တူမောင်ညို - ကုလားအုတ်၊ ကောက်ရိုးတမျှင် နဲ့ ကာချုပ်ရုံး (ဖဘ)


တူမောင်ညို - ကုလားအုတ်၊ ကောက်ရိုးတမျှင် နဲ့ ကာချုပ်ရုံး (ဖဘ)
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၇

အခုရေးမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး ကြိုတင်စကားခံထားပါရစေ။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း ဘက်ကနေ ကာကွယ်ပြီး၊ ခုခံပြီး၊ ဝန်းရံပြီးရေးသားတာ မဟုတ်ဘူး ဆိုတဲ့ အချက်ပါပဲ။ ကျနော်မြင်တာဒီလိုပါ။

ကာချုပ်ရုံး(ဖဘ)ရဲ့စတေးတပ်က ကုလားအုတ်ကျောကုန်းပေါ် ချိန်ကိုက်တင်ပေးလိုက်တဲ့ ကောက်ရိုးလေးတမျှင်သာ ဖြစ်တယ်။ ကုလားအုတ်ကို ခါးကျိုးသွားစေနိုင်တဲ့ ကောက်ရိုးမျှင်တော့ မဟုတ်ပါဘူး။ ဒီလိုမဟုတ်ဘူးဆိုတာကို ကုလားအုတ်ရော၊ ကောက်ရိုးတင် တဲ့သူရောသိကြတယ်။ အခုချိန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှာ (တကသ)အဆောက်အအုံ ကိစ္စ၊ (YBS) ကိစ္စတွေနဲ့ ဒွေးရော ဥပဒ်ပါဝင်နေတဲ့အနေအထား မဟုတ်လား။

တနည်းအားဖြင့် ဒီကောက်ရိုးတင်ပေးလိုက်ခြင်းအားဖြင့် “(တကသ) အဆောက်အအုံကိစ္စ” ကိုအကြောင်းပြုပြီး ဗိုလ်နေဝင်း စစ်အုပ်စုဟောင်းကနေ ဒီနေ့စစ်အုပ်စုထိ ရေကြောမြေကြောလိုက်လာမယ့် ကျောင်းသားလူငယ်တွေနဲ့ပြည်သူများရဲ့စစ်အုပ်စုဆန့်ကျင် ရေးလှိုင်းကိုကတ္တားခြားပေးလိုက်သလားလို့ တွေးမိတယ်။ တစတစအရှိန်မြင့်လာတဲ့ စစ်အုပ်စုဆန့်ကျင်ရေးကို လမ်းကြောင်းပြောင်းပေး လိုက်လေသလားလို့ တွက်ဆကြည့်မိတယ်။

“အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး”တို့၊ “ပရိုတိုကော”တို့၊ “ညွန်ချုပ်လယ်ဗယ်”တို့ ဆိုတဲ့စကားတွေဟာ တကယ်တန်းဆိုရင် စစ်အုပ်စုအဖို့ ဗွေယူရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ ဒီစကားလုံးတွေက ဘာမှလည်းမဖြစ်လောက်ပါဘူး။

(တကသ)ကိစ္စကနေ အကြောင်းပြုပြီးပေါ်ပေါက်လာတဲ့ ရေးသားပြောဆိုချက်တွေကတော့ ပထမအချက်ကမျိုးဆက်ဟောင်း တွေ (၁၉၆၂ ၊ ၁၉၇၄ - ၇၅ - ၇၆ နဲ့ ၁၉၈၈) ကို သွေးနှိုး၊ သွေးစည်းစေနိုင်တယ်။ ဒုတိယ အချက်က ကျောင်းသားလူငယ်မျိုးဆက် သစ်တွေကို သမိုင်းအရ၊ လက်တွေ့အရ၊ နိုင်ငံရေးအရ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကိုပေးနိုင်တဲ့ အစွမ်းသတ္တိတွေပါရှိနေပါတယ်။

(တကသ) အဆောက်အအုံကိစ္စဆိုတာ ဗိုလ်နေဝင်းစစ်အုပ်စုကနေ (နဝတ-နအဖ) စစ်အုပ်အထိ ယုတ်စွအဆုံး ဗိုလ်သန်းစိန် အစိုးရအထိ လေသံ မဟဝံ့တဲ့ကိစ္စဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ဖျက်မရတဲ့ သမိုင်းအမည်းစက်ကြီးတွေထဲက တစ်ခုဖြစ်တယ်။ ဒီကိစ္စက စစ်အုပ်စုရဲ့အသဲနှလုံးကို စိုက်ဝင်နေတဲ့ ဓားမြှောင်ပါပဲ။

(တကသ) အဆောက်အအုံကိစ္စအပေါ် လက်ရှိရွေးချယ်ခံအစိုးရ (ဝါ) ဒီချုပ်အစိုးရရဲ့လုပ်ဆောင်နေတာတွေက ၂၀၁၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ (နကသ)ကျောင်းသားတစ်စုကို ပညာရေးဝန်ကြီးကခေါ်တွေ့ကစလို့ - (တကသ) အဆောက်အအုံဟောင်းနေရာ ပေါ်မှာညတွင်းချင်း “ရှင်းလင်းဆောင်” ခိုးကြောင်ခိုးဝှက်ဆောက်လုပ်တာအလယ် - ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က “ ရန်ကုန် တက္ကသိုလ် ၌ ကျောင်းသားသမဂ္ဂ ရုံးခန်း ဖွင့်လှစ်” တဲ့ကိစ္စအဆုံး လူကြီးလူကောင်း လုံးဝ မဆန်ဘူး။

မေတ္တာနဲ့အုပ်စိုးမယ့်အစိုးရဟာ စစ်အုပ်စုဟောင်းနဲ့စစ်အုပ်စုဟောင်းရဲ့အမွေစားအမွေခံတွေ အပေါ်သည်းခံခွင့်လွှတ်နိုင်စွမ်းရှိ သလို၊ စစ်အုပ်စုအဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြတဲ့ မျိုးဆက်ဟောင်းကျောင်းသားတွေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ သူတွေအပေါ်မှာ နားလည်မှုရှိရှိပြုမူ ဆက်ဆံသင့်ပါတယ်။

တချိန်က (ဗကသ)ဥက္ကဋ္ဌတွေဖြစ်ကြတဲ့ “ကိုအောင်ဆန်း၊ကိုဗဟိန်း”တို့ ဓာတ်ပုံတွေ၊ “ရှေ့ကိုကြည့်ဖို့၊ ကိုယ့်အနာဂတ်ကောင်း မွန်ဖို့နဲ့ တိုင်းပြည်ရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ကိုဆက်လက်ချီတက်သွားဖို့” ဆိုတဲ့ စကားတွေကို ပျားရည်သဖွယ် သုတ် လိမ်းထားပြီး၊ အစိုးရသတင်းတွေမှာ အကျယ်တဝင့်ဖော်ပြခဲ့တဲ့ “ ရန်ကုန် တက္ကသိုလ် ၌ ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်လှစ်” ဆိုတဲ့ သတင်းဆောင်းပါးကတော့ ကျောင်းသားလူငယ်တွေအကြားမှာ ထိုးခွဲလိုက်တဲ့ ဓားမြှောင်တစ်ချောင်းပါပဲ။

အဲဒီသတင်းဆောင်းပါးထဲမှာ “ရှေ့ကိုကြည့်ဖို့” ဆိုတဲ့စကားကို ရှေ့တန်းတင်ပြီးပြောနေပေမယ့်၊ နောက်မှာရေးထားတာတွေက “သမဂ္ဂအဆောက်အအုံဖောက်ခွဲဖျက်ဆီးရန် ၎င်းအနေဖြင့်အမိန့်မပေးခဲ့ကြောင်း” ဗိုလ်နေဝင်းရဲ့ ဆင်ခြေနဲ့ စစ်တပ်က ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ရက်ရက်စက်စက်မဖြိုခွင်းမီ ၁၇ ရက်အလို ( စက်တင်ဘာလ ၁ ရက်နေ့) မှာ အပျော့ဆွဲနေတဲ့ (မဆလ) သမ္မတ ဒေါက်တာမောင်မောင် ရဲ့“ပျော်ပျော်ပါးပါး အဆောက်အအုံ အုတ်မြစ်ချပွဲကျင်းပကြရအောင်” ဆိုတဲ့ မြှူဆွယ်စကားတွေဖြစ်နေတယ်။ ဒီဖော်ပြချက်တွေက နောက်ကြောင်းပြန်စကားတွေ /နောက်ကြောင်းပြန်တဲ့အချက်အလက်တွေ မဟုတ်ဘူးလား။

ဒါမှမဟုတ်ရင်လည်း ဗိုလ်နေဝင်းက “အမိန့်မပေးခဲ့ဘူး”၊ ဒေါက်တာမောင်မောင်က “ပျော့ပြောင်းတယ်” ၊ လိုက်လျောခဲ့တယ် လို့ ဆိုပြီး ပြန်လည်ဖုံးဖိဖာထေးပေးချင်တာလား။ ပြန်လည်သိဒ္ဓိတင်ပေးတာလား။

(တကသ) အဆောက်အုံဖြိုချမှုကိစ္စမှာ နံပတ်တစ် တာဝန်ရှိသူဟာ ထိုစဉ်က တော်လှန်ရေးကောင်စီဥက္ကဋ္ဌနဲ့ ကာချုပ်ဖြစ်တဲ့ ဗိုလ်နေဝင်းဖြစ်ပြီး၊အဖွဲ့အစည်းအနေနဲ့ဆိုရင် တော်လှန်ရေးကောင်စီမှာ အဓိကတာဝန်ရှိပါတယ်။ “စာမိန့်/နှုတ်မိန့်”ပေးသူ၊ ဒါကိုလက်တွေ့ အကောင်အထည်ဖော်ဖောက်ခွဲသူတွေကတော့ တာဝန်ရှိသူ နံပတ် နှစ်၊ သုံး၊ လေး၊ ငါး စသဖြင့်ဖြစ်ပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ “ အခုကျောင်းသားသမဂ္ဂအဆောက်အအုံအတွက်လည်း ပညာရေးဝန်ကြီးဌာနဘတ်ဂျက်က ရှိပြီး ပါပြီ”ဆိုတဲ့အချက်က စိန်ခေါ်တဲ့အချက်ဖြစ်ပါတယ်။ ငါတို့လုပ်ချင်တာလုပ်မယ်၊ ဒီလိုလုပ်နိုင်ဖို့ အဖက်ဖက်က အဆင်သင့်ပဲဆိုတာကို ကြေညာတဲ့သဘောဖြစ်ပါတယ်။

ဒီအချက်တွေကို မျိုးဆက်ဟောင်းကျောင်းသားဟောင်းတွေ၊ စစ်အုပ်စုအဆက်ဆက် ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ကြသူတွေက နည်း နည်း လေးမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။

ပြန်လည်သင့်မြတ်ရေးဝတ်ရုံကို လွှမ်းခြုံထားတဲ့၊ မေတ္တာစကားကို နှုတ်ကတဖွဖွဆိုနေတဲ့ ဒီချုပ်အစိုးရအနေနဲ့ “သမဂ္ဂဖွဲ့စည်း ရေး”ကိစ္စ၊“(တကသ)အဆောက်အအုံ”ကိစ္စတွေမှာ ငါ့မြင်း ငါ့စိုင်း မလုပ်ဘဲ၊ ကျယ်ကျယ်ပြန့်ပြန့်ညှိနှိုင်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။ ဆင်သွားရင်လမ်းဖြစ်တယ်ဆိုပြီး ဇွတ်တိုးလုပ်မယ်ဆိုရင်တော့ ရလဒ်ကောင်းရနိုင်စရာ အကြောင်းမမြင်ပါဘူး။

ကွက်ပြီးပြောရရင် ၁၉၆၂ မတ်လ ၂ ရက်နေ့က စလို့ ဒီမိုကရေစီမိုးကြီးမှောင်ကြီးကျခဲ့တာပါ၊ ရွေးကောက်ခံအစိုးရကို ဖျက် သိမ်း၊ ဖမ်းဆီး၊ အခြေခံဥပဒေကို ဖျက်ဆီးခဲ့သူဟာ စစ်အုပ်စုဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပါတယ်။ (တကသ)အဆောက် အအုံဖြို ချမှု၊ ကျောင်းသားရာကျော်သတ်ဖြတ်မှု စတဲ့ ရာဇဝတ်မှုပေါင်းများစွာကို ၁၉၈၈ အထိ၊ ယနေ့အထိ လက်ရဲဇက်ရဲ ဆက်တိုက်ဆိုသလို ကျူးလွန်နေခဲ့တာ စစ်အုပ်စုဖြစ်ပါတယ်။ ငါ့မြင်းငါစိုင်းတာ၊ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်တာတွေဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရားရဲ့ အထင်ရှားဆုံး လက္ခဏာချက်တွေဖြစ်ပါတယ်။

တကယ်တန်းဆိုရင် ဒီမိုကရေစီလွှတ်တော်/ဒီမိုကရေစီအစိုးရတို့ဆိုတာကို ဖွဲ့စည်းတဲ့အခါမှာ ရွေးကောက်ပွဲမှာ ပြည်သူလူထုမဲ ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခံရသူတွေနဲ့သာ ဖွဲ့စည်းရမှာ မဟုတ်လား။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောတဲ့ စကားတွေထဲမှာ ဒီလိုအချက်တွေမပါ ပါဘူး။ မစို့မပို့လေး၊ မခို့တရို့လေး ပြောတာပါ။

နိဂုံးချုပ်ရရင် ကာချုပ်ရုံး(ဖဘ)ကလုပ်ချလိုက်ပုံဟာ သူတို့ချပေးထားတဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ကိုသုံးပြီး၊ သူတို့ “ကာချုပ်” ကို “ပရိုတိုကော”နဲ့ ကိုင်တုတ်နေတဲ့ မချေငံတဲ့ ခင်ဗျားတို့ ကောင်လေးကို လိမ္မာရေးခြားရှိအောင် ဆုံးမပေးပါအုံးဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မောင်းထုပြီး အသိပေးတာလိုက်မျိုးလို့ထင်ပါကြောင်း။

ညွန်း
မြန်မာ့အလင်းသတင်းစာ(၁၀-၇-၂၀၁၇)






Comments