉ္ဖာရဲ့အက ကိုလည်း နှင်းဆီပန်းတွေပေးရင်း အားပေးခဲ့ကြပါတယ်။

IT ဌာနက စကားရည်လုပွဲလေးတွေကိုလည်း ကျောင်းအုပ်ကြီးအဆက်ဆက် သဘောကျခဲ့တာပါ။ “အဆိုတော်များသည် ဘောလုံးသမားများထက် လူငယ်များကို ပိုမိုလွှမ်းမိုးနိုင်သည်” ဆိုတဲ့ ခေါင်းစဉ်လေးကိုတော့ မှတ်မိနေပါတယ်။ ဘာကြောင့် လည်းဆိုတော့ နောက်တနေ့ ကျောင်းအုပ်ကြီးရုံးခန်း အစည်းအဝေးမှာ ကျောင်းအုပ်ကြီး (Dr မောင်မောင်လတ်) နဲ့ အင်္ဂ လိပ်စာဌာနက ဆရာတို့ ဆက်ပြီး အငြင်းပွားကြလို့ပါ။

စကားရည်လုပွဲတွေကို တခြားဌာနတွေက ကျောင်းသားတွေပါ လာအားပေးကြပါတယ်။ ကျောင်းသား၊ကျောင်းသူတွေရဲ့ အတွေးလေးတွေဟာ ချစ်စရာကောင်းလှပါတယ်။ အပြောတွေလည်းကောင်းပါ့။

အတွေးတွေ ချစ်စရာကောင်းသလို အပြုအမူလေးတွေက တခါတလေ လိုက်မမှီ နိုင်အောင်ပါပဲ။

တစ်ရက် ကျောင်းဆင်းချိန် ကားကြီးတွေပေါ် နေရာယူ ပြန်ဖို့ အဆင်သင့်ဖြစ်နေချိန် IT ကျောင်းသူတစ်ယောက် မူးနေလို့ ဆိုတဲ့ သတင်းရောက်လာတော့ ဆရာမတစ်ယောက်နဲ့အတူ ဌာနတံခါးဖွင့် ကြက်ခြေနီဆေးဘူးယူပြီး အပြေးလေး သွားကြ တာပေါ့။

အနားရောက်တော့ ဒင်းကလေးက အသည်းကွဲပြီး အရက်သောက်လိုက်တာ မခံနိုင်ပဲ လူမှန်းမသိဖြစ်နေတာကိုး။ နံဘေးက သူငယ်ချင်း ကျောင်းသား ၂ယောက်က ယပ်တောင်တွေခပ်ပေးလို့။ မင်းတို့ကော သောက်ထားလားဆိုတော့ သူတစ်ယောက် ထဲသောက်နေလို့ ကျွန်တော်တို့က ချော့ခေါ်လာတာပါတဲ့။ နောက်တနေ့ ဌာနမှူး စည်းဝေးပွဲမှာတော့ နံမည်ကျော်IT ဌာနမို့ ဟိုလူကမေး၊ ဒီလူကမေးနဲ့ မျက်နှာကိုပွင့်နေတော့တာပဲ။

မှော်ဘီကျောင်းမှာ Mechanical major နဲ့ Machetronic Major ကကျောင်းသားတွေကိုလည်း သံယောဇဉ်ပိုခဲ့ရပါတယ်။ ကျောင်းကားအတူတူစီးခဲ့ရတဲ့ Major စုံ ကတပည့်တွေကိုလည်း သတိရမိပါသေးတယ်။

ကျောင်းကားတွေက ရန်ကုန်ကနေ ၆ နာရီခွဲဆို စထွက်ကြပါတယ်။ ၇ နာရီခွဲလောက်ဆို မှော်ဘီမီးရထား သံလမ်းကျော်ပြီပေါ့။ ကျောင်းကားတွေက ဆက်တိုက်လာကြတာဆိုတော့ သံလမ်းအကျော် မြို့လည်ချောင်း ဂုံးထိပ်မှာ အသက်၄၀ နီးပါး အမျိုး သမီးတစ်ဦးဟာ မိတ်ကပ်တွေအဖွေးသား၊ ပန်းတွေအဝေသားနဲ့ ပုသိမ်ထီးလေးဆောင်းပြီး ကျောင်းကားတွေကို လက်ပြ တတ်ပါတယ်။ သနားဖွယ်စိတ်ပေါ့သွမ်းသူတစ်ဦးပါ။ အဲဒီအနားရောက်တာနဲ့ ကားပေါ်က ကျောင်းသားပျော်တွေဟာ ထွက် လက်ပြ နှုတ်ဆက်ကြ၊ တယောက်နံမည်တယောက်ခေါ်ပြီး အချင်းချင်း စကြ နောက်ကြတော့တာပဲ။ ကျမမှတ်မိနေတာ ကတော့ “ဖိုးစီ ကောင်မလေး” ဆိုတာပါပဲ။ (မကြာသေးခင် MC major ဆရာကန်တော့ပွဲသွားတော့ မှော်ဘီတံတားနား ရောက်ချိန် ဖိုးစီကောင်မလေး သက်ရှိထင်ရှားရှိသေးရဲ့လားလို့ သတိရမိပါရဲ့။)

ကျမရောက်ပြီး သိပ်မကြာခင်မှာပဲ GTC ကျောင်းသားတွေ၊ဆရာတွေ အားလုံးယူနီဖောင်းအဖြူနဲ့ အပြာ ဝတ်ရပါတော့တယ်။ ရန်ကုန်ကနေ မိုင် ၃၀ လောက်ဝေးတဲ့နေရာကို နေ့စဉ်နဲ့အမျှ သွားပြန်ကြရာမှာ ကားပေါ်မှာ ကုန်ရတဲ့ အချိန်က ၃ နာရီကျော်၊ ကျောင်းစာသင်ခန်းမှာ တနေကုန်။(Roll Call ရဖို့ကို အဓိကထားရတဲ့ စနစ်) ။ အိမ်ပြန်ရောက်တော့ ပင်ပန်း၊ ဘယ်အချိန်မှာ စာကြည့်နိုင်ကြပါ့မလဲ၊ ကိုယ်ပိုင်အတွေးအခေါ်တွေ ဘယ်လို ရှင်သန်နိုင်ကြပါ့မလဲလို့ တွေးရင်းပင့်သက်ရှုခဲ့မိပေမယ့် ဟို တုန်းက အဖြူအပြာလေးတွေဟာ ခုတော့ အမူအယာအသီးသီးနဲ့ ကိုယ့်နေရာ တစ်ခုကို သတ်မှတ်နိုင်တဲ့ လူရွယ်တွေဖြစ် လာကြတာ ကိုမြင်ရတော့ ကျမ သိပ်ကို ကြည်နူးမိပါတယ်။

မှော်ဘီ ကျောင်းရောက်ချိန် ကျမအတွက် အံ့သြရဆုံး ကိစ္စတရပ်ရှိခဲ့ပါတယ်။

တခါတရံ ဌာနက လူငယ်ဆရာတွေနဲ့ ကျောင်းသားတွေစုပြီး တခြား Major တွေနဲ့ အတူ ကျောင်းနဲ့ မနီးမဝေး ဘောလုံးကွင်း မှာ ဘောလုံးချိန်းကန်လေ့ ရှိပါတယ်။ ကျမတို့ တက္ကသိုလ်တက်စဉ်တုန်းကလည်း ကိုယ့် Major ဘောလုံးပွဲ၊ ဘောလီဘောပွဲ စတာတွေကို တစ်တန်းလုံး လိုက်အားပေးလေ့ရှိတာမို့ ကျမလည်း စာသင်ချိန်ဖြစ်ပေမယ့် ဘာမှမပြောပဲထားလိုက်မိပါ တယ်။

နေ့မဆိုင်း ကျောင်းအုပ်ကြီးက ခေါ်ပါတော့တယ်။ ဆရာမတို့ Major က ဆရာနဲ့ ကျောင်းသားတွေ စာသင်ချိန်ဘောလုံး ကန်နေတဲ့အတွက် ခေါ်ယူသတိပေးတာပါတဲ့။ (IT က ကျောင်းသားရှားတော့ ဘောလုံးတစ်ဖွဲ့ရဖို့ အတန်းစုံက ကစားချင်တဲ့ ကျောင်းသားနဲ့တင်လူမပြည့်လို့ ဆရာတွေပါ လိုက်ကြတာလေ) ကျမက လျှာရှည်မိတယ်၊ တခါတရံမို့ ခွင့်ပြုလိုက်တာပါ ဆိုတော့ နည်းပညာတက္ကသိုလ်တွေမှာ ဘောလုံးပွဲတွေကို လုံးဝပိတ်ပင်ထားပါတယ်၊ ဒါဟာ ပြစ်မှုမြောက်တယ်၊ ကျောင်း သားကို ကျောင်းထုတ်နိုင်တယ်တဲ့။

နောက်တကြိမ်ဆို ဌာနမှူး ထုချေလွှာတင်ရပါမယ်တဲ့။ ဝန်ကြီးကိုယ်တိုင်ထုတ်တဲ့အမိန့်ဆိုတော့ တစ်ခုခုဖြစ်ရင် ကျောင်း အုပ်ကြီးမှာပါ ထိခိုက်လာနိုင်တဲ့အတွက် သူ့ခမျာလည်း စိုးရိမ်ရှာတာပေါ့။ ကျောင်းသားတွေ ဘောလုံးကစားခြင်းဟာ ပြစ်မှုမြောက်တဲ့အချိန်တွေကို ကျမတို့တွေ ဖြတ်သန်းခဲ့ရဘူးတယ်လေ။

ခုတော့လည်း ပွင့်လင်းစပြုလာတဲ့ခေတ်မှာ နည်းပညာ Major ပေါင်းစုံ ဘောလုံးပွဲတွေ တခြိမ်းခြိမ်းကျင်းပပြီး ဆရာ၊ ဆရာ မတွေကိုပါ တာဝန်နဲ့ လိုက်လံအားပေးခိုင်းတော့ တချို့ ကျူရှင်တွေဖျက်ရလို့ စိတ်ညစ်ရှာကြရဲ့။ လူ့သဘောကိုက အတင်း အကြပ်လုပ်ခိုင်းရင် မကြိုက်ချင်၊ မလုပ်နဲ့လို့ ပိတ်ပင်မှ လုပ်ချင်တတ်တဲ့ သဘာဝပဲလေ။
@@@

ငယ်ငယ်တုန်းက ကြားဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို သတိရမိတယ်။

သစ်ပင်လေးနှစ်ပင်ရှိရာမှာ တစ်ပင်ကတော့ ရေလောင်းပေါင်းသင်ခံရပြီး အလင်းရောင်ကြွယ်ဝတော့ နေဆီကို မျှော်ကြည့် ရင်း ခပ်မြန်မြန်ကြီးထွားလာသတဲ့။ အခြားတစ်ပင်ကတော့ ဒီလို မျိုးအခြေအနေမရရှာတော့ ရှင်သန်ကြီးထွားနိုင်ဖို့ “မြေဆီ” ကိုပဲ အားထားရသတဲ့။ မြေဆီရှိရာ တိုးဝင်သတဲ့။

လေပြင်းတိုက်ချိန်မှာ မြေလွှာမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေနိုင်တဲ့ အပင်က ပိုပြီး ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ (မြေဆီလွှာဆီ မထိုးဖေါက်နိုင်ပဲ ဆုံးရှုံးသွားတဲ့ အပင်တွေလည်းရှိနိုင်ပါတယ်)

ဒီလိုပါပဲ လွဲချော်နေတဲ့၊ လွဲချော်ခဲ့တဲ့ ပညာရေးစနစ်ကြောင့် လူငယ်လေးတွေ ရဲ့အဖိုးတန်လှတဲ့ အချိန်တွေ တိုက်စားခံခဲ့ရ သလို၊ တချို့ အိမ်မက်တွေ ကျိုးပျက်ခဲ့သူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေကြားကနေ ကိုယ့်ကိုယ်ကိုယ်ရှင်သန်အောင် မြေဆီလွှာကို ထိုးဖောက်နိုင်ခဲ့တဲ့ လူငယ်တွေလည်း အများကြီးပါပဲ။

မှော်ဘီကျောင်းကတပည့်တွေအတော်များများ အလုပ်အကိုင်ကိုယ်စီနဲ့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသေးသည်ဖြစ်စေ ဘဝမှာ လှုပ်ရှားရုန်းကန်နေ ကြတာကို မြင်မိ တွေးမိတဲ့အခါ မှော်ဘီကျောင်းရောက်စ တွေ့ခဲ့ရတဲ့ ဖားပေါက်စလေးတွေကို သတိရမိတယ်။

ပေါက်စနလေးတွေလည်း အချိန်တန်တော့ ဖားကြီးတွေဖြစ်လာကြသလို ဟိုတုန်းက မှော်ဘီနည်းပညာကျောင်းသားလေးတွေလည်း ခုတော့ တကယ့်ကို ကိုယ့်လမ်းကိုယ်ထွင်နိုင်တဲ့ သူတွေဖြစ်ကုန်ကြပါပြီ။ ဘဝပင်လယ်ကို အသီးသီးလှော်ခတ် နေကြပြီလေ။

ရေအိုးစင်မှတ်တိုင်ရှိရာ မှော်ဘီနည်းပညာကောလိပ်/တက္ကသိုလ် ကြီးရဲ့ သုတနည်းပညာဌာနကနေ ပညာသင်ယူ ထွက်ခွာ သွားကြတဲ့ ချစ်သောတပည့်အားလုံးကို (အောင်မြင်သည်ဖြစ်စေ၊ ကြိုးစားဆဲဖြစ်စေ) သတိရ လွမ်းဆွတ်ရင်း၊ “သုတ ရေအိုးစင်” ကို တည်ခဲ့ ရေဖြည့်ကြတဲ့ တပည့်တွေကို ဂုဏ်ပြုရင်း ဒီရေအိုးစင်လေးမှာ ကူညီ ရေဖြည့်လိုက်ပါတယ်။

(ဒီစာလေးကို မှော်ဘီ IT ကျောင်းသားဟောင်းတွေ ဦးဆောင်လုပ်ကိုင်နေတဲ့ သုတရေအိုးစင်အတွက် ရေးပေးထားတာပါ။ ခုရက်ပိုင်းမှာ ကြွေလွင့်ခဲ့ရတဲ့ မှော်ဘီနည်းပညာတက္ကသိုလ် IT ဌာနက ကျောင်းသူလေး မခင်ပွင့်ဖြူအတွက် အထူးစိတ် မကောင်းဖြစ်ရ တဲ့အတွက် ကိုယ့် wall မှာ တင်လိုက်ရင်း ခေတ်၊ စနစ်တွေ အမြန်ကောင်းမွန်လာပါစေလို့ ဆုတောင်းမိပါ တယ်။)

Comments