နိုလိုင်း ● အရေးပေါ်လူနာတင်ယာဉ်ပေါ်က မြင်ကွင်းများ

နိုလိုင်း ● အရေးပေါ်လူနာတင်ယာဉ်ပေါ်က မြင်ကွင်းများ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၇

၁။
ဒီလိုရက်တွေမှာ နေ့စဉ်ဘဝမြင်ကွင်းထဲ မိုးတွေက မစဲတမ်းရွာချနေသလို ဘယ်တော့မှ မရပ်တော့ဘူးလား ထင်နေရတဲ့ အထိလည်း တချိန်လုံးဆက်ပြီး ရွာနေ သေးတယ်။ မိုးနေ့တွေဟာ သွားလာနေကျပတ်ဝန်းကျင်ကို အမြဲစိုစွတ်လို့ တိုက်လာ တဲ့လေထဲ အသက်ကိုလောက်ငှအောင် မနည်းရှူလိုက်ရပေမယ့် မွန်းကျပ်ပိတ်လှောင်နေရတဲ့ ခံစားချက်ပုံစံကိုတော့ ပြောင်းလဲမပစ်နိုင်သေးဘူး။

ရွာလက်စရှိနေသေးတဲ့မိုးရေမှာ လက်ရှိလူ့အဖြစ်ကိုလည်း လုံခြုံစွာ စိတ်ချလက်ချ နေထိုင်ကြည့်လို့မရသေး စိုးရိမ်ထိတ်လန့်နေရတဲ့ခံစားချက်တွေကိုလည်း အဆုံး မသတ်နိုင်သေးသလိုပဲ အချိန်တိုင်း ပူလောင်နေရတဲ့ရင်ဘတ်ကို မိုးရေနဲ့မငြှိမ်းနိုင် သေးဘူး။ အခုထက်ထိလည်း အပြင်ကိုမျှော်ငေးကြည့်လိုက်တိုင်း မိုးသံလေသံနဲ့သာ အမြဲအုံ့မှိုင်းထုံထိုင်းလို့ ညို့နေတော့ တယ်။ ဘာမှမမြဲတတ်တဲ့လောကထဲ ရွာချနေတဲ့ မိုးရေစက်တွေကြားမှာ မမြဲတဲ့အရာမှန်သမျှ ရောပြီးသွန်ချလိုက်သလို အိမ်အပြင် ဘက်လမ်းတွေပေါ် မိုးတွေက သဲသဲမဲမဲရွာနေပြန်သေးတာ။

လတ်တလောကျနေတဲ့ အိမ်ခေါင်မိုးပေါ်က ယိုတဲ့မိုးရေနဲ့အတူ လမ်းပေါ်မှာ စိုနေတဲ့ မိုးတွေ။ ရင်ဘတ်အဟထဲက လောင်နေတဲ့မီးထက်စာရင်လည်း ရေစပ်စပ် စိုစွတ် ပွယောင်းမှုတွေကသာ စိတ်ကိုပိုပြီးပုပ်ပွလာစေသလိုခံစားနေရတယ်။ လမ်းပေါ်မှာလည်း ပစ်စလက်ခတ် ရေတွေလျှံနေတယ်။ အရာရာစိုထိုင်း နူးအိနေတဲ့ ဖရိုဖရဲမြင်ကွင်းတွေချည်း မျက်စိ ထဲမြင်တွေ့နေရတယ်။ အဲဒီလိုမိုးရွာတဲ့နေ့တွေဟာ မြင်ကွင်းထဲ ကိုယ့်အတွက်ကျောခင်းစရာနဲ့ တထိုင်စာနေရာ လွတ်က လေးတောင် မရှိတော့သလို လမ်းမပေါ်မှာလည်း ခန္ဓာကိုယ်တွေဟာ တခုနဲ့တခု ဘေးကိုအားစိုက် ကပ်ထားရသလို ဒီထက်ပိုပြီး ကျုံးထားလို့မရတော့တဲ့အခြေအနေတွေပဲ ဖြစ်နေတယ်။ ရေငွေ့ရိုက်လို့ တနေ့ထက်တနေ့ ဆက်တိုက်ထိုးစိုက်ဆင်းနေတဲ့စိတ်တွေက ဘေးမှာ ကျပ်ညှပ်လို့ ထားစရာမရှိဘူး ဖြစ်နေတယ်။ အခုလည်း ရပ်နေတဲ့နေရာမှာ ဆိုင်းထား တဲ့ ခြေထောက်ကို သံမှိုနဲ့နစ်ဝင်နေအောင်ကပ်ထားပေမယ့် တစ်လက်မမှမရွေ့အောင် စိတ်နဲ့တင်းထားပေမယ့်ဘယ်လိုမှနေလို့ မရဘူး။ လူတွေ ကားတွေ အမှိုက်သရိုက်တွေ အရာရာစုထေးပုံထပ်နေတတ်တဲ့ မြို့ထဲလမ်းတွေပေါ် မနေ့ကခြေရာတွေအတိုင်း ရောက်လာလျှောက်မိပြန်တာပဲ။

ကိုယ်ကျင်လည်ရာ လူတွေထူထပ်တဲ့ဝပ်ကျင်းတွေဆီကို မိုးရေထဲဖြတ်ပြီး သွားနေရ သေးတယ်။ ထုံထိုင်းနေတဲ့စိတ်တွေနဲ့သာ တရွေ့ရွေ့သွားလို့ ဦးတည်ရာမရှိတဲ့ခြေ ထောက်ကို ရည်ရွယ်ချက်မရှိလှမ်းနေမိပြန်တော့တာပါပဲ။

ဇာတ်နာတယ်ဆိုတာကို ဇာတ်လမ်းတွေထဲမှာတော့  ကိုယ်တိုင်တည်ဆောက် ဖန်တီးယူကြရပေမယ့် တကယ့်လက်တွေ့ဘဝ မှာ ပစ်ချခံလိုက်ရသလို ပကတိလောက အမှိုက်စလိုဘဝဆိုတာတွေ တကယ်များပြားလာတဲ့အခါ ကိုယ်တိုင်ဖန်တီးယူရတယ် ဆိုတဲ့ ဇာတ်အိမ်တွေထက်ပိုပြီး ရုပ်လုံးပိုကြွနေတတ်ပါတယ်။

တကယ်အပြင်မှာဖြစ်နေတဲ့ အဖြစ်တွေကတော့ ကံကြမ္မာအရသာမှာ ဘယ်ကိုမျှလွှဲချ လို့မရ ဝဋ်ကြွေးလို့သာဖြေချ ရွာကျ လာတဲ့မိုးတွေကိုသာ အပြစ်ဖို့ကြဖို့ပဲတတ်နိုင်တယ်။ စိတ်ကဆောင်ထားပေမယ့် ဆွဲချခံနေရသလိုဖြစ်နေတဲ့ ခြေတွေလက် တွေ ဦးနှောက် မှတ်ဉာဏ်ထဲ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေ လူလူချင်းစည်းချထားတဲ့ ချောက် တွေမှာ မလူးသာ မလှုပ်သာ ရုန်းကန်နေရသလို ဖြစ်နေတဲ့ဘဝတွေ တနေ့တခြား  များပြားလာတယ်။ တရွေ့ရွေ့သာ တွားတက်လာနေရတဲ့ တက်ကြွစိတ်ကို တိခနဲ ဖြတ်ချလိုက်သလိုအဖြစ်တွေ ခဏခဏမြင်နေရတယ်။

နေ့စဉ်အဖြစ်အပျက်တွေထဲမှာတော့ ကိုယ်တိုင်မှမဟုတ်ဘူး အရာမရောက်တဲ့ မျှော် လင့်ချက်နဲ့ အသက်ဆက်ရှင်နေရတဲ့ အခြားအခြားဘဝတွေဆိုတာ အများကြီးမှ အများကြီးပဲ။ မှီတွယ်ရာမဲ့ဘဝ ကုန်သွားတဲ့မျှော်လင့်ချက်တွေကို ဘယ်လို အားအင် မျိုးနဲ့ အသက်ဆက် ရှင်သန်စေနိုင်ပါ့မလဲ နေ့စဉ်ရုန်းကန်နေရတဲ့ လူမှုဝန်းကျင်ထဲ အလျင်မှီအောင် ဆက်နေရတဲ့ အသက်တွေနဲ့ ထုံသွားတဲ့စိတ်တွေကို ဘယ်လိုအရာနဲ့ လန်းဆန်းလာစေမလဲဆိုတာ ကိုယ်တိုင်လည်းမသိတော့သလို အဖြေလည်း မရှိသေးဘူး။

၂။
အခုလည်း ကိုယ်တိုင်က ကျနေသေးတဲ့စိတ်ကို မနည်းပြန်ထူမတ်လို့ လမ်းတွေ ပေါ်ထွက်လာခဲ့တာ။ တင်းထားတဲ့ကြိုးကို မနည်းဖြေလျော့လို့ လမ်းမတွေပေါ် ရောက် လာခဲ့ရပြန်တာပါ။ မထင်မှတ်တဲ့အခြေအနေမှာလည်း ထောက်ခနဲပြတ်တောက် သွားဖို့ ရှိနေတဲ့ လူ့အသက်ကိုပွတ်သပ်လို့ ဘာမှထူးခြားမလာမှာသိပေမယ့် မျှော်လင့်လို့ရ သလောက်နဲ့ မထူးဇာတ်ကို ကနေမိတော့တာပါပဲ။ ခြေလှမ်းတွေကတော့ မြင်နေကျ ပတ်ဝန်းကျင် ရွာနေတဲ့မိုးရေဖွဲဖွဲထဲမှာ အားစိုက်လျှောက်နေရ သေးတယ်။

ရှေ့ကတိုးလာတဲ့လေကို ထီးတချောင်းလောက်နဲ့ အကာအကွယ်ယူထားလို့ ရနိုင်ပါ သေးတယ်။ လမ်းပေါ်မှာ မပြီးဆုံးသေးတဲ့ အနာဂတ်တည်းတည်းလေးကို လွှတ်ချလို့ မရသေးတဲ့ မျှော်လင့်ချက်နဲ့ ဆက်လျှောက်ကြည့်နေမိတယ်။ တကယ်တော့ ဟိုဒီ လျှောက်သွားနေတယ်ဆိုတာကလည်း ရည်ရွယ်ချက်မရှိဘူးဆိုတာထက် စိတ်ကို အဆုံးထိ ပစ်ကျမသွားအောင်သာ လှိမ့်နေရတာမျိုး အရာရာ မျှော်လင့်လို့ ရနိုင်ပါ သေးတယ်ဆိုတာမျိုးမှာ တယ်လီဖုန်းမြည်သံတခုကနေလည်း ရက်အနည်း ငယ် ဝမ်းရေးအတွက်တာ ချက်ချင်းအဆင်ပြေသွား အလင်းရောင်ရသွားသလိုလည်း ဖြစ်တတ်သေးတော့ အရာရာအဆင်သင့်ပြင်ထားမိတဲ့ပုံစံမျိုးပါပဲ။

အချိန်မရွေးရောက်လာတတ်တဲ့ ကံကောင်းမှုတွေအတွက် အမြဲအားမွေထားမိသလို အိမ်ကနေထွက်လာ လမ်းပေါ်ရောက် လာတယ်ဆိုတာ ဘယ်အချိန် ဘယ်အခြေအနေ ဘယ်နေရာကနေဖြစ်ဖြစ် အလုပ်အတွက် အကြောင်းကြားလိုက်တာနဲ့ ချက်ချင်း ကောက်ထသွားလို့ရနိုင်မယ့်နေရာမျိုးတွေမှာ လှည့်ပတ်နေရတာကို ခေါ်တာ။ ဘယ်သူကလှမ်းခေါ်ခေါ် ခဏနဲ့ ရောက်သွားနိုင်တဲ့ ပုံစံနဲ့ရှိနေတာကို ဆိုလိုတာပါ။

အဖြစ်အပျက်က စီးကရက်ဖြစ်ပြီးဆေးသားကမညီဆိုသလိုပဲ ပညာတတ်ဘွဲ့ရ တယောက်ရဲ့ခါးသက်တဲ့ဘဝနေ့ရက် မနက်ခင်းတွေကို လမ်းပေါ်ကနေသာ စတင်ရ တယ်ဆိုတဲ့စကား အခုကိုယ်တိုင်ကြုံတွေ့နေရတယ်။ အသက်မွေးဝမ်းကျောင်းပ ညာနဲ့ ဘွဲ့ရထားပါတယ်ဆိုသူတယောက်ရဲ့လမ်းပေါ်က အနာဂတ်အလွဲ နေ့ရက်အသစ်များ ပါပဲ။ လမ်းပေါ်မှာ လျှောက်သွား ရတာကို အရင်တုန်းကတော့ ပျော်ခဲ့ပါတယ်ဆိုပေမယ့် အဲဒီတုန်းကလည်း တနေရာမှတနေရာကို အလျှင်အမြန်ကူးလူး ဆက်သွားချင်တဲ့ပုံမျိုး ကိုသာ အရသာတွေ့ခဲ့တာမျိုးပါ။ အခုလိုရည်ရွယ်ချက်မရှိ လေလွင့်နေရတယ်ဆိုတာ ကတော့ လမ်းပေါ်ဘယ်လိုမှ လွတ်လပ်မှုကို အပြည့်အဝမခံစားရသလို အသက်ဝဝ ရှူ နေနိုင်တယ်လို့လည်းမထင်ပါဘူး။ လူဆိုတာ ဖြစ်လာကြုံလာတဲ့လောကဓံကို စိတ် ဓာတ်ကောင်းကောင်းနဲ့သာ အမြဲပျော်ရွှင်စွာ ရင်ဆိုင်ကြရမယ်ဆိုပေမယ့် အခုလိုမိသား စုမှာကြုံနေရတဲ့အပူကို ဘေးကိုလွှဲချမရ ဒီတခါ အကုသိုလ်ချည်းရနေပါလားဆိုတဲ့ ကာလမှာ ကြုံလာသမျှ ခါးစည်းခံနေ ရသလိုဖြစ်နေတာကိုတော့ ဘယ်လိုမှ သည်း မခံနိုင်ပါဘူး။ ကိုယ်တိုင်ကအမြဲတမ်း ပျင်းရိထိုင်းမှိုင်းနေတဲ့စိတ်နဲ့မဟုတ်ပေမယ့် ဘယ်လောက်ရုန်ကန်လှုပ်ရှား လှုပ်ရှား သွားသလောက်မရောက်နိုင်တော့တဲ့ခရီးကို အခုအချိန်မှထူးပြီး တက်ကြွနေ လိုစိတ်လည်း မရှိတော့ပါဘူး။ အရင်တုန်းကတော့ ဖြစ်လာတဲ့ ဒုက္ခအခြေအနေမှာ ပျော်ရွှင်စွာခံစား ဟားတိုက်ရယ် မောလိုက်နိုင်တယ်ဆို ပေမယ့် အခုအချိန်မှာတော့ အခက်အခဲတွေကြား အားယူပြီးသာပြုံးပြနေရတော့ တယ်။ တကယ် မပျော်ရွှင်တော့ပြန်ပါဘူး။

၃။
လောကဓံမိုးရေတွေကတော့ လမ်းပေါ်မှာ ဖွေးလို့ ရှေ့က ဘေးက အနောက်က နေရာလပ်မကျန်အောင် ပက်နေတော့တာပဲ။ သာမန်အိမ်ထောင်တခုမှာ စနစ်တကျ ဖျက်ဆီးခံထားရတဲ့ အခုခေတ်ရဲ့စားဝတ်နေရေးဟာ လူတိုင်းအတွက် အမြဲလိုလိုခက် ခဲနေတတ်ပြီး အိမ်မှာရှိနေတဲ့လူအကုန်လုံးကို တချိန်လုံး စိန်ခေါ်နေတတ်ပြန်တာပဲ။ တခါတလေ လူ့ကိုယ်ကျင့်တရားကိုပါ သိသိသာသာ မျက်စပစ်နေခဲ့တဲ့ စားဝတ်နေရေး အစားတလုပ်အတွက်များ အမှားမလုပ်ပါဘူးဆိုတဲ့စကား တကယ်မကြုံ တွေ့ရသေး ခင်မှာသာ ကြားလို့ကောင်းပေမယ့်လောကထဲမှာ သိက္ခာနဲ့လဲဖြစ်သွားတဲ့ လဲလိုက်ကြ တဲ့ထမင်းလုပ်တွေ ကတော့ အမြဲရှိနေသေးတာပါပဲ။ တွင်းဆုံးကျနေရပြီဆိုတာ စားရမဲ့ သောက်ရမဲ့ မွဲပြာကျနေတဲ့ ကူတွယ်ရာမဲ့ဘဝမျိုး တွေကိုချည်း ခေါ်တာမဟုတ်ပဲ လူက သာဟန်မပျက်ရပ်တည်နေကြပေမယ့် နေအိမ်မှာ ဘဝရပ်တည်မှုကို အရေးပေါ်အခြေ အနေ ကြေညာထားရတဲ့ဘဝမျိုးတွေကိုပါ ခေါ်တာ။ ကူပါကယ်ပါဆိုတဲ့ အားငယ် စကား လူမသိသူမသိအော်နေရတဲ့ပုံစံမျိုးကိုပါ  တွင်းဆုံးကျတယ်လို့ခေါ်ဆိုကြတာပါ။

အခုလည်း ဘာထူးလိုလဲ။ အလုပ်နဲ့အကိုင်နဲ့ ကိုယ်ပိုင်ဘဝနဲ့ဆိုပေမယ့် မိုးရွာ ထဲမှာ ရည်ရွယ်ချက်မရှိ လျှောက်သွား နေရသေးတာပါပဲ။ တနေရာမှတနေရာ ဦးတည် ရာမရ အကြာကြီးရပ်နား ထိုင်မနေတတ်လို့သာ ကူးချည်သန်းချည် လုပ်နေရတယ်။ ဘယ်ကိုသွားနေတာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း အသေအချာမသိပါဘူး။

မျှော်လင့်ချက်နဲ့သာ အရိုးဆွေးအောင်လျှောက်သွား လူ့ပတ်ဝန်းကျင်ထဲက ပစ်ချ ခံထားရတဲ့ လမ်းပေါ်ကလမ်းပျော် ကလေးများလို ကိုယ်တိုင်လည်း မြို့လည်ခေါင် ကားကျပ်ကျပ် လမ်းလျှောက်နေသူအနည်းငယ်ကြားထဲ ရောက်နေခဲ့တာပဲ။

အခုလည်း မိုးရေထဲ လမ်းဆုံလမ်းခွကို ရည်ရယ်ချက်မရှိ ဘာကြောင့်များ ရောက်လာခဲ့ တာလဲဆိုတာမစဉ်းစား ဘယ်ညာနှစ်ဘက်မှာတော့ ကားတွေက မီးပွိုင့်မိပြီးရပ်တန့်နေ တယ်။ ကိုယ့်အတွက်တော့ အခုလိုအခြေအနေဟာ ရပ်တန့်လိုက်လို့မရ မိုးထဲရေထဲ လမ်းဖြတ်ကူးနေမှရတော့မလို ဖြစ်နေတယ်။ အကာအကွယ်ယူထားရတဲ့ ခပ်ယဲ့ယဲ့ထီး တချောင်းတလေသာ ပါမလာခဲ့ဘူးဆိုရင် အခုလိုအခြေအနေမှာ လမ်းပေါ်ဖြတ်ကူးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ထီးတချောင်းလောက်ပါလာခဲ့တာကလည်း ကံ ကောင်းတယ်ဆိုလို့မရသေးပြန်ပါဘူး။ အခုဖြစ်နေပုံကလည်း အပေါ်က ရွာတဲ့မိုးရေ ထက် ဘေးကတိုးလာတဲ့လေကပိုဆိုး အကာအကယ်ယူထားတဲ့ထီးကို ကျိုးကျ မသွားအောင် ခန္ဒာတစ်ခုလုံး ရွှဲရွှဲစို ပျော်ကျမသွားအောင်သာ အားစိုက်နေရတယ်။

စိတ်ကိုသာ မနည်းတင်းထားနေရတော့တယ်။ လူက ပစ်ချလိုက်ဖို့မလွယ်ကူတဲ့ လမ်းလယ်ခေါင်တည့်တည့် ဘယ်လိုမှမစဲ သေးတဲ့ မိုးတွေကြားမှာ။

အမြဲမလောက်ငှတတ်တဲ့ အချိန်နဲ့ စောင့်လို့မရတော့တဲ့အခြေအနေမှာ ရှေ့ကလမ်းမ ကို ဖြတ်ကူးလိုက်ဖို့ ဆုံးဖြတ်ခဲ့ရသလိုပါပဲ။ ဒါပေမဲ့...

၎။
လေအလွင့်မှာ ခန္ဓာကိုယ်က ဖျတ်ခနဲ မြောက်တက်သွားသလိုဖြစ်သွားတယ်။ လူက မိုးရေထဲ တခုခုနဲ့ ပြင်းပြင်းထန်ထန်တိုက်မိသလိုထင်ရပေမယ့်  နာကျင်မှုတစုံ တရာကို စိုးစဉ်းမျှမခံစားရပြန်ဘူး။ ပါလာတဲ့ထီးနဲ့ပက်နေတဲ့မိုးကို အသည်းအသန် ဆက်ပြီး အကာအကွယ်ယူထားနေသေးသလို ကားလမ်းမပေါ် ဟိုဘက်ခြမ်းရောက် အောင် အားစိုက်ပြေးနေမိတယ်။  အခုမှပိုပြီး ပေါ့ပါးလာသလိုထင်ရတဲ့ ခန္ဓာကိုယ်က ပြီးခဲ့တဲ့မိနစ်ပိုင်းကထက်ပိုပြီး ပြေးရတာတော်တော်အဆင်ပြေလာတယ်။

မိုးကအဆက်မပြတ်ရွာနေသေးသလား ထီးကိုလက်ထဲမှာဆက်ပြီး ကိုင်ထားသေးလား တစ်နေရာရာမှာ ကျကျန်ခဲ့ပြီ လားဆိုတာ မသဲကွဲတော့ဘူး။ မိုးရေမစိုတော့ဘူးဆိုတာတော့ သတိထားမိနေတယ်။ လွယ်ထားတဲ့အိတ်နဲ့ ကိုင်လာ တဲ့ပစ္စည်အနည်းငယ်ဟာ လက်ထဲမရှိတော့သလို လွတ်လပ်သွားသလိုနဲ့ ကားလမ်း ဟိုဘက်ခြမ်းရောက်ပြီးတဲ့အထိလည်း လူကမရပ်မနား ဆက်ပြေးနေမိတုန်းပဲ။

ဘယ်ကိုဦးတည်ပြီးပြေးနေမှန်းသာ မသိဘူးဖြစ်နေတာ သွားရမယ့်နေရာကို သူ့အလို လို စိတ်ကဆုံးဖြတ်ထားပြီးဖြစ်နေသလိုမျိုးပဲ။ ဘေးမှာအရိပ်လိုလိုကျန်ရစ်တဲ့ လမ်း ဘေးအဆောက်အုံတွေ လူတွေ ဈေးဆိုင်တန်းတွေ ကားတွေကြားက ဖြတ်ပြေးနေပေ မယ့် တုံ့ဆိုင်းသွားတာမျိုးမဖြစ်ပဲ တနေရာကိုဦးတည်ပြီး ပေါ့ပေါ့ပါးပါးပြေးလွှား နေရ တယ်။ ရှေ့တည့်တည့်က ကျပ်ညှပ်တိုးပိတ်နေတဲ့ လူအုပ်ကြီးကို ဘယ်လိုဖြတ်ကျော် လာခဲ့သလဲဆိုတာ ပြေးလွှားနေရင်း စဉ်းစားနေမိတယ်။ ပြေးနေတဲ့ အာရုံပဲ စိတ်မှာရှိ နေပြီး တနေရာရာကို အရေးတကြီးသွားနေမှန်းသိပေမယ့် ဘယ်နေရာလဲဆိုတာကို တော့ ကိုယ်တိုင်မသိဘူးဖြစ်နေ လမ်းဘေးက ဈေးသည်တွေ ရိပ်ခနဲကျန်ရစ်ခဲ့တယ်။

စိတ်တွေတအားပူလောင်နေသလို တစ်ခုခုကိုစိုးရိမ်လွန်နေသလိုမျိုး။


တစုံတခုကိုရှာနေတယ်ဆိုတာထက်လည်း ဦးတည်ပြီးသွားနေတယ်လို့ဆိုရင် ပိုမှန် မလားပဲ။ စိတ်ထဲမှာ ငေးမောကြည့်သွား နေတယ်ဆိုတဲ့စိတ်ထက်စာရင် အားစိုက်ပြေး နေတယ် ဆိုတဲ့စိတ်ပဲ ဖြစ်နေတော့တာ။

ခဏကြာတော့ ပြေးလွှားနေရင်းက ဆေးရုံတရုံရဲ့ဝင်းထဲ ရောက်သွားပုံရ တယ်။ ဆရာဝန်တွေသူနာပြုတွေ အရေးတကြီးပုံမျိုးနဲ့ တနေရာကတနေရာကို ပြေးလွှားနေတာ မြင်ရတယ်။ လူတစုကတော့ လူနာခုတင်တွေကို စိုးရိမ်ရတဲ့မျက်လုံး တွေနဲ့ကြည့်လို့ တွန်းလာနေကြတယ်။ မစည်ကားအပ်တဲ့အရပ်မှာ လူတွေအရမ်းစည် ကားနေသလိုပဲ သူတို့မျက်နှာတွေပေါ်မှာလည်း ပျော်ရွှင်မှုကို တစိုးတစိမှ မမြင်ရပြန် ဘူး။ ဒါပေမဲ့ ကိုယ်တိုင်ကလည်း စိတ်ဝင်တစားငေးကြည့်နေတယ်လို မဟုတ်ပဲ ကိုယ် ရှာဖွေနေတဲ့အရာကို မတွေ့ခင်စပ်ကြား မျက်လုံးထဲ ရောက်လာတဲ့ပုံရိပ်တွေကိုသာ မြင်တွေ့နေရတဲ့ခံစားချက်မျှလောက်နဲ့။ ကိုယ်ရှာနေတဲ့အရာကို သူတို့ကြားမှာတွေ့ မလားဆိုတာကြည့်ငေးမိရင်း မျက်လုံးကို ဟိုဟိုဒီဒီ အသည်းအသန်ကစားနေမိတာ။ မျက်လုးထဲမှာတော့ နာကျင်လို့ အော်ဟစ်နေတဲ့လူနာတွေ မအားလပ်တဲ့ အလုပ် တာဝန်ကြားစိတ်ဖိစီးလို့ ငေါက်ငမ်းနေကြတဲ့ ဆရာဝန်တွေသူနာပြုတွေနဲ့ စိုးရိမ်လွန်း လို့ညှိုးငယ်နေတဲ့ လူနာရှင်မျက်နှာတွေ။ ပျားပန်းခတ်မျှ လှုပ်ရှားယိမ်းထိုးနေတဲ့ ဆေးရုံမြင်ကွင်းတွေကို မြင်နေရတယ်ဆိုတာလောက်ပါပဲ။ စိတ်ကသာလစ်လျူရှုထား ဘယ်လိုမှမခံစားရပေမယ့် မျက်စိထဲမြင်နေရတာတွေကတော့ ပျော်စရာတခုမှ ရှိမနေဘူး။ နည်းနည်းမှပျော်ဖို့ကောင်းမနေဘူး။ ပြုတ်ကျနေတဲ့စိတ်တွေ မျှော်လင့် ချက်မဲ့နေတဲ့ မျက်လုံးတွေနဲ့  ငြိမ်သက်လဲလျောင်းနေတဲ့ ခန္ဒာကိုယ်တွေပဲ နေရာအနှံ့ တွေ့မြင်နေရတယ်။

၅။
ဘယ်သူမှသတိမပြုမိခင် အရေးပေါ်လူနာတင်ယာဉ်ပေါ်ကိုတက်ပြီး အလျင် အမြန် မောင်းထွက်လာလိုက်တော့တယ်။

ခပ်မြန်မြန်မောင်းထွက်လာခဲ့ရတယ်ဆိုပေမယ့်  အပြင်ရောက်လာတဲ့အထိလည်း  ဝေါခနဲထွက်သွားတဲ့ကားဆီကို ဘယ်သူမှအရေးတယူ အံ့သြထိတ်လန့် မကြည့်ခဲ့ ကြပါဘူး။ ရေးကြီးသုတ်ပြာနိုင်နေတဲ့ဆေးရုံမြင်ကွင်းတွေ နောက်မှာအရိပ်လိုကျန်ခဲ့ တယ်။ ဘာမှမဖြစ်သလိုခံစားရတဲ့ စိတ်ကတော့ ဘယ်လိုမှ မတည်ငြိမ်သေးဘူး။ လောနေတဲ့စိတ်နဲ့ ကပ်နေတဲ့ဇောမှာ ယာဉ်ရဲ့ရှေ့တည့်တည့် မြင်ကွင်းကိုသာ အားယူ ကြည့်လို့ အသည်းအသန် ဆက်မောင်းလာခဲ့တယ်။

ဦးတည်ထားတဲ့နေရာကို အလိုလို စိတ်ကသိနေသလိုနဲ့ ရှေ့တည့်တည့်က အသက်ရှူ မှားလောက်တဲ့ မြင်ကွင်းတွေမှာ စိတ်ကိုယိုင်နဲ့မသွားအောင်လည်း ကြိုးစားနေရတယ်။ ရှေ့ကမှန်မျက်နှာပြင်ပေါ် ရုပ်ရှင်ထဲမှာမြင်တွေ့နေကျ သဲထိတ်ရင်ဖိုပြကွက်တွေ အတိုင်း တနေရာကတနေရာ အတင်းတိုးဝှေ့နေတဲ့ လူအုပ်တွေ ပြာတွေလွင့်တက်နေ သလို ခပ်မှိုင်းမှိုင်းအရောင်အဆင်းနဲ့ အညစ်အကြေးတွေတောင်လိုပုံနေတဲ့ အမှိုက်တွေ ပဲ တွေ့ရတယ်။ လမ်းမပေါ်မှာ နောက်က အရေးတကြီး အော်ဟစ်ပြေးလိုက်လာတဲ့ လူတွေကို အဆက်ဖြတ်ဖို့လည်း ရှေ့ကအအရေးပေါ်တားနေတဲ့ လက်တွေကို မနည်း ရှောင်တိမ်းနေရတယ်။ ကားပေါ်ကိုဆွဲတက်လာနေတဲ့လက်တွေကို ပြုတ်ထွက်သွား အောင်လည်း လှုပ်ယမ်းခါချနေရတယ်။  စိတ်ကကိုယ်နဲ့တခြားစီလိုလို ပူးတွဲနေဆဲ လိုလိုနဲ့ ဖြစ်စဉ်တွေကို သိနေသလိုထင်ရပေမယ့် ကိုယ့်ဆုံးဖြတ်ချက်ကိုတော့ မပိုင်တော့သလို ဖြစ်နေတယ်။

ရှေ့ကိုဆက်သွားတော့ လမ်းမကြီးတွေဟာ ကန့်လန့်ဖြတ်ကြီးပိတ်နေတယ်။ မြင်ကွင်းကမရှင်းနိုင်တော့ပဲ ဘယ်ဘက်ကို ကပ်မောင်းရမလဲဆိုတာ ဝေခွဲမရဘူး ဖြစ်နေတယ်။ အဖြူနဲ့အစိမ်းဝတ်ထားတဲ့ အသက်ငယ်ငယ်ကျောင်းသား ကျောင်းသူ လေးတွေ ကျောင်းဆင်းချိန် လမ်းမပေါ်ဖြတ်ပြေးနေတယ်။ လမ်းကိုအလျင်အမြန် ဖြတ်ကူးနေကြလို့လည်း ကားပေါ်ကကင်မရာစခရင်ပေါ် ရှင်းရှင်းလင်းလင်း မမြင်ရ ဘူး။ ဟိုတစုဒီတစုရပ်နေတဲ့ လူတွေ လမ်းမပေါ်ပိတ်ရပ်ထားတဲ့ ကားတွေ ရိပ်ခနဲ တွေ့ရတယ်။ သူတို့ခြေလှမ်းတွေက ခပ်စိပ်စိပ် သွက်သွက်လက်လက်လှမ်းနေကြ တာလည်း တွေ့နေရတယ်။ သူတို့ဘာလို့ အရေးတကြီးဖြစ်နေရတာလဲ လမ်းပေါ်ဘာ လို့ အလျင်အမြန်ပြေးလွှား ထွက်လာနေကြတာ လဲဆိုတာ ကားမှန်မျက်နှာပြင်ပေါ်မှာ မြင်နေ ပုံရိပ်ထင်နေပေမယ့် စိတ်ထဲကတော့မသဲကွဲဘူး။ တက်ကြွလန်းဆန်းတဲ့စိတ်နဲ့ အနာဂတ်တွေကို မျှော်ငေးကြည့်နေတာထက်စာရင် အနာဂတ်ပျောက်သွားမှာကို ကြောက်ရွံ့ထိတ်လန့်နေပုံတွေကိုသာ မြင်နေရတယ်။ မျက်လုံးတွေကို ကြိုးစားပွတ်သပ်ကြည့်နေပေမယ့် ဖွင့်ထားတဲ့မျက်လုံးမှာ စိတ်ကမတည်ငြိမ်သေးပုံ ကိုတော့ ထင်းခနဲ ခန့်မှန်းမိစေတယ်။ တောက်ပတဲ့ကြယ်များ ကောင်းကင်ကနေ ကြွေကျသွားမလား စိုးရိမ်နေရတယ်။

၆။
နေရောင်ခြည်ကိုမြင်နေရပေမယ့် လသာညကိုတွေ့နေရပေမယ့် မှောင်အတိ ကျနေသလိုမျိုး ရုတ်တရက် ကားရှေ့မီးကြီးနှစ်လုံးကို ဖွင့်ထားလိုက်ရတယ်။ ဒါပေမဲ့ ရှေ့မှာ မီးတွေထိန်လင်းနေတဲ့ ညပွဲဈေးတန်းတခုဆီ ရောက်လာခဲ့တယ်။ အပြင်က မီးရောင်စုံပျော်ရွှင်စရာများ လက်တကမ်းအကွာ မျက်စိရှေ့မှာရောက်လာတယ်။

စိုးရိမ်ထိတ်လန့်မှုတွေ မွန်းကျပ်နေတဲ့လူ့အဖြစ်ကြား ပွဲတော်ဈေးတန်းမှာ ပျော်စရာကို တွေ့မလား လာကြတဲ့သူတွေ ပွဲတော်မှာကျပ်ညှပ်နေတယ်။ ပွဲတော်မှာ ပျော်စရာ ရမလား ရောက်လာကြသူတွေ လမ်းမပေါ် တိုးဝှေ့နေတော့တယ်။ ပွဲတော်ဟာ လာရောက်နေသူတွေထက်စာရင် သေးငယ်နေသလိုဖြစ်နေတယ်။

ပွဲဈေးတန်းကစည်ကားတိုးပိတ်နေပေမယ့် ဈေးဆိုင်တွေ ပျော်စရာမြင်ကွင်းတွေက များများစားစားရှိမနေဘူး။ ပွဲတော်ဟာ ရောက်လာသူတွေနဲ့ မလိုက်ဖက်သလို ခံစားရတယ်။ ရုပ်သေးစင်ပေါ်က မင်းသမီးအရုပ်ဟာ ကရင်းကရင်းလက်ညောင်းလာပုံ ရတယ်။ ပင်ပန်းနေတဲ့ပုံလည်းပေါက်နေတယ်။ စင်ပေါ်မှာ အချိန်စောသေးလို့ ကခွင့် မရသေးတဲ့ တခြားအရုပ်တွေကလည်း အများကြီးရှိနေသေးပေမယ့် လောက်ငှအောင် ဖျော်ဖြေနိုင်ပါ့မလား စိုးရိမ်နေရတယ်။ ကားရှေ့ မြင်ကွင်းတွေကလည်း ပိတ်ကားပေါ် ပြနေသလို တခုပြီးတခု ဆက်တိုက်ပေါ်လာတယ်။ ပွဲတော်လာသူများဟာ ပျော်စရာကို သာ အတင်းတိုးဝှေ့ရှာနေကြတယ် ပျော်စရာကိုမတွေ့ခင် ထိခိုက်မိတဲ့သူ လူအုပ်ကြား ရောပါသွား ပျော်စရာကိုရှာမတွေ့ခင် ပျောက်ဆုံးသွားတဲ့သူတွေ ပွဲတော်ထဲ ဆူညံအော် ဟစ်နေကြတယ်။

စိတ်ကူးနဲ့ မြင်ချင်တာကတော့ သန့်ရှင်းသပ်ရပ်တဲ့ မိုးမျှော်တိုက်တာ အမြင့် ကြီးတွေနဲ့ ပျားပန်းခတ်မျှ စည်းကမ်းတကျသွားလာနေတဲ့ လူတွေ။ တကယ်တွေ့ ကြုဆုံနေရတာကတော့ ဖောင်းပွလာတဲ့အိပ်မက်တွေ ရှုပ်ထွေးတင်းကျပ်နေတဲ့ ကြိုးတွေနဲ့ ပီပီသသမရှိတော့တဲ့ မျှော်လင့်ချက်အသံတွေ။ မောင်းနေတဲ့ အရေးပေါ် လူနာတင်ယာဉ်ပေါ်အရိပ်တွေမိုးလာသလို စိတ်ကူးကို လက်တွေ့ဘယ်လိုမှ အကောင် အထည်ဖော်လို့မရသေးတဲ့ တဒင်္ဂ။ ပြီးပြည့်စုံတဲ့ အနာဂတ်ကို ကိုယ်စီကိုယ်စီ ရုပ်လုံး မဖော်နိုင်သေးတဲ့အခါ ပြောစကားတွေဟာ ဖောင်းပွလာတယ်။ အငြင်းအခုန်တွေဟာ နေရာအနှံ့မှာ ဇာတ်တိုက်ထားသလို ဆက်တိုက်လိုလိုဖြစ်လာတယ်။

ကြေးနီရောင်လောက်မှ မတောက်ပနိုင်သေးတဲ့ကြယ်ကို ရွှေရောင်သုပ်နေကြသလို ပါပဲ။ အရှိတရားကို မကျော်ဖြတ်နိုင်သေးပဲ လောဘတကြီး စိတ်ကူးယဉ်နေကြတယ်။ အနာဂတ်ဆိုတာ လမ်းပေါ်မှာ ပျက်စီးဖျတ်စီးနေရင်း အောက်ကိုဆက်လက်ပြုတ်ကျ နောက်ဆုံးမှာတော့ တွင်းဆုံးကျသွားသလိုပါပဲ။ လူဆိုတာ အတ္တရှိတယ်ဆိုပေမယ့် ကိုယ့်ထမင်းဝိုင်းလေးကိုပစ်လို့ တခြားသူရဲ့ဒုက္ခတွေကို မျက်ကွယ်မပြု လုပ်ကိုင်နေကြ တာလည်း တွေ့ဖူးတာပဲ။

ကိုယ်ကျိုးကိုစွန့်လို့ အနစ်နာခံတတ်ကြတဲ့သူတွေဆိုတာ မျက်စိရှေ့ မမြင်ဘူး ကြ တာမှမဟုတ်ပဲ။ တသက်မှာတခါသာသေရမှာ အခါခါသေနေသလိုဘဝတွေ မမြင်ချင် တော့တဲ့အခါ ကားကိုကွေ့ချလိုက်တယ်။

မျက်လုံးကသာ စိုးရိမ်စိတ်နဲ့ ရှေ့မြင်ကွင်းကို မျက်တောင်မခတ်တမ်းကြည့်လို့ အာရုံစိုက်မောင်းလာခဲ့ပေမယ့် အတွေးစတွေကိုတော့ ရပ်ပစ်လို့မရ ခေါင်းထဲဝင်ဝင်လာ နေတယ်။ ရှေ့က ဖြတ်သွားဖြတ်လာ လူများ အမြဲအလျင်လိုနေတတ်တဲ့ မြင်ကွင်းတွေ ကြားထဲမှာ အန္တရာယ်ဟာ ဘယ်ချောင်ကထွက်ပေါ်လာလိမ့်မလဲလို့လည်း စိုးရိမ်နေမိ သေးတယ်။ ဒါပေမဲ့ စိတ်ကူးကိုတော့ ဘယ်လိုမှလွှတ်ချပစ်လို့မရနိုင်သေးဘူး။

တခါတုန်းက အခုလိုလူနာတင်ယာဉ်တစီးပေါ် လိုက်ပါစီးဖူးတဲ့အကြောင်း စိတ်ထဲ ပေါ်လာပြန်တယ်။ အဲဒီတုန်းကလည်း အရေးပေါ်လူနာတင်ယာဉ်ပေါ် လိုက်ပါစီးနင်း ခဲ့ရတာပဲဆိုပေမယ့် အခုလောက်အသဲအသန် စိုးရိမ်စိတ်နဲ့တော့မဟုတ်ခဲ့ပါဘူး။ စိုးရိမ်စိတ်နဲ့လို့ဆိုတာထက်လည်း ဝမ်းနည်းကြေကွဲမှုသာ ပိုနေခဲ့လိမ့်မယ် ထင်ပါ တယ်။ ဘာမှမပြည့်စုံတဲ့ ခေတ်ထဲ လူ့အသက်ကို အပြည့်အဝစောင့်ရှောက် ထိန်းသိမ်း လို့မရတဲ့ အလေအလွင့်ကာလတွေပေါ့။ ကားမောင်းသူကလည်း စိတ်တည်ငြိမ် အေး ဆေးနေသလိုပဲ လိုက်ပါလာတဲ့ကိုယ့်အဖို့ကလည်း မြန်မြန်ရောက်ဖို့ဆိုတာထက် ကြုံ တွေ့ခဲ့တဲ့အဖြစ်အပျက်ဟာ အမှန်တရားမဟုတ်ပါစေနဲ့လို့သာ ပိုဆုတောင်းနေခဲ့မိ သလားပဲ။ အဲဒီညကစီးလာရတဲ့ အရေးပေါ်ကားဟာ အချက်ပြမီးကိုဖွင့်လို့ သူ့ သဘာဝအရသာ အရေးကြီးနေတဲ့ပုံစံမျိုး ဖြစ်နေတာ။ အမှန်တော့ တကယ်အရေးပေါ် မဟုတ်ပဲ အမြန်လမ်းပေါ်တရွေ့ရွေ့သာ သွားနေခဲ့တာကို အခုပြန်အမှတ်ရနေမိပါ သေးတယ်။

၇။
နယ်မြို့တမြို့ကနေ သေဆုံးပြီးသားရုပ်အလောင်းတခုကို ပြန်သယ်လာခဲ့ရ တယ်ဆိုတာ ယနေ့ခေတ်အခြေအနေနဲ့ ဘာမှထူးဆန်းအံ့သြစရာကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ လူ့အသက်ဟာ ဖျတ်ခနဲကြွေလွင့်သွားတတ်တယ်ဆိုတဲ့ တရား မှာ ကံကိုသာပုံချ ဘာမှမတတ်နိုင်ခဲ့တဲ့အဖြစ်အပျက်ပါပဲ။ လူ့အသက်ကို ကယ်တင်ဖို့ ဆိုတာထက် ယာဉ်တိုက်မှုမှာ ကိုယ့်ကိုအမှုပတ်မစိုးလို့ သေဆုံးသွားပုံကို ထိုင်ကြည့် နေရတဲ့ အဖြစ်အပျက်ပါပဲ။  သေဆုံးပြီးသား ရုပ်ခန္ဒာကိုယ်ဟာ ကိုယ့်အဖေတယောက် ရဲ့ စိတ်ဝိညာဉ်မဲ့နေတဲ့ ခန္ဓာတခုဖြစ်နေတာကတော့ ကြုံနေရတဲ့အဖြစ်အပျက် ကား ပေါ်လိုက်ပါလာခဲ့ရတဲ့ခံစားချက်မှာ ဘာနဲ့မှမတူနိုင်ပါဘူး။

ဒီလိုအဖြစ်အပျက်မျိုးဆိုတာကလည်း တသက်သာမှာ ဘယ်နှစ်ကြိမ်များ ကြုံခွင့်ရှိ မှာမို့လဲ။ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးသားချင်း ကိုယ့်မိသားစုဝင်တဦးဦးရဲ့ သေဆုံးခြင်း အစကို ကိုယ်တယောက်တည်း တညလုံးဖြတ်သန်းနေခဲ့ရတယ်ဆိုတာ ဘယ်လောက် တိုက်ဆိုင်မှ ကြုံဖူးကြမှာမို့လဲ။

အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်ကသာ ချုံးချုံးကျနေတဲ့ စိတ်မှာ ဆို့နစ်ကြေကွဲနေရတာ ကားမောင်းသူအတွက်ကတော့ ကြုံနေကျအဖြစ် အပျက်မထူးဆန်းတဲ့လောကဓံ တရားမှာ တွေ့ပြီးရင်ကြုံဆုံလို့ နောက်ဆုံးခွဲရဦးမယ်ဆိုတာထက်ပိုပြီး ဘာမှထူးဆန်း နေမှာမဟုတ်ပါဘူး။ သူ့အတွက်တော့ အခုလိုအဖြစ် အပျက်မျိုးတွေဟာ အရေးပေါ် ကားပေါ်က ရိုးသွားတဲ့မြင်ကွင်းမှာ အားလုံးဟာအတူတူ ချည်းပဲ ဖြစ်နေမှာ။

မောင်းနေတဲ့ကားကိုသာ ဂရုတစိုက်မောင်းလို့ စိတ်ကိုဖြေလျော့ထားတဲ့ သက်သက် သာသာပုံစံမျိုးနဲ့ သူ့ဘဝကားမောင်းသက်တမ်း အနှစ်နှစ်ဆယ်ကျော်အတွင်း ကား အမျိုးမျိုးကို အကြောင်းအရာအမျိုးမျိုး အလုပ်တာဝန်အမျိုးမျိုးနဲ့ မောင်းဖူးခဲ့တဲ့ အတွေ့ အကြုံတွေကိုတောင် အပျင်းပြေပြောပြနေပါသေးတယ်။

ဟုတ်မှာပါပဲ။ ကားမောင်းနေသူတဦးအဖို့ ဘေးနားမှာစကားပြောဖော်ရှိနေ ခြင်းဟာ အပျင်းလည်းပြေစေသလို အာရုံညောင်းညာကိုက်ခဲမှုကိုပါ သက်သာစေ တယ် ထင်ပါတယ်။ ကားမောင်းသူဆိုတာက ကားမောင်းရင်း စကားပြောဖော်ကို တောင့်တလေ့ရှိ ဘေးကသတိပေးမယ့်သူရှိနေတယ်ဆိုတာကလည်း မောင်းသူ အတွက်တအားဖြစ်စေတယ်။ ပြောနေတဲ့အကြောင်းအရာ သူ့အတွေ့အကြုံတွေက လည်း များမှများပါပဲ။

တောင်ပေါ်လမ်းအကွေ့အကောက်များစွာထဲ အမြဲတမ်း ချဲလင့်ဖြစ်၊ လူ့အသက်ကို ရာနှုန်းပြည့်စိန်ခေါ်နေတယ်ဆိုတဲ့လမ်းတွေအကြောင်း နွေမှာပြင်ထားတဲ့ လမ်းတွေ ဟာ မိုးရာသီရောက်တာနက်တပြိုင်နက် ပျက်စီးသွားတတ်တယ်ဆိုတဲ့တရားကို အသက်ပါပါ ပြောပြနေတယ်။ ရှေ့ကိုဆက်သွားနေပေမယ့် နောက်မှာပြိုပျက်သွားတဲ့ တောင်တက်လမ်းကမ်းပါးတွေရဲ့ အန္တရာယ်အကြောင်းကို အပျင်းပြေပြောနေရတာ လောက် ချောက်ချားစရာရှိပါဦးမလား။

သက်နုတောင်တန်းတွေပေါ်မှာ တောင်တန်း တွေကလည်း အမြင့်ကြီး လမ်းခရီးက လည်း ဝေးလံခေါင်ဖျားလွန်းတဲ့နေရာတွေမှာ ကားအတွင်းပိုင်းရာသီဥတုနဲ့ ကားအပြင် ဘက်ကရာသီဥတု ဘယ်တော့မှ သဟဇာတမဖြစ်တဲ့အကြောင်း အသက်မွေးဝမ်း ကျောင်းအလုပ်မှာ အသက်အန္တရာယ်ကို အမြဲစိန်ခေါ်နေတယ်ဆိုတဲ့ဒေသက လူတွေ အကြောင်းကို ဆို့နစ်နေတဲ့ကြေကွဲမှုမှာ ပါးစပ် ဟောင်းလောင်းနဲ့ နားထောင်ခဲ့ရတယ်။

တောင်ပေါ်ဒေသ တမြေတည်းနေတဲ့ တိုင်းရင်းသားတွေဆိုပေမယ့် မျိုးနွယ် စုအမည်အမျိုးမျိုးအောက်မှာ အယူဝါဒအမျိုးမျိုးကွဲလို့ တသီးတခြားစီဖြစ်တည် နေ ထိုင်နေကြတယ်။ မျိုးနွယ်တူတဲ့တိုင်းရင်းသားတွေဖြစ်ပေမယ့် ဆင်းသက်ပေါက်ဖွား နေထိုင်ရာဒေသ အယူအဆအမျိုးမျိုးမှာ လူမျိုးစုတွေ ခွဲနေ ကွဲနေကြသေးတယ်။ တရွာတည်းမှာတင် ဘုရားကျောင်းသုံးလေးခုရှိတယ်။  ဘုရားကျောင်းတွေဟာ ယုံ ကြည်မှုဘာသာတရားတွေတူပေမယ့် ဟောပြောပုံမတူကြလို့ အတူတကွနေထိုင်လို စိတ်မရှိကြဘူးဆိုတဲ့အကြောင်း အံ့သြစွာ နားထောင်နေရပြန်တယ်။

ရာစုနှစ်ထက်ဝက်မက အစစအရာရာ စနစ်တကျ ဖျက်ဆီးခံထားရတဲ့ အခြေအနေမှာ အချင်းချင်းသွေးကွဲစေတဲ့တရားဟာ ပိုပြီး ကြမ်းတမ်းရက်စက်ခဲ့တာပါပဲ။

၈။
ကားအပြင်ဘက်ကနေ ထွက်ပေါ်လာတဲ့ သေနတ်သံတွေကို တချက်တချက် ကြားနေရတယ်။ ကားဘီးပေါက်သံဖြစ်နေမလား အာရုံစိုက်နားစွင့်ကြည့်ပေမယ့် တစွန်းတစကြားနေရတဲ့အသံတွေက သေနတ်သံ ဗုံးသံ အော်ဟစ်ပြေးလွှားသံတွေနဲ့ တိုက်ပွဲတစ်ပွဲရဲ့အသံတွေ တက်ဆိုတဲ့အသံနက်ကြီးတွေ အမြှောက်သံတွေ ငိုကြွေးသံ တွေ။ ကားမှန်ကို လုံအောင်တင်ထားတယ်ဆိုပေမယ့် သီချင်းသံကိုမြှင့်တင်ထားလိုက် ပေမယ့် ဆက်ပြီးဆက်ပြီးကြားနေရသေးတာပါပဲ။ မြင်ကွင်းထဲ သေဆုံသူရဲ့မြေပုံတွေ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကြား ယမ်းနံ့တွေ မီးခိုးတွေတလိပ်လိပ် တက်လာ တယ်။ အမိန့်သံတချက်နဲ့ ရွာလေးမီးလောင်သွားတယ်။ စကားလေးတခွန်းမှာ ဒုက္ခ သည်စခန်းတွေ ပိုပြီးများလားတယ်။ ခန္ဓာကိုယ်က အခုမှ ပိုပြီးအေးစက်လာသလိုပဲ။ စစ်ပွဲဆိုတာကို လမ်းကြုံလို့တောင် မမြင်ချင်မတွေ့ချင်မဆုံချင်ပေမယ့် ဒီမှာတော့ဘယ် တော့မှ ရိုးသွားမှာမဟုတ်တဲ့ အနိဋ္ဌာရုံတွေပဲ။ စက်ဆုတ်စရာ မြင်ကွင်းတွေပါပဲ။ သူတို့တွေဟာ စစ်တိုက်ရတာ တော်တော်ပျော်နေကြပုံပဲ။ ပစ်လိုက်တဲ့ ကျည်ဆံမှာ ဆေးရုံတရုံစာ ကုန်သွားတယ်။ ပညာသင်ကျောင်းသား အယောက်တရာ တစ်နှစ်စာ တဘဝစာ ငွေတွေပါသွားတယ်။ အယူအဆမတူလို့ တိုက်ကြပါတယ်ဆိုပေမယ့်လည်း တဘဝလုံး အစဉ်အဆက်ရပ်ဖို့မရှိ တကယ်တမ်းခါးစီးခံရတာက အပြစ်မဲ့တဲ့ ပြည်သူ တွေ အနာဂတ်ရဲ့ကလေးသူငယ် တွေခိုကိုးရာမဲ့ မဖွံ့ဖြိုးသေးတဲ့ဒေသတွေ၊ အသိုက် ပြောင်းနေနေရတဲ့စာကလေးတွေလို အသိုက်ဆောက်ခွင့်မရဘူး ဖြစ်နေတယ်။

မီးခိုးလုံးတွေ ကားရှေ့မှန်မှာ လုံးခနဲထိုး တက်လာတယ်။ နယ်ခြားမျဉ်းပေါ်မှာ တောင် ကုန်းတခုနဲ့တခုကြားမှာ တဖက်နဲ့တဖက် အပြန်အလှန်ထိုးစစ်ဆင်ကြပေမယ့် ရေဒီယို က အပစ်အခတ်ရပ်ဆဲရေးအကြောင်း လာနေတယ်။

ငြိမ်းချမ်းရေးစကားပြောနေပေမယ့် လက်တွေ့မှာ စစ်ပွဲတွေ မရပ်သေးဘူး ဖြစ်နေ သေးတယ်။ နှစ်ဘက်တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကို သေမတတ် ဆာလောင်နေ ကြတယ်။ သေနေတဲ့မျက်ဝန်းထဲ မျှော်လင့်လို့ ရသလောက်တော့ မြင်ချင်နေကြ ရမယ်။ တွန့်လိမ်ကွေ့ကောက်လွန်းတဲ့ ငြိမ်းချမ်းရေးလမ်းမများ။ စပါးနှံတွေလုယူသွားတဲ့ ချိုးငှက်တွေ ခပ်ဝေးဝေးကို ပျံသန်း သွားကြတယ်။

မီးရောင်စုံထွန်းထားတဲ့ ဟိုတယ်ဧည့်ခန်းမကြီးထဲမှာတော့ ညစာစားပွဲကို ပျော်ရွှင်စွာ ကျင်းပနေတယ်။ ရယ်သံတွေပျံ့နှံ့လို့ အရှိန်မကုန်သေးတဲ့ ပျော်ရွှင်မှုကို ညစာစားပွဲအထိ ဆက်လက်သယ်ဆောင်လာတယ်လို့လည်း ထင်ရတာပါပဲ။ မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိလည်း မမြင်ရတော့တဲ့အထိလည်း ပျော် စရာများကျန်နေသေးသလို ညစာစားပွဲဟာ အချိန်မစေ့သေးသလို ပိုမိုဆူညံလာ တယ်။ ခန်းမရှေ့မှာတော့ ကပွဲဟာ ပိုမိုမြန်ဆန်သွက်လက်နေတယ်။

အော်ဟစ်သံတွေ ကျယ်လောင်လာတယ်။ ဖန်ခွက်ထိခတ်သံတွေမြန်လာတယ်။ ကားပေါ်ကနေ အသံတွေသာကြားနေရတယ်ဆိုပေမယ့် တကယ်က ခန်းမထဲကို ကားပေါ်က တိုးလျှိုပေါက်မြင်နိုင်လောက်တဲ့အနေအထားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခန်းမဆီက အသံတွေထွက်ပေါ်နေတာကပဲ စိတ်ရှုပ်ထွေးနေသလို စိတ်ကို ပိုပြီးမွန်းကျပ်လာစေတော့တယ်။ မီးရောင်ဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမယ် မီးစာဟာ ဘယ်တော့မှဆီကုန်ခမ်းသွားမယ်ဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူး။



၉။
အရေးပေါ်လူနာတင်ယာဉ်ဟာ မိုးရွာထဲ ဆက်ပြီးသွားနေရဆဲ။ ရွာနေတဲ့မိုးကလည်း လမ်းမပေါ် သဲကြီးမဲကြီး ရွာချနေတုန်းပါပဲ။ ကားရှေ့မှန်ထဲ အားစိုက်ကြည့်ပြီးမောင်းနှင်လာတဲစိတ်ဟာ ရှေ့ကအဖြစ်အပျက်တွေကို သမားရိုးကျ မြင်ကွင်းတွေလို့ ထင်လာရတဲ့အထိ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလာတယ်။

ညောင်းညာလာတဲ့ အမြင်အာရုံကိုလွှဲပစ်ဖို့ လောကဓံကခွင့်မပြုသေး အရေးပေါ် သွားစရာနေရာတနေရာ ဦးတည်ထားတဲ့စိတ်ကရှိသေးတဲ့အခါ ကားရှေ့မှာ ဘယ် လောက်အရေးကြီးတဲ့ကိစ္စဖြစ်နေပါစေ မျက်စိကိုလွှဲမိတော့တာပဲ။ အာရုံကိုမညွတ်မိအောင် စိတ်ကိုတင်းထားမိတာပါပဲ။

အရိယာသူတော်စင်မဟုတ်လို့လည်း ကိုယ့်မျက်စိရှေ့က ဒုက္ခတရားကို ဥပေက္ခာပြု လိုက်နိုင်နေတယ်လို့သာ ထင်လိုက်တော့တယ်။ လောကထဲ ပြောပြစရာ အခြား အခြားသော အရေးပေါ်အခြေအနေများဟာ များပြားလွန်းလို့ ဘယ်အရာကိုမှ အရေး တကြီးလို့ မထင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အရေးပေါ် လူနာတင်ကားမောင်းသူ ဟာ ခုနကဖြတ်ကူးလာတဲ့ မီးပွိုင့်ကို ပြန်ရောက်လာခဲ့တယ်။

မီးပွိုင့်ဟာ အခုအချိန်မှာတော့ ယာဉ်လမ်းကြောနှစ်ဘက်လုံး မီးနီပြထားခဲ့တယ်။ ဘယ်ညာအသွားအပြန် ဘယ်လမ်းကမှ ထွက်လာလို့မရအောင် ပိတ်ထား လိုက်သလို တာဝန်ကျရဲအရာရှိဟာ လက်ကဝီစီကိုကိုင်ပြီး မီးပွိုင့်အလယ်တည့်တည့် မှာ ရပ်နေတယ်။ ဘယ်ကားမှ မီးပွိုင့်ကလွတ်ထွက်မသားအောင် လက်ကိုကာထားတ ယ်။ ဒါပေမဲ့ ဆူညံစွာအချက်ပြမောင်းလာတဲ့ အရေးပေါ်လူနာတင်ယာဉ်ကိုတော့ ခွင့်ပြု ထားတဲ့ပုံပဲ။ မီးပွိုင့်မှာ ပိတ်နေ တဲ့ကားတန်းကြီးကိုကျော်လို့ လူနာတင်ယာဉ်ဟာ မီးပွိုင့်ရှေ့ကို ဆက်ပြီး မောင်းလာခဲ့တယ်။

အရေးပေါ်လူနာတင်ယာဉ်ဟာ မီးပွိုင့်အလယ်တည့်တည့်ရပ်တန့်သွားတဲ့ အချိန်မှာတော့ လမ်းဖြတ်ကူးရင်းလဲကျသွားသူဟာ အသက်မရှိတော့ပါဘူး။ ယာဉ်မောင်းသူဟာ သူ့အသက်ကို ကိုယ်တိုင် ဘယ်လိုမှ မကယ်လိုက်နိုင်တော့ပါ ဘူး။     ။

နိုလှိုင်း
၂၀၁၇ ဇူလိုင် ၂
0