အောင်မော်ဦး ● လေရိုင်းရိုင်းမှာ တဖျတ်ဖျတ်လွင့်နေတဲ့အလံ


အောင်မော်ဦး ● လေရိုင်းရိုင်းမှာ တဖျတ်ဖျတ်လွင့်နေတဲ့အလံ
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇

လူပျော့တွေ ထောင်တဲ့ အလံဖြူမှာ
လူညံ့တွေ အောင်ပွဲခံနေကြပြီ ဂျနီဖာ။

ဒီကဗျာကို ငါ ဘယ်လိုဆက်ရေးရမလဲ
သူတို့မြှောက်လိုက်တဲ့ ဝိုင်ခွက်တွေထဲမှာ
ပြိုလဲသွားတဲ့ အရေးတော်ပုံတခုကို ငါမြင်နေရတယ်
လှည့်ဖြားခံရတဲ့ မျိုးဆက်တဆက်ကို ငါမြင်နေရတယ်
အခါခါသေနေတဲ့ ရေပေါ်ဆီ နိုင်ငံရေးသမားတွေကို ငါမြင်နေရတယ်။

သူတို့ ဝိုင်ခွက်တွေ မြှောက်လိုက်ကြပြန်ပါပြီ
ဒီတခါ ချီးယားစ်လို့ အော်လိုက်သံဟာ
ပြောပလောက်အောင်မလင်းလှတဲ့
ရှိစုမဲ့စု အလင်းစကို အမှောင်ညထဲ ဆွဲနှစ်ပစ်ခဲ့ပြီ
ညဟာလည်း အမှောင်မှာ ကျင့်သားရဖို့ကြိုးစားရင်း ညည်းတွားလို့။

အန္တရာယ်အငွေ့အသက်ကိုရတဲ့ သားကောင်လို ထိတ်လန့်မှုမျိုးနဲ့
အသက်ရှူနှုန်းမြန်မြန်လာတဲ့ မြို့တော်ဟာ
အောက်စီဂျင် ပိုမိုလိုအပ်လာနေပါပြီ
တကယ်ဆို လေကောင်းလေသန့်ကို မရှူခဲ့ကြရတာလည်း
ထောင့်ကိုးရာခြောက်ဆယ့်နှစ်ခုနှစ် ကတည်းကပါပဲ။

အာဏာသိမ်းပြီးစ ညနေဟာ အကျည်းတန်လှတယ်
ဘရင်းကယ်ရီယာတွေ တင့်ကားတွေက လမ်းတွေပေါ်မှာ တဘီးချင်းလှိမ့်လို့
မြင်မြင်ရာပစ်မိန့်ရထားတဲ့ စစ်သားတွေက လက်မရွံ့မျက်နှာထားတွေနဲ့ သရဲမရဲစီးလို့
စစ်ချီတေးတွေက ရေဒီယိုမှာ တကြော်ကြော် အော်ကြလို့
ဥသြမဆွဲဘဲ မောင်းလာတဲ့ မီးသတ်ကားတွေက သွေးစွန်းလမ်းတွေကို ဆေးကြောပစ်လို့
ခွေးတကောင် ကြောင်တမြီးမှမရှိတဲ့ မြို့တော်ဟာ
မြို့ခံတွေရဲ့ အံကြိတ်သံကလွဲလို့ လေသံတောင် သဲ့သဲ့မကြားရဘူး
အဲဒီကတည်းက
ဒေါသထွက်နေကြတဲ့ လူအုပ်ကြီးဟာ
ခုထိလည်း ဒေါသ မပြေကြသေးပါဘူး။

ငါတို့တိုင်းပြည် ငါတို့အစိုးရနဲ့
ငါတို့ဆီက အာဏာရှင်တွေပြုသမျှ
လွဲချော်မှုတွေမှာ ပြည်သူတွေ ရယ်ကြတယ်
ငါလည်း ပြည်သူတယောက်အနေနဲ့
ငါတို့ပြည်သူတွေရယ်သလို ရယ်ခဲ့တယ်
ဂျွန်စတိန်းဘက်ပြောသလိုပေါ့
“but when you open your mouth to laugh, something like a hand squeezes your heart” တဲ့
ငါ့ကိုချစ်ရင် ငါ့လိုရယ်နိုင်အောင်ကြိုးစားပါ ဂျနီဖာ
ငါတို့ဟာ ဒီလိုရယ်နိုင်ဖို့ ခေတ်နဲ့အမျှ ကြိုးစားခဲ့ကြရတယ်။

တောင်လိုပုံနေတဲ့ အရိုးတွေကိုနင်းရင်
သည်ရင်ဟာ အကြားစေ့နိုင်မလား
အရိုးတွေကတော့ လှေခါးတစင်းလို ခင်းပေးကြလို့
မတရားမှုကိုဆန့်ကျင်ခဲ့တဲ့တော်လှန်ရေးဟာလည်း
တရားမျှတမှုကို ချစ်မြတ်နိုးကြသူတွေရဲ့ 
ရင်ဘတ်တွေထဲမှာပဲရှိတော့တယ်။

ရိုးရိုးသားသား နိုင်ငံရေးသမား တယောက်တလေကိုတွေ့ရင်
ပြောဖြစ်အောင်ပြောလိုက်ပါ
လှည့်ဖြားခံရတဲ့မျိုးဆက်ဟာ ကမ္ဘာမကြေဘူးဆိုတဲ့အကြောင်း
ခေတ်ကာလ တနံတလျားမှာ
တစုံတရာကို မွတ်သိပ်နေခဲ့ကြသူတို့
သေတာထက် မြတ်တဲ့အမှုကို ကျူးလွန်ကြဦးစို့ရဲ့။

အောင်မော်ဦး
ဇူလိုင် ၂၃၊ ၂၀၁၇။

Comments